အမှောင်ကို ကျော်ဖြတ်ခြင်း

အမှောင်ကို ကျော်ဖြတ်ခြင်း
Published 16 June 2015
ကိုထက်

အမှောင်ထဲကိုသွားရမှာ ကြောက်တယ်။ အမှောင်ထဲက လက်မည်းကြီး ထွက်ဆွဲမှာကို ကြောက်တယ်။ ဘွားခနဲပေါ်လာမယ့် မမြင်ရတဲ့ အကောင်ကြီးကို ကြောက်တယ်။ ဒီအတွေးတွေကတော့ ကျွန်တော်ငယ်စဉ် ကလေးဘဝက တွေးခဲ့ဖူးတဲ့ အတွေးတွေ ဖြစ်ပါတယ်။ အမှန်တော့ အမှောင်ကိုကြောက်တာ မဟုတ်ဘူး။ မမြင်ရတဲ့ အကြောက်တရားကို ကြောက်နေတာသာ ဖြစ်ပါတယ်။ငယ်စဉ်ကလေးဘဝက ည ၇ နာရီကျော်ပြီ ဆိုတာနဲ့ ရုံးမှာ မေမေက အချိန်ပိုဆင်းရတဲ့နေ့ဆို ရုံးနောက်ကျလေ့ ရှိတယ်ဆိုတာကို သိနေပါပြီ။ ဆောင်းတွင်းဆိုတော့ ပတ်ဝန်းကျင်မှာ အမှောင်ထုက ပိုမိုလွန်ကဲလာတယ်။ အရေးထဲ မီးကလည်း ပြတ်နေသေး၊ ရုံးကနေ အိမ်ပြန်ရောက်နေပြီဖြစ်တဲ့ ဖေဖေ့ကို ပြောမိတယ်။ “မေမေ့ကို သွားကြိုရအောင်” လို့ “သွားကြိုတာပေါ့ သားရယ်” တဲ့ သားကအိမ်မှာ နေခဲ့ဆိုတော့ မေမေ့ကိုလည်း သွားကြိုချင်တယ်။ အမေ ရုံးကအပြန် ဝယ်လာမယ့် ဈေးထိပ်က ပူတင်းနွေးနွေးလေးကိုလည်း တခြား မောင်နှမတွေထက် အရင်စားချင်သေးတယ်။အပြင်မှာ မီးကပြတ်နေတော့ မှောင်နေတာကိုလည်း ကြောက်တယ်။ အိမ်ထဲမှာက ဘက်ထရီလေးနဲ့ မီးလင်းနေသေးတယ်လေ။ တောင်စဉ်ရေမရနဲ့ လျှောက်တွေးမိနေတဲ့ အတွေးတွေကို ဘာလုပ်ရမှန်း မသိတဲ့အဆုံး ဖေဖေ့ကိုတစ်လှည့် အပြင်က အမှောင်ပိန်းပိန်းကို တစ်လှည့် ကြည့်နေမိတယ်။ ဒါကိုသိတဲ့ ဖေဖေက ပြုံးလိုက်တယ်။ သားအပြင်မှာ မှောင်နေတာကို ကြောက်နေတာလားတဲ့ မဝံ့မရဲနဲ့ ခေါင်းညိတ်မိရက်သား ဖြစ်သွားတယ်။ဖေဖေက ခေါင်းကလေးကို ပုတ်ပြီး ပြောတယ်။ “သားရယ်တဲ့ အမှောင်ကိုကြောက်လို့ အိမ်မှာနေခဲ့ရင် မေမေ့ကို သွားကြိုလို့ရမှာ မဟုတ်ဘူးလေ။ မေမေ့ကို သွားကြိုချင်ရင် အမှောင်ကို ဖြတ်ရမယ်။ ဒါမှ သွားကြိုလို့ရမှာပေါ့။ သားအိမ်မှာ နေခဲ့မလား။ မေမေ့ကို သွားကြိုမလား။ သားမှာ ရွေးချယ်ခွင့် ရှိတယ်” လို့ ပြောတယ်။“ဖေဖေပါ လိုက်ခဲ့မှာလား” ဆိုတော့ ဖေဖေက ခေါင်းညိတ်တယ်။ ဖြစ်ချင်တော့ အိမ်မှာ ဓာတ်မီးက ပျက်နေပါတယ်။ အမှောင်ထဲမှာ မရဲတရဲနဲ့ ဖေဖေ့လက်ကိုဆွဲပြီး ပထမခြေလှမ်း လှမ်းလိုက်မိတယ်။ ပြီးတော့ ဒုတိယခြေလှမ်း လက်မည်းကြီး ထွက်မဆွဲသေးဘူး။ တတိယခြေလှမ်း ဘာမှန်းမသိတဲ့ အကောင်ကြီး ဘွားခနဲ မပေါ်လာသေးပါလားဟ၊ ဖေဖေ့ကို ကြည့်လိုက်တော့လည်း ဘေးဘီဝဲယာကို ကြည့်လိုက် လမ်းပေါ်က ကမုကထစ်တွေ ခဲတွေရှောင်လိုက်နဲ့ ဖြည်းဖြည်းပဲ တစ်လှမ်းချင်း