လိုတိုရှင်းစီးပွားရေးသုတ (၁၀၁ - ၁၀၅ )

လိုတိုရှင်းစီးပွားရေးသုတ (၁၀၁ - ၁၀၅ )
Published 15 June 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၁၀၁)

ယူရိုငွေကြေး(euro)

       ယူရိုဟူသည်မှာ  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ငွေပေးငွေယူကိစ္စများအတွက် အသုံးပြုနေသည့် ဘုံငွေကြေးတစ်ရပ်၏ အမည်ဖြစ်သည်။ ဥရောပငွေကြေးဟုလည်း ခေါ်နိုင်သည်။ ၁၉၉၉ ခုနှစ်က အဖွဲ့ဝင် ၁၁ နိုင်ငံတွင် စတင်မိတ်ဆက်အသုံးပြုခဲ့သည်။ ယခုအချိန်တွင် ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံအနက် နိုင်ငံ ၂၀ နိုင်ငံတွင် လက်ခံသုံးစွဲလျက်ရှိသည်။ ယူရိုဇုန်ဟုခေါ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာပေါ်တွင် ငွေကြေးတစ်မျိုးတည်းသုံးစွဲသော ငွေကြေးဆိုင်ရာ နယ်ပယ်တစ်ခုလည်းဖြစ်သည်။ ထိုသို့ငွေကြေးတစ်မျိုးတည်းကို သုံးစွဲခြင်း၏ရည်ရွယ်ချက်မှာ ဒေသ၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်ဖြစ်သည်။

          ယူရိုငွေကြေးကို တီထွင်အသုံးပြုခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများကြားမျာ စွာ အထောက်အကူရစေသည်။ နိုင်ငံများအကြား ငွေကြေးလဲလှယ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ငွေလဲလှယ်မှုများကြောင့် ဖြစ်လာနိုင်သည့်စွန့်စားရမှုများကို ဖယ်ရှားနိုင်ခြင်းတို့ဖြစ်စေပြီး ကုန်စည်များ၊ ဘဏ္ဍာရေးအက်ဆက်များနှင့် ဒေသတွင်းလူများရွှေ့ပြောင်းသွားလာမှု မြင့်မားလာစေသည်။ ထိုအခြေအနေများသည် အားနည်းနေသော စီးပွားရေးအဆောက်အအုံများကို ပို၍ခိုင်မာလာစေရန်လည်းကောင်း၊ အရင်းအနှီးရရှိမှုအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင်လည်းကောင်း အထောက်အကူရစေသည်။ သို့သော် ဥရောပသမဂ္ဂအဖွဲ့အတွင်း ဝင်ရောက်ရန်အတွက်မူ တင်းကျပ်သောစံချိန်စံညွှန်းများ သတ်မှတ်ချက်များထားရှိရသည်။

          သို့သော် ယူနိုက်တက်ကင်းဒမ်း (ယူကေ) ကဲ့သို့သော အချို့သောအီးယူနိုင်ငံများမှာ ပါဝင်အကောင်အထည်ဖော်ရန် ငြင်းဆိုမှုများရှိနေသည်။ ထိုနိုင်ငံများမှာ ၎င်းတို့၏နိုင်ငံ၏ ကိုယ်ပိုင်အတိုးနှုန်းသတ်မှတ်သည့်စွမ်းရည်ဆုံးရှုံးမည်စိုးသောကြောင့်ဖြစ်သည်။ မည်သို့ပင်ရှိနေစေကာမူ ယူရိုငွေကြေး၏ သြဇာသက်ရောက်မှုမှာ အခြားသောကမ္ဘာ့နိုင်ငံများအတွက် ဂရုပြုစရာဖြစ်ခဲ့သည်။ 

                                                

ဝေါဟာရများ

ယူရိုငွေကြေး =Euro     

ယူရိုဇုန်=Eurozone  

စီးပွားရေးစွမ်းဆောင်ရည်=economic efficiency  

အားနည်းသော စီးပွားရေးအဆောက်အအုံများ=weak economies      

ကိုယ်ပိုင်အတိုးနှုန်းများ=own interest rates        

 

လိုတိုရှင်း စီးပွားရေးသုတ (၁၀၂)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF )

          နိုင်ငံတကာဘဏ္ဍာရေးစနစ် တည်ငြိမ်စေရေးနှင့် အခြေအနေကိုစောင့်ကြည့်ထိန်းသိမ်းရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ကို ၁၉၄၄ ခုနှစ်တွင် ထူထောင်ခဲ့သည်။ အထူးသဖြင့်  အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးလဲလှယ်နှုန်းများနှင့် ငွေပေးငွေယူရှင်းတမ်းကိစ္စရပ်များကို ထိန်းကျောင်းပေးရန်၊ စီးပွားရေးအကျပ်အတည်းများ ကြိုတင်ဟန့်တားကာကွယ်ရန်နှင့် စီးပွားရေးတည်ငြိမ်မှုရရှိစရန် ချေးငွေများထုတ်ပေးခြင်းများကိုလည်း ပြုလုပ်သည်။   

