UEC ဥက္ကဋ္ဌသစ်နှင့် ရွေးကောက်ပွဲကတိကဝတ်

UEC ဥက္ကဋ္ဌသစ်နှင့် ရွေးကောက်ပွဲကတိကဝတ်
ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်တွင် မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်တွင် မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
Published 17 March 2024

နစကအနေဖြင့် အုပ်ချုပ်နေ သည့် သက်တမ်းသုံးနှစ်အတွင်း ၎င်းတို့ အုပ်ချုပ်ရေးယန္တရားအတွင်း ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များကို အပြောင်းအလဲ အများအပြားပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အသစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့သည့် ဦးသိန်းစိုးကို နစက,က ၎င်းတို့လက်ထက်တွင် ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိုးလက်ထက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို အသစ်ပြန်လည်ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည်။

သို့သော် နစက အုပ်ချုပ်မှုသက် တမ်း သုံးနှစ်ပြည့်ချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကို ကျန်းမာရေးအရ အနားယူခွင့်ပြုခဲ့ပြီး ၎င်းနေရာတွင် ဦးကိုကိုအား ပြန်လည်ခန့်အပ်ခဲ့ ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကြေညာခဲ့သည်။

လာမည့်ရွေးကောက်ပွဲက သမိုင်းတင်ရွေးကောက်ပွဲဟုUEC ဥက္ကဋ္ဌသစ် ဆို

လာမည့်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက် သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင် ခြင်းနှင့် မဲဆန္ဒရှင်များနှင့် နိုင်ငံရေး ပါတီများ၏ ယုံကြည်မှုကို ပြန်လည် ရယူရမည့် သမိုင်းတင် ရွေးကောက် ပွဲဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကို ကိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက် နေပြည် တော်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ တွင် ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် UEC ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

UEC ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင် ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပဥ္စမမြောက် ရှေ့လုပ်ငန်းစဉ်တွင်ပါ ဝင်သည့် “လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ”ကို ကျင်းပပေးရမည် ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲ သည် သာမန်အထွေထွေရွေးကောက် ပွဲနှင့်မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက် သိက္ခာကျခဲ့ရသော ရွေး ကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်သည့်ရွေးကောက်ပွဲ၊ မဲဆန္ဒ ရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံ ကြည်မှုကို ပြန်လည်ရယူရမည့် ရွေး ကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်း တင်ရမည့် ရွေးကောက်ပွဲဖြစ် ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲဆိုသည်မှာ ကော် မရှင်၊ ပါတီနှင့် မဲဆန္ဒရှင်တို့ အပြန် အလှန် ဆက်သွယ်ယှက်နွှယ်နေ သည့် အလုပ်ဖြစ်ကြောင်း၊ ကော်မ ရှင်က လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ပါတီ များကို ဥပဒေနှင့်အညီ ကူညီရေး၊ ထိန်းကျောင်းရေး၊ မဲဆန္ဒရှင်များကို မီဒီယာမှတစ်ဆင့် ပညာပေးလှုံ့ဆော် ရေးအလုပ်များကို လုပ်ရကြောင်း၊ ပါတီများက မဲဆန္ဒရှင်များကို ဟော ပြောစည်းရုံးရေး၊ အရည်အချင်းပြည့် ဝသည့် ကိုယ်စားလှယ်လောင်းများ ကို ရွေးချယ်လျာထားရေးတို့အား ဆောင်ရွက်ကြရကြောင်း၊ မဲဆန္ဒရှင် များကလည်း မိမိတို့၏ ဥပဒေပါ အ ခွင့်အရေး မဆုံးရှုံးရအောင် မပျက် မကွက် မဲပေးရေး၊ နိုင်ငံ့အကျိုး၊ ရပ် ရွာအကျိုး သယ်ပိုးမည့် ကိုယ်စား လှယ်လောင်းများကို ရွေးချယ်ဆန္ဒပြု ရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ အဓိကမောင်းနှင်အားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအပြင် အချိန် တန်သည့်အခါ အများယုံကြည်လေး စားသည့် ပုဂ္ဂိုလ်များကို စိစစ်ဖွဲ့စည်း ရန်၊ လေ့ကျင့်ပညာပေးရန် လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ၏အသက်သည်  မဲစာရင်းဖြစ်ကြောင်း၊ မဲစာရင်းမှန် ကန်ရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထံမှ ပေးပို့လာသည့် ပုံစံ (၆၆/၆) ပါ စာရင်းများကို ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှရရှိသည့် မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာ ထည့်သွင်းသည့်လုပ်ငန်းကို အမှား အယွင်းမရှိအောင် လုပ်ဆောင်ကြ ရန်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များသည်လည်း မဲစာရင်းကဲ့သို့ အ ရေးကြီးကြောင်း၊ အတည်မပြုရသေး သည့် ဥပဒေများကို အမြန်ဆုံးအ တည်ပြုနိုင်ရေးဆောင်ရွက်ပြီး နည်း ဥပဒေများ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များ ထုတ်ပြန်ပြီးပါက ကော်မရှင်အ ဖွဲ့ခွဲများကို ဖြန့်ဝေခြင်း၊ ပါတီများ အား ပေးပို့ခြင်း၊ မဲဆန္ဒရှင်ပြည်သူ များကို လေ့လာနိုင်အောင် ဆောင် ရွက်ရန်ရှိသည်များကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းင်းက ပြောကြား သည်။

မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီများနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး သော နိုင်ငံရေးပါတီများ တွေ့ဆုံ သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

အဆိုပါအခမ်းအနားသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိ သူများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ များ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

UEC ဥက္ကဋ္ဌက လာမည့်ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဇန်နဝါရီ ၃၀ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဥပဒေ အမှတ် ၁၅/ ၂၀၂၄ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း ခဲ့ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်လျက်ရှိ ပြီး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေ ကြောင်း ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပ ရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများ နှင့် မဲဆန္ဒရှင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အ ညီဆောင်ရွက်ရေး ကြီးကြပ်ပေးရ မည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများ ၏ လိုအပ်ချက်များကိုလည်း ဥပဒေ နှင့်အညီ ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ပေးပို့လာသည့် လူဦးရေစာရင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက် ဆိုင်စိစစ်သည့်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိပြီး မဲစာရင်း ပြည့်စုံမှန် ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအား လုံး မဲပေးခွင့်ရရှိစေရေး ဆောင်ရွက် လျက်ရှိကြောင်း UEC ဥက္ကဋ္ဌက ဆို သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသကဲ့သို့ ပြည်သူလူထု၏ ယုံကြည်မှုပါ ဆုံးရှုံးခဲ့ရသည့်အတွက် လာမည့်ရွေးကောက်ပွဲသည် ဂုဏ် သိက္ခာနှင့် ယုံကြည်မှု ပြန်လည်ရယူ နိုင်ရေး ကြိုးစားဆောင်ရွက်ရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေး ကောက်ပွဲကိုလည်း လွတ်လပ်တရား မျှတစွာကျင်းပနိုင်ရေး ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မရှင်က ကြီးကြပ်ဆောင်ရွက် မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးကို ကိုက ပြောကြားသည်။

