ငွေကြေး ဖောင်းပွမှု၊ မြင့်တက်လာသော အလုပ်လက်မဲ့နှုန်း နှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာ

ငွေကြေး ဖောင်းပွမှု၊ မြင့်တက်လာသော အလုပ်လက်မဲ့နှုန်း နှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာ
ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် စားသုံးဆီဝယ်ယူရန် တန်းစီနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် စားသုံးဆီဝယ်ယူရန် တန်းစီနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 16 June 2024

မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းလာသည့်အပြင် သိသိသာသာ မြင့်တက်လာသည့် ဆင်းရဲနွမ်းပါးမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ၂၀၂၄ ခုနှစ်တွင် ပြည်သူများအနေဖြင့် ပို၍ သိသိသာသာ ခံစား လာရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အကြာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြသည့်အပြင် ကုန်ထုတ်လုပ်နေသည့် စက်ရုံများ ပိတ်သိမ်းသွားခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးလာခဲ့သည်။

ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံ ရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ် လာသည့် သက်ရောက်မှုများကြောင့် မြန်မာ့စီးပွားရေးတွင် ရိုက်ခတ်မှုများ ရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိ သည်။

နိုင်ငံရေးအပြောင်းအလဲ စဖြစ် ခဲ့သည့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလ ပတ်အတွင်းမှာပင် မြန်မာနိုင်ငံလူဦး ရေ ၁ ဒသမ ၂ သန်းသည် အလုပ် လက်မဲ့ဖြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ လုပ်သားစျေးကွက်အခြေအနေ သည် သိသိသာသာဆိုးရွားလာပြီး စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး ရိုက်ခတ်ခံနေရသော်လည်း ထိုအထဲ မှ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင် မှုလုပ်ငန်းများသည် အထိနာသည့် လုပ်ငန်းများထဲတွင် ပါဝင်ခဲ့ကြောင်း ILO က ဆိုသည်။ 

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ထိုလုပ်ငန်းများ၏ အလုပ်အကိုင် သည် ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီး သီးလျော့ကျခဲ့ပြီး သက်ဆိုင်ရာအလုပ်ချိန်များ ပိုမိုဆုံးရှုံးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း ILO ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့် နှစ်မှစ၍ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်တက်လာကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၀ -၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခု နှစ်အထိ အလုပ်လက်မဲ့နှုန်းကို ခန့် မှန်းနိုင်ရန် လုပ်သားအင်အားပါဝင် မှုနှုန်းနှင့် ပြည်သူ့အင်အားဦးစီးဌာန ၏ နှစ်အလိုက် အိမ်ထောင်စုလူဦးရေ ကို အခြေခံတွက်ချက်ထားသည့် လုပ်သားအင်အားနှင့် အလုပ်အ ကိုင်နှင့် လုပ်ငန်းအမျိုးအစားအ လိုက် အလုပ်လုပ်ကိုင်သူဦးရေတို့ အပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက် ခဲ့ခြင်းဖြစ်သည်။

ထိုသို့တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့နှုန်း သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိသည့်အတွက် တစ် နှစ်ထက်တစ်နှစ် အလုပ်လက်မဲ့နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့် နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာရခြင်းသည် ကိုဗစ်ကူး စက်ရောဂါဖြစ်ပွားမှုကြောင့် လုပ် သားဦးရေ လျော့ကျခြင်း၊ လုပ်ငန်း များပိတ်သိမ်းခြင်း၊ လုပ်သားများ ရွှေ့ပြောင်းသွားလာမှုများ စသည့် အခြေအနေတို့ကြောင့် ဖြစ်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်း ထားသည်။

ထို့ပြင် နှစ်စဉ်လုပ်သားအင် အား တိုးတက်နေသည့်အတွက် လုပ် သားစျေးကွက်နှင့် အလုပ်အကိုင်ရရှိ မှုအရ အလုပ်လက်ရှိတိုးတက်မှု သည် လုပ်သားအင်အားတိုးတက် မှုကို လွှမ်းခြုံနိုင်မှုမရှိသဖြင့် အလုပ် လက်မဲ့နှုန်း မြင့်တက်လာခြင်းဖြစ် နိုင်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၏ စစ်တမ်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းရှင်များအ နေဖြင့် ကျဆင်းလာသည့် စီးပွားရေး အခြေအနေကြောင့် လုပ်ငန်းအများ စုရပ်နားထားပြီး လုပ်ငန်းအချို့မှာမူ အလုပ်များကို ထက်ဝက်နီးပါး လျှော့ချ လာကြသည်။

