တီဘီရောဂါသည် တီဘီပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်သော ကူးစက်ရောဂါဖြစ်သည်။ လူမှုစီးပွားရေးနှင့် ဆက်နွယ်သော ရောဂါတစ်မျိုးဖြစ်သည်။ မျိုးရိုးလိုက်သော ရောဂါမဟုတ်ပါ။ လူတွင်တီဘီရောဂါဖြစ်စေသော ပိုးများမှာ Mycobacterium Tuberuclosis / bovis / africanum တို့ဖြစ်ကြသည်။ တီဘီရောဂါသည် ကုသလျှင် ပျောက်ကင်း သော ရောဂါတစ်ခုဖြစ်သည်။ မကုသလျှင် အသက်ဆုံးရှုံးနိုင်သည်။
ကမ္ဘာတွင် ကူးစက်ရောဂါနှင့် သေဆုံးမှုများတွင် တီဘီရောဂါနှင့် သေဆုံးမှုသည် ဒုတိယအများဆုံး ဖြစ်သည်။ ၁၉၉၃ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ တီဘီရောဂါကို ပြည်သူ့ကျန်းမာရေးအရေးအပေါ်အဖြစ် ကြေငြာ ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ်ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားသူ ၁၀.၆ သန်း(ကလေးတီဘီ ၁.၃သန်း) ရှိပြီး သေဆုံးသူသည် ၁.၃ သန်း ရှိသည်ဟု နိုဝင်ဘာလ ၆ ရက် ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ထားပါသည်။ တီဘီရောဂါ အများဆုံးဖြစ်သော နိုင်ငံများမှာ အရှေ့တောင်အာရှတွင် ၃၅ ရာခိုင်နှုန်း ၊ အာဖရိကတွင် ၃၀ ရာခိုင်နှုန်း နှင့် အနောက်ပစိတ်ဖိတ်ဒေသတွင် ၂၀ ရာခိုင်နှုန်း ဖြစ်ပါသည်။
တီဘီရောဂါ ကူးစက်ပျံ့ပွားပုံ
သလိပ်တွင် တီဘီရောဂါပိုးရှိသော အဆုတ်တီဘီရောဂါလူနာများမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ သီချင်းဆိုခြင်း၊ ရယ်မောခြင်းဖြင့် တီဘီပိုးပါသော သလိပ်အမှုန်အမွှားလေးများသည် လေထဲတွင် ပျံလွင့်နေပြီး ၎င်းလေကို ရှုရှိုက်မိသောသူများ၏ အဆုတ်အတွင်းသို့ အသက်ရှုလမ်းကြောင်းမှတဆင့် ဝင်ရောက်၍ ရောဂါကူးစက်မှုကို ဖြစ်စေပါသည်။ သို့ရာတွင် ရောဂါပိုးကူးစက်ခံရသူတိုင်း တီဘီရောဂါ မဖြစ်ပါ။ ၅-၁၀ ရာခိုင်နှုန်း သာ တီဘီရောဂါဖြစ်သည်။ အသက်ငယ်လွန်းကြီးလွန်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကင်ဆာဆေးများနှင့် ကုသခံနေရ ခြင်း၊ ခန္ဓာကိုယ်ခုခံစွမ်းအား မူတည်၍ ရောဂါဖြစ်ပွားပါသည်။ တီဘီရောဂါပိုးတွေ့လူနာတစ်ယောက်သည် ဆေးဝါး ကုသမှုမခံယူခဲ့ပါက ၎င်းမှတဆင့် အခြားသူ ၁ဝဦး မှ ၁၅ ဦးသို့ တစ်နှစ်အတွင်း ကူးစက်နိုင်စွမ်းရှိသည်။ ကလေးများ သည် တီဘီရောဂါကို အတူနေမိသားစုထဲတွင် တီဘီရောဂါ (အဓိကပိုးတွေ့) ရှိသူမှတဆင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ကလေးအချင်းချင်း ကူးစက်မှု မရှိပါ။
