ကမ္ဘာ့စီးပွားရေး ခွေယိုင်လဲတော့မှာလား

ကမ္ဘာ့စီးပွားရေး ခွေယိုင်လဲတော့မှာလား
အောက်တိုဘာ ၁၉ ရက်က ဂါဇာတောင်ပိုင်း ရာဖာကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှုအတွင်း မီးခိုးလုံးကြီး တက်လာပုံကို တွေ့ရစဉ် - photo: AFP
အောက်တိုဘာ ၁၉ ရက်က ဂါဇာတောင်ပိုင်း ရာဖာကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှုအတွင်း မီးခိုးလုံးကြီး တက်လာပုံကို တွေ့ရစဉ် - photo: AFP
Published 22 October 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

ကိုဗစ်ကပ်ရောဂါအလွန်ကာလ၌ ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို အားလုံးမျှော်လင့်ခဲ့ကြသည်။ အခက်အခဲ၊ အကျပ်အတည်းများစွာဖြင့် ရုန်းကန်နေရစဉ်မှာပင်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၌  ရုရှား၏ ယူကရိန်းကိုကျူးကျော်သည့်စစ်ပွဲဖြစ်ခဲ့သည်။ မျှော်လင့်ချက်ဝိုးတဝါး ဖြစ်သွား၏။ ရုရှား-ယူကရိန်းစစ်ပွဲ လပေါင်း ၂၀ ခန့်ကြာချိန်  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားပြန်သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည် ကောင်းမွန်မှု မျှော်လင့်ချက်အလင်းတန်းများ မှေးမှိန်သွားရပြီ။     

စီးပွားရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး ဆက်စပ်မှု ပိုမိုများပြားလာနေသော ယနေ့ကမ္ဘာကြီးတွင် ဒေသတစ်ခု၌ ဖြစ်ပွားသည့်စစ်ပွဲသည် ကမ္ဘာကြီး၏ အခြေအနေအရပ်ရပ်အပေါ် သက်ရောက်မှုများရှိလာသည်။ ဟားမတ်စ်အဖွဲ့ ဂါဇာဒေသကို ရုတ်တရက်တိုက်ခိုက်ပြီးနောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ကမ္ဘာ့စီးပွားရေး ပိုမိုဆိုးရွားလာတော့မည်ဟု သတိပေးလိုက်သည်။ အတိုးနှုန်းမြင့်တက်မှုများ၊ ရုရှား-ယူကရိန်းစစ်ပွဲမှဖြစ်ပေါ်လာသော ပထဝီနိုင်ငံရေး လှိုင်းဂယက်များကြောင့်  ဖွံဖြိုးမှုအရှိန်ကျဆင်းခဲ့သော ကမ္ဘာ့စီးပွားရေးသည် ယခုလည်း အစ္စရေးနှင့် ဟားမတ်စ်တို့၏စစ်ပွဲကြောင့် မသေချာမရေရာမှုအသစ်တစ်ခုကို ထပ်မံရင်ဆိုင်နေရပြီဖြစ်သည်။ ယခင်ကခန့်မှန်းထားခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း သုံး-ရာခိုင်နှုန်းဆိုသည်မှာ  မသေချာ တော့။  

(၂)

ကမ္ဘာ့စီးပွားရေးသည် ပြန်လည်နာလန်ထနိုင်ရေး အားထုတ်နေဆဲမှာပင် အရှေ့အလယ်ပိုင်းပဋိပက္ခမှ ဘေးထွက်ဆိုးကျိုးများကို ထပ်မံမြင်တွေ့ရတော့ မည်။ ရေနံစျေးနှုန်းများအပါအဝင် အခြားသော စီးပွားရေးအခြေအနေအပေါ် မသေချာမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။  ကိုဗစ်ကပ်ရောဂါ၊ ရုရှား-ယူကရိန်းစစ်ပွဲမတိုင်ခင် အခြေအနေများနှင့်နှိုင်းယှဉ်ပါက တစ်ကမ္ဘာလုံး၏ ထုတ်လုပ်မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံခန့် လျော့ကျသွားခဲ့သည်။ 

မော်ရိုကိုနိုင်ငံ၊ မာရာကတ်ရှ်မြို့တွင် ကျင်းပခဲ့သည့်  အိုင်အမ်အက်ဖ်အဖွဲ့၏နှစ်ပတ်လည် အစည်းအဝေး၌ စီးပွားရေးပညာရှင် ပီယားအိုလီဗီယား ဂိုအားချား (Pierre-Olivier Gourinchas) က အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ဖြစ်ပွားသည့်စစ်ပွဲ၏ ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်မှာ စောလွန်းသေးသည်ဟုဆိုသည်။ သို့သော် ယခင်ကဖြစ်ခဲ့သည့် အကျပ်အတည်း၊  ပဋိပက္ခများကဲ့သို့  ဒေသတွင်းရေနံထုတ်လုပ်မှုနှင့် သယ်ပို့ဆောင်ရေးများကို  အနှောင့်အယှက်ဖြစ်နိုင်သည့် အလားအလာများကို မြင်တွေ့နေရသည်ဟုလည်း မှတ်ချက်ပြုထားသည်။ အခြေအနေသည် ဆက်လက်ဖြစ်နေခဲ့ပါက ကမ္ဘာ့ရေနံဈေးနှုန်းအပေါ် သက်ရောက်မှုဖြစ်လာမည်။ ရေနံစျေးနှုန်း ၁၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို သုည ဒသမ ၁၅ ရာခိုင်နှုန်း လျော့ကျ စေပြီး ကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကို သုည ဒသမ ၄ ရာခိုင်နှုန်းတိုးမြင့်လာလိမ့်မည်ဟုလည်း ၎င်းကမှန်းဆသည်။ 