ဝန်ထမ်းများကို လစာနှုန်းထား လျှော့ချခြင်းနှင့် ဝန်ထမ်းဦးရေ လျှော့ ချလာကြသည့်အတွက် မြန်မာနိုင်ငံ တွင် အလုပ်လက်မဲ့နှုန်း သိသိသာ သာ မြင့်တက်လာခဲ့ကြောင်း အလုပ် သမားအဖွဲ့အစည်းများထံမှ သိရ သည်။ 

ငွေကြေးဖောင်းပွမှုနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်း    

စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်နေချိန် တွင် မြွေပူရာ ကင်းမှောင့်ဆိုသကဲ့သို့ ငွေကြေးဖောင်းပွမှု မြင့်တက်လာ သည့်အတွက် ကုန်စျေးနှုန်းတက် သည့်ဒဏ်ကို ပြည်သူများအနေဖြင့် အလူးအလဲခံနေရသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အ ခြေစိုက် ှအအေငျအေ အဖွဲ့၏ လေ့လာ ချက်အရ ၂၀၂၃ ခုနှစ်အတွင်း မြန် မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း သည် ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိ လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုအဖွဲ့အနေဖြင့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၅၀ ကျော်ရှိ သတင်းရင်းမြစ် ၂၂၅၀၀ ဆီမှ သတင်းအချက်အလက် ပေါင်းတစ်သန်းကို အခြေခံ၍ ယခု ကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်း ပွမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၄ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိခဲ့သည့်အတွက် နောက်ဆုံးငါးနှစ်အတွင်း အနည်း ဆုံးနှစ်ဖြစ်ခဲ့သည်။ 

ယင်းအဖွဲ့အနေဖြင့်  မြန်မာနိုင် ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ် အလိုက်ဖော်ပြရာတွင် ၂၀၂၄ ခုနှစ် မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၈၃ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

“ဒီခန့်မှန်းချက်တွေဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်လက် မဲ့နှုန်း အခြေအနေတွေကို အဓိက အခြေခံပြီး တွက်ချက်ဖော်ပြခြင်းဖြစ် ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေ တဲ့အတွက် အချိန်နဲ့အမျှ ကုန်စျေး နှုန်းမြင့်တက်မှုတွေ ရှိလာနိုင်ပြီး နိုင် ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် သက်ရောက်မှုတွေ ရှိလာနိုင် ပါတယ်” ဟု statista အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အ ထိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းကို ဖော်ပြရာတွင် ၂၀၀၇ ခုနှစ် သည်  ၃၄ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်သည် သုည ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ငွေကြေး ဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ခဲ့ သည်။

အလုပ်သမားများကို ဆွဲဆောင် နိုင်ရန်အတွက် မြင့်မားသော လစာ နှုန်းထားမျိုး ပေးနိုင်မှုမရှိခြင်းက လည်း အလုပ်လက်မဲ့နှုန်း မြင့်တက် စေကြောင်း ယင်းအဖွဲ့က သုံးသပ် ထားသည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစဉ် (UNDP) အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ အများဆုံးနေထိုင်သည့် မြို့နယ်ရှစ် မြို့နယ်မှ လူဦးရေ ၃၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၃ ခု နှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်တမ်းကောက်ယူမှု အရ ယင်းမြို့နယ်ရှစ်မြို့နယ်၏ လူဦး ရေလေးပုံတစ်ပုံ (၂၄ ဒသမ ၁ ရာခိုင် နှုန်း) သည် ပြီးခဲ့တဲ့ ၁၂ လအတွင်း ဝင်ငွေမရှိဘဲ နေရသည့်အခြေအ နေကို မကြာခဏကြုံတွေ့ခဲ့ရကြောင်း  UNDP က ဆိုသည်။

