တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက်အသုံးပြုတွက်ချက်ခြင်း

တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက်အသုံးပြုတွက်ချက်ခြင်း
Published 24 September 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူတို့ ငယ်ရွယ်စဉ်အချိန် ကလေးဘဝက လူပျိုအရွယ် အစ်ကိုကြီးများသည် မိုးကောင်းကင်ကို လက်ညှိုးနှင့်ထိုးပြပြီး တိမ်တွေထဲမှာ နတ်သမီးနှင့် နတ်သားတွေရှိတယ် ကြည့်လိုပါသလားဟု မေးသည့်အခါများတွင် ကလေးငယ်ပီပီ စူးစမ်းလိုစိတ်ရှိသဖြင့် ကြည့်လိုပါသည်ဟု ပြောသည့်အခါ အစ်ကိုကြီးတစ်ဦးက ကလေးငယ်၏ နားထင်နှစ်ဖက်ကို ၎င်း၏လက် ၀ါးနှစ်ဖက်နှင့် ညှပ်ကိုင်ပြီး မြှောက်ပြပေးပါသည်။

နတ်သမီး၊ နတ်သားတော့ မမြင်ရပါ။ နားထင်နှစ်ဖက်စလုံး နီရဲပူစပ်ပြီး နားထင်ရှိ ဆံပင်များကိုလည်း ပွတ်ဆွဲလိုက်သဖြင့် လူတစ်ကိုယ်လုံး ခံရခက်စေပြီး ကလေး ငယ်များမှာ ငိုရအခက်၊ ရယ်ရအခက်ဖြစ်စေပါသည်။ ကြောက်ပြီး မျက်စိနှစ်လုံးကို ပိတ်ထားရသဖြင့် မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်းမရှိပါ။ နတ်သမီး နတ်သား မြင်ရပါသလားဆိုပြီး မေးသည့်အခါတွင် “မမြင်ရပါဘူး” ဟု ဖြေဆိုပါက နောက်တစ်ကြိမ်ထပ်မံပြီး မြှောက်ပြလေ့ရှိသဖြင့် နောက်တစ်ကြိမ် မြှောက်ပြမည်ကို ကြောက်ပြီး စိုးရိမ်သည့်အတွက် “မြင်ရပါသည်” ဟု လိမ်ပြီးပြောကြရပါသည်။

အထက်တွင် ဖော်ပြချက်များသည် ငယ်ရွယ်စဉ်ကတည်းကပင် မိုးကောင်းကင်ပေါ်ရှိ တိမ်များထဲတွင် သို့မဟုတ် တိမ်များပေါ်တွင် တည်ရှိနေနိုင်မည့် အကြောင်းအရာ အခြေအနေကို စိတ်ဝင်စားကြခြင်းဖြစ်ပါသည်။ ယနေ့အချိန်အခါတွင်မူ တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက်အသုံးပြုတွက်ချက်ခြင်း (Cloud Computing) သည် အမှန်တကယ် လက်တွေ့အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

စာရေးသူသည် စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့ လာခဲ့သူတစ်ဦးဖြစ်သည့် အားလျော်စွာ စာရင်းအင်းပညာဘာသာရပ်သည် အခြေခံအချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို လေ့လာဆန်းစစ်ရသည့် ဘာသာရပ်ဖြစ်သည့်အတွက် စာရင်းအင်းပညာ ဘာသာရပ်နှင့် ကွန်ပျူတာအသုံးပြု တွက်ချက်ခြင်းသည် တိုက်ရိုက် ဆက်စပ်ပတ်သက်လျက်ရှိနေသောကြောင့် ဘွဲ့ကြိုတန်းမှာ ကတည်းကပင် ကွန်ပျူတာကို တွေ့မြင်ဖူးခြင်းမရှိပါသော်လည်း ကွန်ပျူတာနှင့်ပတ်သက်သည့် ပရိုဂရမ်အစီအစဉ်ရေးဆွဲခြင်း (Programming) ဘာသာရပ်ကို လေ့လာသင်ယူခဲ့ရပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူတို့ ကွန်ပျူတာနှင့်ပတ်သက် သည့် ပရိုဂရမ်အစီအစဉ်ရေးဆွဲခြင်း (Programming) ဘာသာရပ် ကို လေ့လာသင်ယူခဲ့ရခြင်းနှင့် သင်ကြားပေးခဲ့ရခြင်းများကို အကျဉ်းချုပ်တင်ပြပါမည်။ စာရေးသူတို့ ကျောင်းသားဘဝ ဘွဲ့ကြိုတန်း နောက်ဆုံးနှစ်တွင် လေ့လာသင်ယူခဲ့ရသည့် ပရိုဂရမ်အစီအစဉ်ရေးဆွဲခြင်း (Programming) ဘာသာရပ်မှာ (FORmula TRANslation) ဟု ခေါ်ဆို အဓိပ္ပာယ်ရသည့် “FOR-TRAN Programming Language” ဖြစ်ပါသည်။

