တို့ဗိုလ်ချုပ်

တို့ဗိုလ်ချုပ်
Published 4 February 2015
ရဲထွတ်နီ

(၁)
“တို့” ဆိုသည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား လူထုတစ်ရပ်လုံးကို ကိုယ်စားပြု ညွှန်းဆိုလိုက်ခြင်း ဖြစ်ပါသည်။
ဗိုလ်ချုပ်ဆိုသည်က မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။
“တို့ဗိုလ်ချုပ် . . . ဗိုလ်ချုပ်အောင်ဆန်း သည် . . . တို့တိုင်းပြည် . . . တို့လူမျိုး၏ မီးရှူးတန်ဆောင်ဖြစ်သည် . . . ” ဟု မာန်ပါပါဆိုထားသည့် တေးသီချင်းရှိသည် မဟုတ်ပါလော။ “အာဇာနည်ဟေ့ . . အာဇာနည်.. မွန်မြတ်ပါလှသည်” ဟူသော အပိုဒ်ကိုလည်း ကြားယောင်ကြကာ သဘောညီနှစ်ခြိုက်ကြမည်ဟု ယုံကြည်ပါသည်။
(၂)
မွေးနေ့ပွဲတို့တွင် ဗိုလ်ချုပ်၏မွေးနေ့ပွဲက ထူးကဲထူးခြားသည်။
အများအစား မဟုတ်လှသည့် ဗိုလ်ချုပ်၏ စာပေလက်ရာတွင် ကိုယ်ရေးအတ္ထုပ္ပတ္ထိ ရုပ်ပုံလွှာအချို့ရှိသည်။ သူသည် စနေသား၊ ရာဇဖွားဖြစ်သည်။ ထိုသို့ ရာဇဖွား စနေသားတို့၏ အဟော၊ ၁၃ ဂဏန်း၏ အဟောတို့ကို ထည့်ရေးသားခဲ့သည်။ ရက်ချုပ်ဇာတာတွင် အသက် ၁၂ဝ ရှည်စေသောဝ်ဟု ဆိုသော်လည်း သူ အသက်ရှည်မည်ဟု မယုံကြည်ကြောင်းလည်း ဆိုခဲ့ဖူးသည်။ ထို့ကြောင့်ပင်လျှင် တိုင်းပြည်လွတ်လပ်ရေး ပြန်ရဖို့ အသက်နှင့်မမျှ မနားတမ်းဆောင်ရွက်ခဲ့ပေသည်။
“ဗမာနိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်၍ ကျွနု်ပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရခဲ့မိပေ။ အိပ်မက်များ အတွင်းမှာပင် ကျွနု်ပ်သည် ကျွနု်ပ်၏ မလွတ်လပ်သောနိုင်ငံအတွက် ယောင်ယမ်းငိုခဲ့၏။”
မလိမ်မညာတတ်သော ဗိုလ်ချုပ်၏ ဤစကား ဖတ်ကြားရသူ နှောင်းလူတို့မှာ ထိခိုက်ခံစားကြရပေမည်။
ဘီအေဘွဲ့ရပြီး ဥပဒေသင်တန်း ဆက်တက်နေရာက ဗိုလ်ချုပ်သည် ကျောင်းထွက်ကာ “တို့ဗမာအစည်းအရုံး” သို့ ဝင်ခဲ့သည်။ ဤအကြောင်းမှစရေးသော “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ” ဆောင်းပါးတွင် ကမ္ဘာစစ်အခြေအနေကို သုံးသပ်ပြီးနောက် “ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေးဝဲဂယက်အတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံလွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပန်းတော့အံ့” ဟု ရုတ်ခြည်း အဓိဋ္ဌာန်ပြုလိုက်သည်။ တစ်ခါ စစ်ပညာသင်ယူဖို့ နိုင်ငံခြားသို့ စွန့်ထွက်ခဲ့သည့်အခါ ထိုခရီးကို အမှောင်တိုက်တွင်း သက်ဆင်းသည်နှင့်ပင် တူလှသေးကြောင်း သုံးသပ်ပြီး “အဘယ်သို့ပင်ဖြစ်စေ၊ ငါသည် အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာဖြစ်သည်” ဟု ရေးသားကာ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။
