ရာသီဥတု ပြောင်းလဲမှုကြောင့် စပါးစိုက်ရမှာ စိုးရိမ်နေတဲ့ မဲဇာမြစ်ရိုးက တောင်သူများ

ရာသီဥတု ပြောင်းလဲမှုကြောင့် စပါးစိုက်ရမှာ စိုးရိမ်နေတဲ့ မဲဇာမြစ်ရိုးက တောင်သူများ
မဲဇာမြစ်ဘေးတွင် လယ်ယာစိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်သူများကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မဲဇာမြစ်ဘေးတွင် လယ်ယာစိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်သူများကို ယခင်နှစ်များက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Published 24 September 2023
ထွန်းလင်းအောင် (မြစ်ကြီးနား)

  ''ဒီနှစ်မှာ ဘယ်လယ်ကွင်းမှ ရေမတင်ဘဲ စိုက်ရတယ်ဆိုတာ မရှိဘူး။ ဒီဇယ်တစ်ပီပါကခြောက်သိန်းကျော်တွေချည်း။ တက်တာပဲ ရှိတယ်။ တောင်သူတွေမှာ လယ်လုပ်ရမှာကို ကြောက်နေပြီမောင်။စပါးစျေး၊ စစ်ဘေးတွေကြောင့်တာ ဝမ်းစာကို မဲပြီး လုပ်ကြတော့တာ။ မစိုက်ရင်လည်း ငတ်တော့မှာဟေ့။ဒီလိုမိုးမျိုးနဲ့ ဒီဒေသက  သားစဉ်မြေးဆက် လယ်လုပ်စားဖို့ မကောင်းတော့ဘူး'' ဟု မဲဇာတိုက်နယ်မှ တောင်သူ ကိုအေးက ဆိုသည်။

ဒေသခံတောင်သူများ ညည်းချင်းများပင်။ အလှူ၊ မင်္ဂလာ၊ အသုဘ၊ဥပုသ်ယူ မည်သည့် လူစုလူဝေးဖြစ်ဖြစ် မိုးဇလ သတင်း၊ စိုက်ပျိုးရေးသတင်း၊ စစ်ရေးသတင်းများက ထိပ်ဆုံးတွင်ရပ်တည်နေသည်။ တောင်သူများနှင့် စကားပြောတိုင်း မဲဇာမြစ်ရိုး၏ လေးသံက နားထဲပဲ့တင်ထပ်နေသည်။

''တောင်သူတွေ ရူးရမယ့်နှစ်ပမောင်ရေ...''

''နည်းလွန်းလှတဲ့ မိုး''

လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းက ဖြစ်သည်။ မိုးမကောင်း တောင်ရိုးလျှောက်၊ လူမကောင်းတောင်ဝှေးထောက်ဟု  ပင်သချေရွာက အသက် ၇၆ နှစ်အရွယ် ဒေါ်မြကတောင်ဝှေးထောက်ကာကောင်းကင်ကြည့်ရင်းပြောသည်။ ရွာနေသည့်မိုးက ဘုရားစူး၊ မိုးကြိုးပစ် မိုးဟုဆိုရမလိုပင်နှင်းဖွဲလေးလို ငွေ့ငွေ့လေးကျနေသည်။ မိမိတို့ ငယ်စဉ်ကကျခဲ့သည့် နှင်းပင် ယခုမိုးထက်သည်းသည်ဟု ရဲရဲကြီး အာမခံနိုင်သည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ဆောင်းတွင်းများ မနက်စောစော အလုပ်ထွက်ကြပါကခေါင်းပေါင်း၊ ဦးထုပ်များ ရွှဲရွှဲစိုသည်။ ယခုမိုးကား ခမောက်ပင် ဆောင်းစရာမလို။

''မိုးက အုံ့တယ်။ ရွာတယ်။ နေ့တိုင်းလောက်ပဲ။ ရေက တစ်ကိုယ်စွတ်မရတာ များတယ်။ ပုဇင်းသေးပန်းတာမှ များသေးတယ်။ အင်းတော်မြို့နယ် အထက်ပိုင်းတွေက ခံသာသေးတယ်။ အင်းတော်တောင်ခြမ်းတစ်မြို့နယ်လုံးကြီး မိုးကွင်းနေတာ။ ရွာရှေ့အင်းဟာ ဝါဝင်ခါနီးနေပြီ။ ဖားလီးထစ်မှ ရေဆေးစရာမရှိဘူး'' ဟု တောင်သူကိုအေးက ညည်းသည်။ တစ်နှစ်မှ မစမ်းဖူးသည့် ကြဲခင်းလုပ်ရန် ပြင်နေရသည်ဟုဆိုသည်။  