ကွန်ပျူတာနှင့်ပတ်သက်သည့် “FORTRAN Programming Language” ကို စတင်သင်ယူစဉ်အချိန်က ဘာသာရပ်ကလည်း အသစ်အဆန်းဖြစ်နေပြီး ဘာသာရပ်ကို စတင်သင်ကြားချိန် အထူးသဖြင့် “Statements” များကို စတင်သင်ကြားစဉ်က ကျောင်းမတက်ဘဲ ကျောင်းလစ်သည့်အချိန်များဖြစ်နေသဖြင့် “Program” များကို ဥပမာပေးပြီး ရေးပြချိန်သည် ကျောင်းစတက်သည့် အချိန်ဖြစ်သဖြင့် ခေါင်းမှာပူထူပြီး ဆရာကြီး ရှင်းပြနေခြင်းသည် မည်သည့်အကြောင်းအရာကို ပြောပြနေသည်ဆိုသည့် အခြေအနေကိုပင် မသိမြင်နိုင်တော့ပါ။

ဆရာကြီးကလည်း အသံတိုးတိုးကလေးနှင့် စာသင်ခန်း၏ မျက်နှာကြက်ကို ကြည့်ပြီး (အပေါ်သို့ မော့ကြည့်ပြီး) ရှင်းပြနေသည့်အတွက် အတန်းထဲတွင် ထိုင်နေရုံ အဆင့်သာ ဖြစ်နေပါသည်။

ကျောင်းမတက်ဘဲ ကျောင်းလစ်သည့် အချိန်များအကြောင်းကို ရှင်းပြလိုပါသည်။ စာရေးသူတို့ကဲ့သို့ နယ်မှရန်ကုန်သို့ လာရောက် ကျောင်းတက်ကြသည့် ကျောင်းသူကျောင်းသားများ၏ ဓလေ့ယဉ်ကျေးမှုတစ်ရပ်မှာ ဘွဲ့ကြိုတန်း နောက်ဆုံးနှစ်သို့ စတင်တက် ရောက်ချိန်များတွင် ကျောင်းတက်ရန်ထက် ကျိုက်ထီးရိုးဘုရားဖူးခြင်း၊ မော်လမြိုင်၊ ကျိုက္ခမီ၊ စက်စဲ စသည့် အထင်ကရ နေရာများသို့ ကျောင်းသားသူငယ်ချင်းများစုပြီး သွားရောက် လည်ပတ်ကြခြင်းပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးနှစ်ဖြစ်သည့်အတွက် နောင်တွင် သွားရောက်ရန် ခက်ခဲမည် ဖြစ်သောကြောင့် အမှတ်တရအနေနှင့် သွားရောက်လည်ပတ်ကြခြင်းဖြစ်ပါသည်။

