လိုတိုရှင်း စီးပွားရေးသုတ ( ၃၆-၄၀)

လိုတိုရှင်း စီးပွားရေးသုတ ( ၃၆-၄၀)
Published 10 March 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်းစီးပွားရေးသုတ (၃၆)

လစ်ဘရယ်ဝါဒ  (Liberalism)

      လစ်ဘရယ်ဝါဒဆိုသည်မှာ ‘စီးပွားရေးအဆောက်အအုံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော စျေးကွက်စနစ်သာလျှင် အကောင်းဆုံးလုပ်နိုင်စွမ်းရှိသည်ဟူသော အယူအဆကို ဖော်ပြထားသော စီးပွားရေးအတွေးအခေါ်တစ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် လွတ်လပ်သော စျေးကွက်အယူဝါဒကို ကျင့်သုံးလုပ်ဆောင်သည့် ဖွံ့ဖြိုးမှုဝါဒလည်းဖြစ်သည်။ 

    ထိုဝါဒကို လက်ကိုင်ပြုသူများက အစိုးရသည် စီးပွားရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ဟုဆိုသည်။ အစိုးရသည် စီးပွားရေးအဆောက် အအုံတစ်ခုထဲတွင် ညစောင့်သမားတစ်ဦးကဲ့သို့သာ ဖြစ်သင့်သည်ဟု ထောက်ပြထားသည်။ ဆိုလိုသည်အဓိပ္ပာယ်မှာ စျေးကွက်ယန္တရားအတွက် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ အနှောက်အယှက်များ၊ အားနည်းချက်များ၊ အတိမ်းအစောင်းများကိုစောင့်ကြည့်ပေးရန်၊ လိုအပ်ပါက သတိပေးသံချောင်းခေါက်ရန်စသည်ဖြင့်  အကူအညီပေးရမည့်သဘောမျိုးသာ ဖြစ်သင့်သည်ဟု ယူဆသည်။     

       သို့သော် နိုင်ငံအစိုးရများသည် စီးပွားရေးရာတွင် လုံးဝပတ်သက်ခြင်း မရှိနေရသည့် သဘောမျိုးလည်းမဟုတ်။ စျေးကွက်များ လွတ်လပ်စွာ လုပ်ကိုင်နိုင်စေရန်နှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုင်ရာ ချိုးဖောက်မှုများ မဖြစ်ပွားစေရန် လိုအပ်ပါက ဝင်ရောက်ဆောင်ရွက်ပေးရန်လိုသည်။ ထိုအချက်သည် စီးပွားရေးအဆောက်အအုံအတွင်း၌ အစိုးရ၏ အဓိကကျသည့်အခန်းကဏ္ဏပင်ဖြစ်သည်ဟုလည်း ဆိုကြသည်။ လွတ်လပ်သော ဈေးကွက်ထဲတွင် ဝယ်လိုအားနှင့် ရောင်းလိုအား ဥပဒေသများ အရ ဈေးကွက်သည် ပုံမှန်လည်ပတ်လျက်ရှိသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှုများ၊ ပိုလျှံမူများ မရှိဘဲ စျေးကွက်အခြေအနေသည်လည်း ဟန်ချက်ညီညီလှုပ်ရှားနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့ကြရလိမ့်မည်ဟုလည်း ညွှန်းဆိုသည်။ 

        စျေးကွက်ကို မည်သူ သို့မဟုတ် မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်နှောင့်ယှက်မှု မရှိခဲ့ပါက စျေးကွက်အခြေအနေသည် သူ့သဘောသူဆောင်၍  ပုံမှန်ဆက်လက်လည်ပတ်နေပြီး အားမျှခြေအနေအထားတွင် ဆက်လက်ရှိနေပေလိမ့်မည်။ အကယ်၍ စျေးကွက်အတွင်း တစ်စုံတစ်ရာ လွဲချော်မူ၊ မှားယွင်းမူများကြောင့် ပြဿနာများ ဖြစ်ပေါ်လာခဲ့ပါကလည်း စျေးကွက်ယန္တရားကပင် သူအလိုအလျောက် ဖြေရှင်းသွားနိုင်စွမ်းရှိသည်။ အစိုးရက ဝင်ရောက်စွက်ဖက်မူ မလုပ်သင့်။ အကယ်၍ ဝင်ရောက်စွက်ဖက်မှုရှိခဲ့ပါက ပိုမိုဆိုးရွားသွားနိုင်သည်ဟု ယူဆထားသည်။  

