အဖြူရောင် သံမဏိ နှင်းဆီနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ

အဖြူရောင် သံမဏိ နှင်းဆီနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ
Published 15 March 2015

(၁)“ကျွန်မတို့မှာ လက်နက် မရှိဘူး။ ကျွန်မတို့မှာ ကိုယ်ခန္ဓာပဲ ရှိပါတယ်။ ကျွန်မတို့ ကိုယ်ခန္ဓာကို လက်နက်အဖြစ် အသုံးချပြီး ကျွန်မတို့ လိုချင်တာကို ရယူဖို့အတွက် တောင်းဆို တိုက်ပွဲဝင်နေကြတာပါ”ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်မှာ သပိတ်မှောက်ကျောင်းသူ မဖြိုးဖြိုးအောင်ပြောခဲ့တဲ့ စကားတစ်စွန်းတစ်စ ဖြစ်ပါတယ်။အသက် ၂၇ နှစ် အရွယ်သာ ရှိသေးတဲ့ မဖြိုးဖြိုးအောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ဒါ့အပြင် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒီမိုကရေစီ ပညာရေးအတွက် အာဏာပိုင်တွေကို အံတုရင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီ အကျဉ်းထောင်ထဲကို ရောက်ရှိနေပါတယ်။သူတင် မဟုတ်ပါဘူး။ သူ့လိုပဲ လက်နက်မပါ၊ ခန္ဓာကိုယ် တစ်ခုတည်းကို အားပြုရင်း ရိုးသားစွာ တောင်းဆို တိုက်ပွဲဝင်ခဲ့သူ ကျောင်းသားတွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ သာယာဝတီ အကျဉ်းထောင်ထဲ ရောက်ရှိနေပါတယ်။ လူမဆန်တဲ့ ဥပဒေမဲ့ ရိုက်နှက်ခံခြင်း၊ စစ်ဆေးခံရခြင်းတွေကို အကျဉ်းထောင်ထဲမှာ ရင်ဆိုင်နေကြရပါတယ်။ထွက်ပေါ်လာတဲ့ အထောက်အထား၊ မှတ်တမ်းတွေ၊ ပြန်လွတ်လာသူတွေရဲ့ ပြောဆိုချက်တွေအရ ကျောင်းသားတွေနဲ့ သူတို့ကို ဝန်းရံပေးသူ ပြည်သူတွေကို အာဏာပိုင်တွေက အငြိုးတကြီးနဲ့ ရက်စက်စွာ လုပ်ဆောင်ခဲ့ကြတာ ထင်ရှားပါတယ်။ ဆက်ဖမ်းတာတွေ ရှိနေသလို အားလုံးကို ပြန်လွှတ်ပေးမယ့်ပုံလည်း မရှိပါဘူး။ 
 
(၂)
မတ် ၁၁ ရက် သာယာဝတီ အကျဉ်းထောင်ကနေ တရားရုံးတင် အစစ်ခံရသူတွေထဲမှာ မဖြိုးဖြိုးအောင် ပါခဲ့တယ်။ ရုံးအထွက်မှာ ဦးညွတ်ခိုင်းတဲ့ အာဏာပိုင်တွေရဲ့ လက်ကို ပုတ်ချပြီး သူ့ခေါင်းကို မတ်မတ် ထောင်ပြခဲ့ပါတယ်။သမီးရေ.. လို့ အော်ခေါ်နေတဲ့ မိခင်ဘက်ကို တစ်ချက်သာ လှည့်ကြည့်ရင်း “စိတ်မပူနဲ့...” လို့ ပြောပြီး ရင်ကော့ထွက်သွားပါတယ်။ဒါဟာ မဖြိုးဖြိုးအောင်ပါပဲ။ သူ့ယုံကြည်မှုဟာ သူ့ရပ်တည်ချက်ပဲ ဖြစ်တယ်။ အသားဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့ဆိုပေမဲ့ ခန္ခာကိုယ်နဲ့ မလိုက်အောင် စိတ်ဓာတ်မာကျောသူ ဖြစ်ပါတယ်။ မှန်ကန်တာကို သူလုပ်ခဲ့ပါတယ်။ နောင်တမရတတ်သလို ဦးညွတ်တတ်သူလည်း မဟုတ်ပါဘူး။နောက်ပြီး ထောင်ဆိုတာ သူ့အတွက် မစိမ်းပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလမှာ မွေးခဲ့တယ်။ ရှစ်လေးလုံး သမိုင်းနဲ့ လူ့လောကထဲ ရောက်လာတယ်။ ဒီမိုကရေစီ ဝိဉာဉ်က သူ့ကိုယ်ထဲမှာ ကိန်းအောင်းခဲ့ပါတယ်။သူ့အသက် ဆယ်လသမီး အရွယ်မှာ ဖခင် ဒေါက်တာနေဝင်းကို နိုင်ငံရေး ပုဒ်မတွေတပ်ပြီး စစ်အာဏာရှင်တွေက ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရတယ်။ ကွန်မြူနစ်တံဆိပ် ကပ်ခဲ့ကြပါတယ်။ဒီအချက်ကို စွဲကိုင်ပြီး သူတို့ကို စွပ်စွဲခဲ့တဲ့ အာဏာပိုင်တွေက မဖြိုးဖြိုးအောင်တို့ နောက်မှာ ကွန်မြူနစ်တွေ ကြိုးကိုင်တယ်လို့ ပြောပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ဥပမာ- မဖြိုးဖြိုးအောင် ဆိုရင် သူ့လုပ်ဆောင်မှု၊ သူ့ရပ်တည်ချက်တွေနဲ့ သူ့မိဘတွေရဲ့ လုပ်ကိုင်မှု၊ ရပ်တည်ချက်တွေကို စည်းခြားထားပါတယ်။ သူလုပ်ကိုင်နေတာတွေနဲ့ ပတ်သက်ပြီး သူ့မိဘတွေနဲ့ တိုင်ပင်နှီးနှောခြင်းလည်း မရှိပါဘူး။ လက်ပံတန်း သပိတ်စခန်းကို အလှူပစ္စည်းတွေ ပို့ရင်း ရောက်လာတဲ့ သူ့မိဘတွေကို “ဘာလို့ လိုက်လာတာလဲ။ သူတို့ ဒီလောက် စွပ်စွဲနေတာကို ဘာလို့ လာတာလဲ” လို့ ပြစ်တင်ပြောဆိုပါတယ်။၂၀၀၄ ခုနှစ်မှာ ဒေါက်တာနေဝင်း ပြန်လွတ်ပါတယ်။ ဒီအချိန်ရောက်မှ အဖေနဲ့ သမီး ပထမဆုံး ပြန်ဆုံပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး အတူနေရချိန် သိပ်မကြာလိုက်ပါဘူး။ ၂၀၀၈ ခုနှစ် ရောက်ချိန်မှာ သားအဖ နှစ်ဦးစလုံး နိုင်ငံရေးပုဒ်မ ကိုယ်စီနဲ့ ထောင်ကျခဲ့ရ ပြန်ပါတယ်။ 
 