ကျောင်းမတက်ဘဲ ကျောင်းလစ်သည့်အချိန်များတွင် လေ့လာသင်ယူရမည့် ဘာသာရပ်များနှင့် ပတ်သက်ပြီး သင်ကြားပို့ချထားရှိသည့် စာများကို ကူးယူရန်အတွက် အတန်းမှန်မှန်တက်ရောက်သည့် အတန်းတူကျောင်းသူများထံက စာအုပ်များကို ငှားပြီး နားမလည်သော်လည်း ကူးယူရပါသည်။ ဒုတိယနှစ်ဝက်တန်းကာလတွင်မူ စာရေးသူအနေဖြင့် နောင်တွင် ကျောင်းတက်ရောက်ရန် ရှိတော့မည် မဟုတ်သည်ကို သတိပြုမိပြီး စာလည်းကူး၊ အတန်းလည်း မှန်မှန် တက်ရောက်ခဲ့ပါသည်။

ထိုကဲ့သို့ အတန်းမှန်မှန်တက် ရောက်သဖြင့် ကွန်ပျူတာနှင့်ပတ်သက်သည့် ပရိုဂရမ်အစီအစဉ်ရေးဆွဲခြင်း (Programming) ဘာသာရပ်ကို အနည်းငယ်သိမြင်နားလည်လာစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်ခန့် အဆောင်နည်းပြအဖြစ် တာဝန် ထမ်းဆောင်သည့်အချိန်တွင်မူ စာရေးသူ နေထိုင်လျက်ရှိသည့် အဆောင်နှင့် တက္ကသိုလ်များ ကွန်ပျူတာဌာန (University Computer (UCC)) သည် အနီးကပ်ဆုံးနေရာ၌ တည်ရှိသဖြင့် ညနေ ၆ နာရီခန့် အဆောင်တွင် ထမင်းစားပြီးသည်နှင့် တက္ကသိုလ်များကွန်ပျူတာဌာနတွင် PDP11 / 70 Super Minicomputer ကွန်ပျူတာကြီးနှင့် “FORTRAN Programming Language” ကို အသုံးပြုပြီး စာရင်းအင်းပညာဘာသာရပ်များ တွင် ပါဝင်သည့် အကြောင်းအရာများအား “Program” အဖြစ် ရေးဆွဲ လေ့ကျင့်ခွင့် ရရှိခဲ့ပါသည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီခန့်၊ တစ်ခါ တစ်ရံ ည ၁၂ နာရီခန့်အထိ ရောက်ရှိတတ်ပါသည်။

ပရိုဂရမ်အစီအစဉ်ရေးဆွဲ ခြင်း (Programming) ကို ဖန်တီး ခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံတစ်ခုကို ဝေမျှလိုပါသည်။ ထိုစဉ် အချိန်အခါက စာရင်းအင်းပညာဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဆရာကြီးဆရာမကြီးများသည် ကွန်ပျူတာနှင့်ပတ်သက်သည့် ပရိုဂရမ်အစီအစဉ်ရေးဆွဲခြင်း (Programming) ဘာသာရပ်ကို အလွန်ကျွမ်းကျင် ပိုင်နိုင်ကြသူ များ ဖြစ်ကြပါသည်။

ပထမအစောပိုင်းအချိန်ကာ လများက (Programming) ကို ဖန်တီးရာတွင် မိမိရေးဆွဲဖန်တီးထားရှိသည့် (Program) သည် အခြားသူများ ဖတ်ပြီး သိမြင်နားလည်ခြင်း မရှိနိုင်စေရန် လုပ်ဆောင်နိုင်မှ လူတော်ဟု သတ်မှတ်လေ့ရှိသဖြင့် (Programming) ကို ဖန်တီးရာတွင် အခြားသူများ လွယ်ကူစွာသိမြင်နားလည်ခြင်း မရှိနိုင်စေရန် ပြုလုပ်ပြီး ကွန်ပျူတာက အဖြေမှန်ပေးနိုင်ကြောင်း သက်သေပြလေ့ရှိကြပါသည်။ နောက်ပိုင်းတွင်မူ မိမိရေးဆွဲ ဖန်တီးထား ရှိသည့် (Program) သည် အခြားသူများ ဖတ်ပြီး အလွယ်တကူ သိမြင် နားလည်နိုင်မှ လူတော်ဟု သတ်မှတ်သဖြင့် (Comments) လိုင်းများကို မြောက်မြားစွာ အသုံးပြုပြီး ဖန်တီးရေးသားခဲ့ကြပါသည်။

