စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၃

စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၃
၁၉၅၂ ခုနှစ်၌ အီရန်ဝန်ကြီးချုပ်ဖြစ်လာသည့် မိုဆာဒက် (Photo - Britannica)
၁၉၅၂ ခုနှစ်၌ အီရန်ဝန်ကြီးချုပ်ဖြစ်လာသည့် မိုဆာဒက် (Photo - Britannica)
Published 17 September 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

မြန်မာနှင့် တရုတ် (၁၉၅၀-၁၉၅၃)

တရုတ်ပြည်တွင်းစစ်သည် မကြာသေးမီက ပြီးဆုံးသွားသည်။ ကွန်မြူနစ်များ အနိုင်ရပြီး မျိုးချစ်များ ရှုံးသွားသည်။ မျိုးချစ်များသည် ထိုင်ဝမ်နှင့် မြန်မာပြည် မြောက်ပိုင်းကဲ့သို့သော ဒေသများသို့ ဆုတ်ခွာသွားခဲ့ရသည်။

ကိုရီးယားစစ်ပွဲတွင် တရုတ် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ၁၉၅၀ ပြည့်နှစ် နှစ်ကုန်ပိုင်း  သို့မဟုတ် ၁၉၅၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ခဲ့သော Operation paper သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်နေလင့်ကစား နောက်ဆုံးတွင် တရုတ်ကို ပြန်လည်သိမ်းယူရန် မျှော်လင့်ထားသော ကူမင်တန်ခေါင်းဆောင်ပိုင်းနှင့်အတူ ဗိုလ်ချုပ်ကြီး လီမီ၏ ကွပ်ကဲမှုဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းကို နှစ်ပေါင်းများစွာကြာသည်အထိ ကူမင်တန်ကျူးကျော်မှုအား အကူအညီပေးရန် မြန်မာနိုင်ငံကို ရောက်နေသည့် စီအိုင်အေ စစ်ဘက်အကြံပေးများ အသုံးပြုသော စီအိုင်အေ အစီအမံများကို လိုအပ် လျက်ရှိသည်။

သို့ရာတွင် အထမမြောက်သော ကျူးကျော်မှုတိုင်းကို တရုတ် စစ်တပ်က တွန်းလှန်ခဲ့သည်။ ကူမင်တန်သည် မြန်မာနိုင်ငံရှိ ဒေသများကို ထိန်းချုပ်ထားသည်။ မြန်မာအစိုးရက စစ်ရေးကျူးကျော်မှုကို ကုလသမဂ္ဂသို့ အကြိမ်ကြိမ် တိုင်ကြားခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့လာသော လျှို့ဝှက်လေယာဉ်ခရီးစဉ်များတွင် စီအိုင်အေက ငှားရမ်းထားသော လေယာဉ်မှူးများ မောင်းနှင်သည့် CAT လေယာဉ်သည် ကူမင်တန်တို့ထံသို့ အမေရိကန်လက်နက်များနှင့် အခြားပစ္စည်းများ သယ်ဆောင်သွားပြီး အပြန်ခရီးတွင် CAT လေယာဉ်သည် ကူမင်တန်ထံမှ ဘိန်းဖြူများကို ဘန်ကောက်ရှိ တရုတ်ရာဇဝတ် မူးယစ်ဆေးဝါးမှောင်ခိုကူးသူများထံ သယ်ဆောင်လာသည်။

  အီဂျစ် (၁၉၅၂ ခုနှစ်)        

စူးအက်တူးမြောင်းကို ဗြိတိန် အဆက်မပြတ် သိမ်းယူထားခြင်းနှင့် ၁၉၄၈ အာရပ်- အစ္စရေးစစ်ပွဲတွင် အီဂျစ် ရှုံးခဲ့ခြင်းတို့နှင့် ပတ် သက်၍ မျိုးချစ်များ မကျေမနပ်ဖြစ်နေချိန် ကိုင်ရိုမြို့၌ ဇန်နဝါရီ အဓိကရုဏ်း ပေါ်ပေါက်လာပြီးနောက် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီဂျစ်ဘုရင့်နိုင်ငံတော်၏ ဖာရွတ်ဘုရင် (၁) နှင့် တွေ့ဆုံရန် စီအိုင်အေအရာရှိ ကာမစ်ရုစဗဲ့ကို စေလွှတ်လိုက်သည်။ ထိုအချိန်တုန်းက အမေရိကန်၏ မူဝါဒသည် အီဂျစ်တော်လှန်ရေးဝါဒီများ၏ စိတ်ပါဝင်စားမှုကို အားနည်းသွားစေမည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဖာရွတ်ကို သိမ်းသွင်းစည်းရုံးရန်နှင့် ဖာရွတ်၏ အာဏာဆုပ်ကိုင်မှု တည်ငြိမ်စေရန်ဖြစ်သည်။ 