ကလေးတီဘီရောဂါဖြစ်နိုင်ခြေရှိသူများ
(၁) မိသားစုတွင် တီဘီရောဂါဖြစ်ပွားသူရှိခြင်း(အထူးသဖြင့် ပိုးတွေ့အဆုတ်တီဘီရောဂါ)
(၂) အသက် ၅ နှစ်အောက်ကလေးဖြစ်ခြင်း
(၃) ကလေးတွင် အိပ်ချ်အိုင်ဗီပိုး ရှိနေခြင်း
(၄) ဝက်သက်ရောဂါ၊ နာတာရှည် နလံထကာစအချိန် အာဟာရချို့တဲ့နေခြင်း၊ စတီးရွိုက်ဆေးများ စားနေရခြင်း
(၅) ဘီစီဂျီထိုးမထားခြင်း စသည့်အချက်အလက်များသည် ကလေးတီဘီရောဂါ ဖြစ်နိုင်ခြေရှိသူများ ဖြစ်သည်။
ကလေးတီဘီ ဖြစ်နိုင်ခြေလက္ခဏာများ
ကလေးဖျား၊ ချောင်းဆိုး၍ ပဋိဇီဝဆေးများ၊ လေပြွန်ချဲ့ဆေးများကို ရက်ပြည့်သည်အထိ သောက်ပြီး သော်လည်း မသက်သာခြင်း၊ အဆုတ်အကာအမွှေးပါးအတွင်း အရည်ရှိခြင်း၊ ကျောရိုးတွင် ဘု ဖြစ်ခြင်း (Acute Vertebral Gibbus) ၊ ပဋိဇီဝဆေးများနှင့် မသက်သာသော ဦးနှောက် အမွှေးရောင်ခြင်း၊ မနာကျင်သော အကျိတ်များ ထွက်ခြင်းတို့ ဖြစ်ပါသည်။
ကလေးတီဘီ လက္ခဏာများ
ကလေးတီဘီ လက္ခဏာများမှာ ပီပီပြင်ပြင် မရှိတတ်ပါ။ ရက်သတ္တပတ် (၂)ပတ်ကျော် ချောင်းဆိုးခြင်း/ ဖျားခြင်း၊ ကိုယ်အလေးချိန် လျော့ကျသွားခြင်း၊ ပုံမှန် ကြီးထွားမှုမရှိခြင်း၊ စားသောက်ချင် စိတ်မရှိခြင်း၊ မောပန်းလွယ်ခြင်း၊ နှုံးခွေနေခြင်း၊ ညဘက်ချွေးထွက်ခြင်းနှင့် တီဘီရောဂါ ဖြစ်နေသော နေရာပေါ်မူတည်၍ ရောဂါလက္ခဏာများ ခံစားရပါသည်။
ကလေးတွင် အောက်ဖော်ပြပါ (၃)ခု အနက် (၂) ခုရှိပါက ကလေးတီဘီဟု သတ်မှတ်နိုင်သည်။
(၁) ရက်သတ္တပတ် (၂) ပတ်ကျော်ဖျားနေခြင်း(သို့မဟုတ်) ချောင်းဆိုးခြင်း
(၂) ကိုယ်အလေးချိန်မတိုးခြင်း၊ လျော့သွားခြင်း
(၃) မိသားစုတွင် တီဘီလူနာရှိခြင်း(သို့မဟုတ်)တီဘီလူနာနှင့် အနီးကပ်နေထိုင်ခြင်း။
ကလေးတီဘီရောဂါဖြစ်ကြောင်း အတည်ပြုခြင်း
(၁) ဓါတ်မှတ်ရိုက်၍ အတည်ပြုခြင်း
ဓါတ်မှန်တွင် တွေ့ရမည်များမှာ - အဆုတ်အညှာရှိ အကျိတ်များကြီးနေခြင်း(Hilar Enlargement)၊ လူးစေ့များ ကြဲပက်ထားသကဲ့သို့ တွေ့ရခြင်း (Miliary TB)၊ အဆုတ်အကာ အမွှေးအတွင်း အရည်ဝင်သည့် လက္ခဏာများ တွေ့ရခြင်း(Pleural Ellusion)၊ အဆုတ်ခဲပြီး အခေါင်းပေါက်တွေ့ခြင်းများ ဖြစ်ပါသည်။
(၂) သလိပ်စစ်ဆေးခြင်း
အသက် (၈) နှစ်နှင့် အထက်ရှိ ကလေးများသည် သလိပ်ထွေးတတ်သဖြင့် သလိပ်တွင် တီဘီပိုး ရှိ မရှိ စစ်ဆေးပေးပါသည်။ မိခင်နှင့် ကလေးအားရှင်းပြပြီး ချက်ချင်းထွေးသလိပ်နှင့် နံနက်စောစော သလိပ်တို့ကို တောင်းခံ ပါသည်။