ကသာခရိုင် မိုးဇလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ရုံးမှတ်တမ်းအရ  ကသာခရိုင်၏ပျမ်းမျှ မိုးရေချိန်သည် ၆၀ ဒသမ ၁၅ လက်မဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မိုးရွာရက် ၇၉ ရက်၊ မိုးရေချိန် ၅၀ ဒသမ ၄၃ လက်မ၊၂၀၁၇ ခုနှစ်တွင် မိုးရွာရက် ၉၂ ရက်၊ မိုးရေချိန် ၆၂ ဒသမ ၃၂ လက်မ၊ ၂၀၁၈ ခုနှစ်တွင် မိုးရွာရက် ၈၁ ရက်မိုးရေချိန် ၅၄ ဒသမ ၅၃ လက်မ၊ ၂၀၁၉ ခုနှစ်တွင် မိုးရွာရက် ၈၇ ရက်၊ မိုးရေချိန် ၃၂ ဒသမ ၇၆ လက်မ၊၂၀၂၀ ခုနှစ်တွင် မိုးရွာရက် ၉၃ ရက်၊ မိုးရေချိန် ၆၃ ဒသမ ၇၀ လက်မ၊ ၂၀၂၁ ခုနှစ်တွင် မိုးရွာရက် ၇၇ ရက်၊ မိုးရေချိန်၃၈ ဒသမ ၃၉ လက်မ၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာရက် ၉၃ ရက်၊ မိုးရေချိန် ၅၉ ဒသမ ၅၇ လက်မ ရွာသွန်းခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လကုန်အထိ မိုးရွာရက် ၆၃ ရက်၊ စုစုပေါင်း မိုးရေချိန် ၃၁ ဒသမ ၁၈ လက်မသာရွာသွန်းခဲ့သည်။ ဇန်နဝါရီတွင် မိုးရေချိန်မရှိဘဲ ဖေဖော်ဝါရီတွင် သုည ဒသမ ၀၈ လက်မ၊ မတ်တွင် ၁ ဒသမ ၂၂ လက်မ၊ဧပြီတွင် သုည ဒသမ ၆၃ လက်မ၊ မေတွင် ၄ ဒသမ ၇၆ လက်မ၊ ဇွန်တွင် ၁၀ ဒသမ ၉၅ လက်မ၊ ဇူလိုင်တွင် ၅ လက်မ၊သြဂုတ်တွင် ၇ ရက်အတွင်း ၈ ဒသမ ၅၄ လက်မ ရွာသွန်းထားသည်။ ကသာခရိုင်၊ မိုးလေဝသနှင့် ဇလဗေဒဌာနကဦးဟန်ထက်အောင်က ''မိုးက ဒီနှစ်လည်း နည်းသွားတယ်။ အယ်နီညိုနှစ်ကတော့ ပုံမှန် မိုးလေဝသဖောက်နေတာပဲ။ကမ္ဘာကြီး ပူးနွေးမှု အကျိုးဆက်ကနေ ဖြစ်လာတဲ့ Climate Change အကျိုးဆက်တွေပဲ။ ၁၉၇၉ ခုနှစ်လောက်ကတည်းမြန်မာပြည်လည်း ဖြစ်လာတယ်လို့ ပညာရှင်တွေက မှတ်တမ်းတွေနဲ့ ထုတ်ပြလာတယ်။အရင်ကတော့ မသိမသာနဲ့ပေါ့။ အခုတော့ သိသိသာသာ အထိအခိုက်တွေ ဖြစ်လာတာပေါ့'' ဟု ဆိုသည်။

ယခင်အနည်းဆုံးနှစ်များက ၂၀၀၂ ခုနှစ်က ၄၂ ဒသမ ၇၈ လက်မ၊ ၁၉၉၈ ခုနှစ်တွင် ၄၁ ဒသမ ၄၃ လက်မ၊  ၁၉၉၉ ခုနှစ်တွင် ၄၁ ဒသမ ၉၄ လက်မ   ဖြစ်သည်။

မိုးခေါင်သည့် ပုံစံဖြစ်သည့် ပူခေါင်၊ အုံ့ခေါင်၊ ရွာခေါင်တွင် ရွာလည်ရွာ၊ ခေါင်လည်းခေါင်သောနှစ်ဟု ဒေသခံ တောင်သူများကသတ်မှတ်ကြသည်။ မည်သည့်နေ့ရောက်ရောက် အုံ့ပြက်ပြက်ဟုဆိုကြသည်။'' ငါတို့ငယ်စဉ်ကတော့ ခုနစ်ရက်ခုနစ်လီ ရွာလွန်းလို့ ခြင်းကျားမျက်ခွက်ထဲ ကျောက်ခဲထည့်ပြီး ဒါပြည့်အောင်ရွာ၊ ကျောက်ခဲ အရည်ပျော်အောင်ရွာဟလုပ်ကြရတာ။ ဒီနှစ်မှာ တစ်ကိုယ်စွပ်လို့ ပြောရတဲ့မိုးက မိုခါမုန်တိုင်းတုန်းက ခဏလေးရယ်။ နောက်ထပ် မိုးတွေကတစ်ကိုယ်စွပ်ရုံ နှစ်ကြိမ်လောက် ရှိမယ်။ ဟိုဘက်ကုန်းရိုးက မိုးသည်းတယ်။ ဒီဘက်ကုန်းရိုးက မိုးပေါက်ကိုမကျတာလည်း တွေ့တယ်။ မျက်လှည့်ပြသလိုပဲ။ ၁၀ နှစ်ကျော်အတွင်းမှာ တောင်သူလုပ်ငန်းတွေ ထိခိုက်လာတာပဲ။ သိသိသာသာ  ဖြစ်နေတာ ၂၀၁၉ ခုနှစ်က တစ်နှစ်ခြားပဲလေ။ အဓိကတော့ သစ်တောပြုန်းတာပဲလို့ ယူဆတယ်။ ကျွန်းသစ်ဆိုရင် မျိုးသုဉ်းသလို ဖြစ်နေပြီ။ တောင်တွေကညို့လို့မှိုင်းလို့မရှိတော့ဘူးလေ'' ဟု အသက် ၇၀ ကျော် တောင်သူ ဦးအောင်သိန်းက ဆိုသည်။