မိုဟာမက်နာဂွီးနှင့် ဂါမာ အဗ္ဗ ဒယ်နာဆာတို့၏ ခေါင်းဆောင်မှုဖြင့် အီဂျစ်ဘုရင်စနစ်ကို အီဂျစ်သမ္မတနိုင်ငံဖြင့် အစားထိုးလိုက်သော အောင်မြင်သည့် ဇူလိုင်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စုအား ကြိုတင်အကြောင်းကြားခဲ့သည်။ အဆိုပါအာဏာသိမ်းမှုကို မျိုးချစ်များနှင့် ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး အီဂျစ်စစ်တပ်အရာရှိများ(Free Officers)က ဦးဆောင်ခဲ့သည်။ စီအိုင်အေအရာရှိ မိုင်းစ်ကုပ်လန်းက သူ၏ ကိုယ်တွေ့ ဘဝမှတ်တမ်းတွင် အီဂျစ်အာဏာသိမ်းမှုမတိုင်မီ ရုစဗဲ့သည် အာဏာသိမ်းရန်ကြံစည်သူများနှင့် သုံးကြိမ် တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားပြီး အနာဂတ်အီဂျစ်သမ္မတ နာဆာနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားသည်။

ထိုအကြောင်းကို လျှို့ဝှက်အဆင့် သတ်မှတ်ထားသော စာရွက်စာတမ်းများ၌ အတည်ပြုထားခြင်း မရှိသော်လည်း ယုံကြည်ရလောက်သည့် အထောက်အထားတို့ဖြင့် တစ်စိတ်တစ်ပိုင်း သိရခြင်းဖြစ်သည်။

ဂွါတီမာလာ (၁၉၅၂ နှစ်)

Operation Fortune ဟု လည်း ခေါ်သော PB Fortune စစ်ဆင်ရေးသည် ၁၉၅၂ ခုနှစ်တွင် ဂွာတီမာလာသမ္မတ ဂျာကိုဘိုအာဘန့်ကို ဖြုတ်ချရန် အမေရိကန်၏ တိတ်တိတ်ပုန်း စစ်ဆင်ရေးတစ်ခုဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး စီအိုင်အေက စီစဉ်ခဲ့သည်။ အစီအစဉ်သည် ပြည်ပြေး ဂွာတီမာလာ စစ်အရာရှိ ကားလော့စ် ကက်စတီလို အာမက်စ်ကို လက်နက်ပံ့ပိုးမှုများ ပါဝင်နေသည်။ ကက်စတီလို အာမက်စ်သည် ကျူးကျော်မှုကို နီကာရာဂွာနိုင်ငံမှ ဦးဆောင်ခဲ့သူ ဖြစ်သည်။

အီရန် (၁၉၅၂-၁၉၅၃)

၁၉၄၄ ခုနှစ်ကတည်းက အီရန်သည် ရှာမိုဟာမက်ရီဇာပါလာဗီ အုပ်ချုပ်နေသော စည်းမျဉ်းခံဘုရင် စနစ်ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းတွင် အီရန်၌ ရေနံရှာဖွေတွေ့ရှိမှတစ်ဆင့် အင်အားကြီး နိုင်ငံများက ရေနံစျေးများ လျော့ကျသွားစေရန် အီရန်အစိုးရ၏ အားနည်းချက်ကို အမြတ်ထုတ်အသုံးချခဲ့သည်ဟု ဆိုသည်။ အင်အားကြီးနိုင်ငံများက အီရန်ကို မျှတသည့် အမြတ်ဝေစု မပေးခဲ့ဟု အများစုက ယုံကြည်ထား သည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုတို့သည် အီရန်ရေးရာများတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ ထိုအထဲတွင် ၁၉၄၁ ခုနှစ်တွင် ဗြိတိန်နှင့် ဆိုဗီယက်တို့က အီရန်ကို ပူးပေါင်းကျူးကျော်မှုလည်း ပါဝင်သည်။