          အဖွဲ့ဝင်ကြေး၊ မဲပေးခွင့်အာဏာ၊ ချေးငွေရရှိနိုင်မှုပမာဏတို့ကို ဆုံးဖြတ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီ၏ စီးပွားရေးအခြေအနေ၊ စီးပွားရေး အဆောက်အအုံ၏ ပမာဏပေါ်မူတည်၍ ကိုတာသတ်မှတ်ချက်များရှိသည်။ ကိုတာသတ်မှတ်ချက်အရ ထည့်ဝင်ကြေး၏ တစ်စိတ်တစ်ပိုင်းကို အထူးထုတ်ယူခွင့်ပုံစံဖြင့်ပေးသည်။ အထူးထုတ်ယူခွင့်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံများအကြား ငွေဖြစ်လွယ်မှုလျင်မြန်စေရန် အိုင်အမ်အက်ဖ်က ၎င်းအဖွဲ့အတွက် စီစဉ်ထားသော ဖန်တီးငွေကြေးတစ်ရပ်ဖြစ်သည်။

           ၁၉၈၀ ပြည့်နှစ်များတွင် အိုင်အမ်အက်ဖ်သည် ၎င်း၏အစီအစဉ်များထဲ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ထည့်သွင်းရေးဆွဲကာ ကြွေးမြီများလျှော့ချရန် နှင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွန်းအားပေးနိုင်ရန်အတွက် ဆင်းရဲနွမ်းပါးသောနိုင်ငံများကို ချေးငွေများထုတ်ပေးခဲ့သည်။ သို့သော် ချေးငွေများကို လွတ်လပ်စွာ ရယူနိုင်သည်မဟုတ်ပေ။ ငွေချေးငှားမည့်နိုင်ငံ၏ အခြေအနေပေါ်မူတည်၍သာ ထုတ်ချေးခြင်းဖြစ်သည်။ ချေးငွေရရှိသောနိုင်ငံသည် အိုင်အမ်အက်ဖ်၏ ချမှတ်ထားသော လွတ်လပ်သောစျေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ ထိုစည်းမျဉ်းများသည် ချေးငွေရရှိသည့်နိုင်ငံများကို အထောက်အကူဖြစ်စေသည်ထက် တစ်ခါတစ်ရံတွင် ထိခိုက်မှုများရှိခဲ့သည်ကိုလည်း တွေ့ရသည်။  

                                                                                                   

ဝေါဟာရများ

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့=Internatioanl Monetary Fund( IMF)

ငွေပေးငွေယူရှမ်းတမ်း=balance of payments

အထူးထုတ်ယူခွင့်=Special Drawing Rights (SDRs)    

ငွေဖြစ်လွယ်မှု=liquidity        

လွတ်လပ်သော ဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ=free market rules    

 

လိုတိုရှင်း စီးပွားရေးသုတ (၁၀၃)

ကမ္ဘာ့ဘဏ် (World Bank )

           ကမ္ဘာ့နိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေများကို လျှော့ချနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ရန်နှင့် ၁၉၄၄ ခုနှစ်တွင်  ကမ္ဘာဘဏ်ကို ထူထောင်ခဲ့ကြသည်။ နိုင်ငံများ၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံများ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အစိုးရ၏စီမံအုပ်ချုပ်မှုဆိုင်ရာများတွင် တိုးတက် မှုရရှိရေးအတွက် ချေးငွေများ ထုတ်ပေးခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများ ထောက်ကူပေးခြင်းတို့ပြုလုပ်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

          ကမ္ဘာ့ဘဏ်သည် ၂၀၁၅ ခုနှစ်တွင် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ (MDGs) အောင်မြင်နိုင်ရေးအတွက်လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည်ဟု အားခဲထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အတွက်လည်းကောင်း တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။ ရည်မှန်းချက်များထဲတွင် အခမဲ့အခြေခံပညာရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စဉ်ဆက်မပြတ်ဖွံဖြိုးရေး၊ အိပ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါတို က်ဖျက်ရေး၊ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု အမြစ်ဖြတ်နိုင်ရေးအချက်များစသည်ဖြင့် ပါဝင်သည်။