(၃)
အလယ်တန်းကျောင်းသူ ဘဝကတည်းက နိုင်ငံရေး စာအုပ်တွေကို ဖတ်ခဲ့တယ်။ တက္ကသိုလ်ရောက်ချိန်မှာ နိုင်ငံရေး အယူအဆတွေကို သိလာခဲ့ပြီ။ ပညာရေးစနစ် ဘာကြောင့် ပျက်စီးနေရတယ်။ ပြည်သူတွေ ဘာကြောင့် ဆင်းရဲမွဲတေ နေရတယ်။ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို တွေးခေါ်တတ်လာပါပြီ။၂၀၀၇ ခုနှစ် ဗကသ ပြန်လည် ဖွဲ့စည်းချိန်မှာ သူပါဝင်ခဲ့တယ်။ သူ့ယုံကြည်ချက်ဟာ သူ့ရပ်တည်ချက် ဖြစ်လာပါတယ်။ ဒါတွေဟာ သူ့မိဘရဲ့ ပုံသွင်းမှုကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတွေပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်ခဲ့တယ်။ အာဏာပိုင်တွေ ဖမ်းဆီးတာကို ရှောင်တိမ်းခဲ့ပါတယ်။လူပုံစံနဲ့ မလိုက်အောင် စိတ်ဓာတ် ပြင်းထန်လွန်းသူ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ကို ၂၀၀၇ ခုနှစ်ထဲက အာဏာပိုင်တွေ အလိုရှိခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ သူ အဖမ်းခံလိုက် ရပါတယ်။အသက် ၂၀ နှစ်အရွယ် ဗကသ ကျောင်းသူတစ်ဦးရဲ့ ပထမဆုံး ထောင်အတွေ့အကြုံကို သူ ရင်ဆိုင်ခဲ့ပါတယ်။ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။ ဖခင်ဆီက ကြားသိခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် နိုင်ငံရေး အကျဉ်းသားနဲ့ ထောင်ဆိုတာ သူ့အတွက် မဆန်းတော့ပါဘူး။နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီ ကယ်ဆယ်ခဲ့တဲ့၊ ပိုင်ရှင်မဲ့ အလောင်းတွေကို စနစ်တကျ မြေမြှုပ်ပေးခဲ့တဲ့ သူတို့တွေကို ပုဒ်မ မျိုးစုံတပ်ပြီး စစ်အာဏာရှင်တွေက ထောင်ထဲ ပို့ခဲ့တာပါ။မဖြိုးဖြိုးအောင်ကို ထောင်ဒဏ်လေးနှစ် ချခဲ့ပါတယ်။ရမန် မယူ၊ တရားရုံးထုတ်ခြင်း မရှိဘဲ အင်းစိန်ထောင်ထဲမှာ လေးလကျော် နေခဲ့ရတဲ့ နောက်ပိုင်း သူ့ကို မော်လမြိုင်ထောင် ပို့ခဲ့ပါတယ်။ ချုပ်ရက်ခံစားခွင့် မရခဲ့ပါဘူး။မော်လမြိုင်ထောင်ကို ရောက်ပြီး ခြောက်လအကြာမှာ ထောင်အာဏာပိုင် တစ်ဦးက သူ့ကို ကမ်းလှမ်းခဲ့ပါတယ်။အကျဉ်းခံရက် တိုစေဖို့ ခြောက်လတိုးပြီး တစ်နှစ် သတ်မှတ်ပေးရမလားလို့ ကမ်းလှမ်းခဲ့တာပါ။ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ သူ့ရဲ့ အမှုတွဲကို ဖတ်ပြီးပြီလားလို့ ထောင်အာဏာပိုင်ကို ပြန်မေးပါတယ်။ ဖတ်ပြီးပြီဆိုတဲ့ အဖြေရချိန်မှာ သူ့ဘက်က တစ်ခွန်းပဲ ပြန်ပြောခဲ့ပါတယ်။“ထားလိုက်ပါတော့” လို့ ပြောခဲ့တာပါ။ဒီကြားထဲမှာ သမ္မတ ဦးသိန်းစိန်လက်ထက် အကျဉ်းသား အားလုံးကို ထောင်ဒဏ်တစ်နှစ်စီ လျော့ချပေးခဲ့ပါတယ်။သုံးနှစ်နဲ့လေးလ ထောင်ဒဏ် ကျခံခဲ့ရပြီး သူ ပြန်လွတ်ခဲ့ပါတယ်။ 
 
(၄)
၂၀၀၈ ခုနှစ် အဖမ်းခံရချိန်မှာ သူက တတိယနှစ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူ ဖြစ်ပါတယ်။ ပြန်လွတ်လာတော့ ကျောင်းပြန်တက်ဖို့ ကြိုးပမ်းပါသေးတယ်။ အသနားခံစာတင်မှ ပြန်တက်ခွင့်ပြုမယ်လို့ ကျောင်းအာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။“နှစ်ခါ အနာခံစရာ မလိုဘူး” လို့ တုံ့ပြန်ရင်း ကျောင်းပြန်တက်ရေးကို စွန့်လွှတ်လိုက်ပါတယ်။
သူ့ယုံကြည်မှုဟာ သူ့ရပ်တည်ချက်ပဲ ဖြစ်တယ်။ အသားဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့ဆိုပေမဲ့ ခန္ခာကိုယ်နဲ့ မလိုက်အောင် စိတ်ဓာတ်မာကျောသူ ဖြစ်ပါတယ်။ မှန်ကန်တာကို သူလုပ်ခဲ့ပါတယ်။ နောင်တမရတတ်သလို ဦးညွတ်တတ်သူလည်း မဟုတ်ပါဘူး . . . . .