PR စနစ်နှင့် ပတ်သက်ပြီး ဥက္ကဋ္ဌသစ် ဘာပြောလဲ

          နစကလက်ထက်တွင် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လာမည့်ရွေးကောက်ပွဲ များတွင် နိုင်သူအကုန်ယူစနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို ကျင့် သုံးသွားမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက တိုင်း ရင်းသားမျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင်ရောက်နိုင်သည့်အခွင့်အရေးရရှိ မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ဆန္ဒ၊ အ ခွင့်အရေးလည်း ပိုမိုရရှိကာ ဆန္ဒမဲ များ လေလွင့်ဆုံးရှုံးမှု လျော့ပါးမည် ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖွင့်လှစ်သည့် ဦးစီးအ ရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည် မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား အရာရှိများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ရုံး၊ ဝန်ထမ်းများအား အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအ နားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ ၌ မတ် ၆ ရက်က ကျင်းပခဲ့ပြီး ယင်း အခမ်းအနားတွင် UEC ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြစ် သည့်အတွက် လွှတ်တော်တွင်း ပါတီ အများစုမှ ကိုယ်စားလှယ်များ ပါဝင် မှသာ နိုင်ငံ့အကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အ ချိုးကျကိုယ်စားပြုစနစ် (PR) ကျင့် သုံးခြင်းဖြင့်  FPTP စနစ်၏ အား နည်းချက်များကို အတိုင်းအတာတစ် ခုအထိ လျှော့ချနိုင်မည်ဖြစ်ပြီး ယခင် ကကဲ့သို့ တစ်ပါတီ လွှမ်းမိုးကြီးစိုးမှု မရှိဘဲ ပါတီများအနေဖြင့် ရွေးကောက် ပွဲတွင် ရရှိသည့် ဆန္ဒမဲအချိုးအရ ကိုယ်စားလှယ်များရရှိပြီး လွှတ်တော် တွင်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ပါတီငယ် များ၏ ကိုယ်စားလှယ်များလည်း လွှတ်တော်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒ၊ အခွင့်အရေး လည်း ပိုမိုရရှိပြီး ဆန္ဒမဲများ အလဟဿ လေလွင့်ဆုံးရှုံးမှု လျော့ပါးမည်ဖြစ် ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အချိုး ကျကိုယ်စားပြုစနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံရှိကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် PR စနစ် ကျင့်သုံးမည်ဖြစ်ရာ ဝန်ထမ်းအား လုံးသည် အဆိုပါစနစ်နှင့် ပတ်သက် ပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရန် လိုအပ်သည့်အတွက် ထပ်ကာထပ် ကာ အကြိမ်ကြိမ် ဖတ်ရှုလေ့လာ လေ့ကျင့်မှ လက်တွေ့ဆောင်ရွက် ရာတွင် ကျွမ်းကျင်လွယ်ကူမည်ဖြစ် ကြောင်း၊ သင်တန်းသားများအပါအ ဝင် ဝန်ထမ်းများအားလုံးအနေဖြင့် အလေးအနက်ထား လေ့လာမှတ် သားပြီးနောက် ရွေးကောက်ပွဲတိုင် သည်အထိ အကြိမ်ကြိမ်လေ့ကျင့်နေ ရန်လိုအပ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက် က နစက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

၂၀၂၃ ခုနှစ်က နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက် သော ဥပဒေအသစ်တွင် အခန်းငါး ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်သည်။ ထို ဥပဒေသစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဆိုပါက ပြည့်စုံရမည့် စံနှုန်းများကို တိုးမြှင့် သတ်မှတ်ထားသည့်အတွက် နိုင်ငံ ရေးပါတီများအကြား ဝေဖန်မှုများ ရှိခဲ့သည်။

ယင်းဥပဒေတွင် အဓိကအနေ ဖြင့် အခန်း (၂) နိုင်ငံရေးပါတီ တည် ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၌ ပါဝင်သည့် ပုဒ်မများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

နစက ပြဋ္ဌာန်းလိုက်သော ဥပ ဒေအသစ်တွင် နိုင်ငံရေးပါတီ တည် ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ တည် ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး ပါတီဝင်များကို စည်းရုံးရန် UEC ကို တင်ပြရမည်ဖြစ် သည်။ UEC က ခွင့်ပြုလျှင် ခေါင်း ဆောင်တစ်ဦးနှင့် ဒုတိယခေါင်း ဆောင်တစ်ဦးကို ရွေးချယ်ရမည်ဖြစ် သည်။

ပါတီတည်ထောင်လိုသူများ၏ အရည်အချင်းနှင့်ပတ်သက်၍လည်း ပါတီတည်ထောင်သူသည် ၂၅ နှစ် ပြည့်ရမည်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရ။ သောင်းကျန်းသူ အဖွဲ့အစည်း၊ အ ကြမ်းဖက် အဖွဲ့အစည်း၊ မတရားအ သင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းများ၏ အဖွဲ့ဝင်မဖြစ် ရ။ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ မဟုတ်ရမည့်အပြင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူ ထားသူ မဟုတ်ရဟု သတ်မှတ်ထား သည်။