ထိုသို့သောအခြေအနေများသည် ယင်းရှစ်မြို့နယ်ရှိ အိမ်ထောင် စုများ၏ ကျန်းမာရေးနှင့် ရေရှည်လူ မှုစီးပွားအခြေအနေများကို ခြိမ်း ခြောက်နေကြောင်း UNDP က ထောက်ပြထားသည်။

ဥပမာအားဖြင့် အိမ်ထောင်စု ဝင်များသည် အစားလျှော့စားခြင်း၊ အာဟာရပြည့်ဝသော အစားအစာ များ လျှော့၍စားသုံးခြင်း၊ ၎င်းင်းတို့ပိုင် ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ခွဲခြမ်းရောင်းချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူကုသမှု မရှိခြင်း စသည့် လတ်တလောရင် ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဝင်ငွေလျော့နည်းမှုကို ဖြေရှင်းနေရ ကြောင်း UNDP က ဆိုသည်။

စစ်တမ်းကောက်ယူမှုများအရ ယင်းမြို့နယ်ရှစ်မြို့နယ်ရှိ နေထိုင်သူများသည် အခြားမြို့နယ်မှ နေထိုင် သူများနှင့်ယှဉ်လျှင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာညွှန်းကိန်းများအား လုံး၌ အခြေအနေပိုမိုနိမ့်ကျနေသည် ကို တွေ့ရှိရကြောင်း UNDP က သုံး သပ်ဖော်ပြထားသည်။

စစ်တမ်းကောက်ယူခဲ့သော မြို့နယ်ရှစ်မြို့နယ်မှ လူဦးရေ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဝင်ငွေများ ကျဆင်းလာမှုကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း အာဟာရပြည့်ဝလုံ လောက်စွာ မစားသုံးနိုင်ဟုဖြေဆိုခဲ့ ကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ဖြေဆိုသူများထဲတွင် ၃၅ ဒသမ ၇ ရာခိုင်နှုန်းကျော်သည် ဝင်ငွေမရှိ သောကြောင့် အစားလျှော့စားခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း တွေ့ရှိ ရသည်ဟု UNDP က ဆိုသည်။

ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုစနစ်များ ဆုတ်ယုတ်အား နည်းလာသည့်အတွက် ပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများကို ၎င်းတို့၏ လိုအပ်သော ကျန်းမာရေးကုသမှု များအတွက် အားထားနေရကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထား သည်။

ဝင်ငွေများကျဆင်းလာမှု ကြောင့် လူအများစုမှာ ‌ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိရန် အလွန်ခက်ခဲလာကြောင်းနှင့် စစ်တမ်းဖြေဆိုသူများ၏ လေးပုံတစ် ပုံကျော် (၂၆ ဒသမ ၉ ရာခိုင်နှုန်း) သည် မိမိ (သို့မဟုတ်) မိသားစုဝင် များ နာမကျန်းဖြစ်ပါက ဆေးဝါးနှင့် ဆေးကုသမှုကို မခံယူဖြစ်ဟု ဖြေဆို ထားကြောင်း UNDP ၏ စစ်တမ်း တွင် ဖော်ပြထားသည်။

ဖြေဆိုသူ လေးပုံသုံးပုံသည် ကျန်းမာရေးအတွက် ဆေးဝါးနှင့် ကုသခြင်း ဝန်ဆောင်မှုနှုန်းထားများ အဆမတန်မြင့်မားသဖြင့် ထိုဝန် ဆောင်မှုများကို ရယူရန် ပိုမိုခက်ခဲ လာသည်ဟု ဖြေဆိုထားသည်ကို တွေ့ ရှိရကြောင်း UNDP က ဆိုသည်။ 