ဝေါဟာရများ

လစ်ဘရယ်ဝါဒ=liberalism    

လွတ်လပ်သောဈေးကွက်=free market  

ပုဂ္ဂလိက ပိုင်ဆိုင်မှု=private property     

ပိုလျှံမှု/ ပြတ်လတ်မှု=surplus/ shortage 

အားမျှခြေ အနေအထား=equilibrium    

လိုတိုရှင်း စီးပွားရေးသုတ (၃၇)

လစ်ဘရယ်လက်သစ်ဝါဒ (Neo-liberalism  )  

     ကျမ်းရိုးသစ်လစ်ဘရယ်ဝါဒဆိုသည်မှာ လစ်ဘရယ်ဝါဒအပေါ် ဆင့်ပွားတွေးခေါ်ရာမှ ဖြစ်ပေါ်လာသည့် စီးပွားရေးအတွေးအခေါ်အယူအဆ ဖြစ်သည်။  လွတ်လပ်မှုကို အရေးပေးသည့် အိုင်ဒီယာကို ဆန်းသစ်ထားခြင်းဖြစ်သည်။ ၁၉၇၀ ခုနှစ်များအလွန်၌ ကိန်းစ်ဝါဒအယူအဆ (Keynesianism) နေရာတွင် အစားထိုးနေရာယူလာသော ပေါ်လစီမူဝါဒများကို ရည်ညွှန်းလေ့ရှိကြသည်။ အစိုးရတစ်ရပ် အဓိကလုပ်ဆောင်ပေးသင့်သည်မှာ အလုပ်အကိုင်အပြည့်အဝရရှိရေးမဟုတ်၊ ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်ကျစေအောင်သာ ဆောင်ရွက်သင့်သည်ဟု ကျမ်းရိုးသစ်လစ် ဘရယ်ဝါဒသမားများက ဆိုထားသည်။ 

      လစ်ဘရယ်ဝါဒအယူအဆကဲ့သို့ပင် အစိုးရသည် စီးပွားရေးအဆောက်အအုံထဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်သင့်ကြောင်း၊ အကယ်၍ ဝင်ရောက်စွက်ဖက်မှုပြုလုပ်ခဲ့ပါက ပိုမိုရှုပ်ထွေးမှုများ ဖြစ်စေသည်ဟုလည်းဆိုသည်။ ၎င်းတို့၏ အယူအဆအရ နိုင်ငံ့ငွေကြေးနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်မည့် ဗဟိုဘဏ်များသည် အစိုးရ၏ ထိန်းချုပ်မှုမှကင်း၍ လွတ်လပ်စွာရှိနေသင့်သည်ကိုလည်း ယုံကြည်ထားသည်။ နိုင်ငံရေးသမားများအနေဖြင့် အလုပ်လက်မဲ့ကိစ္စ၊ အတိုးနှုန်း ကိစ္စတို့နှင့်ပတ်သက်၍လည်း ဗဟိုဘဏ်များကို ပြောရန်မလိုပေ။    

    လုပ်သားစျေးကွက် ပျက်ယွင်းမှုကြောင့် အလုပ်လက်မဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါကလည်း အလုပ်သမားသမဂ္ဂများ၏ လုပ်ကိုင်ပုံမှားယွင်းမှုကြောင့်သာဖြစ်ပြီး စျေးကွက်ယန္တရားအတိုင်းသာ ပြန်လည်လည်ပတ်သွားနိုင်လိမ့်မည်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျမ်းရိုးသစ်လစ်ဘရယ်ဝါဒသမားများ နှစ်သက်သည့် အချက်သုံးချက်မှာ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းနှင့် လုပ်သားစျေးကွက် ပျော့ပျောင်းစေခြင်းတို့ဖြစ်သည်။ 

ဝေါဟာရများ

ကျမ်းရိုးသစ် လစ်ဘရယ်ဝါဒ=neo-liberalism  

စီးပွားရေး အတွေးအခေါ်အယူအဆ=economic philosophy    

အလုပ်အကိုင်အပြည့်အဝရရှိရေး=full employment  

ငွေကြေးဖာင်းပွမှု နိမ့်ကျစေရေး=low inflation 

ဗဟိုဘဏ်များ=centran banks

လုပ်သားစျေးကွက်=labour market 

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း=privatization

 