ဒီအချိန်မှာပဲ မှားယွင်းတဲ့ ပညာရေး စနစ်ကို မုချပြောင်းလဲမယ်ဆိုတဲ့ အတွေးက သူ့စိတ်ထဲမှာ စွဲမြဲခဲ့ပါပြီ။ပညာရေးက လူတိုင်းအတွက် အရေးကြီးတယ်၊ ကျောင်းသားတစ်ဦး ကျောင်းနေရေးကို ပညာရေး အာဏာပိုင်တွေက ဆုံးဖြတ်ပေးလို့ မရဘူး၊ ပညာရေးကို ချုပ်ကိုင်ထားလို့ မရဘူး၊ ကန့်သတ်ထားလို့ မရဘူး၊ ကျောင်းသားတွေမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမယ်၊ မြန်မာ့ ပညာရေးစနစ် ပြောင်းလဲဖို့ လိုလာပြီဆိုတာ သူ့အတွက် ခိုင်မာတဲ့ ယုံကြည်ချက် ဖြစ်လာပါတယ်။ယုံကြည်ချက်အပေါ် ရပ်တည်ချက် ခိုင်မာစွာ လျှောက်လှမ်းတတ်တာ သူ့အကျင့်ပါပဲ။ ထောင်က ပြန်လွတ်လာပြီး နောက်ပိုင်း ဗကသများအဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းချိန်မှာ သူ ပါဝင်ခဲ့ပါတယ်။ ကျောင်းသားတွေကို စည်းရုံးမှုတွေ လုပ်ခဲ့တယ်။ အနယ်နယ် အရပ်ရပ်မှာ ကျောင်းသားသမဂ္ဂ ခရိုင် ၂၆ ခု၊ ကျောင်းသားသမဂ္ဂ ၄၀ ကျော် ဖွဲ့စည်းနိုင်တဲ့ အောင်မြင်ခဲ့ပါတယ်။ 
 
(၅)
မဖြိုးဖြိုးအောင်တို့ မိသားစုဟာ ငွေကြေးချမ်းသာသူတွေ မဟုတ်ပါဘူး။ ဖခင်က နိုင်ငံရေး ပုဒ်မနဲ့ ထောင်ကျနေတဲ့သူ၊ မိခင်က ဈေးရောင်းရင်း များပြားလှတဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေသူ၊ ဒါပေမဲ့ သူတို့ စိတ်ဓာတ် မဆင်းရဲခဲ့ပါဘူး။သူ့အသက် သုံးနှစ်အရွယ်မှာ အဖိုးအိမ်သွားရင်း ဖိနပ်ပျောက်ခဲ့ ဖူးပါတယ်။ လူကြီးတွေက ဖိနပ်ယူသွားသူကို အပြစ်ဖို့နေပေမဲ့ သူက နှစ်သိမ့်စကား ပြောခဲ့ပါတယ်။“လိုချင်လို့ ယူသွားတာ၊ ယူသွားပါစေ” လို့ ပြန်ပြောခဲ့ဖူးတာပါ။ပင်ကိုယ်စရိုက်က အငို၊ အရယ် ကင်းမဲ့သူ၊ ပေတေတေ နေတတ်တယ်။ ထောင့်မကျိုးတဲ့ပုံစံ ဖြစ်ပေမဲ့ အများအတွက် ဦးစားပေး လုပ်ပေးတဲ့ စိတ်ကို ငယ်ကတည်းက ပိုင်ဆိုင်ထားပါတယ်။ ကတိတည်တာကို ကြိုက်တတ်ပြီး ကတိပေးပြီးရင်လည်း တည်တတ်သူ ဖြစ်ပါတယ်။အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ကျောင်းသားသပိတ်စစ်ကြောင်း ချီတက်မှုမှာလည်း အများရဲ့ ဆန္ဒအတိုင်း သူလုပ်ခဲ့တာပါ။ ပြောမယ်ဆိုရင် စစ်ကြောင်း မစခင် အချိန်မှာ သူ အိမ်ထောင်ကျခဲ့ပါတယ်။ ခင်ပွန်းနဲ့အတူ ကြာကြာ မနေထိုင်ဘဲ သပိတ်စစ်ကြောင်းနဲ့ လိုက်ပါခဲ့သလို ဖြိုခွင်းခံရချိန်မှာလည်း သပိတ်စစ်ကြောင်းကို စွန့်ခွာ မသွားပါဘူး။မတ်လ ၁၀ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတွေနဲ့ ရဲတွေအကြား တင်းမာနေချိန်မှာ ခေါင်းဆောင်ပီသတဲ့ သူ့လုပ်ရပ်တွေကို မြင်တွေ့ရပါတယ်။၂၀၁၂ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့သည့် တံတားနီအရေးအခင်း အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွင် မဖြိုးဖြိုးအောင် ဆုတောင်းမှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (Photo: PhyoPhyoAungFacebook)
ဒေါသထွက် အော်ဟစ်နေတဲ့ ကျောင်းသူတွေကို ဒေါသမထွက်ဖို့၊ စိတ်မတိုဖို့ တစ်ယောက်ချင်းစီကို နားချပြောဆိုနေတဲ့ သူ့ပုံရိပ်တွေက မာကျောလွန်းတဲ့ သူ့စိတ်ဓာတ်နဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ဖြိုခွင်းခံရပြီး အဖမ်းခံရ ချိန်မှာလည်း ဦးညွတ်ခေါင်းငုံ့သွားခြင်း မရှိခဲ့ပါဘူး။သူ့ခင်ပွန်းဖြစ်တဲ့ ဗကသ အဖွဲ့ဝင် ကျောင်းသား ကိုလင်းထက်နိုင်က မဖြိုးဖြိုးအောင်ကို -“နိုင်ငံရေးကို နိုင်ငံရေးသမားလို မတွေးသူ၊ ခေါင်းမာတတ်လွန်းသူ၊ စကင်ဒီနေးဗီးယား နိုင်ငံတွေအတိုင်း ဗမာပြည်ကို ဖြစ်စေချင်သူ” လို့ တင်စားခဲ့ပါတယ်။ 
 