''ပျောက်ကွယ်သွားတဲ့ သစ်တောကြီးများ''

ကသာခရိုင်သည် တော၊ တောင်၊ ချောင်း၊ မြောင်း၊ စိမ့်ကြီး  ၊မြိုင်ကြီးအရပ်ဖြစ်သည်။ သား၊ ငါးပေါသည်။ ကသာခရိုင်သည် စစ်ကိုင်းတိုင်း မြောက်ဘက်အကျဆုံး ခရိုင်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင်ကချင်ပြည်နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေသည်။ အနောက်ဘက်တွင် ထမံသီ ဘေးမဲ့တောရှိသည့်  ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပြောင်းလဲသွားသည်ကသစ်စက်များ များလာခြင်း၊ ရွှေမှော်များ များလာခြင်းက ကသာခရိုင်တွင် သိသိသာသာ ဖြစ်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး သံလမ်းရိုး တစ်လျှောက်က မြို့ရွာများနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် သစ်ကောင်းများ ရှားပါးလာခြင်းကလည်း ကသာခရိုင်က သစ်တောများ သစ်ခိုးထုတ်မှု များစေသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ပွင့်လင်းရာသီ တစ်လျှောက်လုံး အုံနှင့်ကျင်းနှင့် ထုတ်လုပ်ခဲ့သော်လည်း တရုတ်နယ်စပ်များတွင် ကိုဗစ်ရောဂါအကြောင်းပြကာ မှောင်ခိုဝင်ပေါက်များ တင်းကျပ်ခဲ့သဖြင့် ခိုးထုတ်မှုသည် ၂၀၂၂ ခုနှစ်လောက် မများခဲ့ပေ။

ကသာခရိုင်တွင် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့် စသည့်မြို့နယ်လေးခုရှိပြီး သစ်တောကြိုးဝိုင်း ၄၄ ခု၊ ဧရိယာဧက ၁၀၀၈၃၃၇ ဧက၊ ကြိုးပြင်ကာကွယ်တော ၂၀ ခု၊ ဧရိယာဧက ၃၀၈၂၁၁ ဧက၊သဘာဝထိန်းသိမ်းရေ နယ်မြေ တစ်ခု၊ ဧရိယာ ၆၀၀၄၆ ဒသမ ၇၁ ဧက ရှိသည်။ လက်ရှိအနေအထားအရဇလုံတောင် သဘာဝထိန်းသိမ်းရေးနယ်မြေမှလွဲ၍ ကျန်ဒေသများတွင် ရသည့်နည်းလမ်းဖြင့် သယ်ထုတ်နေကြကြောင်း၊ ကျွန်းသစ်၊ တမလန်းအပြင် အင်ကြင်း၊ သစ်ရာ စသည့်သစ်များကို ခုတ်ယူခဲ့ကြောင်း သိရသည်။    ''ရထားနဲ့လာရင် အနောက်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း ကျွန်းကုန်တဲ့နှစ်က ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီမှာပဲ ကုန်သွားခဲ့ပြီ။ ပေါင်လုံးသာသာ သုံးထွာဆိုင် ကျွန်းက မြင်ရဖို့ မလွယ်တော့ဘူး''ဟု မန်လည်နယ်သားတစ်ဦးက ပြောကြားသည်။

ကသာဒေသ၏ တောတောင်များကို အစောဆုံးမှတ်တမ်းတင်ခဲ့သူသည် မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် နယ်နှင်ဒဏ်ပေးခံရသည့်လက်ဝဲသုန္ဒရအမတ်ကြီး၏ ဂန္ထဝင်ကဗျာဖြစ်သည့် '' မဲဇာတောင်ခြေ ရတု'' ဖြစ်သည်။ ၁၁၂၆ ခုနှစ်တွင် ပြစ်ဒဏ်မှလွတ်ကင်းသဖြင့် နှစ်နှစ်နီးပါးမျှ အမတ်ကြီး ခိုအောင်းခဲ့သည့် နေရာလည်းဖြစ်သည်။ ထီးချိုင့်မြို့နယ်အတွင်းတည်ရှိပြီး သံလမ်းဘူတာဆိုက်သည့် အင်းတော်မြို့နယ်က မဲဇာကြီးနှင့် ၁၈ မိုင်ခန့်ဝေးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၈၃ ခုနှစ်က စာဆိုအမတ်ကြီးက (သတ်ပုံ မပြင်ပါနှင့်) '' စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျော်ပါရ၊ နေကိုတလည်း၊ ဘယ်က ရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ကြံတိုင်းမောစွ'' ဟု အရပ်မျက်နှာ မမှတ်မိလောက် တောကြီးမျက်မည်း ဖြစ်ခဲ့ကြောင်း ရေးဖွဲ့ခဲ့ရသည့် ဒေသဖြစ်သည်။