လိုတိုရှင်း စီးပွားရေးသုတ (၃၈)

  ငွေကြေးဝါဒ (Monetarism)

     ငွေကြေးဝါဒသည် စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးရေးပေါ်လစီကို အာရုံစိုက်လုပ်ဆောင်သော ချည်းကပ်မှုတစ်ရပ်ဖြစ်သည်။ ငွေကြေးပမာဏကို ထိန်းသိမ်းလုပ်ဆောင်ခြင်းသည် တည်ငြိမ်မှုရှိသော  စီးပွားရေးတစ်ရပ်အတွက် လွန်စွာအရေးကြီးသည်ဟု ဆိုထားသည်။     

     စီးပွားရေးအဆောက်အအုံတစ်ခုအတွင်းရှိ ငွေကြေးပမာဏသည် ကာလတို စားသုံးမှု၊ စီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ အပေါ် သက်ရောက်မှုရှိသည်။ များပြားသော ငွေကြေးပမာဏသည် များပြားသောစီးပွားရေးလုပ်ဆောင်ချက်များနှင့်တူညီသည်။ ဥပမာ ငွေကြေးပမာဏများပြားပါက စီးပွားရေးပမာဏများပြားသည့်  သဘောရှိပြီး ငွေကြေးပမာဏ နည်းပါးပါက စီးပွားရေးလုပ်ဆောင်မှုနည်းပါးသည့် အခြေအနေဖြစ်သည်။ ထိုပေါ်လစီပေါ်မှရရှိသော အိုင်ဒီယာပေါ်တွင်တီထွင်ဖော်ထုတ်ခဲ့သည့်အချက်မှာ ထိရောက်သော ငွေကြေးပေါ်လစီကို စွမ်းဆောင်ရည်ရှိရှိ အသုံးပြုနိုင်ပါက အစိုးရများသည် ကာလရှည်တွင် စီးပွားရေးအဆောက်အအုံအတွင်းရှိ စျေးနှုန်းများကို တည်ငြိမ်အောင် ထိန်းထားနိုင်သည်ဟူသော အချက်ဖြစ်သည်။  

      စျေးနှုန်းများကိုတည်ငြိမ်အောင်ထိန်းထားနိုင်ပါက စီးပွားရေးအဆောက်အအုံတစ်ခုသည် မြင့်မားသောငွေကြေးဖောင်းပွမှု အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့လာနိုင်စရာရှိမည်မဟုတ်ပေ။ ကုန်ထွက်နှင့် စားသုံးမှုအခြေအနေများသည်လည်း တည်ငြိမ်သောနှုန်းဖြင့် တိုးတက်လာနိုင်သည်။ ထိန်းသိမ်းလုပ်ဆောင်နေသော၊ ပုံမှန်နှုန်းဖြင့်သာ တိုးပွားနေသော ငွေကြေးပမာဏသည် စီးပွားရေးအဆောက်အအုံအတွင်း စီးပွားရေးလုပ်ငန်းအများအပြား လုပ်ဆောင်နေစဉ်မှာပင် ငွေကြေးဖောင်းပွမှုကို နိမ့်သောအခြေအနေတွင် ထိန်းထားနိုင်လိမ့်မည်ဖြစ်သည်။ ကာလရှည်အကျိုးဖြစ်ထွန်းမှုများသည် လတ်တလော ဝယ်လိုအားအခြေအနေမှဖြစ်ပေါ်လာနိုင်သည့် ကာလတိုအကျိုးအမြတ်များထက် ပိုမိုကောင်းမွန်သည်ဟုလည်း  ငွေကြေးဝါဒကို ယုံကြည်သူများက လက်ခံထားသည်။ 

ဝေါဟာရများ

ငွေကြေးဝါဒ=monetarism      

ငွေကြေးပမာဏ=money supply    

တည်ငြိမ်သောစီးပွားရေး=stable economy        

ကာလတို စားသုံးမှု=short-term consumption  

ငွေကြေးပေါ်လစီ=monetary policy 

 

လိုတိုရှင်း စီးပွားရေးသုတ (၃၉ )

ကိန်း (စ်) အယူဝါဒ (Keynesianism)