(၆)
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့အတူ မဖြိုးဖြိုးအောင် အပါအဝင် သမဂ္ဂစိတ်ဓာတ် လက်ဆင့်ကမ်းခဲ့သူ ကျောင်းသားတွေ ဆင့်ကဲ ပေါ်ထွက်လာပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှုကို အာဏာပိုင်တွေ အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပါတယ်။ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖြစ်လာချိန်၊ တောင်သာတောင်ကြားကို ဖြတ်ချိန် မလွဲသာတဲ့ အချိန်ရောက်မှ အစိုးရက ကျောင်းသားတွေနဲ့ စကားပြောဖို့ ပြင်ဆင်ပါတယ်။ နေပြည်တော် တွေ့ဆုံမှု၊ အဲဒီက တစ်ဆင့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ လေးပွင့်ဆိုင် တွေ့ဆုံပွဲ ဆိုတာ ဖြစ်ပါတယ်။လေးပွင့်ဆိုင် တွေ့ဆုံမှု စချိန်မှာပဲ အစိုးရနဲ့ ကျောင်းသားတွေ ထိပ်တိုက် တိုးပါတယ်။ အထူးသဖြင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်နဲ့ ကျောင်းသားတွေ ထိပ်တိုက်တိုးခဲ့တာပါ။ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်၊ အကြိုညှိနှိုင်းမှု အချက် ၉ ချက် ကိစ္စတွေမှာ အာဏာပိုင်တွေဘက်က မလိုက်လျောချင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားကိုယ်စားလှယ်တွေက  ချက်ကျလက်ကျ  ပြန်ရှင်းခဲ့ပါတယ်။  ကျောင်းသားသမဂ္ဂတွေကို အသိအမှတ် ပြုရေးနဲ့ သပိတ်လှန်ရေး ကိစ္စမှာ အပြင်းထန်ဆုံးပါပဲ။ ကျောင်းသားသမဂ္ဂ ဘာကြောင့် ရှိသင့်တယ် ဆိုတာနဲ့ သပိတ်မလှန်ရတဲ့ အကြောင်းကို ကျောင်းသားတွေဘက်က အကြေအလည် ပြောတဲ့အခါ အာဏာပိုင်တွေအတွက် မျက်နှာပျက်စရာ ဖြစ်လာပါတယ်။နောက်ဆုံး သပိတ်မလှန်ရင် အရေးယူခံရမယ် ဆိုတဲ့အထိ အာဏာပိုင်တွေက ပြောဆိုလာကြပါတယ်။ ပညာရေးဥပဒေ ပြင်ဆင်ဖို့ ဘာတစ်ခုမှ မရေရာချိန်မှာ သပိတ်လှန်ပေးဖို့ကို ကျောင်းသားတွေ လက်မခံပါဘူး။ သူတို့ မှန်ပါတယ်။  ဒါပေမဲ့ ဦးအောင်မင်းက ကျောင်းသားတွေ “သပိတ်လှန်ပါ” လို့ ယတိပြတ် ပြောပါတယ်။ ပုပ္ပါးနောက်ပိုင်းကိစ္စ တာဝန်မယူနိုင်ဘူးလို့ သူက ခပ်ပြတ်ပြတ် ဆိုပါတယ်။ဦးအောင်မင်းရဲ့ ပြောစကားကို မဖြိုးဖြိုးအောင်ရဲ့ တုံ့ပြန်မှုက ရှင်းလင်း ပြတ်သားခဲ့ပါတယ်။“ကျွန်မတို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ အခုချိန်မှာတောင် ဒီဆွေးနွေးပွဲက ချောချောမွေ့မွေ့ မဖြစ်သေးပါဘူး။ အခုချိန်မှာတောင် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလို အခြေအနေ အတွင်းမှာ အခု ရက်ပေါင်း ၆၀ အတွင်းမှာ မဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲက ရက်ပေါင်း ၆၀ အလွန် ကျောင်းသားသပိတ်တွေကြောင့် ဒီဆွေးနွေးပွဲကြီး အကောင်အထည် ပေါ်လာပြီ။ အဲဒီလို အနေအထားမျိုးမှာ ဒီဆွေးနွေးပွဲကိုပေါ့ ဆက်ပြီးတော့ ဘယ်လိုရလဒ်ကောင်း ထွက်မလဲဆိုတာ ဒီသပိတ်တွေနဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ နောက်တစ်ခုက ကျွန်မ ထပ်ပြောချင်ပါတယ်။ ကျောင်းသားတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိနဲ့ သူတို့ ဆန္ဒထုတ်ဖော်နေခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အလိုရှိနေတဲ့ အရာကို သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုနေတာ ဖြစ်ပါတယ်ရှင့်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုနေတာကို အကြမ်းဖက် ဖြိုခွင်းမှုမျိုး ပြုလုပ်လာမယ် ဆိုရင်တော့ ခုနတုန်းက လူကြီးမင်းတို့ ပြောတဲ့ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်မှုကို ပျက်ပြားစေတာမျိုး ဒါက လုပ်တဲ့သူရဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်လို့ ကျွန်မတို့ ယူဆပါတယ်ရှင့်” လို့ မဖြိုးဖြိုးအောင်က ပြောခဲ့တာပါ။ 
 