အဆိုပါ သမိုင်းတွင်ခဲ့သည့် သစ်တောကြီးများတွင် ဒဏ္ဍာရီသဖွယ် ဖြစ်နေအောင် ခိုးထုတ်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

''စစ်ဘေးနှင့် ရာသီဘေးတွဲကာ ရင်ဆိုင်ကြရတယ်''

ကသာခရိုင်အတွင်းရှိ မြို့နယ်များသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများသည့် ဒေသဖြစ်ခဲ့သည်။ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက် မြို့နယ်များတွင် တိုက်ပွဲများဖြစ်သည်။ နေအိမ်များ မီးလောင်ခံရသည်။ ဝမ်းစာများကို တောတောင်များတွင်  ဝှက်ကြရသည်။ မြို့ပေါ်ကို ပို့ထားရသည်။ကားလမ်းရိုးနှင့် ရထားသံလမ်းရိုး ဝန်းကျင်ရွာများတွင် လူများ အတည်တကျ မနေရဲကြ။ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်အတွင်းထီးချိုင့်မြို့နယ်မှ ကျေးရွာများတွင် အိမ်ခြေရာချီကာ မီးလောင်ရာတွင် ဒေသခံတောင်သူများ၏ စပါးကျီများပါဝင်ခဲ့သည်။ အချို့ကျေးရွာများမှာ လေးကြိမ်အထိ မီးလောင်ခံရသည့် ဖြစ်စဉ်များပင် ရှိခဲ့သည်။ယင်းဖြစ်စဉ်များက ဒေသတခုလုံးကို ရိုက်ခတ်ကာ အခြားသော ကျေးရွာများကတောင်သူ များက ရိတ်သိမ်းရရှိခဲ့သည့် စပါးများကို ကျေးရွာအတွင်း မထားရဲတော့သည့် အဖြစ်နှင့်ရင်ဆိုင်ကြရခြင်းဖြစ်သည်။

ကသာခရိုင်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ရှစ်သိန်းခြောက်သောင်းကျော်တွင် တစ်သိန်းကျော်သာ မြို့ပြတွင် နေထိုင်သူများဖြစ်သည်။ခရိုင်တစ်ခုလုံး၏ လူဦးရေ ခုနှစ်သိန်းခွဲကျော်မှာ ဝမ်းစာအတွက် မဖြစ်မနေ စပါးစိုက်နေကြရခြင်းဖြစ်သည်။ ''အတော်များများက လယ်ကထွက်တာနဲ့ရောင်း၊ ကျန်တာကို လယ်တွေ အခင်းတွေမှာ ခွဲထား။ တစ်နှစ်စာကို တွက်ပြီး ဝမ်းစာချန်တော့ လာမယ့်နှစ်အတွက် လယ်ကို မလုပ်လို့မရဘူး။ ဆွေတွေ၊ မျိုးတွေဆီကလည်း ချေးငှားစားဖို့ မလွယ်ဘူးလေ။ လယ်မလုပ်ရင် ငတ်နိုင်တော့ ရသမျှအင်အားနဲ့ လယ်လုပ်ရတာ'' ဟု ဆိုသည်။

အင်းတော်မြို့နယ်အတွင်း  စက်သုံးဆီစျေးမှာ ဂါလန် ၅၀ ဝင်  ဒီဇယ်၊  92 ဆီ ဂါလန် ၅၀ ပါ တစ်ပီပါလျှင် ခြောက်သိန်းကျပ်အထက်တွင် ရှိနေသည်။ လယ်အတွက် အောင်ရေ အနည်းဆုံး သုံးကြိမ်တင်ရမည်ဆိုပါက တစ်ဧကလျှင် ဂါလန် ၃၀ ဝန်းကျင်ကုန်ကျသည်။ ကသာခရိုင်တွင် ၂၀၁၉ ခုနှစ်အတွင်း လယ်စိုက်ဧက ၃၆၃၆၃၄၄ ဧက (သုံးသိန်းခြောက်သောင်းကျော်) ရှိပြီး အများစုသည် မိုးရေခံလယ်များဖြစ်သည်။ သွင်းစားစုတစ်ခုဖြစ်သည့် လောင်စာဆီပင် ကျပ်ငွေ မီလျံချီသည့် ပမာဏဖြစ်သည်။

''တောင်သူများနှင့် မရင်းနှီးတဲ့ စနစ်အပြောင်းအလဲနဲ့ နည်းပညာအပြောင်းအလဲ''