ထိုဥပဒေအသစ်တွင် နိုင်ငံရေး ပါတီများ အခက်တွေ့စေမည့်ပုဒ်မ က ၅ (စ) က စသည်။ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) တွင် ပြည်ထောင်စုတစ် ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသောနေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး တစ်သိန်းကို စည်းရုံးရမည်ဖြစ် ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း ၌သာ စည်းရုံးမည့်ပါတီဆိုပါက ပါတီ ဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ စည်း ရုံးရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခင် နအဖလက်ထက် ဗိုလ် ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထား သော ဥပဒေတွင် ပြည်ထောင်စုတစ် ဝန်းလုံး၌ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး ၁၀၀၀ စည်းရုံးရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမယ့်ပါတီဆိုပါက ပါတီ ဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံး ရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ဥပဒေအဟောင်းနှင့် အသစ် ကို ယှဉ်ကြည့်လျှင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ် ပါက စည်းရုံးရမည့် ပါတီဝင်အင် အားက အဆ ၁၀၀ ကွာနေသည်ကို တွေ့ရသည်။ ထို့ပြင် တိုင်းနှင့် ပြည် နယ်တစ်ခုအတွင်း၌သာ စည်းရုံး မည့်ပါတီဖြစ်ပါက စည်းရုံးရမည့် ပါတီဝင်အင်အားကို နှစ်ဆမြှင့်ထား သည်။ ထိုအချက်အပေါ်မူတည်၍ နိုင်ငံရေးပါတီများက ဝေဖန်ထောက် ပြခဲ့ခြင်းလည်းဖြစ်သည်။

ပုဒ်မ ၅ (ဆ) တွင်လည်း ပါတီ ရန်ပုံငွေကို သတ်မှတ်ရာ၌ ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမည့်ပါတီဆိုပါက ကျပ် သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြ ဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်း ချက်သည် အသစ်ဖြစ်ပြီး ဥပဒေ ဟောင်း၌ မပါဝင်ပေ။

ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ် သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင် စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ် ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည် ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အား လုံး၏ အနည်းဆုံးထက်ဝက်တွင် ဖွင့်လှစ်ရန်နှင့် တိုင်းနှင့် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဆိုပါက အဆိုပါတိုင်းနှင့် ပြည် နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့ နယ်တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရ မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်ကလည်း ယခင် ဥပဒေဟောင်း၌ ပါဝင်ခြင်းမရှိသည့် ပြဋ္ဌာန်းချက်ဖြစ်ပြီး အသစ်ထည့်သွင်း ပြဋ္ဌာန်းထားခြင်းလည်းဖြစ်သည်။

အဆိုပါပြဋ္ဌာန်းချက်အရ ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီဆိုလျှင် မြို့နယ်အားလုံး၏ အ နည်းဆုံးထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်ရမည်ဖြစ်သောကြောင့် မြို့နယ် ၁၆၀ ကျော်တွင် ဖွင့်လှစ်ရမည်ဖြစ် သည်။

အဘယ်ကြောင့်ဆိုသော် မြန် မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် မြို့နယ် ၁၆၅ မြို့ နယ်၌ ပါတီရုံးခန်း ဖွင့်ရမည်ဖြစ် သည်။ တစ်မြို့နယ်လျှင် တစ်ခန်းနှုန်း ဖွင့်မည်ဆိုပါက ၁၆၅ ခန်း ဖြစ်နေ ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

နစက အသစ်ပြဋ္ဌာန်းလိုက် သော နိုင်ငံပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါပုဒ်မများကြောင့် ပြည် ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ရန် အခက် အခဲရှိကြောင်း နိုင်ငံရေးပါတီအချို့ က ပြောဆိုမှုများရှိခဲ့သည်။ 

အကျိုးဆက်အနေဖြင့် UEC သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန် လည်မှတ်ပုံတင်ခွင့်လျှောက်ထား သည့် ပါတီ ၅၀ နှင့် ပါတီအသစ်တည် ထောင်ခွင့်လျှောက်ထားသည့် ပါတီ ၁၅ ပါတီရှိသောကြောင့် စုစုပေါင်း လျှောက်ထားသည့်ပါတီ ၆၅ ပါတီ ရှိခဲ့သော်လည်း ပြည်ထောင်စုတစ် ဝန်းလုံး စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့သည်။

UEC ၏ ထုတ်ပြန်ချက်အရ ယခင်တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီရှိသည့်အနက် ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီက ၇၄ ပါတီရှိပြီး တိုင်းနှင့် ပြည်နယ်တစ် ခုအတွင်း စည်းရုံးမည့်ပါတီက ၁၈ ပါတီသာ ရှိခဲ့သည်။