စာရေးသူတို့ ကျောင်းဆရာ ဖြစ်ပြီးချိန် ကျောင်းသူကျောင်း သားများအား သင်ကြားပို့ချသည့် အချိန်များတွင်မူ “FORTRAN Programming Language” သာမကတော့ဘဲ “Basic Programming Language” ၊ “Pascal Programming Language”၊ “C သို့မဟုတ် C++ Programming Language” နှင့် Statistics နှင့် ပတ်သက်သည့် Application Software များ ဖြစ်ကြသည့် SPSS, Stata, Minitab, စသည်ဖြင့် အဆင်ပြေသလို သင်ကြားပို့ချခဲ့ကြပါသည်။

အထက်တွင် တင်ပြခဲ့သည့် အကြောင်းအရာများသည် အင်တာနက်များ တွင်ကျယ်စွာ အသုံးမပြုနိုင်မီ အချိန်ကာလ စာရင်းအင်းပညာဘာသာရပ်နှင့် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာဘာသာရပ်တို့၏ ဆက်စပ်ပတ်သက်ပုံများကို စာရေးသူ၏ အတွေ့အကြုံများအား အခြေခံကာ ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူကဲ့သို့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ပလက်နှင့် အင်တာနက်ကို အသုံးပြုလျက်ရှိနေပါသော်လည်း တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက်ခြင်း (Cloud Computing) သဘောတရားများ၏ အခြေခံကို စနစ်ကျစွာ သိမြင်နားလည်ခြင်း မရှိပါသဖြင့် စာရေးသူကဲ့သို့သော စာဖတ်သူများအတွက် မိတ်ဆက်အနေနှင့် သိမြင်နားလည်လာစေရန် ရည်ရွယ်ပါသည်။

ထို့ပြင် တိမ်ပေါ်တွင် လုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် အင် တာနက် အသုံးပြုတွက်ချက်ခြင်း (Cloud Computing) သဘော တရားများကို တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည်နိုင်ငံတွင ်နေထိုင်လျက်ရှိသည့် ပြည်သူ ပြည်သား နိုင်ငံသားများအား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်စေရေးတို့အတွက် ထိရောက်စွာ အသုံးပြုနိုင်စေရန်ကိုလည်း ရည်ရွယ်ပါသည်။

ပထမဦးစွာ တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက် ခြင်း (Cloud Computing) ၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ အဓိပ္ပာယ်နှင့် သဘောတရားများသည် လွန် စွာကျယ်ပြန့်သည့်အတွက် စာရေး သူအနေဖြင့် (Reference: 1) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များကိုသာ အခြေခံပြီး ရှင်းလင်း တင်ပြပါမည်။ တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက် ခြင်း (Cloud Computing) ၏ အဓိပ္ပာယ်ကို တင်ပြရပါလျှင် -

Cloud computing is a model for enabling ubiquitous, convenient, on-demand network access to a shared pool of configurable computing resources (e.g., networks, servers, storage, applications, and services) that can be rapidly provisioned and released with minimal management effort or service provider interaction.(Reference: 1, pp – 2).