ယင်းမြို့နယ်ရှစ်မြို့နယ်မှ စစ် တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းသည် လွန်ခဲ့သော ၁၂ လအတွင်း ဝင်ငွေ နည်းပါးလာခြင်းကြောင့် ပိုင်ဆိုင်မှု များကို ခွဲခြမ်းရောင်းချခဲ့ရသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် မော်တော် ယာဉ်နှင့် အငှားပြေးဆွဲသည့်ယာဉ် များ ဖြစ်နေပါက ယင်းအိမ်ထောင်စု များ၏ ဝင်ငွေကို ပိုမိုလျော့နည်းစေ သကဲ့သို့ ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲစေကြောင်း UNDP က သုံးသပ် ဖော်ပြထားသည်။

ကျပ်တည်းမှုကို လတ်တလော ရင်ဆိုင်ဖြေရှင်းရာတွင် အဆိုးရွား ဆုံးနည်းလမ်းသည် သားသမီးများ ကို ကျောင်းမှ နုတ်ထွက်စေပြီး အ လုပ်ခိုင်းစေ၍ ဝင်ငွေရှာဖွေခိုင်းခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်များကို စစ်တမ်း ကောက်ယူခဲ့သည့် မြို့နယ်ရှစ်မြို့ နယ်မှ လူဦးရေလေးပုံတစ်ပုံတွင် တွေ့ရှိခဲ့ရကြောင်း UNDP ၏ စစ် တမ်းတွင် ဖော်ပြထားသည်။

ကလေးသူငယ်များအနေဖြင့် ပညာရေးဆုံးခန်းတိုင်အောင် သင် ကြားခွင့်မရှိခြင်းသည် ၎င်းင်းတို့ ကြီးပြင်း လာသည့်အခါတွင် ပိုမိုကောင်းမွန် သော အလုပ်အကိုင်များ ရှာဖွေနိုင် သည့် စွမ်းရည်ကို ထိခိုက်ကျဆင်းစေ ကြောင်း UNDP က သုံးသပ်ဖော်ပြ ထားသည်။

“ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါး မှုနှုန်းဟာ သိသိသာသာမြင့်တက်နေ ပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဝင်ငွေလျော့ နည်းခြင်းက တစ်နေ့တခြား ပိုမိုများ ပြားလာနေပါတယ်။ ဒီအခြေအနေ တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တည် ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိဖို့ ပံ့ပိုးပေးခြင်းက လူ တို့ရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝ ကို တိုးတက်စေတဲ့ ရေရှည်တည်တံ့ သော နည်းလမ်းတစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟုUNDP၏ ဌာနေ ကိုယ်စားလှယ် Titon Mitra က ပြော ကြားသည်။

 

နိုင်ငံလူဦးရေ သုံးပုံတစ်ပုံအထိ ရှိလာသည့် ဆင်းရဲနွမ်းပါးမှု

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ၌ ကျဆင်းလာသည့် စီးပွားရေးသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပိုမိုဆုတ်ယုတ်လာခဲ့သည့် အတွက် စီးပွားရေးအညွှန်းကိန်းများ အနုတ်လက္ခဏာပြလာကြောင်း စီး ပွားရေးပညာရှင်များက ထောက်ပြ ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားမှု အရှိန်ဆက် လက်မြင့်တက်လာခြင်းမရှိလျှင်ပင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွား ရေးတိုးတက်မှု နှေးကွေးနေမည့် အပြင် အရှေ့အာရှဒေသတွင် ကမ္ဘာ့ ကပ်ရောဂါမတိုင်မီကရှိခဲ့သည့် စီး ပွားရေးအခြေအနေသို့ ပြန်မရောက် နိုင်သည့် တစ်ခုတည်းသောနိုင်ငံအ ဖြစ် ဆက်လက်တည်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဒီဇင် ဘာ ၁၂ ရက်တွင် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ပဋိပက္ခအ ခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန် စည်စီးဆင်းမှု အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေ ကြေးဖောင်းပွမှု အခြေအနေပေါင်း စုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေး လုပ်ငန်းများနှင့် အိမ်ထောင်စုများ အပေါ် အနုတ်လက္ခဏာဆောင် သည့် သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ ကာလတိုအတွက် မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိသည်ဟု ခန့်မှန်း ထားသည်။