အသက် (၈) နှစ်အောက်ကလေးများသည် သလိပ် မထွေးတတ်သဖြင့် အစာအိမ်မှ အရည်ကို ထုတ်ယူ၍ တီဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်သည်။
(၃) Gene X Pert စက်ဖြင့် တီဘီပိုးနှင့် ဆေးယဉ်ပါး တီဘီပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။
(၄) အခြား စစ်ဆေးခြင်းများ
ဖြစ်သော နေရာများအလိုက် အဆုတ်အကာအတွင်းမှ အရည်ကိုစုပ်ထုတ်၍ စစ်ဆေးခြင်း၊ ကျောရိုးမှ ခါးဆစ်ရိုးအရည် ထုတ်ယူစစ်ဆေးခြင်း (CSF) ၊ အကျိတ်မှ အသားစယူ၍ စစ်ဆေးခြင်း၊ တီဗီ/ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း၊ အဆုတ်ထဲ မှန်ပြောင်းထည့်ကြည့်ခြင်းများကို ဖြစ်သောနေရာအလိုက် ဆောင်ရွက် နိုင်ပါသည်။
ကလေးတီဘီရောဂါအမျိုးအစားများ
လူကြီးတီဘီအတိုင်းဖြစ်ပါသည်။ အဆုတ်တီဘီရောဂါနှင့် အဆုတ်ပြင်ပတီဘီရောဂါ ဟူ၍ခွဲခြားထားပါသည်။ အဆုတ်ပြင်ပ တီဘီရောဂါများဖြစ်သည့် ဦးနှောက်အမွှေးရောင်၊ လူးစေ့တီဘီ(အဆုတ်နှင့်အဆုတ်ပြင်ပ)၊ အဆုတ် ၂ ဘက် အရည်ဝင်ခြင်း၊ ကျောရိုးတီဘီ၊ အူမကြီးတီဘီ၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါတီဘီများမှာ ပြင်းထန်ပြီး၊ မွေးရာပါ ကလေးတီဘီအကျိတ်၊ အရေပြားတီဘီ၊ အရိုးတီဘီတို့မှာ မပြင်းထန်ပါ။
မွေးရာပါကလေးတီဘီ (Congenital TB)
မွေးရာပါကလေးတီဘီ (Congenital TB) သည် ရှားပါးသည့် လက္ခဏာများမှာ မွေးပြီး (၂-၃) ပတ်တွင် စတင်ပါသည်။နို့မစို့ခြင်း၊ ပေါင်ချိန် မတက်လာခြင်း၊ ချောင်းဆိုခြင်း၊ မျော့ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းများ၊ နားမှ အရည် ထွက်ခြင်း၊ အရေပြားတွင် အဖု (Papular) ၊ သွေးခြေဥခြင်းများ တွေ့ရှိရတတ်ပါသည်။ ရောဂါအတည်ပြုရန်မှာ ဖြစ်သော နေရာမှ အရည်၊ အသားစယူ၍ စစ်ဆေးခြင်း၊ မိခင်၏မွေးလမ်းကြောင်း၊ အချင်းမှ တစ်ဆင့် ရှာဖွေ နိုင်ပါသည်။
ဆေးကုသမှု ပေးခြင်း
ဆေးကုသရာတွင် ကနဦးဆေးကုကာလနှင့် ဆေးဆက်လက်ကုသကာလဟူ၍(၂)ပိုင်းပါဝင်ပါသည်။ ကလေး ၏ ကိုယ်အလေးချိန်ပေါ်တွင် တွက်ချက်၍ပေးပါသည်။ ကလေးတီဘီလူနာ အမျိုးအစားပေါ်မူတည်၍ ကုသသည့် ဆေးနှင့် ကုသသည့်ကာလ ကွာခြားပါသည်။ တိုက်ရိုက်ကြည့်ရှုအချိန်တို နှင့် ကုနည်းဗျူဟာ (Directly Observe Treatment Schedule DOTS ) ဖြင့် ကလေးဆေးမှန်မှန်သောက်ရန် ကျန်းမာရေးဝန်ထမ်း (သို့မဟုတ်) မိသားစုဝင် တစ်ဦးဦးမှ နေ့စဉ်စောင့်ကြပ်ကူညီဆေးတိုက်ကျွေးရပါသည်။ ကလေးများတွင်လည်း တီဘီပြန်ဖြစ်၍ ပြန်လည် ကုသ ရသည်များလည်းရှိပါသည်။ တီဘီဆေးတွဲများအားလုံးကို သတ်မှတ်အချိန်တွင် တစ်ပေါင်းတည်းတိုက်ကျွေးရန် လိုပါသည်။
တီဘီဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
သာမာန်ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဆစ်များနာခြင်း၊ ခြေလက်များ ပူလောင်မှုကို ခံစားရခြင်း၊ ဆီးလိမ္မော်ရောင် သွားခြင်းများဖြစ်သည်။ ပြင်းထန်ဘေးထွက်ဆိုးကျိုးများမှာ အရေပြား ယားယံခြင်း၊ အကြားအာရုံ ချို့ယွင်းလာခြင်း၊ ဗိုက်ညာဘက်ခြမ်းအောင့်ခြင်း၊ မျက်လုံးနှင့်အသားဝါခြင်း၊ မျက်စိ တဖြည်းဖြည်းမှုန်လာခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ ဆီး လုံးဝမသွားခြင်းတို့ဖြစ်ကြပါသည်။
ဆေးတိုက်ကျွေးသူမှ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရမည်ဖြစ်သည်။ ပြင်းထန်သော ဘေးထွက် ဆိုးကျိုးဖြစ်လျှင် ဆေးတိုက်ကျွေးခြင်းကို ရပ်၍ ဆရာဝန်နှင့် အမြန်ဆုံး ပြသရပါမည်။
အတူနေမိသားစုအား စစ်ဆေးခြင်း
ကလေးတီဘီလူနာတွေ့လျှင် မိသားစုဝင် လူကြီးတစ်ဦးဦးတွင် တီဘီရောဂါဖြစ်ပွားနေသူ တီဘီရောဂါ ဆေးကုသမှုခံယူဖူးသူ ရှိနိုင်ပါသည်။ ကလေးလူနာနှင့် အတူနေသူအားလုံးကို တီဘီရောဂါလက္ခဏာများ ရှိ၊ မရှိ မေးမြန်းရပါမည်။ အထူးသဖြင့် အသက်(၅) နှစ်အောက်ကလေးများကိုမေးမြန်းပြီး လက္ခဏာများရှိပါက ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ရပါမည်။
အသက် (၅)နှစ်အောက် ကလေးအား ကြိုတင်ဆေးတိုက်ကျွေးခြင်း
အသက် (၅)နှစ်အောက်ကလေးများတွင် တီဘီရောဂါပိုး ကူးစက်ခြင်းခံရပါက ဦးနှောက်အမွှေးရောင်ရောဂါ နှင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားသော တီဘီတို့ ဖြစ်နိုင်ခြင်းကြောင့် အတူနေမိသားစုတွင် ပိုးတွေ့တီဘီရောဂါရှိပါက အတူနေ (၅) နှစ်အောက် ကလေးများတွင် တီဘီရောဂါမရှိကြောင်း ဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး မရှိကြောင်း သေချာလျှင် (၅) နှစ်အောက်ကလေးများအား တီဘီရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် တီဘီဆေးများကို သတ်မှတ် အညွှန်းအတိုင်း တိုက်ကျွေးရပါမည်။
အိပ်ချ်အိုင်ဗီပိုးရှိ ကလေးတီဘီလူနာ