    ကိန်း (စ်) အယူဝါဒဆိုသည်မှာ ၂ဝရာစုပထမနှစ်ဝက်အတွင်း ပေါ်ပေါက်ခဲ့သော စီးပွားရေးပညာရှင် ဂျွန်မေနတ်ကိန်း (စ်) ၏ အိုင်ဒီယာများအပေါ်တွင် အခြေခံထားသောအယူအဆဖြစ်သည်။ ၁၉၃၀ ခုနှစ်များကကြုံတွေ့ခဲ့ရသော ဂရိတ်ဒီပရက်ရှင်း (great depression) ခေါ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကို တုံ့ပြန် ဖြေရှင်းရန် ပေါ်ထွက်လာသော ပညာရှင် ကိန်း (စ်) ၏ စီးပွားရေးသီအိုရီဟုလည်း ဆိုနိုင်သည်။

   စီးပွားရေး အကျပ် အတည်းကာလများတွင် ပျက်ယွင်းနေသော စျေးကွက်အခြေအနေသည် သူ့အလိုအလျောက် မူလအားမျှခြေအနေထားဆီသို့ ပြန်လည်ရောက်ရှိ၍  စီးပွားရေးနာလန်ပြန်ထူလာနိုင်သည်ဟူသော ယခင်က လက်ခံထားသည့် ယူဆချက်ကို ကိန်း (စ်) က စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့အချိန်ကာလများတွင် စျေးကွက်အတွင်း အစိုးရဝင်ရောက်၍  လုပ်ကိုင်ရန်လိုအပ်သည့်သဘောဖြစ်သည်။ ဥပမာ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် အစိုးရများအနေ ဖြင့် ဝယ်လိုအားကိုတွန်းအားပေးမြှင့်တင်ရန်အတွက် ဘဏ္ဍာရေးအချဲ့ပေါ်လစီအသုံးပြု၍ ဝင်ရောက်ပတ်သက်ရန်ဖြစ်သည်။ ဘဏ္ဍာရေးအချဲ့ပေါ်လစီဆိုသည်မှာ   စီးပွားရေးအဆောက်အအုံအတွင်းသို့ ငွေကြေးပမာဏ ပိုမိုထည့်သွင်းအသုံးပြုသည့် အယူအဆဖြစ်သည်။

        စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း ရင်းနှီးမြှပ်နှံမှုများ တိုးမြင့်လာနိုင်စေရန် ကနဦးနှိုးဆွပေးမှု ပြုလုပ်နိုင်ရန် ကိန်း (စ်) ထောက်ခံပြောဆိုခဲ့သည့် အဓိက ပေါ်လစီလက်နက်ကိရိယာမှာ ကြီးမားသောလိုငွေဖြစ်စေသည့် အစိုးရငွေကြေးသုံးစွဲမှုအယူအဆဖြစ်သည်။ ကိန်း (စ်) အယူဝါဒသည် စစ်ပြီးကာလမှစ၍ ၁၉၇၀ ပြည့်နှစ် စီးပွားရေးအကျပ်အတည်းကာလများ မတိုင်ခင်အထိ စီးပွားရေးအိုင်ဒီယာနယ်ပယ်တွင် အခြားသီအိုရီ၊ အယူအဆများထက် အလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၀၇-၂၀၀၉ ခုနှစ်ကဖြစ်ပျက်ခဲ့သော စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရာတွင်  ကိန်း (စ်) ဝါဒ တစ်ကျော့ပြန်လည်ရှင်သန်လာခဲ့သည်။ ထိုစီးပွားရေး အကျပ်အတည်းအခြေအနေဆိုးကို ကျော်လွှားရန်အတွက် နိုင်ငံ့ခေါင်းဆောင်များ၊ ပေါ်လစီရေးဆွဲသူ၊ အကောင်အထည်ဖော်သူများသည် အချဲ့ဘဏ္ဍာရေးပေါ် လစီများကို ပြန်လည်စဉ်းစားလာခဲ့ကြသည်။   

ဝေါဟာရများ

ကိန်းစ် အယူဝါဒ=Keynesianism 

စီးပွားရေးပျက်ကပ် =depression  

ဘဏ္ဍာရေး အချဲ့ ပေါ်လစီ=expansionary fiscal policy 

ရင်းနှီးမြှုပ်နှံမှုများ= investments     

ကြီးမားသောလိုငွေဖြစ်စေသည့်သုံးစွဲမှု=massive deficit spending

 