“ပဋိပက္ခကြားမှ  စိန်ခေါ်မှုများ”ဟု အမည်ပေးထားသည့် အစီရင်ခံ စာအရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း တစ်- ရာခိုင်နှုန်းသာရှိသည်ဟု ခန့်မှန်း သည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီး ပွား ရေးတိုးတက်မှု နှေးကွေးနေမည့် အပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက် လက်ကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်က သတိပေးထားသည်။

“စီးပွားရေးအခြေအနေတွင်  ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာ မရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက် ကုန်စျေးနှုန်း မြင့်တက်လာတာ ကြောင့် ဝင်ငွေအများစုကို အစားအ စာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန် စျေးနှုန်းမြင့်တက်မှု ပိုမြန်တဲ့ဒေသ တွေမှာ နေထိုင်ရတဲ့အခြေခံလူတန်း စားများကို ပိုပြီးထိခိုက်စေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီး ယားနှင့် လာအိုပြည်သူ့သမ္မတနိုင်ငံ တော် ဌာနေကိုယ်စားလှယ် မာရီ ယမ်ရှာမန်က ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်း များသည် ၂၀၂၃ ခုနှစ် နှစ်လယ် ကတည်းက ဆိုးရွားလာခဲ့သည်။ စက်တင်ဘာလတွင် ၎င်းင်းတို့လုပ်နိုင် စွမ်း၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည် ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်း များက မတ်လမှစတင်၍ ၁၆ ရာခိုင် နှုန်းခန့် ပိုမိုကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ လက်လီအရောင်းသမား များအတွက် အရောင်းကျဆင်းလာ ခြင်းက အဓိကစိန်ခေါ်မှုဖြစ်သည်။

“စီးပွားရေးလုပ်ဆောင်နိုင်တဲ့  အခင်းအကျင်းကျဆင်းလာမှုနဲ့အ တူ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံ ရဲ့အထည်ချုပ်စက်ရုံများဟာ ရင်းနှီး မြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ဖို့အတွက်မဟုတ် ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီး အာရုံစိုက်နေကြရပါတယ်။ မကြာ သေးခင်က ဖြစ်ပေါ် တိုးတက်ပြောင်း လဲလာမှုတွေကြောင့် အထည်ချုပ် လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးရဲ့ရေရှည်ဖွံ့ဖြိုး တိုးတက်မှု အလားအလာအပေါ် အများကြီးအဟန့်အတားဖြစ်စေနိုင် ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အကြီး တန်းစီးပွားရေးပညာရှင် ကင်မ်အယ် လန်အဒ်ဝပ်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက် တွင် မြန်မာ့စီးပွားရေးလေ့လာ စောင့်ကြည့်မှု အစီရင်ခံစာတစ် စောင်ကို ကမ္ဘာ့ဘဏ်က ထပ်မံထုတ် ပြန်ခဲ့သည်။

လက်ရှိတွင် ငွေကြေးဖောင်းပွ နှုန်းနှင့် အလုပ်လက်မဲ့နှုန်းများဆက် လက်မြင့် တက်နေဖွယ်ရှိသောကြောင့်   ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆိုးရွားနေမည် ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင် စုများ အသုံးစရိတ်ချွေတာရမှုများ ကလည်း စားသုံးမှုနှင့် လက်လီရောင်း ဝယ်ဖောက်ကားရေးအတွက် အတား အဆီးဖြစ်စေသည်ဟု  ကမ္ဘာ့ဘဏ်က ဆိုသည်။

၂၀၂၄ ခုနှစ်အစတွင် နိုင်ငံလူဦး ရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲ နွမ်းပါးသည့် အခြေအနေသို့ ရောက် ရှိလာကြောင်း ကမ္ဘာ့ဘဏ်က ပြော ကြားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ပြည် သူ ၁၇ သန်းကျော်မှာ ဆင်းရဲနွမ်းပါး သည့် အခြေအနေသို့ ရောက်ရှိသွား ကြောင်း နားလည်ရသည်။ 

ကျန်သုံးပုံတစ်ပုံသော လူဦးရေ သည်လည်း ဆင်းရဲသည့်အခြေအ နေသို့ ကျရောက်နိုင်ခြေ မြင့်မားနေ ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