များသောအားဖြင့် ၎င်းကလေးများသည် အကျိတ်များရောင်လာပြီး လာရောက်ပြသလေ့ရှိပါသည်။တီဘီဆေး များတိုက်ကျွေးပြီး အိပ်ချ်အိုင်ဗီပိုးအတွက် Antiretroviral Therapy (ART) ဆေးရရှိရန် အထူးကု ဆရာဝန်များထံ ညွှန်းပို့ရပါမည်။
ဆေးကုသမှု ခံယူရာတွင် လူနာ/ဆေးတိုက်ကျွေးသူမှ လိုက်နာရမည့် အချက်များ
- တီဘီရောဂါပျောက်ကင်းရန်အတွက် ဆေးတိုက်ကျွေးသူမှ တီဘီဆေးတွဲများအားလုံးကို ကလေးအား သတ်မှတ်ချိန်တွင် တစ်ပေါင်းတည်း တိုက်ကျွေးရပါမည်။ အစာမစားမီ (၁) နာရီ၊ အစာစားပြီး (၃) နာရီခွာပြီး တိုက်ကျွေးရပါမည်။
- သလိပ်ပြန်စစ်ရမည့် လများတွင် မပျက်မကွက် စစ်ဆေးပေးရပါမည်။
- ခရီးသွားလိုလျှင်၊ အခြားမြို့နယ်သို့ ပြောင်းရွှေ့လိုလျှင် ကျန်းမာရေးဌာနသို့ အကြောင်းကြားရပါမည်။ ကျန်းမာရေးဌာနမှ ပြောင်းရွှေ့မည့် မြို့နယ်တွင် ဆေးဆက်လက် ကုသနိုင်ရန်အတွက် လွှဲစာထုတ်ပေး ပါမည်။
- ရောဂါသက်သာသည်ကို ပျောက်ကင်းသည်ဟု မှတ်ယူပြီးဆေးတိုက်ခြင်းကို မရပ်ရပါ။ သတ်မှတ်ကာလ ပြီးဆုံးသည်အထိ ဆက်တိုက်ရပါမည်။
- ကလေးချောင်းဆိုးလျှင် အုပ်ဆိုးရန်၊ နှာခေါင်းစည်းတပ်ထားရန်၊ သလိပ်ကို ပိုးသတ်ဆေးရည်ထည့်ထားသော ခွက်တွင် ထွေးပြီး အဖုံး ဖုံးထား၍ စနစ်တကျ စွန့်ပစ်ရန်တို့ကိုဆောင်ရွက်ပေးရပါမည်။
- ဆေးကုသမှုအောင်မြင်သည်ကို သိရှိရန် နောက်ဆုံးအကြိမ် သလိပ် စစ်ဆေးခြင်းကို ဆောင်ရွက်ပေးရပါမည်။
တီဘီရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ခြင်း
တီဘီရောဂါ မပျံ့ပွားစေရန် ကူးစက်မှုထိန်းချုပ်ခြင်းကို အလေးပေး ဆောင်ရွက်ရပါမည်။
- အဓိကအကျဆုံး ထိန်းချုပ်ခြင်းမှာ တီဘီရောဂါဖြစ်နိုင်ခြေရှိသူများကို စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ တီဘီရောဂါမရှိသူအား သီးခြားခွဲထားခြင်းနှင့်ရောဂါဖြစ်ပွားသူများကို စောစီးစွာ ကုသပေးခြင်းတို့ဖြစ်ပါသည်။
- ပတ်ဝန်းကျင် လေထုမှ ကူးစက်ခြင်းကို ထိန်းချုပ်ရန်အတွက် အိမ်/အခန်းများတွင် ပြူတင်းပေါက်များကို ဖွင့်ထားရန်နှင့် လေတိုက်သောအရပ်ကို တားဆီးပိတ်ထားခြင်းမပြုရန်၊ သဘာဝလေမရလျှင် ပန်ကာဖွင့်ခြင်း၊ လေအေးပေးစက်ဖွင့်ထားခြင်းနှင့် ၎င်းလေကို ထုတ်ပစ်သော ပန်ကာများတပ်ပြီး အခန်းအတွင်းရှိလေကို အမြဲ လည်ပတ်နေအောင် ဆောင်ရွက်ရပါမည်။
