နှစ်စဉ်လိုလို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အသက်ဇီဝိန်ချုပ်တဲ့ရောဂါက သွေးလွန်တုပ်ကွေးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါလျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း သေဆုံးသူ ၇၀၀ ကျော်ရှိကာ ဒေသအချို့မှာ အရေးပေါ်အခြေအနေကြေညာထားရကြောင်း တာဝန်ရှိသူကမတ် ၂၄ ရက်က ဆိုပါတယ်။
အေးဒီး (Aedes Egypti) ခြင်ကျားက ကူးစက်တဲ့ သွေးလွန်တုပ်ကွေး (Dengue virus) ဟာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့အဆစ်များနာကျင်ခြင်းအပါအဝင် ပြင်းထန်တဲ့အခြေအနေတွေကြောင့် အသက်သေဆုံးစေပါတယ်။ ဘရာဇီးမှာ ဇန်နဝါရီလက စတင်ကာ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ နှစ်သန်းကျော်ရှိနေပြီး သေဆုံးသူ ၇၁၅ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်တို့က ပြောကြားထားပါတယ်။
လက်ရှိအချိန်အထိ ကူးစက်ခံရမှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စံချိန်တင်အမြင့်ဆုံးဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဆော်ပေါ်လိုနဲ့ ရီယိုဒီဂျနေရိုးပြည်နယ်များနဲ့ ဘရာဇီးလီးယားလို လူနေထူထပ်တဲ့အရပ်တွေမှာ ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါတယ်။
ရာသီဥတုပြောင်းလဲမှု၊ အယ်နီညိုဖြစ်စဉ်တွေကြောင့် အပူချိန်မြင့်မားခြင်း၊ စိုစွတ်တဲ့ (မိုးရာသီ) အခြေအနေများ ဆက်လက်ဖြစ်ပွားနေခြင်းက သွေးလွန်တုပ်ကွေးရောဂါ လျင်မြန်စွာကူးစက်မှုရဲ့နောက်ခံအကြောင်းရင်းတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူတွေက သတိပေးပြောဆိုကြတယ်။
သွေးလွန်တုပ်ကွေးဟာ ဒန်ဂွီး (Dengue) ဗိုင်းရပ်ကြောင့်ဖြစ်ပွားတဲ့ ကူးစက်တတ်တဲ့ အပူပိုင်းဒေသရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ဒေသမှာ ရောဂါသယ်ဆောင်တဲ့ခြင်ကျားကိုက်ရာမှ ရောဂါကူးစက်စေပါတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ထူးခြားတာက အရေပြားမှာ အနီစက်ထွက်ခြင်း၊ ကြွက်သားနဲ့အဆစ်များနာကျင်ခြင်းတို့ဖြစ်ပါတယ်။ အနည်းအကျဉ်းမှာ အသက်အန္တရာယ်ပေးတဲ့အထိ ရှုပ်ထွေးမှုများဖြစ်စေပါတယ်။
သွေးလွန်တုပ်ကွေး (DHF) ဟာ ခြင်ကျားအေးဒီးအိဂျစ်တိုင်းမှတစ်ဆင့် ကူးစက်တတ်လေ့ရှိပြီး အေးဒီးအော်တိုပစ်တပ်ခြင်မှလည်း ရှားရှားပါးပါးကူးစက်တတ်ပါတယ်။ ရောဂါပိုးအမျိုးအစား လေးမျိုးရှိပါတယ်။ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပါက တစ်သက်တာခံနိုင်ရည်ရှိသွားပါတယ်။ အခြားပိုးမွှားများအတွက်ခေတ္တသာခံနိုင်ရည်ရှိပါတယ်။ လောလောဆယ်မှာ သွေးလွန်တုပ်ကွေး ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မပေါ်သေးပါဘူး။ လက်ရှိအချိန်ထုတ်လုပ်နိုင်တဲ့ကာကွယ်ဆေးမှာ အသက် (၉-၄၅) နှစ်အထိသာ အသုံးပြုနိုင်ခြင်း၊ ကာကွယ်နိုင်အားမှာ အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းအထိသာ ရရှိနိုင်ခြင်းနဲ ့နိုင်ငံအချို့မှာသာ အသုံးပြုခွင့်ပြုခြင်းတို့ကြောင့် ထိရောက်မှုနည်းပါးနေပါတယ်။ ခြင်ကျားပေါက်ပွားရာ နေရာနဲ ့ခြင်ကောင်အရေအတွက်ကိုနည်းအောင်ပြုလုပ်ခြင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင်နေခြင်းကသာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။