          ထိုသို့ ရည်မှန်းချက်များရှိသော်လည်း အခြားတစ်ဖက်တွင် ဝေဖန်မှုများလည်းရှိနေသည်။ “လွတ်လပ်သော စျေးကွက်စနစ် သည် နိုင်ငံအားလုံးနှင့် ကိုက်ညီမှုရှိသည့်ဟူသော အယူအဆသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ခြင်း၊ ဖယ်ရှားနိုင်ခြင်းထက် ဆင်းရဲနွမ်းပါးမှု ပိုမိုဖြစ်လာစေသည်ဟူ၍ သုံးဝေဖန်မှုပေါ်ထွက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းအတွင်း အာဏာခွဲဝေမှုတွင်လည်း မညီမျှသည့်အခြေအနေရှိနေသည်။ ကမ္ဘာ့ဘဏ်မှ ချမှတ်လုပ်ဆောင်သည့် ပေါ်လ စီများသည် ဆင်းရဲသောနိုင်ငံများပေါ်တွင် အဓိကအားဖြင့် သက်ရောက်မှုများရှိနေသည်။  ထို့ပြင် အဖွဲ့အစည်းအတွင်း မဲပေးမှုဖြစ်စဉ်များနှင့် ခေါင်းဆောင်မှုရွေးချယ် သည့် အခြေအနေများ၌လည်း ချမ်းသာကြွယ်ဝသောနိုင်ငံများက ပို၍အခွင့်သာကာ၊ ပြောရေးဆိုခွင့်လည်း ပိုမိုရှိနေပေသည်။

 

ဝေါဟာရများ

ကမ္ဘာ့ဘဏ်=the World Bank

နည်းပညာဆိုင်ရာကျွမ်းကျင်မှု=technical expertise

အခြေခံအဆောက်အအုံ=infrastructure  

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး=sustainable development   

ပိုမိုလာသော ဆင်းရဲနွမ်းပါးမှု=more poverty

 

လိုတိုရှင်း စီးပွားရေးသုတ (၁၀၄)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)

          ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အတိုကောက်အားဖြင့် ဒဗလျူတီအို (WTO) ဟုခေါ်ဝေါ်ကြပြီး ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူ၊ လွတ်လပ်စွာစီး ဆင်းနိုင်ရေးနှင့် ကုန်သွယ်မှုအခြေအနေများ ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် ကုန်သွယ်မှုပေါ်လစီများ ချမှတ်ပေးသည့်အဖွဲ့ဖြစ်သည်။ ယခင်က ဖွဲ့စည်းထားခဲ့သည့် အတိုကောက်အားဖြင့် ဂတ် (GATT) ဟုခေါ်သော အကောက်အခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုကို ပိုမိုကျယ်ပြန့်သောလုပ်ဆောင်ချက်များနှင့် အမြဲတမ်းဆောင်ရွက်ရမည့် လုပ်ငန်းမူဘောင်များ ရေးဆွဲပြင်ဆင်လျက် ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) အဖြစ်ထူထောင်ခဲ့ခြင်းဖြစ်သည်။

          နိုင်ငံပေါင်း ၁၆၄ နိုင်ငံ (လေ့လာနေဆဲနိုင်ငံများ အပါအဝင်) မှ အစိုးရများ  ညှိုနှိုင်းရေးဆွဲကာ လိုက်နာလုပ်ဆောင်မည်ဟု သဘောတူလက်မှတ်ရေးထိုး ထားသည့် ဒဗလျူတီအိုသဘောတူညီချက်များသည် နိုင်ငံတကာကုန်သွယ်ရေးအတွက် ဥပဒေလမ်းညွှန်ချက်များအဖြစ် ကမ္ဘာ့နိုင်ငံများကြားတွင် သက်ဝင်လှုပ်ရှားလျက်ရှိသည်။  နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒဗလျူတီအို (WTO) သဘောတူညီချက်များကို ချိုးဖောက်မှုရှိလာသည်ဖြစ်စေ၊ အကောင်အထည်ဖော်ရန်ငြင်းဆိုသည်ဖြစ်စေ အဆိုပါ တိုင်းပြည်အပေါ်တွင် ဆန်းရှင်း (sanction) ဟုခေါ်သည့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ကန့်သတ်ချက်များချမှတ်ကာ အရေးယူဆောင်ရွက်နိုင်စွမ်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျှူတီအို) တွင်ရှိသည်။