ထို့ကြောင့် နစကလက်ထက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းပြီး ပြန်လည်မှတ်ပုံ တင်လျှောက်ထားလာသည့် နိုင်ငံ ရေးပါတီများထဲတွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီအရေ အတွက်မှာ သိသိသာသာ လျော့ နည်းသွားသည်။

ထိုသို့ ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့်ပါတီ အရေအတွက် သိသိသာသာလျော့နည်းသွားခြင်း က နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေအသစ်ကြောင့် ဖြစ်နိုင် ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင်လည်း ထိုအကျိုး ဆက်ကို UEC က မှတ်ပုံတင်ခွင့်ပြု ထားသော နိုင်ငံရေးပါတီများအနေ ဖြင့် ခံစားနေရသည်။

ဥပဒေအသစ်အရ ပါတီမှတ်ပုံ တင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါတီများအနေ ဖြင့် သတ်မှတ်ပါတီဝင်အင်အားကို UEC ထံ မတင်ပြနိုင်ပါက မှတ်ပုံတင် ခြင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ပြီး ပါတီ ကိုလည်း ဖျက်သိမ်းမည်ဟု ပြဋ္ဌာန်း ထားသည်။

လက်ရှိတွင် UEC က မှတ်ပုံ တင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး ယင်းပါတီများက တင် ပြလာသည့် သတ်မှတ်ပါတီဝင်အင် အားစာရင်း စိစစ်ခြင်းလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

UEC က စစ်ဆေးရာတွင် မှတ် ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီ များက တင်ပြလာသည့် သတ်မှတ် ပါတီဝင် အင်အားစာရင်း၌ သတ် မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည် ကို တွေ့ရကြောင်း UEC က ထုတ် ပြန်သည်။

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများက တင်ပြလာ သည့် ပါတီဝင်အင်အားစာရင်းကို စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မပြည့်စုံသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ် ထပ်နေသူများ၊ နိုင်ငံ သားစိစစ်ရေးကတ်အမှတ်နှင့် အ မည်ကွဲလွဲသူများ၊ မြို့နယ်ကုတ် လွဲ မှားနေသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူများ၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ ပါဝင်နေသည်ကို တွေ့ရ ကြောင်း UEC က ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အထိ ရက်ပေါင်း ၉၀ ပြည့်သည့် နိုင်ငံ ရေးပါတီ ၃၅ ပါတီ ရှိသည့်အနက် ၂၈ ပါတီကသာ သတ်မှတ်အင်အား ပြည့်မီနေသည်ကို တွေ့ရကြောင်း UEC က ထုတ်ပြန်သည်။

ထို့ပြင် ပါတီရုံးခန်းဖွင့်လှစ်ရေး နှင့်ပတ်သက်၍ ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါတီရှိသည့်အနက် ၁၉ ပါတီကသာ သတ်မှတ်ချက်နှင့်အညီ ရုံးခန်းဖွင့် လှစ်ထားသည်ကို တွေ့ရကြောင်း UEC က ဆိုသည်။

ထိုသို့သော အခြေအနေတွင် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီကို သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် ပါတီဝင်စာရင်း တင်ပြနိုင်မှုမရှိ ခြင်းကြောင့် ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် UEC က ထုတ်ပြန်သည်။

UEC အနေဖြင့် ရှမ်းပြည် ကိုး ကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ရှမ်းပြည် ကိုးကန့်ဒီမိုကရက် တစ်ပါတီသည် ရက်ပေါင်း ၉၀ အ တွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ဥပဒေသတ်မှတ်ချက်အ တိုင်း စည်းရုံးမှုမပြုနိုင်သည့်အပြင် ပါတီဝင်အင်အား ပြည့်မီရေးအ တွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန် လည်တင်ပြရန် အကြောင်းကြားခဲ့ သော်လည်း တင်ပြနိုင်မှုမရှိခြင်း ကြောင့် ဖျက်သိမ်းခံရခြင်းလည်း ဖြစ်သည်။

ရှမ်းပြည် ကိုးကန့်ဒီမိုကရက် တစ်ပါတီဖြစ်စဉ်က မှတ်ပုံတင်ခွင့်ပြု ထားသော နိုင်ငံရေးပါတီများကို တပ်လှန့်သကဲ့သို့ဖြစ်သွားကြောင်း နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြ သည်။