ထိုမျှလောက်ပင် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ကိုမငဲ့ကွက်၊ ကိုယ်ကျိုး စွန့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏နှစ်ပတ်လည်မွေးနေ့ မွေးရက်တို့ကို သတိပင်ရပါမည်လားဟု တွေးစရာ ဖြစ်ရပါသည်။
(၃)
အစ်ကိုများလို ရှင်ပြုချင်၍ ပူဆာသည်ကို အမေ၏စကားက “ပညာတတ်မှ” ဟု ဆိုသည်ကို အကြောင်းပြုပြီး ရှစ်နှစ်သား၌ ဗိုလ်ချုပ်ကျောင်းစနေခဲ့သည်မှာ နတ်မောက်မြို့၊ ဒီပင်္ကရာကျောင်း၊ ဘကြီးဘုန်းကြီး ဦးသောဘိတ၏ မြန်မာစာသင်ကျောင်းမှာ ဖြစ်သည်။ ဗိုလ်ချုပ်၏ ၁ဝ နှစ်သားမွေးနေ့သည် ထိုဘုန်းကြီးကျောင်းသား ဘဝ၌ ကြုံခဲ့ပေမည်။
ရေနံချောင်းမြို့ အမျိုးသားကျောင်းသို့ ၁၃ နှစ်တွင် ပြောင်းရွှေ့နေခဲ့သဖြင့် ဗိုလ်ချုပ်၏ လူပျိုပေါက် ၁၅ နှစ်သားမွေးနေ့သည် နေထိုင်ရာဖြစ်သည့် အထက်တန်းပြဆရာ ဖြစ်နေသော အစ်ကိုကြီး ဦးဘဝင်းနေအိမ် အမျိုးသားကျောင်းသားဘဝတွင် ဖြတ်သန်းခဲ့ပေမည်။
ဗိုလ်ချုပ်သည် ၁၉၃၂ တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ ၁၉၃၇ တွင် ဘီအေ (ဝိဇ္ဇာ) ဘွဲ့ကို ရခဲ့သည်။ သူ၏ အသက် ၂ဝ (ဒီပဲယင်းဆရာတော်ကြီး၏ ပိုင်းခြားပြဆိုမှုအရ ဆိုပါလျှင် အပျော်အမြူးများသော ခိဋာဒသကအရွယ်) မွေးနေ့သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် ဖြစ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှာ ထိုကာလ၌ တကသအမှုဆောင်၊ ပြန်ကြားရေးတာဝန်ခံ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ တကသဒုဥက္ကဋ္ဌ၊ ပဲခူးဆောင်သဟာယနှင့် စာဖတ်အသင်းဥက္ကဋ္ဌ၊ ၁၉၃၇-၃၈ တကသ အရန်အမှုဆောင်၊ ဗကသဥက္ကဋ္ဌ၊ ၁၉၃၈ တကသ ဥက္ကဋ္ဌတာဝန်များကိုလည်း တစ်ဖက်တွင် ထမ်းဆောင်နေခဲ့သည်။ တစ်ဆက်တည်းမှာပင် ဗိုလ်ချုပ်သည် အသက် ၂၃ နှစ်တွင် တို့ဗမာအစည်းအရုံးဝင် သခင်ဖြစ်ခဲ့ပြီ။ အထွေထွေအတွင်းရေးမှူး တာဝန်ပေးအပ်ခံရသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်သည် အသက် ၂၅ နှစ်ကို သုံးလကျော်ခန့်စွန်းချိန်တွင် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသည်။ ဒီနောက် မကြာမြင့်မီပင် နိုင်ငံခြားသို့ စစ်ပညာသင် ခရီးထွက်ခဲ့ပါသည်။
(၄)
ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဦးဆောင်ဖွဲ့စည်းတော့ ဗိုလ်ချုပ်သည် အသက် ၂၇ နှစ်ပင် မပြည့်သေးပေ။ ထိုဘီအိုင်အေ စစ်ကြောင်းဖြင့် သူ့တိုင်းပြည်သို့ ပြန်ဝင်လာခဲ့သည်။ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြောင်းလဲပြီးနောက် စစ်သေနာပတိချုပ်တာဝန်ကို ထမ်းဆောင်သည်။ ဗိုလ်မှူးကြီးရာထူးဖြင့်ဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်ရာထူး၊ ဘီဒီအေ စစ်သေနာပတိ။ လွတ်လပ်သော မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး၊ စစ်သေနာပတိတာဝန်များကို ထမ်းဆောင်သည်။ အသက် ၃ဝ ပြည့်ပြီးချိန်တွင် ဗိုလ်ချုပ်သည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ချုပ်၊ စစ်ရေးခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပါပြီ။ ထို့ကြောင့် ဗိုလ်ချုပ်၏ နှစ် ၃ဝ ပြည့်မွေးနေ့ဆိုလျှင် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန် အပူတပြင်းစိုင်းပြင်းနေချိန် ဖြစ်ပေသည်။
ထူးခြားခဲ့သည်မှာ သူ၏အသက် ၃၂ နှစ်ပြည့်ရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်ကာလ ပိုင်းတို့တွင် “အောင်ဆန်း-အက်တလီ” (၂၇-၁-၁၉၄၇) နှင့် သမိုင်းဝင် “ပင်လုံစာချုပ်” (၁၂-၂-၁၉၄၇) တို့ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ်တို့က သူစိတ်သက်သာမှု ဘယ်အခါကမှ မရခဲ့မိဟုဆိုခဲ့သော သူ့နိုင်ငံ၏ ကြမ္မာအတွက် လွတ်လပ်ရေးပန်းပွင့်ကို ဆောင်ကြဉ်းပွင့်လန်းစေခဲ့သည် မဟုတ်ပါလော။
တစ်ဖက်တွင် ဗိုလ်ချုပ်၏အသက်နှင့် တစ်ဖက်တွင် တိုင်းပြည်ပြန်လည်လွတ်လပ်ရေး ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးမှုတို့ကို ချိန်စက်မည်ဆိုပါလျှင် တစ်ဖက်ကမူ မျက်စိထဲသဲနှင့် အပက်ခံရသည့်နှယ် တိုတောင်းလှသလောက် တစ်ဖက်၏ ထုထည်ပမာဏမှာမူ ကြီးမားလွန်းလှပါသည်။ တိုင်းပြည်လူထုအတွက် သူ၏ကျေးဇူးကား နှိုင်းဆမရလောက်အောင် နက်ရှိုင်းများပြားလှသည်ဟုပင် ဆိုချင်ပါသည်။
ထိုပုဂ္ဂိုလ်သည်သူ၏ မွေးနေ့ပွဲကို အသက်ရှည်ကာ အနာမဲ့ပါရစေကြောင်း ဆုတောင်းဆုယူမှုဖြင့် ပြုလုပ်နေမည့် လူစားမျိုးလည်းမဟုတ်။ ပကာသနစွက်ဖက် ခင်းကျင်းပြီး မင်္ဂလာယူဖို့ကား ဝေးပေတော့မည်။ သို့ဖြစ်သောကြောင့်ပင် ဗိုလ်ချုပ်ကျဆုံးရသည့်အခါ စာပေရေး၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဪ. . . တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော” ဟု ဆိုခဲ့ပါသည်။ “အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီအဓိ|ာန်တစ်မျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့” ဟုလည်း ခံစားဖွဲ့ဆို ခဲ့ရှာပါသည်။
(၅)
ယနေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်များကို ကျင်းပဆင်နွှဲလျက် ရှိကြသည်။ အလွန်ဖြစ်သင့်ပါသည်။ ဗိုလ်ချုပ်၏ အသက်သုံးပြန်ကျော်ကို ဖြတ်သန်းခဲ့ပြီးမှ ရောက်လာရသောပွဲမို့ ထူးကဲရပါသည်။ ကြားကာလများအတွင်း ဗိုလ်ချုပ်၏ကျေးဇူး၊ ဗိုလ်ချုပ်၏ လမ်းစဉ်နှင့် ဗိုလ်ချုပ်သမိုင်းတို့ကို ဝေဝါးမှိန် ဖျောက်ခဲ့သည်များ ရှိခဲ့သေးသည်။ ထို့ကြောင့် ဗိုလ်ချုပ်မွေးနေ့ပွဲသည် ထူးခြားသည်ဟု ဆိုရပါသည်။
“ကျွနု်ပ်၏လိပ်ပြာကား အမြဲသန့်ရှင်း စင်ကြယ်လျက် . . .”