          ဒဗလျူတီအိုအဖွဲ့ကြီးက ၎င်းတို့၏ ပေါ်လစီများသည် ကမ္ဘာ့ကြီးကိုပိုမိုကြွယ်ဝလာစေသည်၊ ပိုမိုငြိမ်းချမ်းလာစေသည်၊ ပို၍တာဝန်ခံမှုရှိလာစေသည်ဟု ဆိုထားသည်။ သို့သော်နိုင်ငံတိုင်းက ထိုအချက်ကို သဘောတူခြင်းမရှိချေ။ ဥပမာ ဒဗလျူတီအိုက စီမံဆောင်ရွက်နေသည့် အတိုကောက်အားဖြင့် TRIPS ဟုခေါ်သော သဘောတူညီမှုမှာ ကုန်သွယ်မှုနှင့် ဆက်စပ်မှုရှိသော ဉာဏပစ္စည်းအခွင့်အရေးများနှင့် သက်ဆိုင်သည်။ ထိုသဘောတူညီမှုကြောင့် ဆင်းရဲနွမ်းပါးသော တိုင်းပြည်များသည် မူပိုင်ခွင့်ဖြင့်ကာကွယ်ထားသော ဆေးဝါးများထုတ်လုပ်ရန်အတွက် ခက်ခဲမှုများရှိနေသည်။

ဝေါဟာရများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့=World Trade Organization(WTO)

အကောက်အခွန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်=General Agreement on Tariffs and Trade (GATT)

ကုန်သွယ်မှုအပေါ် အကန့်အသတ်များ=restrictions   on trade

ပိုမိုကြွယ်ဝသော=more prosperous   

ဉာဏပစ္စည်းအခွင့်အရေး=intellectual property rights  

 

လိုတိုရှင်း စီးပွားရေးသုတ (၁၀၅)

ရွှေစံချိန် (Gold Standard)

          ရွှေစံချိန်ဆိုသည်မှာ ပုံသေသတ်မှတ်ထားသောငွေလဲနှုန်းစနစ်တစ်ခုဖြစ်သည်။ နိုင်ငံများအနေဖြင့် ၎င်းတို့၏ ငွေကြေးတန်ဖိုးများကို ရွှေစျေးနှုန်းဖြင့် ပုံသေချိတ်ဆက်ရန် သဘောတူထားကြခြင်းဖြစ်သည်။ ၁၈၇၉ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ များပြားလှသော နိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်ရေးစာရင်းများဘက်ညီနိုင်ရေးအတွက် ရွှေစံချိန်စနစ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် ကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ ထိုစနစ်ပြိုလဲသွားခဲ့သည်။

          ၁၉၄၆ ခုနှစ်တွင် ထိုစနစ်ကိုတစ်ဖန်ပြန်လည်ကျင့်သုံးခဲ့သည်။ ထိုအချိန်တွင် ယခင်ကာလများကကဲ့သို့မဟုတ်တော့ဘဲ ရွှေသတ္တု၏စျေးနှုန်းကို တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာတွင် ပုံသေသတ်မှတ်ခဲ့သည်။ နိုင်ငံများက အမေရိကန်ဒေါ်လာ ရရှိရေးအတွက် ရွှေဖြင့်ကုန်သွယ်ရောင်းဝယ်ကြသည်။ ထိုစနစ်သည် စီးပွားရေးတည်ငြိမ်မှုကိုဖြစ်ပေါ်စေသည်။ သို့သော် အားနည်းချက်များကို တွေ့ရသည်။ လဲလှယ်နှုန်းထားသည် ပုံသေဖြစ်သောကြောင့် နိုင်ငံများသည် ငွေကြေးဖောင်းပွခြင်း၊ အလုပ်လက်မဲ့နှင့် စီးပွားရေးအကျပ်အတည်းများကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။

          ငွေကြေးဖောင်းပွမှုများကြောင့် ၁၉၇၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ထိုစနစ်ကိုစွန့်လွှတ်ခဲ့သည်။ မြင့်တက်လာသောကမ္ဘာ့ငွေကြေးရောင်းလိုအား( ပမာဏ) ကိုကျောထောက် နောက်ခံထားရန် လုံလောက်သောရွှေသတ္တုမရှိခြင်းကြောင့်လည်းဖြစ်သည်။ ယနေ့အချိန်တွင် မည်သည့်အရာနှင့်အမျှ ချိတ်ဆက်ထားခြင်းမရှိသော အစိုးရ၏အမိန့်အာဏာဖြင့်ထုတ်ဝေထားသော ငွေစက္ကူများကို ငွေကြေးအဖြစ် အသုံးပြုလျှက်ရှိကြသည်။ ထိုငွေကြေးကို အစိုးရများက အာမခံပေးထား သောကြောင့် လူတိုင်းက ယုံယုံကြည်ကြည်သုံးစွဲနေကြခြင်းဖြစ်သည်။   

 

ဝေါဟာရများ

ရွှေစံချိန်=gold standard

ပုံသေသတ်မှတ်ထားသောငွေလဲနှုန်း=fixed exchange rate   

ငွေကြေးတန်ဖိုး=currency value    

အလုပ်လက်မဲ့=unemployment   

အစိုးရ၏အမိန့် အာဏာဖြင့်ထုတ်ဝေထားသောငွေကြေး=fiat money