ဖော်ပြထားချက်အရ “တိမ် ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက်ခြင်းဆိုသည်မှာ ဒီဇိုင်းမိုဒယ်ပုံစံ တစ်ခုဖြစ်ပါသည်။ ၎င်းသည် နေရာတိုင်း နေရာတကာတွင် ဆောင်ရွက်နိုင်ရန်အတွက်သော် လ ည်းကောင်း၊ လူတိုင်းလက်လှမ်း မီ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် အတွက်သော်လည်းကောင်း၊ တွက် ချက်ရာတွင် အသုံးပြုသည့် အရင်း အမြစ်များ၊ အဓိကအစိတ်အ ပိုင်းများကို (အစီအစဉ်အလိုက် ပူး ပေါင်း ဖွဲ့စည်းထားရှိသည့် ကွန် ရက်များ၊ ကွန်ပျူတာများ ချိတ် ဆက်အသုံးပြုခြင်းများ၊ အချက်အ လက်များကို သိမ်းဆည်းထားရှိခြင်း များ၊ လုပ်ငန်းသုံးပရိုဂရမ်များနှင့် ဝန်ဆောင်မှုများအား) ဝေမျှထား ရှိသည်ကို အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်သည့် ဝယ်လိုအား ရှု ထောင့်အရ တည်ဆောက်ထားရှိ သည့် ကွန်ရက် စသည်တို့အတွက် သော်လည်းကောင်း ပြုလုပ်တည် ဆောက်ထားရှိသည့် ဒီဇိုင်းမိုဒယ် ပုံစံ တစ်ခုဖြစ်ပါသည်။”

ဒုတိယအနေဖြင့် တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက်ခြင်း ပြုလုပ်သည့် အထက်ဖော်ပြပါ ဒီဇိုင်းမိုဒယ်ပုံစံတစ်ခုအတွင်း ပါဝင်ဖွဲ့စည်းထားရှိသည့် အကြောင်းအရာများကို စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရန် (စာ - ၅) ပုံတွင်ဖော်ပြထားပါသည်။ ပုံတွင်ဖော်ပြထားရှိသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်း တင်ပြရန် ယခုဆောင်းပါးအဆင့်နှင့် မဖြစ်နိုင်ပါသဖြင့် ပါဝင်သည့် သတင်းအချက်အလက်များကို တိုက်ရိုက် မြန်မာဘာသာပြန်ပြီး တင်ပြပါမည်။ တင်ပြသည့်အခါတွင် မြန်မာဘာသာပြန်ဆိုထားချက်များကို ဦးစွာတင်ပြပြီး မူရင်း အင်္ဂလိပ်စာနှင့် တင်ပြချက်ကို ကပ်လျက်တွဲပြီး တင်ပြပါမည်။

 တိမ် သို့မဟုတ် အင်တာနက် ဒီဇိုင်းမိုဒယ်ပုံစံသည် မရှိမဖြစ် အရေးကြီးသည့် သွင်ပြင်လက္ခဏာ ရပ်ငါးရပ်နှင့် ပါဝင်ဖွဲ့စည်းထားရှိသည့်အပြင် ဝန်ဆောင်မှုဒီဇိုင်း မိုဒယ်ပုံစံ သုံးခုနှင့် ထိရောက်စွာ အသုံးပြုနိုင်မည့် ဒီဇိုင်းမိုဒယ်ပုံစံ လေးခုတို့လည်း ပါဝင်ဖွဲ့စည်းထားရှိပါသည်။

This cloud model is composed of five essential characteristics, three service models, and four deployment models.(Reference: 1, pp – 2).

မရှိမဖြစ်အရေးကြီးသည့် သွင်ပြင်လက္ခဏာရပ် ငါးရပ် “Essential Characteristics:(Reference: 1, pp – 2).

(၁) ဝယ်လိုအားရှုထောင့်အရ မိမိ ကိုယ်တိုင် ဝန်ဆောင်မှုကို ရယူခြင်း “On-demand self-service.

(၂) ကျယ်ပြန့်သည့်ကွန်ရက်ကို ရယူအသုံးပြုနိုင်ခြင်း “Broad network access.

(၃) အရင်းအမြစ်များကို စုပေါင်း ထားရှိခြင်း “Resource pooling.

(၄) မြန်ဆန်သော ဆန့်နိုင် ကျုံ့နိုင်သည့် အစွမ်းသတ္တိရှိခြင်း “Rapid elasticity.

(၅) ဝန်ဆောင်မှုကို တိုင်းတာ ထိန်းချုပ်နိုင်ခြင်း “Measured service.