(၃)

စီးပွားရေးပညာရှင်များက အစ္စရေး-ဟားမတ်စ် ပဋိပက္ခစစ်ပွဲ၏ ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်လာမှုများကို အကဲဖြတ်ကောက်ချက်ချနိုင်ရန်မှာ စောလွန်းနေသေးသည်ဟု ဆိုထားသည့်တိုင်   “အိုင်အမ်အက်ဖ်အဖွဲ့၏ အကြီးအကဲ ခရစ်တယ်လီနာ ဂရော်ဂျီဗာ (Kristalina Georgieva) က ကမ္ဘာ့စီးပွားရေးမိုးကောင်းကင်တွင် တိမ်တိုက်အသစ်များ ဖြစ်ပေါ်နေပြီဟု သူ၏အမြင်ကို ပြောဆိုလာသည်။  

ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့အခြေစိုက် Commerzbank ဘဏ်မှ ကုန်စည်ဆိုင်ရာ လေ့လာဆန်းစစ်သူ ကာစတန် ဖရစ်ချ် (Carsten Fritsch) ကမူ ယခုအချိန်အထိ ရေနံအဓိကထုတ်လုပ်သည့် ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကူဝိတ်နှင့် အီရတ်နိုင်ငံတို့က ဟားမတ်စ်အဖွဲ့ကို ထောက်ခံကြောင်း ကြေညာချက်များမကြားရခြင်းသည် ရေနံဈေးနှုန်းမြင့်တက်လာနိုင်ခြေ  စိုးရိမ်ပူပန်စရာကို လျော့ကျစေသည်ဟု သုံးသပ်ထားသည်။ အိုင်အမ်အက်ဖ်အဖွဲ့ကမူ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း၊ လွန်ခဲ့သည့်ရက်များက ရေနံစျေးနှုန်းများ လေး-ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း မှတ်ချက်ပြုခဲ့သည်။

(၄)

စစ်ပွဲကိုတုံ့ပြန်လျက်ရေနံရောင်းလိုအားကန့်သတ်မှုမဖြစ်ပေါ်နိုင်ဟူသော ခန့်မှန်းချက်များရှိသည်။ ရုရှားနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ကမူ ၎င်းတို့၏ ရေနံဈေးနှုန်းသဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိပြီး ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့မဟုတ် ထို့ထက်ပို၍ ခုန်တက်သွားနိုင်သည်ဟုမှန်းဆမှုများလည်းရှိသည်။ ဘလွန်းဘက်ဂ် (Bloomberg) စီးပွားရေးသတင်းများတွင် ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိ တက်လာနိုင်သည်ဟုတွေ့ရသည်။       

အရှေ့အလယ်ပိုင်းဒေသသည် ကုန်စည်နှင့်စွမ်းအင်သယ်ယူပို့ဆောင်ရောင်းချရေးအတွက် အရေးပါသောလမ်းကြောင်းဖြစ်သောကြောင့် ထိုဒေသတွင် ပဋိပက္ခများဖြစ်ပွားမှု၏ သက်ရောက်မှုသည် ကမ္ဘာတစ်ဝန်းရှိ ဒေသများသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သွားနိုင်သည်။ စွမ်းအင်ထုတ်လုပ်သည့်ဒေသတွင်ဖြစ်ပွားသော စစ်ပွဲများသည် လတ်တလော တစ်ကမ္ဘာလုံးစိုးရိမ်နေသော ငွေကြေးဖောင်းပွမှု မီးတောက်ကို ပြန်လည်ကြီးမားလာနိုင်ကြောင်းကိုလည်း သတိထားမိစေသည်။    