၂၀၁၉ ခုနှစ်မှာ ဝါဆို၊ ဝါခေါင် လယ်ကွင်းထဲ ဖုန်တထောင်းထခဲ့သည့်နှစ်က တောင်သူများက ဖြစ်သည့်နည်းနှင့် ပက်ကြဲခင်းများ စခဲ့သည်ဟုဆိုသည်။  ဒေသအခေါ်က တစ်တန်ကြဲဟု ဆိုသည်။ အစေ့ချကိရိယာများ မပါတော့ မညီညာမှုများ၊ စိပ်ခြင်း ကျဲခြင်းများ၊ ပေါင်းရှင်း ရပြဿနာများ အဓိက ဖြစ်သည်။ '' ကြဲခင်းတော့ ပေါင်းထတာပဲ။  ပေါင်းနိုင်ရင် စိုက်ခင်းထက် ကောင်းတယ်။ အစေ့ချစနစ်ဆိုရင် ပိုကောင်းတာပေါ့။ ဘယ်အဖွဲ့ကမှ ပညာပေးတာတော့ မရှိဘူး။ သူ့အခင်း ဝင်ကြည့်၊ ကိုယ့်အခင်း သူဝင်ကြည့် ကောင်းတဲ့စနစ် ယူပြီးလုပ်နေတာ။ ဒီလိုမိုးနဲ့ စိုက်စနစ်သွားနေရင်

ဆီဖိုးနဲ့တင် မွဲသွားမှာ '' ဟု မဲဇာမြစ်ရိုးတွင် ကြဲခင်းလုပ်နေသည့် တောင်သူ ထွန်းထွန်းဝင်းက ဆိုသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း Climate Change ကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်း၊ မုတ်သုံကာလ ၁၄၄ ရက်မှ ၁၂၁ ရက်အထိ တိုတောင်းမှုဖြစ်လာပြီး စိုက်ပျိုးရေးဌာနများနှင့်ပေါင်းပြီး ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေလိုအပ်ချက်နည်းသည့် ရာသီဒဏ်ခံ စျေးကွက်ဝင်သီးနှံများ အစားထိုးစိုက်ပျိုးရန် ပညာပေးမှုများ လုပ်နေကြောင်းဆိုသည်။

အင်းတော်မြို့နယ် စိုက်ပျိုးရေးဌာနက အငြိမ်းစား အရာရှိတစ်ဦးက ''Climate Change ကတစ်ကမ္ဘာလုံး ဖြစ်နေတာ ဆယ်စုနှစ်တွေ ချီနေပြီ။ မြန်မာပြည်က တောင်သူတွေက ပြင်ချိန်မရဘူး။ ဌာနကကို ဒီကိစ္စ

အရေးတယူ လုပ်တာ နောက်ကျနေတယ်။ အခုလည်း ဒေသခံ တောင်သူတွေက ရာသီအပြောင်းအလဲကို မလိုက်နိုင်ကြသေးဘူး။ ရာသီနဲ့ ကိုက်ညီတာ၊ ဒေသနဲ့ကိုက်ညီတာစိုက်ဖို့ ပညာပေးနေကြပါတယ်။ တချို့တောင်သူတွေက ငါးပေါက်ကျင်း၊ သုံးပေါက်ကျင်းတွေ ရိုက်ဖို့လိုတယ်။ လျှိုလယ် (တောင်ကြားလယ်) တွေမှာ  ရေကန်ငယ်လေးတွေ တူးကြတာလည်း မိုးခေါင်တဲ့အခါ၊ ရေလိုတဲ့အခါ အကျိုးဖြစ်ထွန်းကြပါတယ်။ ရေကိုတော့ ရတဲ့နည်းနဲပ ဖန်တီးဖို့ လိုပါတယ်။ စိုက်စနစ်ပြောင်း၊ နည်းပညာ စက်မှုတွေ ပြောင်းမှ ခံသာမှာ '' ဟု ဆိုသည်။

အင်းတော်မြို့နယ်တွင် ပိုက်ဖိုးမပါ ဘုံဘိုင်တွင်း တစ်ကျင်းကို ကျပ်ခြောက်သောင်းကုန်ကျသည်ဟုဆိုသည်။တချို့ ဘုံဘိုင်ရေခန်းခြင်းမျိုးလည်း ရှိနေသည်။ ''မိုးဝင်ကတည်းက ရိုက်နေကြတာ။ အခုအထိလည်း

