သံသယ အကျဉ်းသား

သံသယ အကျဉ်းသား
Published 16 January 2015
တက္ကသိုလ်မိုးဝါ

လူတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ယုံကြည်မှု မရှိလျှင် မည်သည့်ကိစ္စမျှ ဆောင်ရွက်၍ မရပါ။ အိမ်တွင်းရေး၌ လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး၌ လည်းကောင်း၊ နိုင်ငံရေး၌ လည်းကောင်း ယုံကြည်မှုရှိမှ ကိစ္စအားလုံး အဆင်ပြေ ပြီးမြောက်နိုင်သည်။ယုံကြည်မှုသည် ယုံကြည်ချက်နှင့် မတူပေ။ ယုံကြည်ချက်မှာ အကြောင်းအရာတစ်ခု သို့မဟုတ် သဘောတရားတစ်ခုကို ယုံကြည်သည့်ဖြစ်စဉ် ဖြစ်သည်။ ယုံကြည်ချက်မှာ ခံယူချက်နှင့် ဆင်တူသည်။ သဘောတရားနှင့် လုပ်ဆောင်ချက်တစ်ခုကို မိမိလက်ခံသည့်အတွက် ယင်းသဘောတရားသည် မိမိ၏ယုံကြည်ချက် ဖြစ်သွားသည်။တော်ရုံတန်ရုံနှင့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်က နောက်လူတစ်ဦး၊ နောက်အဖွဲ့အစည်း တစ်ရပ်အပေါ် ယုံကြည်မှုထားရှိရန် ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်။ ယုံကြည်မှုကို တစ်ခဏတာအတွင်း တည်ဆောက်ရန် ဖြစ်နိုင်ခြေ နည်းပါးသည်။ နှစ်ရှည်လများ အမြဲမပြတ် ခိုင်မာစွာ တည်ဆောက်သွားနိုင်မှသာ နှစ်ဦးကြားယုံကြည်မှုမဏ္ဍိုင် ခိုင်မြဲလာနိုင်သည်။စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် အခြေခံကျကျ ယုံကြည်မှု၏ တိုးတက်ဖွံ့ဖြိုးမှုသည် စိတ်ပိုင်းဆိုင်ရာ လူမှုရေးတိုးတက်မှု၏ ပထမ လှေကားတစ်ထစ် ဖြစ်သည်ဟု ဆိုသည်။ ယုံကြည်မှုပိုင်း အောင်မြင်လာပါက လုံခြုံမှု၊ လက်ခံမှု၊ အပေါင်းလက္ခဏာဆောင်သော အကောင်းမြင်ခြင်း စသည့်ခံစားမှုတို့ကို ဖြစ်ထွန်းလာစေသည်။ ယုံကြည်မှုပိုင်း ကျရှုံးခြင်း ဖြစ်ပါကလည်း မလုံခြုံမှုနှင့်အတူ သံသယဖြစ်မှုလည်း ဖြစ်တည်လာပေမည်။မြန်မာနိုင်ငံ၏ အရပ်သားအစိုးရ အုပ်ချုပ်လာသည့် သက်တမ်းမှာ ၂၀၁၅ ခုနှစ်ကုန်ဆိုလျှင် ကုန်ဆုံးတော့မည်ဖြစ်သည်။ များမကြာသေးမီက ရန်ကုန်တိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တို့၏ ပြောစကားများသည် ယခုလက်ရှိ အခြေအနေဖြစ်သော ပြည်သူအများစုက ၎င်းတို့အပေါ် ယုံကြည်မှု လျော့ပါးလာနေချိန်တွင် လက်တွေ့မဆန်၊ စိတ်ကူးယဉ်ဆန်သည့် စကားများဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများက ဆိုသည်။
နောက်ထပ် သိသာထင်ရှားသော အချက်တစ်ချက်ကို တင်ပြရလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်အချက် ဖြစ်သည်။ ပြည်သူအများ မျှော်လင့်သလောက် ဖြစ်မလာသော ကော်မရှင်၏ ဆောင်ရွက်မှုများကြောင့် အစိုးရအဖွဲ့က လုပ်ဆောင်မည်ဟု ကတိပေးထားခဲ့သည့် သန့်ရှင်းသောအစိုးရနှင့် . . . . .

“မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ စနစ်သစ်ဆီသု့ိ ကူးပြောင်းကာလတစ်ခုကို ဖြတ်သန်းနေခြင်းဖြစ်ပြီး မိဘပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုကာ စိန်ခေါ်မှုများကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ခဲ့ရသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုခံရပြီ ဖြစ်သည်”။“ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်အောင် ဆောင်ရွက်ရာတွင် လူမှုစီးပွား လိုအပ်ချက်များကို အဓိကထား ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများကို ဒေသများ၌ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ဟု ပြောကြားခဲ့သည့် သတင်းကို ဖတ်ရှုရ၏။စကားလုံး အလှကလေးများ ရွေးချယ်ပြီး အားလုံးကောင်းပါသည်၊ အားလုံးအောင်မြင်မှု ရနေပါပြီ၊ အခက်အခဲများကို ကျော်ဖြတ်ခဲ့ပြီးပါပြီဟု ပြောရုံပြောခြင်းသည် ခက်ခဲသည့် အလုပ်တစ်ခု မဟုတ်ပေ။ပြည်သူအများစု၏ စားရေး၊ နေရေး၊ အလုပ်အကိုင် ရရှိရေးကို အကောင်အထည်ဖြင့် ပြသင့်သည်။ အဓိကအကျဆုံး ပြည်သူများ ခံစားနေရသည့် အခက်အခဲမှာ အခြေခံစားကုန်ဈေးနှုန်း ကြီးမြင့်မှုပြဿနာ ဖြစ်သည်။ ကုန်ဈေးနှုန်းကို ထိန်းရန်၊ ချုပ်ကိုင်ရန် လုပ်ဆောင်နေပါသည်ဟု မည်သည့်အချိန်ကမျှ ကြားရဖူးခြင်း မရှိခဲ့။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အောင်မြင်မှုနှင့် အသိအမှတ်ပြုခံရမှု မည်မျှရှိသည် မရှိသည်ဆိုခြင်းကို အငြင်းပွားနေပါက အချိန်ကုန်ရုံသာ အဖတ်တင်မည်။ ပြည်သူတို့၏ ဆင်းရဲမွဲတေနေသော လက်တွေ့ဘဝကို ကြည့်လျှင်ပင် သိသာထင်ရှား လုံလောက်နေပေပြီ။နိုင်ငံ့အရေးနှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးပိုင်းတို့အား ပြည်သူများက မေးခွန်းများစွာ ထုတ်ခဲ့ပေါင်းလည်း များလှပြီ။ မေးခွန်းထုတ်သည် ဆိုခြင်းမှာ တိကျမှန်ကန် ကျေနပ်ဖွယ်ရာ အဖြေတစ်ခု လိုချင်သောကြောင့် ဖြစ်သည်။ ကျောင်းသားတစ်ယောက်ကို စာမေးပွဲဖြေဆိုစေခြင်းမှာလည်း ထိုကျောင်းသား၏ အရည်အချင်းကို စစ်ဆေးလို၍ဖြစ်သည်။ မှန်မှန်ကန်ကန် မဖြေဆိုနိုင်ပါက အမှတ်မရဘဲ စာမေးပွဲတွင် ကျရှုံးမှုနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။နောက်ထပ် သိသာထင်ရှားသော အချက်တစ်ချက်ကို တင်ပြရလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်အချက် ဖြစ်သည်။ ပြည်သူအများ မျှော်လင့်သလောက် ဖြစ်မလာသော ကော်မရှင်၏ ဆောင်ရွက်မှုများကြောင့် အစိုးရအဖွဲ့က လုပ်ဆောင်မည်ဟု ကတိပေးထားခဲ့သည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့သည် လေထဲလွင့်ပါသွားသလို ခံစားရစေသည်။ ခေါင်မှ အောက်ခြေထိ အမြစ်တွယ်လျက်ရှိသော အကျင့်ပျက်ခြစားမှု ဖြစ်စဉ်များအား ကော်မရှင်အနေဖြင့် တိုင်ကြားခဲ့မှု စုစုပေါင်း၏ ၀ ဒသမ ၅ ရာခိုင်နှုန်းကိုသာ စုံစမ်းစစ်ဆေး အရေးယူခဲ့သည် ဆိုသည်။ အရေးယူဆောင်ရွက်မှု အလွန်အားနည်းခြင်းနှင့် ပွင့်လင်းမြင်သာမှု နည်းပါးခြင်းကြောင့် ကော်မရှင်အပေါ် ပြည်သူ့ယုံကြည်မှု ကျဆင်းခဲ့သည်။ မယုံကြည်မှုနှင့် ဒွန်တွဲလိုက်ပါလာတတ်သော သဘောရှိသည့် သံသယစိတ်တို့သည် ကျယ်ပြန့်ကြီးထွားလာတော့သည်။မည်သို့ပင်ဆိုစေ ပြည်သူအများစုကတော့ အလင်းမျှင်တစ်မျှင်စာမျှပင် မြင်နိုင်ခဲသော အုတ်နံရံလေးဖက်လေးတန် ပတ်လည်အတွင်း သံသယ အကျဉ်းသားများ ဖြစ်မှန်းမသိ ဖြစ်နေကြပြီဟု ဆိုရပေမည်။