သို့သော် လက်ရှိတွင် ရှမ်းပြည် နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကြောင့် လုံခြုံရေးအခြေ အနေအရ နိုင်ငံပါတီများအနေဖြင့် ပါတီဝင်အင်အားပြည့်မီရန်နှင့် ပါတီ ရုံးခန်း ဖွင့်လှစ်နိုင်ရန်အတွက် ခက် ခက်ခဲခဲ ကြိုးပမ်းနေရသည်။

ထိုသို့သောအခြေအနေတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေတစ်ရပ် ထုတ် ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင် သည့်ဥပဒေတွင် ယခင်ကပြဋ္ဌာန်း ထားသည့် ပုဒ်မအချို့ကို ပြန်လည် ပြင်ဆင်ထားပြီး ဖြေလျှော့မှုများ လုပ်ဆောင်ထားသည်ကို တွေ့ရ သည်။

အဓိကအားဖြင့် နိုင်ငံရေးပါတီ များ၏ ပါတီဝင်စည်းရုံးရမည့် ရက် အကန့်အသတ်၊ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်းဖွင့်လှစ်ရမည့် သတ်မှတ် ချက်များကို ဖြေလျှော့ပေးခဲ့သည်။

ထို့ပြင် ပါတီငွေစာရင်းကိစ္စ များ၊ ပါတီပိုင်ပစ္စည်းများကို နိုင်ငံ တော်ပိုင် သိမ်းယူခြင်းနှင့်ဆိုင်သည့် ပုဒ်မများ၊ မတရားအသင်း ဆက် သွယ်ခြင်းဆိုင်ရာ ပုဒ်မများအပြင် အကြမ်းဖက်အဖွဲ့အစည်း ဆက် သွယ်မှုဆိုင်ရာ ပုဒ်မများနှင့်ပတ် သက်၍လည်း ပြန်လည်ပြင်ဆင် ထားသည်။

ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် နိုင်ငံရေးပါတီ များအနေဖြင့် ယခင်က ပါတီဝင်အင် အား အနည်းဆုံး တစ်သိန်း စည်းရုံး ရမည့်အစား ငါးသောင်းကိုသာ စည်း ရုံးရတော့မည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် နိုင်ငံရေးပါတီ များအနေဖြင့် မြို့နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ် ရမည့်အစား မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံခန့်တွင်သာ ရုံးခန်းဖွင့် လှစ်ရတော့မည်ဖြစ်သည်။

ထို့အတူ မှတ်ပုံတင်ကျသည့် ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ပါတီရုံးခန်းများ ဖွင့်လှစ် ရမည့်အစား ရွေးကောက်ပွဲကျင်းပ မည့် ရက်မတိုင်မီ အနည်းဆုံး ရက် ပေါင်း ၉၀ အတွင်း ပါတီရုံးများ ဖွင့် လှစ်ရမည်ဖြစ်သည်။

ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်း လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင် သည့် ဥပဒေတွင် ယခင်စံနှုန်းများကို လျှော့ပေါ့ပေးခဲ့သောကြောင့် နိုင်ငံ ရေးပါတီများကို အနည်းငယ်အသက် ရှူချောင်စေမည်ဖြစ်သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲ ကို လွတ်လပ်၍ တရားမျှတပြီး မဲ ဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာ က လက်ခံယုံကြည်သော ရွေးကောက် ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

မတ် ၁၀ ရက်က ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ် သည်။

ယင်းအခမ်းအနားတွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက (၁၄) နှစ်တာကာလအ တွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မရှင်အသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လာ မည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများ နှင့် နိုင်ငံတကာက လက်ခံယုံကြည် သော ရွေးကောက်ပွဲအဖြစ် ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်နေမှု များကို ပြောကြားခဲ့သည်။

ထို့ကြောင့် UEC ဥက္ကဋ္ဌသစ် အနေဖြင့် လာမည့်ရွေးကောက်ပွဲ တွင် ၎င်းင်းကိုယ်တိုင် အာမခံထား သည့်အတိုင်း လွတ်လပ်၍ တရား မျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ ကို နိုင်ငံရေးလေ့လာသူများက ဆက် လက်စောင့်ကြည့်လျက်ရှိသည်။

Most Read

Most Recent