မနားကြရသေးဘူး။ မဲဇာမှာ ၁၆ ကျင်း၊ သစ်လှတော၊ တုံစည်မှာ ကျင်း ၃၀ လောက်ရှိတယ်။ ဒီရွာမှာက ၁၀ ဦးကျော်မယ်။ ရေပေါရင် သုံးပေါက်ကျင်း၊ ရေနည်းရင် ငါးပေါက်ကျင်းရိုက်ရတာ'' ဟု မဲဇာတိုက်နယ်က  ဘုံဘိုင်ရိုက်သည့် ကိုစိုးလွင်မိသားစုကဆိုသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မန်လည် တိုက်နယ်က တောင်သူ ဦးမောင်က''မိုးကမောက်ကမဖြစ်တာက ၁၀ နှစ်ကျော်ပြီ။ သားသမီးတွေကိုလည်း ဘယ်မြေကွက် ရောင်းရောင်း မဲဇာချောင်းဘေး အကွက်ချန်ကြလို့ မှာရတော့တာ။ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်ခဲ့တာ ဒီလိုတွေမှာ မကြားဘူး။မကြုံဖူးဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နှစ်တိုင်း မဲဇာချောင်းရေ လျှံတယ်။ အခု ရေမကြီးတာရှစ်နှစ်ရှိပြီ ။ အကျိုးဆက်က နုန်းမတင်တော့ အခင်းမကောင်းဘူး။ မဲဇာချောင်းဘေး စိုက်ခင်းက ကြွက်နဲ့လုရတာပဲ'' ဟု ဆိုသည်။

''မဲဇာမြစ်ရေကြီးဖို့ မျှော်လင့်နေဆဲ တောင်သူတွေ''

မဲဇာမြစ်မှာ ဗန်းမောက်မြို့နယ်တွင် ၂၈ မိုင်၊ အင်းတော်မြို့နယ်တွင် ၃၈ မိုင်၊ ထီးချိုင့်မြို့နယ်တွင်မိုင် ၂၀ ရှိပြီး ၈၆ မိုင်ဝန်းကျင် ရှည်လျားသည့် မြစ်တစ်စင်းဖြစ်သည်။ ကျေးရွာပေါင်း ၁ဝဝကျော်မှီခိုနေရပြီး မြေရေလွှမ်း စိုက်ပျိုးမြေဧက ၁၀၉၂၀ ဧက ရှိသည်။ ၁၉၉၀ ခုနှစ်များဝန်းကျင်မတိုင်မီက နှစ်စဉ် အနည်းဆုံး တစ်ကြိမ်မှ လေးကြိမ်အထိ ရေလွှမ်းသည့် မြစ်ဝှမ်းလွင်ပြင်ဖြစ်သည်။ စိုက်သမျှ သီးနှံဖြစ်ထွန်းကာ မဲဇာ မြစ်ရိုး၊ချောင်းရိုးထွက် နေကြာ၊ ပဲဆီတို့သည် ဒေသတစ်ဝန်း၊ နိုင်ငံတစ်ဝန်းနှင့် တရုတ်နိုင်ငံအထိ နာမည်ရခဲ့သည်။ မြစ်ရေမလွှမ်းသည့် အခြေအနေကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှသာ စတင်ကြုံတွေ့လာသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မဲဇာမြစ်ရိုးတွင်  ကြွက်သောင်းကျန်းမှုကို ၂၀၁၇ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်မှစတင်ကာ ခံစားခဲ့ကြရခြင်းဖြစ်ပြီး အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဒေသခံ တောင်သူများက ဆိုသည်။  ဒေသခံတောင်သူအများစု သုံးသပ်ချက်အရ မဲဇာမြစ်ရိုးတွင် ကြွက်များသောင်းကျန်းမှုသည်မြစ်ရေကြီးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မဲဇာမြစ်ရေ ကမ်းလျှံသည်အထိ ရေမကြီးသည်မှာရှစ်နှစ်ရှိပြီဖြစ်ကြောင်း၊ ကြွက်များကို စားသုံးသည့် တောကြောင်များ၊ မြွေများ ရှားပါးပြုန်းတီးလာခြင်းနှင့် သက်ဆိုင်ခြင်းများ ရှိနေသည်ဟု တောင်သူများက  သုံးသပ်သည်။

စိုက်ပျိုးရေးအရာရှိ ဦးအောင်မျိုးဝင်းက ကြွက်များသည် အခြားအရပ်မှ အစာရှားပါးမှုကြောင့် ပြောင်းလာခြင်းနှင့် ဒေသတွင်းကြွက်များအတွက် အစာရေစာ ပတ်ဝန်းကျင် ကောင်းခြင်းများကြောင့် ပေါက်ဖွားနှုန်းမြင့်တက်လာမှုကြောင့်ဖြစ်တတ်ကြောင်း သုံးသပ်သည်။     ၎င်းက'' စုပေါင်းပြီး မနှိမ်နှင်းရင် မအောင်မြင်ဘူး။ ကြွက်သတ်ဆေးသုံးတာလည်း အကောင်းဆုံးနည်းမဟုတ်ပါဘူး။ ကြွက်သတ်ဆေးက တကယ်တမ်း မထိရောက်ပါဘူး။ သဘာဝအစာရှိရင် ကြွက်သတ်ဆေးပါတာကို မစားတာမျိုးတွေရှိတယ်။ အစာကွင်းဆက်က အကောင်တွေ သေဆုံးတာမျိုး ဘေးထွက်ဆိုးကျိုးပါ ရောက်ကုန်တယ်။ ကြွက်က ၂၁ ရက်ပဲ ကိုယ်ဝန်ဆောင်တော့ အစာကောင်းရင် မျိုးပွားမှုကအရမ်းမြင့်တယ်။ အစာမရှိရင်လည်း မျိုးမပွားဘဲ အကြာကြီးနေကြတယ်။နောက်ဆုံးနည်းကတော့ ကိုယ်ဝန်မဆောင်နိုင်တဲ့ဆေးတွေ ကျွေးတာပါ လုပ်ကြရတာမျိုးရှိပါတယ်'' ဟုု ပြောကြားသည်။

သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးပညာရှင် ဦးနေမျိုးရွှေက ကမ္ဘာရာသီဥတုပြောင်းလဲခြင်း(Climate Change ) နှင့် ဂေဟစနစ်ပျက်ယွင်းခြင်းကို တစ်ကမ္ဘာလုံးကြုံတွေ့နေရပြီး စိုက်ပျိုးရေးအတွက်ကြီးမားသည့် ရိုက်ခတ်မှုဖြစ်ကြောင်း သုံးသပ်ထားသည်။

အသက် ၇၀ တောင်သူ ဦးဖိုးသိန်းက ''၁၉၉၀ ဝန်းကျင် မတိုင်ခင်က  မြေပဲတစ်ဖုတ် (ပဲတစ်ပင်)အနည်းဆုံးက ၃၀။ တကယ်ကောင်းတဲ့ အခင်းက ပဲအတောင့်  ၁၅၀ ဥကနေ ၂၀၀ ကျော်အထိ ဥကြတယ်။ အခုက မြေပဲ အတောင် ၄၀ ကျော် ဥရင် စုတ်သတ်ပြီး ချီးမွမ်းနေကြပြီ။ ရေကလည်း ကြီးလွန်းတဲ့နှစ်က အိမ်ကြမ်းခင်းနစ်လို့ ထုတ်မှာ တန်းထိုးနေကြရတာ။ ဒီမဲဇာမြစ်ရိုးကို အနယ်နယ်အရပ်ရပ်က ပဲကောက်လာကြတဲ့ ကာလပေါ့။ အရင်က ရေကြီးရင် စိတ်ညစ်ရတာ။ အခုက ရေကြီးတာကို မျှော်ကြရပြီ'' ဟု ဆိုသည်။

သဘာဝက ပေးသော လက်ဆောင်ကို လူတို့ဖန်တီးရန်ခက်ပါသည်။ မဲဇာမြစ်ရေ မကြီးသရွေ့ ကြွက်ကပ်ဘေးကင်းရန်၊ သီးနှံအထွက်ကောင်းရန် လမ်းစမမြင်ရသေးပါ။

''မြစ်နှင့်အတူ တိမ်ကောလာတဲ့ ဓလေ့များ''

မဲဇာမြစ်ဖျားသည် ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့် မြိုနယ်များနှင့် ထိစပ်နေသည်။ မြောက်ဘက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမှ စီးဝင်သည့် ချောင်းများလည်း ပါဝင်သည်။ ဧရာဝတီမြစ်အတွင်း သို့ ထီးချိုင့်မြို့အောက်ဘက် ညောင်ပင်သာကျေးရွာအနီးတွင် စီးဝင်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ဗမာ စသည့် တိုင်းရင်းသားတို့ မီခိုလာခဲ့သည့် မြစ်ဖြစ်သည်။

ကုန်းဘောင်ခေတ် မှတ်တမ်းများတွင် ရွှေခွန်ဆက်ရသည့် အတွက်ကြောင့် အခြားအခွန်များ ကင်းလွတ်ခွင့်ရသည်။ ရေစီးကောင်းမွန်သည့်အတွက် မင်းနေပြည်ကို လှေဖြင့် အခွန်ဆက်ခြင်း၊ ကုန်ရောင်းကုန်ဝယ်များပြုလုပ်ခြင်း မှတ်တမ်းများကျန်ရစ်သည်။ ယခုထက်တိုင် မန်လည်တိုက်နယ်၊ တံခွန်တိုင်ကျေးရွာတွင်  စေတီဟု ခေါ်တွင်သည့် အလျား ၅၇ ပေ၊ အနံ ၆ပေ ၅ လက်မရှိ  ကျွန်းသားသစ်လုံးထွင်းလှေကြီးကို တွေ့မြင်နိုင်သေးသည်။ ထိုထက်ကြီးမားသည့်  မင်းကျော် အမည်ရသည့်လှေကိုမူ ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ် (ခရစ်နှစ် ၁၈၈၃ခုနှစ်) တွင် မိုးညှင်းဇာတိ ဗိုလ်ဝါဦးဆောင်ကသီပေါမင်းကို ပုန်ကန်စဉ်  ဘုရင့်ကို အခွန်ဆက်သည့် လှေဟုဆိုကာ မီးရှို့ခဲ့ကြောင်းမှတ်တမ်းများက ဆိုသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ကိုယ်လိုနီခေတ်အထိ မဲဇာမြစ်အတွင်း  ဝါဆို၊ ဝါခေါင်လများတွင် ဘုန်းတော်ကြီးတိုက်နယ်အလိုက် လှေပြိုင်ပွဲများ မဲဇာမြစ်အတွင်း ကျင်းပခဲ့သည်ဟုဆိုသည်။ နန်းတော်အတွက် လိုအပ်သည့် သစ်များကိုဖောင်ဖွဲ့ပို့ဆောင်ရသည်။ ယင်းဖောင်စုန်သည့် ဓလေ့များ ၂၀၀၀ ပြည့်စ်ဝန်းကျင်ခန့်တွင် ပျောက်ဆုံးခဲ့သည်။