ဗြိတိန် အခွန်အခများ မြင့်တက်လာခိုက် အီရန်ကိုပေးနေသော ရေနံတူးဖော်ခများ ကျဆင်းလာသည်ကို အီရန်တာဝန်ရှိသူများ စတင် သတိပြုမိခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိန်သည် အင်္ဂလိပ်-အီရန် ရေနံကုမ္ပဏီ (AIOC)ထံမှ ဝင်ငွေများကို အီရန်ထက် ပို၍ရနေသည်။ ထိုကိစ္စကို ဖြည့်ဆည်းပေးရန် ဆွေးနွေးမှုများနှင့် အီရန်၏အခြားသော စိုးရိမ်ပူပန်မှုများသည် တင်းမာမှု လျော့ကျသွားစေခြင်းဆိုသည်ထက် အခြေအနေကို  ပိုဆိုးသွားစေခဲ့သည်။

၁၉၅၁ ခုနှစ် မတ်လတွင် အီရန် ပါလီမန် မတ်ဂျလစ်က AIOC ကို နိုင်ငံပိုင်အဖြစ် ပြောင်းလဲရန် ပြုပြင်ပြောင်းလဲရေးသမား မိုဟာမက် မိုဆာဒက် တင်သွင်းသည့် ဥပဒေကို အတည်ပြုခဲ့သည်။ နှစ်ရက်အကြာတွင် အီရန်အထက်လွှတ်တော်က အဆိုပါဥပဒေကို အတည်ပြုသည်။ ၁၅ လအကြာတွင် အီရန်ပါလီမန်က မိုဆာဒက်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်သည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက နိုင်ငံပိုင် လုပ်ထားသော အီရန်ရေနံလုပ်ငန်းမှ ထုတ်လုပ်သော ရေနံကို သပိတ်မှောက်သည်။ မိုဆာဒက်သည် ကွန်မြူနစ် ဖြစ်နိုင်ကြောင်း ဗြိတိန်နှင့်အမေရိကန်တို့တွင် ပူပန်မှုများရှိလာသည်။ မိုဆာဒက်ကို တူဒက်ကွန်မြူနစ်ပါတီက ထောက်ခံထားသည်ဟု ဆိုသည်။

စီအိုင်အေသည် ၁၉၅၂ အီရန် လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းအကြိုက် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကို စတင် ထောက်ခံခဲ့သည်။ မိုဆာဒက်သစ္စာခံ  မြို့ပေါ်နေကိုယ်စားလှယ်များ ရွေးကောက်ခံရခြင်းကြောင့် အဆိုပါရွေးကောက်ပွဲတွင် မိုဆာဒက် ဆိုင်းငံ့ခံရသည်။  လွှတ်တော်သစ်သည် အီရန်နောက်ဆုံး ဘုရင်ဖြစ်သော ရှားကို အားနည်းသွားစေသည့် အရေးပေါ် လုပ်ပိုင်ခွင့်အာဏာကို မိုဆာဒက်အား ပေးခဲ့သည်။ ထို့ကြောင့် ရှားဘုရင်နှင့် ဝန်ကြီးချုပ်တို့၏ အခန်းကဏ္ဍများ နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများ ရှိလာသည်။

ဗြိတိန်က ရှားဘုရင်ကို ခိုင်မာစွာ ထောက်ခံလျက်ရှိပြီး အမေရိကန်က တရားဝင်အားဖြင့် ကြားနေခဲ့သည်။ သို့ရာတွင် အမေရိကန်သမ္မတအဖြစ် ဒွိုက်အိုက်ဆင် ဟောင်ဝါ ရွေးကောက်ခံရခြင်းနှင့်အတူ ၁၉၅၂ ခုနှစ် နှောင်းပိုင်းတွင် အမေရိကန်၏ ရပ်တည်ချက်သည် ပြောင်းသွားသည်။