အမေရိကန်အခြေစိုက် စွမ်းအင်ဆိုင်ရာဘဏ္ဍာရေးကုမ္ပဏီ Pickering Energy Partners မှ ဒန်ပစ်ကားရင်း (Dan Pickering) က စျေးကွက်သည် ထိတ် လန့်သွားခဲ့ပြီ။ သို့သော် ခြောက်လှန့်မှုမဖြစ်ခဲ့ဟုဆိုသည်။ အခြေအနေကို ထိန်းကျောင်းစီမံခန့်ခွဲနိုင်သည်ဟု ရှုမြင်မှုများလည်းရှိနေပြီး အမေရိကန် ရေနံစိမ်းဈေးနှုန်းကို လေးဆတက်သွားစေခဲ့သည့် ၁၉၇၃ ခုနှစ် အောက်တိုဘာလ အာရပ်-အစ္စရေးစစ်ပွဲလောက်ပြင်းထန်မှုမရှိဟုလည်းဆိုသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသရှိ မတည်ငြိမ်မှုများကို အလားအလာရှိသော စီးပွားရေးအနှောင့်အယှက်များအဖြစ် သုတေသီအများက ရှုမြင်ခဲ့ကြသည်။   

 

(၅)

အမေရိကန်ဗဟိုဘဏ်နှင့် အခြားသော ဗဟိုဘဏ်များက   ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နိုင်ရေး အတိုးနှုန်းများ ပြင်းပြန်းထန်ထန်မြင့်တင်မှုများကိုကြည့်၍ ကမ္ဘာ့စီးပွားရေးသည့် အတိုင်းအတာတစ်ခုအထိ ခံနိုင်ရန်ရှိနေပြီဟုလည်း  စီးပွားရေးပညာရှင်  ဂိုအားချားက ထောက်ပြသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်းသည်လည်း  ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်။  အိုင်အမ်အက်ဖ်အဖွဲ့သည်  ယူရိုဇုန်၏ ယခုနှစ်တိုးတက်မှုနှုန်းကို ယခင်က သုည ဒသမ ၉ ရာခိုင်နှုန်းခန့်မှန်းထားရာက သုည ဒသမ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွက်ခန့်မှန်းချက်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချခန့်မှန်းခဲ့သည်။ ယခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းတိုးမြင့်မည်ဟု အိုင်အမ်အက်ဖ်ကခန့်မှန်းထားသည့် ရုရှားနိုင်ငံ စီးပွားရေးသည်လည်း လာမည့်နှစ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်စီးပွားရေးတိုးတက်မှုကိုလည်း ယခုနှစ်အတွက် ငါး-ရာခိုင်နှုန်းခန့်မှန်းထားခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသာရှိမည်ဟု လျှော့ချ၍ခန့်မှန်းခဲ့ကြသည်။ 

(၆)

ကမ္ဘာနိုင်ငံများကြားတွင် အကြောင်းအမျိုးမျိုးဖြင့် အပြန်အလှန်ကန့်သတ်၊ ပိတ်ဆို့ပြုလုပ်မှုများသည် ယခင်ကထက်ပို၍ များပြား၊ ပို၍ပြင်းထန်လျက်ရှိနေသည်။ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအတွက် ရုရှားအပေါ် မကြုံစဖူးသော ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့၏။ တရုတ်နိုင်ငံနှင့် တင်းမာမှုများ ကြီးထွားလာသည်နှင့်အမျှ တရုတ်သွင်းကုန်များအပေါ် မှီခိုမှုနည်းပါးလာစေရန်လည်းအားထုတ်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင် တဖြည်းဖြည်းကန့်သတ်မှုများ ပိုမိုများပြားလာနေ၏။ ကုန်သွယ်ရေးကန့်သတ်မှုပြုလုပ်သည့် အရေအတွက်သည် ၂၀၁၉ ခုနှစ်က ၁၀၀၀ အောက်သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အရေအတွက် ၃၀၀၀ နီးပါးရှိဖြစ်လာခဲ့သည်။ ၂၀၀၀-၂၀၁၉ ခုနှစ်ကာလများအတွင်ပျမ်းမျှတိုးတက်မှု ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့သည့် နိုင်ငံတကာကုန်သွယ်ရေးသည် ယခုနှစ်တွင် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ကုန်သွယ်ရေးကို အလေးထားလုပ်ဆောင်နေသည့် ကမ္ဘာကြီးစီးပွားရေး အနာဂတ် မည်သို့ဖြစ်လာမည်နည်း။  

(၇)

ကမ္ဘာကြီးတွင် ပဋိပက္ခများ၊ စစ်ပွဲအကြီးအသေးများ အဆက်မပြတ်ဖြစ်ပွားနေဆဲ။ နိုင်ငံများသည်လည်း ကုန်သွယ်မှုနှင့် စီးပွားရေးတိုးတက်မှုကို အကန့်အသတ်၊ အဟန့်အတားများဖြစ်စေသည့် ပထဝီနိုင်ငံရေးအုပ်စုဖွဲ့မှုများ၊ ဝါဒတူအုပ်စုဖွဲ့မှုများ တိုးချဲ့လုပ်ဆောင်မှုများရှိနေဆဲ။ ယိုင်တိယိုင်တိုင်ရှိနေသည့် ကမ္ဘာ့စီးပွားရေးအခြေအနေသည် ထို့ထက်ပိုဆိုး၍ ခွေယိုင်လဲကျတော့မည်လား။ စိုးရိမ်စရာ ကောင်းနေတော့သည်။        



https://www.washtimesherald.com/



 

Most Read

Most Recent