ဝန်ဆောင်မှုဒီဇိုင်းမိုဒယ်ပုံစံ သုံးခု “Service Models:

 (၁) အပျော့ထည် ကွန်ပျူတာ ညွှန် ကြားချက်များကို ဝန်ဆောင်မှု တစ်ခုအဖြစ် ဆောင်ရွက်ခြင်း “Software as a Service (SaaS).

(၂) ပလက်ဖောင်း စင်မြင့်ကို ဝန်ဆောင်မှုတစ်ခုအဖြစ် ဆောင်ရွက်ခြင်း “Platform as a Service (PaaS).”

(၃) အခြေခံအဆောက်အအုံကို ဝန်ဆောင်မှုတစ်ခုအဖြစ် ဆောင်ရွက်ခြင်း “Infrastructure as a Service (IaaS).”

ထိရောက်စွာအသုံးပြုနိုင်မည့် ဒီဇိုင်းမိုဒယ်ပုံစံ လေးခု “Deployment Models:

(၁) ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် တိမ် သို့မဟုတ် အင်တာနက် “Private cloud.”

(၂) အကျိုးစီးပွားတူအုပ်စု လူမှုအဖွဲ့အစည်းများအတွက် တိမ် သို့မဟုတ် အင်တာနက် “Community cloud.”

(၃) အများပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် နိုင်ငံတော်အဖွဲ့အစည်းများအတွက် တိမ် သို့မဟုတ် အင်တာနက် “Public cloud.”

(၄) အထက်တွင်ဖော်ပြထားရှိသည့် အဖွဲ့အစည်းများထဲမှ အမျိုးအစား မတူညီသည့် အုပ်စု နှစ်စု သို့မဟုတ် အုပ်စုများ ပေါင်းစပ်ထားသော အဖွဲ့အစည်းများအတွက် တိမ် သို့မဟုတ် အင်တာနက် “ Hybrid cloud.”

တတိယအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် တိမ် သို့မဟုတ် အင်တာနက် အသုံးပြုမှု အခြေအနေကို အင်တာနက်စာမျက်နှာများတွင်ရှိ ရနိုင်သမျှသော သတင်းအချက်အလက်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ (Reference: 2) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များကို အခြေခံပြီး ကောက်နုတ်တင်ပြရပါလျှင် -

- ၂၀၂၃ ဇန်နဝါရီလတွင် မြန်မာ နိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၄ ဒသမ ၃၈ သန်းခန့် ဖြစ်ပါသည်။ “Myanmar’s total population was 54.38 million in Januar y 2023.”

- ၂၀၂၃ ခုနှစ် အစပိုင်းတွင် မြန်မာ နိုင်ငံအတွင်း အင်တာနက် အသုံးပြုသူ ခန့်မှန်းလူဦးရေမှာ ၂၃ ဒသမ ၉၃ သန်းခန့် ဖြစ်ပါသည်။ အင်တာနက်အသုံးပြုသူ လူဦးရေသည် စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းခန့် ရှိပါသည်။

“There were 23.93 million internet users in Myanmar at the start of 2023, when internet penetration stood at 44.0 percent.”

- ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအတွင်း အခြေချနေ ထိုင်သည့်နေရာများမှ လူမှုမီဒီယာ အသုံးပြုသူ ခန့်မှန်းလူဦးရေမှာ ၁၅ သန်းခန့် ရှိပြီး စုစုပေါင်းလူဦးရေ၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှပါသည်။ “Myanmar was home to 15.00 million social media users in January 2023, equating to 27.6 percent of the total population.”

- ၂၀၂၃ ခုနှစ် အစောပိုင်း သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဆဲလူလာ မိုဘိုင်းဖုန်း အသုံးပြုလျက် ရှိသည့်အရေအတွက်မှာ ၆၄ ဒသမ ၆၀ သန်းခန့် ရှိပါသည်။ စုစုပေါင်း လူဦးရေ၏ ၁၁၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် ညီမျှပါသည်။ “A total of 64.60 million cellular mobile connections were active in Myanmar in early 2023, with this figure equivalent to 118.8 percent of the total population.”

