မတူပီမြို့တွင် ချင်းလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

မတူပီမြို့တွင် ချင်းလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
Published 19 June 2024

ချင်းပြည်နယ် မတူပီမြို့တွင် တပ်မတော်စခန်းများကို တိုက်ခိုက်နေသည့် ချင်းလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။

မတူပီမြို့တွင် ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းညီနောင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ချင်းအမျိုးသားတပ်ဦး(CNF/CNA)ဦးဆောင်သည့် ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်များအား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့ကဦးဆောင်၍ ချင်းပြည်ကောင်စီကို ဖွဲ့စည်းကာ ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ အခြားတစ်ဖက်တွင်လည်း ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးအဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးအဖွဲ့(မတူပီ)တပ်မဟာ(၁)တို့ ပူးပေါင်းဖွဲ့စည်ထားသည့် ချင်းညီနောင်အဖွဲ့သည် ရက္ခိုင့်တပ်တော်(AA)နှင့် ပူးပေါင်းကာ ချင်းပြည်နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်ကောင်စီက ဇွန် ၁၈ ရက်တွင်ထုတ်ပြန်ရာတွင် ချင်းပြည်ကောင်စီသည်  ၂၀၂၄ ခုနှစ် မေ ၁၉ ရက်တွင် ကျီခါးမြို့၊ မေ၂၃ ရက်တွင် တွန်းဇံမြို့နယ်နှင့် မေ ၃၀ ရက်တို့တွင် မတူပီမြို့နယ်၊ ခရိုင်ရုံးစသော တပ်မတော်၏ တပ်စခန်းများကို အပြီးသိမ်းယူနိုင်ခဲ့ကြောင်း၊ မတူပီမြို့နယ် ခလရ (၁၄၀) နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်ပြင်ဆင်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် ပူးပေါင်းတပ်တို့က မတူပီမြိုတွင်းမှ စစ်ဘေးရှောင်များအား အကြိုအပို့ဆောင်ရွက်နေသော မိမိတို့ရဲဘော်တစ်ဦးအား ဖမ်းဆီးခဲ့သည့်အပြင် မိမိတို့ စစ်ရေးလှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ (၁၄၀)ကြား အဟန့်အတားပြုလုပ်၍ စစ်ဆင်ရေး မဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ သို့ဖြစ်၍ ချင်းပြည်ကောင်စီ၊ CDF-Matupi Brigade-2 အပါအဝင် ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် နေရာများတွင် အဟန့်အတား မပြုလုပ်ပေးရန်နှင့် ခလရ (၁၄၀) နှင့် ဗျူဟာကုန်းကို အမြန်ဆုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ရာတွင်  ချင်းညီနောင်သည် ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေး၊ မတူပီမြို့သိမ်းစစ်ဆင်ရေးများကို ဆက်တိုက်ဆင်နွှဲခဲ့ရာ လက်ရှိအချိန်တွင် ကျင်ဒွေးမြို့၊ တီးတိန်မြို့ရှိ EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါတိုင်စခန်းတို့ကိုသိမ်းယူခဲ့ပြီး ဇွန် ၁၇ ရက်တွင် မတူပီမြို့ရှိ ခမရ(၃၀၄) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ (၁၄ဝ)နှင့် ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေစဉ် ချင်းပြည်နယ်အတွင်း အမျိုးသား CNF/CNA နှင့် ၎င်း၏လက်အောက်ခံတပ်များက ရုတ်တရက်အလစ်ငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြထားသည်။

ဇွန်လ ၁၇ ရက် ညနေစောင်းအချိန်တွင် CNA တပ်ဖွဲ့ဝင်တစ်ဦးသည် မိမိတို့ထိုးစစ်ဆင်နေသည့် ခလရ(၁၄ဝ) စခန်းသို့ဦးတည်ကာ ကားမောင်းနှင်လာသဖြင့် လုံခြုံရးအရ ယာယီထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းကာ နောက်နေ့မနက်တွင် ပြန်လည်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ရာတွင် ဇွန် ၁၈ ရက် မိုးမလင်းမီ နံနက်ပိုင်း CNAနှင့် ၎င်း၏လက်အောက်ခံတပ်များက Drone များ၊ ၄ဝမမ၊ ၆၀ မမ လောင်ချာလက်နက်များ၊ လက်နက်ငယ်များဖြင့် မိမိတို့နှင့် မဟာမိတ်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့ရဲဘော်နှစ်ဦးကျဆုံးကာ အများအပြားအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

Most Read

Most Recent