ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်အခမ်းအနား လွှတ်တော်၌ကျင်းပရာ ဗိုလ်ချုပ်နှင့်ပတ်သက်သည့်စာတမ်းများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် နိုင်ငံရေးပါတီများဖတ်ကြား

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်အခမ်းအနား လွှတ်တော်၌ကျင်းပရာ ဗိုလ်ချုပ်နှင့်ပတ်သက်သည့်စာတမ်းများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် နိုင်ငံရေးပါတီများဖတ်ကြား
Published 12 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော်၌ကျင်းပခဲ့ပြီး ဗိုလ်ချုပ်နှင့်ပတ်သက်သည့်စာတမ်းများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးပါတီများကဖတ်ကြားသည်။ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ပြုလုပ်ခဲ့သည်။"ယနေ့ ယခုပြန်လည်သုံးသပ်လိုက်သောအခါ ဗိုလ်ချုပ်၏လုပ်ငန်းသည် ပြီးပြည့်စုံစွာမအောင်မြင်သေးဟု ဝန်ခံရပေမည်။ ထို့ကြောင့် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် သတိရဂုဏ်ပြုသည့်အချိန်ကာလအတွင်း ဗိုလ်ချုပ်၏ဒီမိုကရေစီပြည်ထောင်စုအိပ်မက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွန်တော်တို့အားလုံးသည် ကျရာအခန်းကဏ္ဍမှ ကိုယ်စီကိုယ်ငှ ပါဝင်ထမ်းဆောင်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။မြန်မာနိုင်ငံသည် ဗိုလ်ချုပ်အရယူပေးခဲ့သော လွတ်လပ်ရေးဟူသည့် မှတ်တိုင်တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီးဖြစ်သော်လည်း ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းတက်နိုင်ရန်အတွက် ဗိုလ်ချုပ်ချန်ထားသည့်အမွေဖြစ်သော အောင်ဆန်းစိတ်ဓာတ်၊ အောင်ဆန်းလမ်းစဉ်တို့ကိုဆက်ခံလျက် ပြည်ထောင်စုသားအားလုံးနှင့် အတူတကွလက်တွဲ၍ ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းပါသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်းတွင်ဖော်ပြထားသည်။

နေပြည်တော်လွှတ်တော်၌ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အခမ်းအနားကျင်းပနေသည်ကို တွေ့ရစဉ်တိုင်းပြည်ထူထောင်ရာတွင် ညီညီညွတ်ညွတ်နှင့် မျှမျှတတသွားရန်လိုအပ်ကြောင်း ဖြတ်သန်းလာခဲ့သည့်သမိုင်းကြောင်းအရ All Inclusive အားလုံးပါဝင်လာရန် ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲများကို ထိုက်သင့်သလောက်ထားပြီး အားလုံးသာတူညီမျှ ပါဝင်ဆောင်ရွက်ခွင့်ရရှိလာအောင် လွှတ်တော်တွင်လည်းကောင်း၊ အုပ်ချုပ်ရေးတွင်လည်းကောင်း အားလုံးပါဝင်ခွင့်ရရှိပြီး အကြံပြုနိုင်စေရန် ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန် ဗိုလ်ချုပ်၏မူဝါဒလမ်းစဉ်နှင့်အညီ ယနေ့နိုင်ငံရေးအခင်းအကျင်းအရ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏စာတမ်းတွင်ဖော်ပြထားသည်။နိုင်ငံတော်ကာကွယ်ရေးတာဝန်များ၊ တပ်တည်ဆောက်ရေးလုပ်ငန်းများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်ရွယ်မျှော်မှန်းချက်များအတိုင်း ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သကဲ့သို့  နောင်အနာဂတ်တွင်လည်း မျိုးဆက်သစ်များမှ လက်ဆင့်ကမ်းအမွေအဖြစ် ရယူသွားရမည်ဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏စာတမ်းတွင် ဖော်ပြထားသည်။"ကျွန်တော်တို့တာဝန်ယူထားကြရတဲ့ ဒီမိုကရေစီအရေးတော်ကြီးဟာ အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အစပြုကြရတာမဟုတ်ပါဘူး။ ပြည်တွင်းပြည်ပစိန်ခေါ်ချက်တွေပြည့်လျှံနေတဲ့ အကျပ်အတည်းဝန်းကျင်မှာ တာဝန်ယူကြရတာဖြစ်ပါတယ်။ ဒီလိုအခင်းအကျင်းမျိုးမှာ ဗိုလ်ချုပ်လို စမတ်ပါဝါကို ကျကျနနကိုင်တွယ်ကျင့်သုံးနိုင်ပါမှ ဗိုလ်ချုပ်လို ခေတ်ရဲ့တာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

Most Read

Most Recent