- အသက်ရှူ လမ်းကြောင်းမှ ကူးစက်ခြင်းကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းသည် (N95) နှာခေါင်း စည်း တပ်ဆင်ရမည်ဖြစ်ပြီး လူနာမှ ရိုးရိုးနှာခေါင်းစည်း (Surpical Mask/အဝတ်နှာခေါင်းစည်း) ကို တပ်ဆင် ရပါမည်။ အဝတ်နှာခေါင်းစည်းကို ပိုးသတ်ဆေးနှင့် သေချာစွာ လျှော်ဖွတ်ပြီး ပြန်သုံးနိုင်ပါသည်။ ချောင်းဆိုး လျှင် လိုက်နာရမည့်အချက်များကို လိုက်နာရပါမည်။ ကူးစက်မှုကို သေချာစွာ ထိန်းချုပ်နိုင်လျှင် တီဘီရောဂါ မပျံ့နှံ့တော့ပါ။
- လူကြီးတီဘီရောဂါကို သေချာစွာ ထိန်းချုပ်နိုင်လျှင် ကလေးတီဘီရောဂါလည်း လျော့ကျသွားမည်ဖြစ်သည်။
ဘီစီဂျီကာကွယ်ဆေးထိုးခြင်း (BCG vaccination)
ဘီစီဂျီကာကွယ်ဆေးထိုးခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုကို ရာနှုန်းပြည့် မဟန့်တားနိုင်သော်လည်း တစ်နှစ် အောက်ကလေးများတွင် တီဘီရောဂါအပြင်းစားများဖြစ်သော သွေးမှတစ်ဆင့်ပျံ့နှံ့သည့် လူးစေ့တီဘီနှင့် ဦးနှောက် အမွှေးရောင် တီဘီရောဂါတိို့ကို ကာကွယ်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် (၁) နှစ်အောက်ကလေးများ၏ ကိုယ်တွင်း ခုခံစွမ်းအားသည် သွေးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်စွမ်းမရှိပါ။ ထို့ကြောင့် မွေးကင်းစ အရွယ်မှစ၍ တစ်နှစ်အတွင်းကလေးငယ်များကို ဘီစီဂျီကာကွယ် ဆေးထိုးရန် မိဘတို့ကို အားပေးကူညီ တိုက်တွန်း ရပါမည်။
BCG သည် Bacille Calmette Guerin ဆိုသည့် စကားလုံးမှ လာပါသည်။ Bacille ဆိုသည်မှာ ဘက်တီးရီးယားပိုး၏ တုတ်ချောင်းပုံ သဏ္ဍန်ကို ဆိုလိုပါသည်။ Calmette နှင့် Guerin မှာ ကာကွယ်ဆေးကို တီထွင် ထုတ်လုပ်သော လူပုဂ္ဂိုလ်များ၏ အမည်ဖြစ်ပါသည်။
ကလေးအများစုသည် ဆေးထိုးသောနေရာတွင် တုန့်ပြန်မှုများရှိပါသည်။ပုံမှန်အားဖြင့် ဘီစီဂျီ ကာကွယ် ဆေးထိုးသည့်နေရာတွင် အဖုငယ်လေးတစ်ခုဖြစ်ပေါ်ပါသည်။ အဖုငယ်ကလေးသည် မိနစ် (၃၀) ခန့် အချိန်အတွင်း ပျောက်ကွယ်သွားပါသည်။ (၂)ပတ်ခန့်တွင် မချွန်ထားသည့် ခဲတံထိပ်ဖျားအရွယ် နီသောအနာလေးတစ်ခု ဖြစ်ပေါ် လာပါသည်။နောက်ထပ် အချိန် (၂) ပတ်ခန့်ကြာသောအခါ အနာကလေးရှိနေပြီးနောက် အနာကျက်သွားပါသည်။ (၅) မီလီမီတာအရွယ် အမာရွတ်ကလေးတစ်ခု ကျန်ရှိနေပါမည်။ ယင်းသည် ကလေးငယ်အား အောင်မြင်စွာ ကာကွယ်ဆေးထိုးပြီးကြောင်း လက္ခဏာဖြစ်ပါသည်။
ကာကွယ်ဆေးထိုးပေးသောနေရာတွင် ပြည်တည်နာဖြစ်ခြင်း၊ အကြိတ်ရောင်ခြင်းများနှင့် ရိုးတွင်းခြင်ဆီ ရောင်ခြင်း စသည့် လက္ခဏာများဖြစ်ပွားတတ်သော်လည်း ဘီစီဂျီ ကာကွယ်ဆေးကြောင့် စိုးရိမ်ရသော တုုံ့ပြန်မှုများမှာ လွန်စွာနည်းပါးပါသည်။