(၇)
လေးပွင့်ဆိုင် ဆွေးနွေးပွဲ စကတည်းက ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုနေတဲ့ ကျောင်းသားတွေကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမယ်ဆိုရင် ဖြိုခွင်းသူတွေရဲ့ တာဝန်ပဲလို့ မဖြိုးဖြိုးအောင်က ကြိုပြောခဲ့ပြီး ဖြစ်ပါတယ်။အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ရိုးသားစွာ တောင်းဆိုမှုတိုင်းကို ဘယ်လိုပုံစံနဲ့ ပြန်တုံ့ပြန်ခဲ့သလဲ၊ ဘယ်လို ကတိဖျက်မှုတွေ ရှိလဲဆိုတာ အာဏာပိုင်တွေ အသိဆုံး ဖြစ်ပါတယ်။ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေအရ အာဏာပိုင်တွေက ကျောင်းသားတွေကို အငြိုးထားခဲ့ပါတယ်။ ပိုပြီး အငြိုးထားခြင်း ခံခဲ့ရသူတွေက ဗကသများ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ကျောင်းသားတွေ ဖြစ်ကြပါတယ်။လက်ရှိ အချိန်မှာ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင် အဖမ်းခံထားရတယ်။ ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေ အပါအဝင် ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ကိုသီဟဝင်းတင်၊ မဟန်နီဦး တို့ကိုလည်း မတ် ၁၃ ရက်နေ့မှာ ထပ်ဖမ်းပြီး သာယာဝတီထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ဥက္ကဋ္ဌဖြစ်တဲ့ ကိုကျော်ကိုကို လွတ်မြောက်နေဆဲ ဖြစ်ပေမဲ့ သူ့ကို ပိုက်စိတ်တိုက် ရှာဖွေနေပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေဟာ ဗကသများကို ပစ်မှတ်ထားနေတာ သေချာပါတယ်။တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှာ ပါဝင်နေတဲ့ ဗကသ ကျောင်းသားတွေနဲ့ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ(တကသ) ကျောင်းသားတွေကိုလည်း ခွဲထုတ်ဖို့ အာဏာပိုင်တွေ၊ သူတို့နဲ့ နီးစပ်သူ အကျိုးဆောင် ပွဲစားတွေက ကြိုးပမ်းနေတာတွေ မြင်နေရပါတယ်။ 
 
(၈)
အာဏာပိုင်တွေက ပိုက်စိတ်တိုက် ရှာဖွေနေတဲ့ ကိုကျော်ကိုကို၊ ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမိုးထက်နေ၊ ကိုသီဟဝင်းတင်နဲ့ မဟန်နီဦးတို့ဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ အမာခံတွေ ဖြစ်ပါတယ်။ လွတ်မြောက်နေသူ တစ်ချို့ ရှိပေမဲ့ အမာခံ အများစုကို ဖမ်းထားခြင်းအားဖြင့် ဗကသကို ထိန်းချုပ်နိုင်ဖို့ ခြေလှမ်းပြင်တာ တွေ့ရပါတယ်။စတုထ္ထကျောင်းသားသပိတ် ဖြစ်အောင် ဦးဆောင်နိုင်သူတွေလို့ တင်စားခံခဲ့ရတဲ့ ဗကသများ အဖွဲ့ချုပ် ကျောင်းသားလူငယ်တွေဟာ စုစည်းမှု အားကောင်းပြီး ရပ်တည်ချက် ခိုင်မာသူတွေ ဖြစ်ပါတယ်။သမိုင်းအစဉ်အလာ ကြီးမားတဲ့ ဗကသကို သူတို့ ပြန်လည်မွေးဖွား ခဲ့ကြတယ်။ သမဂ္ဂ စိတ်ဓာတ်ကို လက်ဆင့်ကမ်းမှု ရရှိခဲ့တဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်မှာ ဗကသအဖွဲ့ ပြန်ပေါ်လာတယ်။ ကျွန်တော် အံ့သြခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက် ပြားပြားဝပ်နေရချိန်မှာ သူတို့ ထိုးထွက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ်တွေမှာ ဗကသအဖွဲ့ ပေါ်ခဲ့ဖူးပေမဲ့ သပိတ်ကာလမှာပဲ အခိုက်အတန့် ပေါ်ခဲ့တာပါ။၂၀၀၇ ခုနှစ်မှာ ပေါ်ခဲ့တဲ့ ဗကသက ၁၉၈၈ ခုနှစ် နောက်ပိုင်း လူငယ်သွေးသစ်တွေ ဦးဆောင်ပြီး ပထမဆုံး ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ကိုကျော်ကိုကို ဦးဆောင်ခဲ့တယ်။ အခု အဖမ်းခံထားရတဲ့ အမာခံတွေ ချိတ်ဆက်ပါဝင် ခဲ့ပါတယ်။  အဲဒီနောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလမှာ သူတို့တွေဟာ သံဃာတော်တွေနဲ့ ပူးပေါင်းပြီး အရေးဆိုခဲ့ပါတယ်။ နှိမ်နင်းခံရပြီးချိန်မှာ တိမ်းရှောင်မှုတွေ ရှိခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တွေထဲမှာ ဆက်တိုက် အဖမ်းခံခဲ့ရပါတယ်။ခေါင်းဆောင်တွေ အဖမ်းခံခဲ့ကြရပေမဲ့ ဗကသအလံကို သူတို့ ဆက်လွှင့်နိုင်ခဲ့ပါတယ်။ ဥပမာ-ကိုကျော်ကိုကို အဖမ်းခံရချိန်မှာ သမဂ္ဂအလံကို ကိုမင်းသွေးသစ်က ဦးဆောင်ပြီး ဆက်လွှင့်ခဲ့တာ ဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ ၂၀၀၇ ခုနှစ် ဗကသမျိုးဆက်တွေ ပြန်လွတ်ခဲ့ပါတယ်။ သမဂ္ဂအလံကို ဆက်လွှင့်ခဲ့သလို ဗကသများ အဖွဲ့ချုပ်ကို စနစ်တကျဖြစ်အောင် ပြန်ဖွဲ့ပါတယ်။ ဗကသ မျိုးဆက်ဟောင်းတွေနဲ့ နှီးနှော တိုင်ပင်တာတွေ ရှိခဲ့ကြသလို သူတို့နောက် ပေါ်လာတဲ့ မျိုးဆက်သစ်တွေနဲ့လည်း ချိတ်ဆက်ခဲ့ကြပါတယ်။၂၀၁၁ ခုနှစ် ဗကသ ကျောင်းသားတွေ ပြန်လွတ်ပြီးချိန်မှာ ကိုကျော်ကိုကို၊ မဟန်နီဦး အစရှိတဲ့ သူတွေနဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ သူတို့ဟာ စိတ်ရူးပေါက်လို့ ထလုပ်ကြသူတွေ မဟုတ်သလို မြှောက်ပင့်ပေးသူရှိလို့ လုပ်နေကြသူတွေလည်း မဟုတ်ဘူး။သူတို့မှာ ကိုယ်စီ ခံယူချက်၊ ယုံကြည်ချက်တွေ ရှိပါတယ်။ ဒါတွေက သူတို့အတွက် မဟုတ်ဘဲ ပြည်သူတွေ အတွက်ပဲ ဦးတည်ခဲ့ပါတယ်။ 
 