“နေရပ်စွန်ခွာ ရွှေ့ပြောင်းမှုများ၊ အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ဝင်ငွေ ကျဆင်းမှုများ ဖြစ်လာနေပြီး ဆင်းရဲ မှု ကျဆင်းရေးအတွက် ဆယ်စုနှစ် တစ်ခုစာ ကြိုးပမ်းခဲ့တဲ့ ရလဒ်တွေ အလဟဿ ဖြစ်သွားရတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီး ယားနှင့် လာအိုနိုင်ငံများဆိုင်ရာ ဌာ နေညွှန်ကြားရေးမှူး မာရီယမ်ရှာ မန်က ပြောကြားသည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ စီးပွားရေး လုပ်ငန်းများအပေါ် ဆက် လက်ဖိစီးနေမည် ဖြစ်ကြောင်း၊ အဆို ပါဖိအားများက အိမ်ထောင်စုများ အပေါ် အကျပ်အတည်းများ ဆက် လက်တွေ့နိုင်ဖွယ်ရှိကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အိမ်ထောင်စုများ အနေဖြင့် ၎င်းတို့၏ ဝယ်လိုအား၊ သုံး စွဲနိုင်အားများ ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

အထူးသဖြင့် လုပ်သားအင်အား ပြတ် တောက်မှု၊ လုပ်သားအင်အား လျော့နည်းလာမှုနှင့် လုပ်အားခဝင် ငွေများ ကျဆင်းလာမှုတို့က အိမ် ထောင်စုများအပေါ် ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း လည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

“မြန်မာပြည်က အိမ်ထောင်စု များအနေဖြင့် ကာလတိုနဲ့ လာမည့် ကာလလတ်အတွင်း အနည်းငယ် အသက်ရှူချောင်လာနိုင်ဖွယ်ရှိသော် လည်း စီးပွားရေးတစ်ခုလုံးအနေဖြင့် တိုးတက်မှုခန့်မှန်းချက်မှာ အလွန်အား နည်းသည့် အနေအထားတွင် ဆက် လက်ရှိနေမည်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေး မှူး မာရီယမ်ရှာမန်က ပြောကြားခဲ့ သည်။

ထိုသို့သောအခြေအနေများကြောင့် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲမွဲတေမှုမျဉ်း အောက် ရောက်သွားပြီး ၂၀၂၅ ခုနှစ် အထိ ဆက်လက်မြင့်တက်လာနိုင် ခြေရှိသည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

အသက်မွေးမှု စီးပွားရေးလုပ် ငန်းများအပေါ် သက်ရောက်မှု ပိုမို နက်နဲလာသည့်အတွက် မြန်မာ့စီး ပွားရေးမှာလည်း ဆက်လက်အား နည်းနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် က ထောက်ပြသည်။

ထို့ပြင် ပဋိပက္ခများ မြင့်တက် လာမှုနှင့် မေခရိုစီးပွားရေးမတည် ငြိမ်မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း တစ်-ရာ ခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့် မှန်းထားသည်။

ထို့ပြင်သွင်းကုန်များ ပြတ်လတ် မှု၊ လုပ်သားစျေးကွက် မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များကလည်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းများကို အတားအဆီးဖြစ် စေကြောင်း  ကမ္ဘာ့ဘဏ်က ထောက် ပြထားသည်။

“ကျန်းမာရေးနှင့် ပညာရေးတို့ တွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်း၊ အလုပ်အကိုင်ကျဆင်းခြင်းနှင့် ကောင်းမွန်တဲ့ အလုပ်များရှားပါးလာ ခြင်း၊ ပြည်ပရွှေ့ပြောင်းသည့် လူဦး ရေများလာတဲ့အတွက် ပြည်တွင်းမှာ လူစွမ်းအားအရင်းအမြစ်များ ဆုံးရှုံး နေရခြင်းက ရေရှည်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးနှောင့်နှေး စေနိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင် ငံများဆိုင်ရာ အစီအစဉ်ဦးဆောင် သူနှင့် အကြီးတန်း စီးပွားရေးပညာ ရှင် ကင်မ်အယ်လန်အဒ်ဝပ်က ပြော ကြားသည်။