စီအိုင်အေက အေဂျက်စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့သည်။ သံတမန်ရေး၊ လာဘ်ပေးခြင်းတို့ကို အသုံးပြုကာ မိုဆာဒက်အား ဖယ်ရှား၍ အစားထိုးရန် ရှားဘုရင်ကို စည်းရုံးသည့်စစ်ဆင်ရေးဖြစ်သည်။  ၁၉၅၃ တွင် အီရန် အာဏာသိမ်းမှု ပေါ်ပေါက်လာသည်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6နှင့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့တို့က အီရန်အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းလိုက်ခြင်းကြောင့် ရှားဘုရင်သည် စည်းမျဉ်းခံဘုရင်အဖြစ်မှ အာဏာရှင်ဆန်သော ဘုရင်အဖြစ် ပြောင်းလဲသွားသည်။ ရှားဘုရင်သည် အမေရိကန်အစိုးရ အကူအညီကို အကြီးအကျယ်မှီခိုရသည့် အနေအထား ဖြစ်လာသည်။ အမေရိကန်အစိုးရ၏ ထောက်ခံမှုသည် ၁၉၇၉ အီရန်တော်လှန်ရေးတွင် ကျဆင်းသွားသည်။ ရှားဘုရင်၏ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းမဖက်ဘဲ ဆန္ဒပြသော လူအုပ်ကို ပစ်ခတ်ခြင်း မပြုခဲ့ပေ။ စီအိုင်အေသည် ၂၀၂၃ ခုနှစ် သြဂုတ်တွင် အီရန်အာဏာသိမ်းမှု နှစ် ၆၀ ပြည့် နှစ်ပတ်လည်အထိ ၎င်း၏တာဝန်ရှိမှုကို ဝန်ခံခြင်း မပြုပေ။

ဂွာတီမာလာ (၁၉၅၄ ခုနှစ်)

နာမည်ဝှက် Operation PB Success ဟုပေးထားသော ၁၉၄၅ စီအိုင်အေစစ်ဆင်ရေးတွင် အမေရိကန်အစိုးရသည် ဂွာတီမာလာ၌ အာဏာသိမ်းမှုတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့လေသည်။ ၁၉၅၀ တွင် ရွေးကောက်ခံရသော သမ္မတဂျာကိုဘိုအာဘန့်၏ အစိုးရ အဖွဲ့ပြုတ်ကျသွားပြီး ၎င်း၏နေရာတွင် ကားလော့စ်ကက်စတီလို အစားဝင်လာသည်။

ဂွာတီမာလာတွင် အာဏာသိမ်းမှုဖြစ်ပေါ်လာအောင် လုပ်ဆောင်ရာတွင် အမေရိကန်သည် ထိန်းချုပ်ရေးဆိုသော အတွေးအခေါ်ဆိုင်ရာ ရည်ရွယ်ချက်ကြောင့် သာမက ဂွာတီမာလာရှိ  အလုပ်သမားများ၏ အခြေအနေများကြောင့် အမြတ်များ ဆုံးရှုံးလာသည့်အနေအထားတွင် United Fruit Company က စီအိုင်အေကို ချဉ်းကပ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

ဆီးရီးယား (၁၉၅၆-၁၉၅၇)

၁၉၅၆ ခုနှစ်က ပြုလုပ်ခဲ့သည့် Operation Straggle သည် ဆီးရီးယားဝန်ကြီးချုပ် ဆာဘရီအယ် အဆာလီကို ဆန့်ကျင်သည့် မအောင်မြင်သည့် အာဏာသိမ်းရန် ကြံစည်မှုတစ်ခုဖြစ်ခဲ့သည်။ ဆီးရီးယားအစိုးရကို ဖြုတ်ချရန် စီအိုင်အေသည် ၁၉၅၆ ခုနှစ် အောက်တိုဘာလကုန်တွင် အာဏာသိမ်းသည့် အစီအစဉ်အများ ပြုလုပ်ခဲ့သည်။ အစီအစဉ်အရ ဆီးရီးယားစစ်တပ်က အဓိက မြို့များနှင့် နယ်စပ်ဖြတ်သန်းမှုလမ်းကြောင်းများကို ထိန်းချုပ်ရန်ဖြစ်သည်။