မန်လည်တိုက်နယ်မှ  ဝါးဖောင်လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးကျော်သန်းက ''မဲဇာသံတံတားကနေ မန်းလေဂေါဝင်ဆိပ်၊ စစ်ကိုင်းဆိုရင် ရှင်ပင် နံကိုင်းဆိပ်အထိ မိုးရာသီဆိုရင် ၁၅ ရက်၊ ဆောင်းဦးပေါက် ဆိုရင် ၃၅ ရက်။ ရေနည်းတဲ့ နွေဘက်လုရင် ၄၅ ရက်ကြာတယ်။ ၁၉၉၅ နောက်ပိုင်းတွေက မိုးရာသီပဲ ရေစီးကောင်းတော့တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းကျတော့ ဖောင်စုန်တာကို တဖြည်းဖြည်း ရပ်လိုက်ကြတော့တာ။ စက်လှေတွေလည်း

ရသလောက် ဆန်ပြီး လာသယ်ကြတော့တာ။ ရေကြောင်းလည်း ဆောင်းရာသီကို ဆင်းလို မရတော့ဘူး။ တိမ်သွားတယ်''ဟု ဆိုသည်။

ယင်းဝါးဖောင် လုပ်ငန်းအပြင် နှစ်စဉ်တော်သလင်းလဆန်းမှ တန်ဆောင်မုန်းလပြည့်နေ့ဝန်းကျင်အထိ မဲဇာမြစ်အတွင်း ငါးတက်သည့် ဖြစ်စဉ်သည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် မြစ်ဖျားပိုင်းတွင် ရွှေတူးဖော်မှုများ ရှိခဲ့ပြီးနောက်ပိုင်း လုံးဝပျက်သုဉ်းသွားကြောင်း အဖိုးသိန်းက ဆိုသည်။    ၎င်းက '' နှစ်စဉ် တော်သလင်း လဆန်းရင် ငါးသေးသေး၊ တန်ဆောင်မုန်းလဆန်းရင် ငလူးငါးတွေက ချောင်းတစ်ရိုးလုံးတက်တာ။ ပုရစ်တွေအခင်းတွေမှာ အော်တဲ့အချိန်နဲ့ ကွက်တိလောက်ပဲ။ သုံးလေးရက် ကွာတတ်တယ်။မြစ်ထဲရေတိမ်တဲ့ နေရာတွေမှာ ငါးတွေက အုပ်လိုက်တက်တော့ ကုန်းပေါ်က ခွေးက  အကောင်ထင်ပြီးကမ်းပါးက လိုက်တယ်။ နွေနှောင်းပိုင်းကျတော့ ငါးရစ်လို့ ပြောရမှာပေါ့။ အဲဒီအချိန်က ငါးကြီးတွေတက်တယ်။ငါးမြင်း၊ ငါးအုံတုံတွေပေါ့။ ချောင်းဖျားမှာ ရွှေတွေကျင်တဲ့နှစ်က စလို့ လုံးဝမတက်တော့ဘူး ''ဟု ဆိုသည်။

တန်ဆောင်မုန်းတွင် တက်သည့် ငါးလူးကို ငါးပိကောင်လုပ်ကာ လယ်သိမ်းသည့် နတ်တော်၊ ပြာသိုလများတွင်ကောက်ညှင်းကျည်တောက်၊ ခေါပုတ်၊ ခေါဆီ၊ ချဉ်ပေါင်းသီးတို့ဖြင့် တွဲဖက်စားရသည်ကမြစ်ရိုးတောင်သူအားလုံး ဆောင်းရာသီစားသည့်  ဒေသစာဟုဆိုသည်။    ''ငါးရှားသွားတာ မြစ်ငါးဆိုတာ မစားဖူးတော့ဘူး။ အားလုံး မွေးငါးပဲ စားကြရတော့တယ်။ သဘာဝငါးနဲ့က အရသာ အပုံကြီးကွာတယ်'' ဟု ဆိုသည်။

မဲဇာမြစ်သည်  တဖြည်းဖြည်း တိမ်ကောလာသည်သာမက ယင်းမြစ်နှင့်ဆက်နွှယ်နေသည့် လူမှုဓလေ့များကိုပါ ပပျောက်လာစေခဲ့ပြီဖြစ်သည်။ ရာသီဥတု ပြောင်းလဲခြင်းက လူမှုဘဝများ၊ လူနေမှု စနစ်များကိုပါ ပြောင်းလဲပစ်ခဲ့လေပြီ။

Most Read

Most Recent