သို့သော်လည်း (Reference: 3) တွင် ဖော်ပြထားရှိသည့် သတင်း အချက်အလက်များအရ တိုင်းပြည် တည်ဆောက်ခြင်း၊  နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင်နေထိုင်လျက်ရှိသည့် ပြည်သူ ပြည်သား နိုင်ငံသားများအား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်စေရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းရပ်များ၏ အခြေအနေကို တင်ပြရပါလျှင်-

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာ ပစ္စည်းများဖြစ်ကြ သည့် ကွန်ပျူတာ၊ အင်တာနက် စသည်တို့ကို အပြည့်အဝ အကျိုးရှိရှိ အသုံးချနိုင်သည့် အစိုးရ (e-government) တစ်ရပ်အဖြစ်သို့ ရောက်ရှိရန် ဖြစ်နိုင်ခြေများမှာ ကနဦးအစ အဆင့်၌သာလျှင် ရောက်ရှိနေပါသည်။ အထူးသဖြင့် အစိုးရ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် ပတ်သက်သည့် လုပ်ငန်းစီမံကိန်း များ (ICT Projects) အားလုံးနီးပါးမှာ အောင်မြင်ခြင်းမရှိဘဲ ဆုံးရှုံးမှု ကျဆုံးမှုများနှင့်သာ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိနေပါသည်။ ကွန်ပျူ တာများတွင် အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရာတွင် စရိတ်စကကြီးမြင့်ခြင်း၊ အချိန်ကုန်ခြင်းနှင့် မူလအခြေခံအားဖြင့် ငွေကြေးကို အကျိုးရှိထိရောက်စွာ အသုံးမပြုနိုင်သဖြင့် ပြောင်းလဲမှုများမှာ အောင်မြင်ခြင်းမရှိပါ။ ထို့ပြင် ဝန်ဆောင်မှုပေးရန်အတွက် ရှင်းလင်းပြတ်သားသည့် ဦးစားပေးချက် တစ်ရပ်မရှိခြင်းလည်း ပါဝင်ပါသည်။

“Myanmar is at an early stage in exploiting the possibilities of e-government, and the reality is that most government ICT projects fail.  Digitalization can be expensive and time consuming, and ultimately may not offer value for money if reforms are unsuccessful or do not serve a clear priority.” (Reference: 3, pp – 7).

နိဂုံးချုပ်အနေဖြင့် တင်ပြလို သည်မှာ စာရေးသူကဲ့သို့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ပလက်နှင့် အင်တာနက်ကို အသုံးပြုလျက်ရှိနေပါသော်လည်း တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက် ခြင်း (Cloud Computing) သဘောတရားများ၏ အခြေခံကို စနစ်ကျစွာ သိမြင်နားလည်ခြင်း မရှိပါသဖြင့် စာရေးသူကဲ့သို့သော စာဖတ်သူများအတွက် မိတ်ဆက် အနေဖြင့် စတင်ပြီး သိမြင်နားလည် နိုင်ကြပါစေကြောင်းနှင့် ဆက်လက်ပြီး ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့လာနိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။ ထို့ပြင် တိမ်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုတွက်ချက်ခြင်း (Cloud Computing) သဘောတရားများကို တိုင်း ပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင်နေထိုင်လျက်ရှိသည့် ပြည်သူ ပြည်သား နိုင်ငံသားများအား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်စေရေးတို့အတွက် ထိရောက်စွာ အသုံးပြုနိုင်စေရေးကိုလည်း ဆထက်ထမ်းပိုး အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 References:

1. Peter Mell and Timothy Grance (2011), “The NIST Definition of Cloud Computing; Recommendations of the National Institute of Standards and Technology”, National Institute of Standards and Technology (NIST), U.S. Department of Commerce, Special Publications 800-145, September 2011.

2. https://datareportal.com/reports/digital-2023-myanmar

3. Richard Batcheler, Lu Min Lwin, David Ney, James Owen and James Powers (2020), “Developing Myanmar’s Local Data Ecosystem”, March 2020, The Asia Foundation.

Most Read

Most Recent