ဗိုလ်ချုပ်အောင်ဆန်းကား သူ့အား စွပ်စွဲပြောကြားခဲ့စဉ်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အတိုင်း လိပ်ပြာသန့်ရှင်းစင်ကြယ်စွာ နေသွားခဲ့သူ။ ပြလိုပြစား၊ လှည့်စားလှည့်ဖြား တတ်သူလည်းမဟုတ်။ မရမက သိမ်းပိုက်သူလည်းမဟုတ်။ စွန့်ခဲ့သူပင်။
ဗိုလ်ချုပ်သည် ဘုန်းကြီးကျောင်းသား ဘဝမှာလည်း လွတ်လပ်ချင်ခဲ့သည်။ ရှေးဆန်ကာ တင်းကျပ်စွာ နေခိုင်းသည်များကို သူမကြိုက်ခဲ့။ အမျိုးသားကျောင်းသား ဘဝမှာလည်း လွတ်လပ်ချင်ခဲ့သည်။ ကျောင်းကချို့တဲ့သဖြင့် အားကစားကောင်းကောင်း မလုပ်ခဲ့ရသည်ကို သူသုံးသပ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသား ဘဝတွင် သူ၏ လွတ်လပ်ချင်စိတ်ကား အထွတ်အထိပ်ပါဟု ဆိုကြရလိမ့်မည်။
ဗိုလ်ချုပ်၏ ရာပြည့်မွေးနေ့ပွဲသည် အလွန်ပြောဆိုလျက် ရှိနေကြသည့် ၂ဝ၁၅ တွင်မှ ကြုံကြုံကြိုက်ကြိုက် တိုက်ဆိုင်လျက်ရှိရသည်။ မြန်မာပြည်သူလူထု ကြုံနေရသော ၂ဝ၁၅ ဆိုသည်ကလည်း ပြောစရာများမှများဟု ဆိုရမလိုပင် ဖြစ်သည်။
မြင့်မြတ်သည့် အာဇာနည်ပုဂ္ဂိုလ်တို့၏ ကွန်းခိုရာ ထက်ရပ်ဝန်းမှနေ၍ တို့ဗိုလ်ချုပ်သည် သူ့တိုင်းပြည်၌ ဖြစ်ပျက်နေပုံ အလုံးစုံကိုကြည့်ကာ မည်ကဲ့သို့ဆိုမည်မှန်း တို့လူထုကလည်း တွေးနေစရာမလိုအောင် သိနေကြမည် ဖြစ်ပါ၏။
 
စာကိုး
၁။       ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ (မြဟန်)
၂။       မြန်မာ လူကျော် ၁၀၀ (ဒု-အုပ်)(မောင်ဇေယျာ)
၃။       အောင်ဆန်းဇာနည် (သိန်းအေး)
၄။       သခင်ကိုယ်တော်မှိုင်းနိဒါန်း (...ဟောပြောချက်များ)

Most Read

Most Recent