သို့ရာတွင် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရသော ကလေးများကို ကာကွယ်ဆေး ထိုးနှံရန် မသင့်ပါ။ ကာကွယ်ဆေးအမျိုးအစားမှာ ဘက်တီးရီးယားပိုးအရှင်များဖြစ်ပြီး (၁) ကြိမ်သာထိုးရန် လိုအပ်ပါသဖြင့် နောက်ထပ် တစ်ကြိမ် ထပ်မံထိုးရန် မလိုအပ်ပါ။
မွေးပြီးပြီးချင်း ဆေးရုံများတွင် ထိုးပေးပါသည်။ မထိုးရသေးလျှင် အခြားကာကွယ်ဆေးများနှင့် အတူ ထိုးနှံ နိုင်ပါသည်။
တီဘီဆေးများပေးခြင်း၊ တီဘီ ရှိ/မရှိ စမ်းသပ်ခြင်းများကို ကျန်းမာရေးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးဌာနများတွင် ဆောင်ရွက်ပေးနေပါသည်။
မြန်မာနိုင်ငံသည် ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီနှင့် တီဘီအိပ်ချ်အိုင်ဗီ ဒွန်တွဲအဖြစ်အများဆုံး နိုင်ငံ (၃၀) တွင် ပါဝင်ပါသည်။ ကမ်ဘာပေါ်တွင် တီဘီရောဂါသည် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်ပါသည်။ ကမ်ဘာကြီးပေါ်တွင် တီဘီရောဂါ အဆုံးသတ်ရေး (End TB) မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ စစ်ပွဲများ ဖြစ်ပွားနေခြင်း၊ စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းတို့က တီဘီရောဂါဖြစ်ရန် အားပေးလျက်ရှိပါသည်။ ကမ်ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ဆေးဝါးရရန်၊ သုတေသနလုပ်ငန်းများလုပ်ရန် ရန်ပုံငွေရရှိရေးသည် လည်း အရေးကြီးပါသည်။
တီဘီရောဂါပပျောက်ရေးတွင် တစ်ဦးတစ်ယောက်ကောင်းဆောင်ရွက်နေ၍ မရဘဲ စုပေါင်းဆောင်ရွက် ကြရပါမည်။နိုင်ငံအစိုးရများ၏ ဦးဆောင်ဦးရွက် ပြုမှုနှင့် တာဝန်ခံမှုရှိခြင်း၊ မြို့ပြလူမှုအဖွဲ့အစည်းများ ခိုင်ခိုင်မာမာ ပေါင်းစည်းဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အထွေထွေရောဂါကု ဆရာဝန်များမှ ပံ့ပိုး ကူညီခြင်း၊ ပြည်သူများမှ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင် ကူညီကြမှသာလျှင် ကမ်ဘာကြီးတွင် တီဘီရောဂါသည် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ လွတ်ကင်းသွားမည် ဖြစ်ပါကြောင်း မတ်လ (၂၄) ရက်နေ့တွင် ကျရောက် မည့် “ကမ်ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ရေးသားလိုက်ပါသည်။
■ ကိုးကား
- WHO Website
- ကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါတိုက်ဖျက်ရေးလက်စွဲစာအုပ်၊ ဒီဇင်ဘာ ၂၀၂၉