မပြင်းထန်တဲ့ရောဂါ (သို့မဟုတ်) သာမန်အဆင့်ရောဂါတွေအတွက် သောက်ဆေးပေးခြင်း (သို့မဟုတ်) သွေးပြန်ကြောအတွင်းမှတစ်ဆင့်ရေဓာတ်ပြန်လည်ဖြည့်သွင်းခြင်း၊ ပိုမိုပြင်းထန်တဲ့ရောဂါအတွက် အကြောဆေးထိုးခြင်း၊ ဒရစ် (drip) ချိတ်ခြင်း၊ သွေးသွင်းခြင်း၊ ပလက်စမာ (plasma) သွင်းခြင်း၊ ဒုတိယရောဂါများ ဝင်မလာအောင်ပဋိဇီဝဆေး (Antibiotics) ပေးခြင်းတို့က ရောဂါကုသမှုကိုအထောက်အကူဖြစ်စေပါတယ်။
သွေးလွန်တုပ်ကွေးဟာ နှှစ်နှစ်ခြားတစ်ကြိမ်အဖြစ်များတတ်ပြီး ပြီးခဲ့တဲ့နှစ် ၅၀ အတွင်း တုန်လှုပ်ချောက်ချားဖွယ်ပြန့်ပွားလာရာ နှစ်စဉ်လူသန်း (၅၀-၁၀၀) ဟာသွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရပါတယ်။ နိုင်ငံပေါင်း ၁၀၀ မှာ သွေးလွန်တုပ်ကွေး ကူးစက်ခံနေရပါတယ်။ ၁၇၇၉ ခုနှစ်မှစလို့ ရောဂါအခြေအနေအရ ရှင်းလင်းဖော်ပြချက်များအပြင် အဆိုပါရောဂါပိုးဆိုင်ရာ အကြောင်းရင်းများနဲ့ ပျံ့နှံ့ကူးစက်ခြင်းတို့ကို ၂၀ ရာစု အစောပိုင်းမှာ ရှင်းလင်းဖော်ပြနိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပွဲမှစတင်ကာ သွေးလွန်တုပ်ကွေးဟာ ကမ္ဘာ့ပြဿနာဖြစ်လာပါတယ်။
ရောဂါလက္ခဏာများဟာ သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာမပြဘဲ (သို့မဟုတ်) ရိုးရိုးဖျားခြင်းလို သာမာန်ရောဂါလက္ခဏာသာရှိတယ်။ အခြားသူတွေမှာ ပိုမိုပြင်းထန်တဲ့ဖျားနာမှုမျိုးရှိပြီး အသက်ငယ်ရွယ်သူ (၁-၁၂) နှစ်အောက်နဲ့ အသက်ကြီးသူ ၆၅ နှစ်နဲ့အထက်မှာ ခုခံမှုအားနည်းတာကြောင့် အသက်အန္တရာယ်စိုးရိမ်စရာရှိပါတယ်။ ရောဂါပိုးပါတဲ့ခြင်ကျားကိုက်ပြီး (၃-၁၄) ရက်အတွင်း ရောဂါကူးစက်ပါတယ်။ ရောဂါဖြစ်ပွားလေ့ရှိတဲ့ဒေသခရီးသွားသူတွေဟာ အိမ်ကိုပြန်ရောက်ပြီး ၁၄ ရက်အတွင်း အဖျားနဲ့အခြားရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းမရှိရင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရခြင်းမရှိလို့ ယူဆရပါတယ်။
ကလေးတွေမှာ သာမာန်အအေးမိခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကိုယ်လက်ကိုက်ခဲနာမကျန်းခြင်း၊ အထွေထွေဝမ်းဗိုက်နာကျင်မှု၊ အဆက်မပြတ်အော့အန်ခြင်း၊ အသည်းကြီးခြင်း၊ သလိပ်မှာသွေးပါခြင်း၊ သွေးနီဥပါဝင်မှုများပြီး သွေးဥမွှားနည်းခြင်းတို့ဖြစ်တတ်ပါတယ်။ နို့စို့ကလေးနဲ့ ကလေးငယ်တွေမှာ ပိုမိုအဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးဟာ နာတာရှည်ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါနဲ့ ပန်းနာရင်ကျပ်အခံရှိရင်အန္တရာယ်ရှိပါတယ်။
သွေးလွန်တုပ်ကွေး (DHF dengue haemorrhagic fever) ရဲ့လက္ခဏာတွေက ကိုယ်ပူကြီးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိ၊ မျက်ရိုးကိုက်ခြင်း၊ အဆစ်အမြစ်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ နုံးချိအားနည်းခြင်း ခုနစ်ရက်ခန့်ခံစားရပါတယ်။ ဒရစ် (drip) ချိတ်ခြင်း၊ စအိုမှ ပါရာစီတမောဆေးတောင့်သွင်းခြင်း၊ဓာတ်ဆားရည်တိုက်ခြင်း၊ ရေပတ်တိုက်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ကော်ဖီတိုက်ရင်အန်တာနဲ့ မှားသွားနိုင်လို့ မတိုက်သင့်ပါဘူး။