(၉)
ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၀ မှာ ပထမ ကျောင်းသားသပိတ် ပေါ်တယ်။ ဒုတိယ ကျောင်းသားသပိတ်က ၁၉၃၆ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။၁၉၃၆ ခုနှစ် မေမှာ ဗကသအဖွဲ့ စတင်ပေါ်ပေါက်ပါတယ်။ ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တယ်။ သူတို့ လှုပ်ရှားမှုတွေက လွတ်လပ်ရေးရတဲ့ တွန်းအားပေးနိုင်ခဲ့သလို နိုင်ငံရေး မျိုးဆက်တွေလည်း ဖြစ်ခဲ့ပါတယ်။၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွဲဖျက်ဆီး ခံခဲ့ရတယ်။ စစ်အာဏာရှင်အောက်မှာ ကျောင်းသား လူငယ် များစွာရဲ့ အသက်တွေ စတေးခဲ့ရပါတယ်။ ဘဝပျက်သူ များခဲ့တယ်။ နောက်ပိုင်း ပညာရေးစနစ်ပါ ဖျက်ဆီးခံခဲ့ ရပါတယ်။၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံဟာလည်း ကျောင်းသား လူငယ်တွေပဲ စခဲ့ကြတာပါ။ အာဏာရှင် တွန်းလှန်မှု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တိုင်းက ကျောင်းသား အရေးက စခဲ့တယ်။ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့ ကျောင်းသားတွေက ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ ကျောင်းသား လူငယ်တွေ အများဆုံး အသက်ဆုံးရှုံး၊ ဘဝပျက်၊ စတေး ခံခဲ့ရတာတွေက ဝမ်းနည်းစရာ ကောင်းပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အခြေအနေတွေကို ပြန်ကြည့်ရင် ဒီအချက်ကိုပဲ တွေ့ရမှာပါ။နိုင်ငံရေး သမားတွေက ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ပြီး တွန့်ဆုတ်ခဲ့ကြပေမယ့် ကျောင်းသား လူငယ်တွေ ရဲဝံ့ခဲ့ပါတယ်။ သူတို့ကို လူထုက ဝန်းရံပေးခဲ့တယ်။၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ ဘယ်လောက် စွမ်းဆောင်ခဲ့ကြတယ်၊ အဲဒီ အချိန်မှာ ပေါ်လာတဲ့ ဗကသအဖွဲ့ ဘယ်လောက် လုပ်နိုင်ခဲ့တယ် ဆိုတာ အဲဒီ ကာလကို ဖြတ်သန်းခဲ့ဖူးသူတိုင်း အသိဆုံး ဖြစ်မှာပါ။      
 