လျှောက်နေလေရဲ့။တစ်လှမ်းချင်းလျှောက်ရင်းနဲ့ ကားမှတ်တိုင်ကို ရောက်ပါပြီ။ ဈေးထိပ်ကိုရောက်တော့ မီးရောင်နဲ့ ပတ်ဝန်းကျင်က လင်းထိန်နေတယ်။ ပူတင်းပူပူလေးရောင်းတဲ့ ဆိုင်ကနေ မေမေက ပူတင်းဝယ်ကျွေးတယ်။ သားအမိ သားအဖ သုံးယောက်သား လမ်းလျှောက်လာရင်း မီးက ပြန်လာပါပြီ။ ဓာတ်တိုင်တွေရဲ့ လမ်းမီးအလင်းရောင်ကြားမှာ ဖေဖေ့ကို တိုးတိုးလေး မေးလိုက်တယ်။ ဖေဖေ “အမှောင်ထဲက လက်မည်းကြီး ထွက်မလာဘူးနော်” လို့ မေးလိုက်တော့ ဖေဖေက ပြောတယ် “လက်မည်းကြီး ထွက်လာမယ်” လို့ သားကို ဘယ်သူကပြောလဲဆိုတော့ ကျွန်တော်ပြောစရာစကား ရှာမရ ဖြစ်သွားတယ်။အဖေက အိုးတိုးအမ်းတမ်း ဖြစ်သွားတဲ့ ကျွန်တော့်ကိုကြည့်ပြီး ခပ်ဟဟလေး ရယ်လိုက်တယ်။ သားရယ် နေ့ဆို လင်းတယ်။ ညဆို မှောင်တယ်။ ဒါ သဘာဝပဲ။ အမှောင်ထဲကနေ လက်မည်းကြီး ထွက်လာမယ်ဆိုတဲ့ မသေချာတဲ့ ခြောက်လှန့်နေတဲ့ အတွေးတွေကို သားကြောက်နေရင် ညမှောင်မှောင်မှာ တစ်ယောက်တည်းပြန်လာမယ့် မင်းမေမေကို ဘယ်သွားကြိုလို့ရမှာလဲ။ သားစဉ်းစားကြည့်ပါလား။ အမှောင်ထဲက လက်မည်းကြီး ထွက်လာမှာက သေချာလား။ မေမေက ပြန်လာမှာ သေချာလားလို့ မေးတော့ မေမေ ပြန်လာမှာက သေချာတာပေါ့ ဖေဖေရလို့ ကျွန်တော် ဖြေမိတယ်။အဲ့ဒါဆို ပြန်လာမှာ သေချာတဲ့ မင်းမေမေကို မသေချာတဲ့၊ မရေရာတဲ့ ခြောက်လှန့်နေတဲ့ အတွေးတွေကြောင့်သာ သွားမကြိုဖြစ်ရင် မေမေဘာလို့ ပြန်မလာသေးတာလဲ၊ မေမေ အမှောင်ထဲမှာ တစ်ယောက်တည်း ဖြစ်နေမှာပဲဆိုတဲ့ သံသယအတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေကိုပဲ သားရမှာပေါ့၊ အခုလို သားကြောက်တဲ့ အမှောင်ကို ဖြတ်လာတော့ သံသယ အတွေးတွေ၊ စိုးရိမ်တာတွေ မရတော့ဘူးလေ သားရယ်တဲ့။ အဲဒီနေ့ကစပြီး အမှောင်ထဲက လက်မည်းကြီး ထွက်ဆွဲမှာ၊ မမြင်ရတဲ့ အကောင်ကြီး ဘွားခနဲပေါ်လာမှာ၊ ညဘက် ရေအိမ်ကို တစ်ယောက်တည်း သွားရမှာတွေကို ကျွန်တော် မကြောက်တော့ပါဘူး။ကျွန်တော် အရွယ်ရောက်လာလို့ တက္ကသိုလ်တက် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ ငယ်စဉ်က ဆောင်းတစ်ညမှာ မေမေ့ကို သွားကြိုတဲ့ အကြောင်းလေး ဖေဖေနဲ့ ပြန်ပြောဖြစ်တယ်။ နားသယ်စတွေ ဖြူနေပြီဖြစ်တဲ့ ဖေဖေက ကျွန်တော်ငယ်စဉ်ကလို အပြုံးမျိုးနဲ့ စိုက်ကြည့်ရင်း ပြန်ပြောတယ်။ ငါ့သားရယ် လောကမှာလည်း ဒီအတိုင်းပဲ ဘာမှန်းမသိတဲ့ အကြောက်တရားတစ်ခုကို မစွန့်စားရဲတဲ့စိတ်ကြောင့် မင်းအတွက် သေချာတဲ့ အရာတစ်ခုကို ဆုံးရှုံးတတ်ရတယ်။တကယ်လို့ သေချာတဲ့အရာက ဖြစ်မလာဘူး ဆိုရင်ကောလို့ ဖေဖေ့ကို မေးလိုက်တော့ ဒါဆိုလည်း မင်းကြောက်တဲ့အရာကို ကျော်ဖြတ်နိုင်တဲ့အတွက် မင်းနိုင်သွားတာပဲလေတဲ့။ ဒါက အမြတ်ပေါ့တဲ့။ ဒါပေမဲ့ မင်းစွန့်စား ဖြတ်သန်းပြီးမှ ရလာတဲ့အရာဟာ ဘယ်အတိုင်းအတာထိ မင်းဘဝမှာ အကျိုးသက်ရောက်မှု ရှိသလဲ။ မင်းအဲ့ဒီအရာအတွက် စွန့်စား သင့်၊ မသင့် ဆိုတာကတော့ မင်းရဲ့ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်အားအပေါ် မူတည်တယ်။ တကယ်လို့သာ မင်းလိုချင်တဲ့ အရာတစ်ခုအတွက် အဆပေါင်းများစွာ သာလွန်တဲ့ မထိုက်တန်တဲ့ စွန့်စားမှုကို ပေးဆပ်ရမယ်ဆိုရင်တော့ မင်းရှုံးတယ်လို့ ဖေဖေကပြောပြတယ်။ဖေဖေပြောတာတွေကို ပြန်တွေးမိရင်း တစ်ခါတလေလောကမှာ သေချာတဲ့ အရာတစ်ခု စောင့်ကြိုနေမှန်း သိလျက်နဲ့ မမြင်ရတဲ့၊ မသေချာတဲ့ အကြောက်တရားတစ်ခုကို ကြောက်နေရင် ကျွန်တော်တို့ ဆုံးရှုံးပြီးမှ နောင်တရတတ်ပါတယ်။ နောင်တလည်း ရခဲ့ဖူးပါတယ်။ အမှန်တရားကို ပြောဖို့အတွက်၊ သက်သေပြဖို့အတွက် မှားတဲ့သူတွေရဲ့ ဒေါသ၊ ဖိနှိပ်ခံရသူတွေဘက်က ရပ်တည်ဖို့အတွက် အားကြီးသူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရပါလိမ့်မယ်။ ဒါတွေကို ကျော်ဖြတ်လိုက်ပါ။ ဒီလို အကြောက်တရားတွေကို မကျော်ဖြတ်နိုင်သေးသရွေ့ကတော့ ကျွန်တော်တို့ ကိုယ့်လိပ်ပြာကို ဘယ်တော့မှ လုံမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဘဝမှာ လင်းတစ်ခါ မှောင်တစ်လှည့်နဲ့ အမှောင်ထုကို ဖြတ်သန်းရသလို နေခြည်နွေးနွေးမှာလည်း ဖြတ်သန်းရပါမယ်။ လူအများစုကတော့ သာသာယာယာ နေရောင်အောက်မှာသာ ဖြတ်သန်းနိုင်ပေမယ့် တချို့လူတွေကတော့ နေရောင်အောက်မှာသာမက အမှောင်ထဲမှာလည်း ပျော်ရွှင်စွာပဲ သတိရှိရှိနဲ့ ဖြတ်သန်းနေကြတယ်။ လူအများစုကတော့ အမှောင်ထုကို တွေးကြောက်ရင်း မသေချာတဲ့ စိတ်ကူးတွေနဲ့သာ လောကကို တပင်တပန်း ဖြတ်သန်းနေရပါတယ်။ အမှောင်ကို ဖြတ်သန်းရမှာ ကြောက်ရွံ့တဲ့စိတ်ကြောင့် သေချာတဲ့အရာတွေကို အဆုံးရှုံးမခံပါနဲ့။အမြဲတမ်း နေရောင်အောက်မှာ ထာဝရ ရှင်သန်နေရမှာ မဟုတ်ဘူး ဆိုတာကို မမေ့ပါနဲ့။ မှောင်လာတဲ့အချိန်မှာ အမှောင်ကိုသာ ရဲရဲဝံ့ဝံ့ ဖြတ်သန်းပါ။ အမှောင်ထဲမှာ လျှောက်နေရတဲ့အတွက် ပတ်ဝန်းကျင်ကို သေချာဆန်းစစ်ပါ။ ဆူးတွေငြောင့်တွေ ချောက်တွေခဲတွေကို ရှောင်ပါ။ သေချာတဲ့ အရာတစ်ခုဆီ ရောက်အောင်သွားပါ။ လက်မည်းကြီးလည်း ထွက်ဆွဲမှာ မဟုတ်သလို မမြင်ရတဲ့ အကောင်ကြီးလည်း ထွက်လာမှာ မဟုတ်ဘူးလို့ ပြောပါရစေ။

Most Read