သွေးလန့်ခြင်း (DSS dengue shock syndrome) လက္ခဏာတွေက ခန္ဓာကိုယ်တွင်း သွေးယိုစီးတဲ့အတွက် ကော်ဖီရောင်၊ အညိုရောင်အမျှင်အဖတ်တွေပါဝင်တဲ့အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းသွားရင်သွေးပါခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင်းသွေးခြေဥလိုအနီကွက်ထွက်ခြင်း၊ ရုတ်တရက်ဗိုက်အောင့်ခြင်း၊ အရမ်းမှိန်းလာခြင်း၊ (၃-၅) ရက်အတွင်း အဖျားကြီးရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျားလက်ဖျားအေးလာခြင်း၊ သွေးပေါင်အလွန်ကျခြင်း၊ အစာ၊ ရေမဝင်ခြင်း၊ အဆက်မပြတ်အန်ခြင်း၊ အပူချိန်ကျဆင်းသွားပြီး မှိန်းပြီး အိပ်ပျော်နေရင်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လို ့ဆေးရုံဆေးခန်းပြသင့်ပါတယ်။ သွေးရည်ကြည်သွင်းခြင်း၊ သွေးသွင်းခြင်း၊ ဒရစ် (drip) ချိတ်ခြင်းတို ့ပြုလုပ်နိုင်ပါတယ်။ ပဋိဇီဝဆေးပါ ထိုးနှံထားသင့်ပါတယ်။
သွေးလွန်တုပ်ကွေးအတွက်ကာကွယ်ဆေး၊ ကုသဆေးမရှိသေးလို ့သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်သင့်ပါတယ်။ မြန်မာနိုင်ငံ မိုးဦး ဇွန်၊ ဇူလိုင်နဲ့ မိုးနှောင်းစက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ခြင်ကျားပေါက်ပွားမှုများပြီး သွေးလွန်တုပ်ကွေးဖြစ်နှုန်း များတတ်ပါတယ်။ ခြင်ကျားဟာ မိုးရာသီမှာ ရေကြည်ရေသန့်တင်ကျန်နိုင်တဲ့ ဘူး၊ ခွက်၊ ပန်းကန်ပဲ့၊ တာယာဟောင်းတွေမှာ အလွယ်တကူပေါက်ပွားနိုင်ပါတယ်။
ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက်ပွားနိုင်တဲ့နေရာများမရှိစေဖို့ ရေတင်ကျန်နိုင်တဲ့ စွန့်ပစ်ရေစည်ရေအိုးများ၊ ဘုရားစင်ကပန်းအိုးများ၊ အလှပန်းအိုးများမှရေကိုဖုံးခြင်း၊ သွန်ပစ်ခြင်း၊ ရေလဲခြင်း၊ ရေစစ်နဲ့စစ်ခင်း၊ စွန့်ပစ်ပါက စနစ်တကျမြေမြုပ်စွန့်ပစ်ခြင်းတို့ လုပ်ဆောင်သင့်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုဂရုတစိုက်သန့်ရှင်းအောင်ဆောင်ရွက်သင့်ပါတယ်။ ခြင်ကျားဟာ နေ့ဘက်မှာ ပိုကိုက်တတ်လို့ ဂရုစိုက်သင့်ကာ ကလေးငယ်အပါအဝင်လူတိုင်းနေ့၊ ညဘယ်အချိန်အိပ်အိပ်ခြင်လုံသံဆန်ခါတပ်ထားတဲ့အခန်း (သို့မဟုတ်) ခြင်ထောင်နဲ့အိပ်စက်သင့်ပါတယ်။ မူကြိုကလေးတွေနေ့ဘက်အိပ်ရင်ခြင် ထောင်နဲ့အိပ် (သို့မဟုတ်) ခြင်လုံဆန်ခါတပ်ထားတဲ့ အခန်းမှာ အိပ်စက်သင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၁၂ နှစ်အောက်ကလေးတွေမှာ အဖြစ်များပြီး ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးမှုများပါတယ်။ ကလေးဖျားပြီဆိုရင်သွေးလွန်တုပ်ကွေးဖြစ်ပြီလားဆိုတာ ဦးနှောက်ထဲရှိသင့်ပါတယ်။ ကလေးတွေမှာ ငွေ့ငွေ့ဖျားခြင်းမဟုတ်ဘဲ အဖျားကြီးပြီး သုံးရက်ဆက်ဖျားခြင်း၊ သွေးလန့်ခြင်း၊
(၃-၅) ရက်အတွင်းဖြစ်ပွားပါက ဆေးရုံဆေးခန်းပြသင့်ပါတယ်။ အသက် (၁-၁၂) နှစ်အောက်ဆိုပေမဲ့ ယခုအခါ အသက်ကြီးသူတွေပါ ရောဂါဖြစ်ပွါးလာကာအသက်ဆုံးရှုံးလာလို့ လူတိုင်း ဂရုစိုက်သင့်ပါတယ်။ ဘရာဇီးမှာလို ကလေးငယ်များသာမက သက်ကြီးရွယ်အိုများပါဖြစ်ကာ သွေးလွန်တုပ်ကွေးရောဂါကို အရေးပေါ်အခြေအနေကြေညာထားရတဲ့အထိ ပြင်းထန်စွာဖြစ်ပွားနေတာ သတိထားသင့်ပါတယ်။