(၁၀)
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သမိုင်း အချက်အလက်တွေကို ပြန်ကြည့်ရင် ကျောင်းသားနဲ့ နိုင်ငံရေးကို ခွဲလို့ မရပါဘူး။ ကျောင်းသားနဲ့ ကျောင်းသားသမဂ္ဂကို ခွဲလို့ မရပါဘူး။ကျောင်းသား ရှိမယ်။ ကျောင်းသား သမဂ္ဂ ရှိရပါမယ်။သမဂ္ဂ ဝိဉာဉ်၊ သမဂ္ဂ စိတ်ဓာတ်နဲ့ ကျောင်းသားတွေကို ဖယ်ခွာ မရနိုင်ပါဘူး။သမဂ္ဂ စိတ်ဓာတ် လက်ဆင့်ကမ်းခဲ့သူ ကျောင်းသားမှန်ရင် ခေတ်တွေ ဘယ်လို ပြောင်းသွားပါစေ၊ ပြည်သူတွေကို သစ္စာ မဖောက်ကြပါဘူး။ အများအတွက် ပြည်သူ့အရေး ကိုယ်ကျိုးစွန့်ကြသူတွေပါ။ ပြည်သူ့အရေးအတွက် လက်မနှေးကြသူတွေ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ် ပေါ်ပေါက်လာခဲ့ပြီး အခုချိန်ထိ ရပ်တည်ခဲ့တဲ့ ကိုကျော်ကိုကိုတို့၊ မဖြိုးဖြိုးအောင်တို့၊ ကိုမင်းသွေးသစ်တို့ရဲ့ ဗကသ အဖွဲ့ချုပ်ဟာလည်း ဗကသတွေရဲ့ သမိုင်း အစဉ်အလာအတိုင်း ရပ်တည်ချက် ခိုင်မာစွာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်မှာ ပေါ်ထွက်လာပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပေါ်ပေါ်ထင်ထင် ရပ်တည်လာတဲ့ ဗကသများ အဖွဲ့ချုပ်ကို အာဏာပိုင်တွေဘက်က မကြေလည်တဲ့ အဖြေက ရှင်းပါတယ်။ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) နဲ့ ပူးပေါင်းသွားကြတဲ့ နိုင်ငံရေးသမား၊ အတိုက်အခံ၊ ပြည်တော်ပြန် အင်အားစုတွေထဲမှာ ဗကသများ အဖွဲ့ချုပ် မပါခဲ့ပါဘူး။ MPC နဲ့ ပူးပေါင်းသွားခဲ့ သူတွေက အခွင့်အရေးတွေကို သွယ်ဝိုက်၊ တိုက်ရိုက်အားဖြင့် ရယူသွားတာတွေ ရှိပေမဲ့ ဗကသများ အဖွဲ့ချုပ်က မယူခဲ့ပါဘူး။အခုချိန်မှာ MPC နဲ့ ကင်းလွတ်တဲ့ နိုင်ငံရေးသမား၊ ဂျာနယ်လစ်တွေ ရှားလာပါပြီ။ ဒီလို ရှားပါးလာတဲ့ အထဲမှာ သူတို့နဲ့ မပူးပေါင်းသူတွေဟာ တနည်းမဟုတ် တနည်းနဲ့ နှိပ်စက်ခံလာရတာတွေ ရှိလာပါတယ်။ဒါပေမဲ့ MPC ဟာ ကိုကျော်ကိုကိုတို့၊ မဖြိုးဖြိုးအောင်တို့ကို မစည်းရုံးနိုင်ခဲ့ပါဘူး။ MPC က စည်းရုံးလို့ မရတဲ့ အင်အားစု တစ်ခု အနေနဲ့ သူတို့ ရပ်တည်ပါတယ်။ ဒီအတွက် သူတို့ကို အခဲမကြေ ဖြစ်သူတွေ ရှိခဲ့တယ်။ ရပ်တည်ချက် ခိုင်မာပြီး သံမဏိစိတ်ဓာတ် ရှိတဲ့ သမဂ္ဂမျိုးဆက် နောက်တစ်ခုကို ချေမှုန်းဖို့ ကြံစည်ခဲ့ပါတယ်။ဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါ တွေ့နိုင်ပါတယ်။
သေချာတာကတော့ အနှိပ်စက်ခံ၊ အဖမ်းခံ၊ အဖိနှိပ် ခံနေရတဲ့ ကျောင်းသားတွေ နောက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါပေမဲ့ မဖြိုးဖြိုးအောင်နဲ့ အဖွဲ့ စိတ်လျော့စရာ မရှိပါဘူး။ ၁၉၂၀ ကျောင်းသား သပိတ်ကို စခဲ့တဲ့ ကျောင်းသားတွေဟာ လူ ၂၀ လောက်ပဲ ရှိသလို မြန်မာ့လွတ်လပ်ရေးကို ဦးဆောင် တိုက်ပွဲ ဝင်ခဲ့သူ၊ မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်ကလည်း သုံးကျိပ်ပဲ ရှိပါတယ် . . . . .

ပင်မကျောင်းသား သပိတ်စစ်ကြောင်း တောင်သာကို ရောက်ချိန်မှာ စကားပြောဖို့ အစိုးရအဖွဲ့က စတင် ကမ်းလှမ်းပါတယ်။ ဒီ ကမ်းလှမ်းမှုကို MPC နဲ့ နှီးနွှယ်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားဟောင်းတွေ ကြားဝင်ပါတယ်။ ဒီမတိုင်ခင် အချိန်ကလည်း ကိုကျော်ကိုကိုနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကြားမှာ ကွဲပြားခြားနားမှုတွေ ရှိခဲ့ဖူးပါတယ်။နေပြည်တော်မှာ ပထမဆုံးလုပ်တဲ့ ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကသူတွေ တက်ခဲ့တယ်။ MPC ဦးဆောင်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ကျောင်းသားတွေ ဆွေးနွေးကြပါတယ်။ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ မပါတော့ပါဘူး။ ဒါပေမဲ့ ဦးအောင်မင်း တက်တယ်။ ဦးအောင်မင်းကို MPC အဖွဲ့ဝင်တွေက ပေါ်ပေါ်ထင်ထင် အထောက်အကူ ပေးခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဦးအောင်မင်းဘက်က အရှက်ရစရာတွေ ဖြစ်ခဲ့ပါတယ်။ဒီအချက်တွေကြောင့် ဗကသ အဖွဲ့ချုပ်အပေါ် အခဲမကြေတာတွေ ဖြစ်လာပြီး အခုလို ဖြစ်လာတဲ့ ကိစ္စတွေမှာ ဦးအောင်မင်း ပါဝင်ပတ်သက်တယ် ဆိုတဲ့ သတင်းတွေ ဖြစ်လာခဲ့တာပါ။သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ကျောင်းသားတွေနဲ့ ပတ်သက်ရင် သူ့နားက လူတွေဆီကနေ သတင်းအမှားတွေ ရနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။လက်တွေ့ အခြေအနေမှာ ကျောင်းသားတွေက သဘောထား တင်းမာတာ မဟုတ်ပါဘူး။ အစွန်း ရောက်တာလည်း မဟုတ်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့ မူဝါဒ အပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။စည်းရုံးခံရမှုတိုင်းကို မူဝါဒနဲ့ တုံ့ပြန်ခဲ့ကြတာပါ။ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံထားရပေမဲ့ လက်ရှိ အချိန်မှာလည်း ဗကသများ အဖွဲ့ချုပ်ဟာ MPC က မစည်းရုံးနိုင်သေးတဲ့ အင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။    
 