 

လိုတိုရှင်း စီးပွားရေးသုတ (၄၀)

မာ့က်စ်ဝါဒ (Marxism)

     နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လွန်ခဲ့သောရာစုနှစ်တစ်လျှောက်လုံး၌ မာ့က်စ်ဝါဒသည်ကမ္ဘာကိုအလွှမ်းမိုးမှုအရှိဆုံးအိုင်ဒီယာများထဲမှ တစ်ခုဖြစ် သည်ဆိုလျှင် မည်သူမျှ ငြင်းဆိုမည်မဟုတ်ပေ။   မာ့က်စ်ဝါဒတွင်  နိုင်ငံရေးရှုမြင်ချက်များ၊ အိုင်ဒီယာများအပြင်  ပင်မစီးပွားရေးအိုင်ဒီယာမှ ခွဲထွက်လာသည့် ခြားနားသော တွေးခေါ်မျှော်မြင်မှုများကို တွေ့နိုင် သည်။ 

      မာ့က်စ်က ကုန်ပစ္စည်းတိုင်းတွင် အသုံးဝင်တန်ဖိုးနှင့် ဖလှယ်မှုတန်ဖိုးရှိသည်ဟု ဆိုထားပြီး  အရာရာတိုင်းတွင် ဦးတည်လုပ်ဆောင်မည့် ရည်ရွယ်ချက်ရှိသည်၊ ကုန်ကျစရိတ်ရှိသည်ဟု ယူဆသည်။ ၎င်းက လုပ်အားသည် ကုန်ပစ္စည်းတစ်ခုသာဖြစ်ကြောင်းနှင့် အရင်းရှင်စနစ်ဖွံ့ဖြိုးလာရေးအတွက် မရှိမဖြစ် အရေးပါသော၊   အရာတစ်ခုဖြစ်သည်ဟု ထောက်ပြထားသည်။

        လုပ်အား၏ အသုံးဝင်တန်ဖိုးဆိုသည်မှာ ထိုလုပ်အားကိုအသုံးပြု၍ ကုန်စည်များကို ထုတ်လုပ်နိုင်သောစွမ်းရည်ဖြစ်ပြီး လုပ်အား၏ ဖလှယ်တန်ဖိုးဆိုသည်မှာလုပ်အားကိုအသုံးပြုခြင်းအတွက် အလုပ်ရှင်ကပေးသော လုပ်ခ သို့မဟုတ် သင့်တင့်မျှတသော စျေးနှုန်း (သို့မဟုတ်) လုပ်ခဖြစ်သည်။ လုပ်အား၏ အသုံးဝင်တန်ဖိုးကို စက်ကိရိယာများနှင့် ပေါင်းစပ်လုပ်ကိုင်လိုက်သောအခါ မျှတသောစျေးနှုန်းထက်ပိုသော အပိုတန်ဖိုးကို ရရှိသည်။ ထိုအပိုတန်ဖိုးသည် အရင်းရှင်စနစ်ကို ပိုမို တန်ခိုးကြီးထွားလာစေသော အမြတ်အစွန်းပင်ဖြစ်သည်။ အလုပ်ရှင်တို့က လုပ်အား၏ အပိုတန်ဖိုး နုတ်ယူထားခြင်းကို မာ့က်စ်က ခေါင်းပုံဖြတ်ခြင်းဟု ရည်ညွှန်းပြောထားသည်။ ခေါင်းပုံဖြတ်ခြင်းကို ပိုမိုချဲ့ထွင်ပြုလုပ်လာခြင်းသည် ရန်ငြိုးပဋိပက္ခဖြစ်ပေါ်စေမှုဆီသို့ ဦးတည်လျက်ရှိပြီး နောက်ဆုံးတွင် အရင်းရှင်စနစ်ယိုယွင်းပျက်စီးခြင်းကိုဖြစ်ပေါ်လာစေလိမ့်မည်ဟု မာ့က်စ်က မှန်းဆကောက်ချက်ချထားသည်။

 

 ဝေါဟာရများ

မာက့်စ်ဝါဒ=Marxism  

အသုံးဝင်တန်ဖိုး=use value       

ဖလှယ်မှုတန်ဖိုး=exchange value 

လုပ်ခ=wage

အပိုတန်ဖိုး=surplus value

ခေါင်းပုံဖြတ်ခြင်း=exploitation