(၁၁)
ဗကသများ အဖွဲ့ချုပ်မှာ အခု ပါဝင်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုပဲ ကြည့်လိုက်ပါ။ ၂၀၁၁ ခုနှစ်မှာ သူတို့ ပြန်လွတ်တယ်။ ဒီငါးနှစ်မှာ သူတို့ ဘာဖြစ်နေလဲ။ ဘယ်လို ပိုင်ဆိုင်မှု၊ ကြွယ်၀ ချမ်းသာမှုတွေ ရှိသွားသလဲ။ ဘာမှ မရှိပါဘူး။ ထောင်မကျခင်က ပုံစံနဲ့ ပြန်လွတ်လာပြီး နောက်ပိုင်း ပုံစံအတူတူပါပဲ။  သူတို့နဲ့ အတူတူ ၂၀၁၁ ခုနှစ်မှာ  ပြန်လွတ်လာပြီး MPC နဲ့ နှီးနွယ်ခဲ့သူတွေ တစ်ချို့ရော အခုချိန်မှာ ဘာဖြစ်နေပြီလဲ။ အားလုံးကို မဆိုလိုပါဘူး။ တစ်ချို့ကို ပြောတာပါ။ သူတို့ ဘာဖြစ်နေပြီလဲ။ သူတို့ သဘောထားတွေ ဘာဖြစ်နေပြီလဲ။ထောင်က ပြန်လွတ်လာတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို အခွင့်အရေး ပေးခဲ့သူတွေ ရှိမှာပါ။ နေရာပေးခဲ့သူတွေ ရှိကြမှာပါ။ သူတို့ မယူခဲ့ပါဘူး။အခုလည်း အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့ သူတို့ ရိုးရိုးသားသား တောင်းဆိုခဲ့ကြပါတယ်။ သူတို့ အကျိုးအတွက် မဟုတ်ပါဘူး။သူတို့ နောက်မှာ ဘယ်သူမှလည်း မရှိပါဘူး။ ရှိတယ် ထင်နေရင် အဲဒီ ထင်တဲ့သူတွေ မှားသွားပါလိမ့်မယ်။ ဦးခင်ညွန့် လုပ်ခဲ့သလို ဇာတ်လမ်းဆင်ပြီး အပြစ်ပုံချမယ် ဆိုရင်လည်း ဗကသ ကျောင်းသားတွေကို ထောင်ထဲ ပို့လိုက်လို့ ရပါလိမ့်မယ်။ အမှန်တရားကို ဖုံးဖိနိုင်မှာ မဟုတ်ပါဘူး။အခု ကျောင်းသားတွေက ပညာရေးအတွက်ပဲ တောင်းဆိုခဲ့ကြတယ်။ အာဏာပိုင်တွေဘက်က နိုင်ငံရေး အောက်လုံးသုံးပြီး ပုံဖျက်ခဲ့တာတွေ ရှိခဲ့တယ်။ ပြီးတဲ့အခါ နိုင်ငံရေး ပုဒ်မတွေ တပ်ပြီး ထောင်ထဲပို့ဖို့ ခြေလှမ်းပြင်ပါတယ်။ 
 
(၁၂)
အခု အဖမ်းခံသူတွေထဲ၊ အရေးဆိုခဲ့ကြသူတွေထဲမှာ ကျောင်းသား မဟုတ်သူတွေ၊ အသက်ကြီးနေသူတွေ ပါတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့တွေဟာ ကျောင်းသားတွေနဲ့ အတူ ရပ်တည်နေသူတွေပါ။ ကျောင်းသား မဟုတ်တော့ပေမဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုအပေါ် သစ္စာရှိမှုနဲ့ ပါဝင် လုပ်ကိုင်ခဲ့ပါ။အခုချိန်မှာ အရေးကြီးဆုံးက ပင်မသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခဲ့သူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးလိုက်ပါ။ ဒါကသာလျှင် အထိရောက်ဆုံး ဖြေဆေးကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ လွှတ်တော် လမ်းကြောင်းကနေ ကျောင်းသားတွေအတွက် ပိုပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ သာမန် ကြေညာချက် ပုံစံမျိုးထက် လွှတ်တော်တွင်းကနေ ကျောင်းသားတွေအတွက် အရှိန်မြင့် တောင်းဆိုပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု NLD မှာ ပါဝင်နေတဲ့ သူတွေ အပါအဝင် နိုင်ငံရေးနယ်ပယ် ရောက်ရှိနေသူတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေက တစ်ဆင့် ပေါက်ဖွားလာသူတွေ ဖြစ်ကြလို့ပါပဲ။ကျောင်းသားတွေ မတရားသဖြင့် ရင်ဆိုင်နေရတာအတွက် နိုင်ငံရေးအရ နှုတ်ဆိတ်နေသင့်တဲ့ အချိန် မဟုတ်ပါဘူး။သေချာတာကတော့ အနှိပ်စက်ခံ၊ အဖမ်းခံ၊ အဖိနှိပ် ခံနေရတဲ့ ကျောင်းသားတွေ နောက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါပေမဲ့ မဖြိုးဖြိုးအောင်နဲ့ အဖွဲ့ စိတ်လျော့စရာ မရှိပါဘူး။ ၁၉၂၀ ကျောင်းသား သပိတ်ကို စခဲ့တဲ့ ကျောင်းသားတွေဟာ လူ ၂၀ လောက်ပဲ ရှိသလို မြန်မာ့လွတ်လပ်ရေးကို ဦးဆောင် တိုက်ပွဲ ဝင်ခဲ့သူ၊ မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်ကလည်း သုံးကျိပ်ပဲ ရှိပါတယ်။ ပြည်သူလူထုက အားပေးနေပါပြီ။ ကမ္ဘာကြီးက စောင့်ကြည့်နေပါပြီ။

ဆုတောင်းဆန္ဒပြပွဲများ၊ လူငယ်ဖိုရမ်၊ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်တို့နှင့်အတူ မဖြိုးဖြိုးအောင်အား တွေ့ရစဉ် (Photo: Phyo Phyo Aung Facebook)

Most Read

Most Recent