သို့သော် ၁၉၅၆ ခုနှစ် အောက်တိုဘာလက အစ္စရေးက အီဂျစ်ကို ကျူးကျော်ခဲ့ချိန်တွင် ထိုအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး အမေရိကန်၏ အစီအစဉ်ရေးဆွဲသူများကလည်း အစ္စရေးကို အာရပ်ကမ္ဘာက တိုက်ခိုက်နေချိန်တွင် ၎င်းတို့၏အစီအစဉ်များ အောင်မြင်နိုင်ခြေမရှိကြောင်း ယူဆခဲ့ကြသည်။ ထိုအစီအစဉ်ပေါက်ကြားသွားခဲ့ပြီးနောက် အမေရိကန်၏ အစီအစဉ်ရေးဆွဲသူများသည် ဆီးရီးယားနိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့သည်။

၁၉၅၇ ခုနှစ်ကလည်း ဆီးရီးယားတွင် ဒုတိယမြောက် အာဏာသိမ်းရန် အစီအစဉ်ဖြစ်သည့် Operation Wappen ကို ပြုလုပ်ခဲ့ပြီး စီအိုင်အေ၏ ကာမစ် ရုစဗဲ့တ်က စီစဉ်ခဲ့သည်။ ထိုအစီအစဉ်တွင် ဆီးရီးယား၏ ထိပ်သီးအရာရှိများကို လုပ်ကြံရန်နှင့် ဆီးရီးယားနယ်စပ်တွင် စစ်ရေးတိုက်ခိုက်မှုဖြစ်စဉ်များကို ပြုလုပ်ကာ ထိုဖြစ်စဉ်များအတွက် ဆီးရီးယားအစိုးရကို အပြစ်လွှဲချရန်ဖြစ်သည်။

သို့သော် ဆီးရီးယားစစ်တပ် အရာရှိများအကြား ဒေါ်လာဘီလျံချီသည့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယား ထောက်လှမ်းရေးအဖွဲ့က အာဏာသိမ်းရန် အစီအစဉ်ကို ဖော်ထုတ်သိရှိခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညအာဏာသိမ်းရန် ကြိုးပမ်းမှုစွဲချက်ကို ငြင်းဆိုခဲ့ပြီး အမေရိကန်မီဒီယာများကလည်း ဆီးရီးယားသည် ဆိုဗီယက်၏ သြဇာခံနိုင်ငံဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

၁၉၅၇ ခုနှစ်ကလည်း ဆီးရီးယားတွင် The Perferred Plan အမည်ရှိ တတိယအကြိမ်မြောက် အာဏာသိမ်းရန်အစီအစဉ်ကို ရေးဆွဲခဲ့သည်။ ဗြိတိန်၏ MI6 ထောက် လှမ်းရေးအဖွဲ့နှင့်အတူ စီအိုင်အေသည် လက်နက်ကိုင် ပုန်ကန်မှုများကို ထောက်ပံ့ပေးရန် စီစဉ်ခဲ့သည်။ သို့သော် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းမရှိပေ။

အင်ဒိုနီးရှား (၁၉၅၇-၁၉၅၉)

၁၉၅၇ ခုနှစ်က အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါသည် အင်ဒိုနီးရှားသမ္မတ ဆူကာနိုကို ဖြုတ်ချရန် စီအိုင်အေကို အမိန့်ပေးခဲ့သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီတွင် အင်ဒိုနီးရှား စစ်တပ်အရာရှိများ၏ အာဏာဖီဆန်မှုဖြင့် Permesta Rebellion ပုန်ကန်မှုကို စီအိုင်အေက ထောက်ပံ့ပေးခဲ့သော်လည်း ထိုပုန်ကန်မှုသည် အောင်မြင်ခြင်းမရှိခဲ့ပေ။

စီအိုင်အေပိုင်းလော့များသည် အင်ဒိုနီးရှားနိုင်ငံရှိ အရပ်ဘက်နှင့် စစ်ဘက် ပစ်မှတ်များကို ဗုံးကြဲခဲ့သည့် စီအိုင်အေ၏ CAT လေကြောင်းလိုင်းမှ လေယာဉ်များကို မောင်းနှင်ခဲ့သည်။ ပြည်ပကုန်တင်သင်္ဘောများကို အင်ဒိုနီးရှား ရေပြင်များမှဝေးရာတွင် ရှိနေစေရန် စီအိုင်အေက CAT ပိုင်းလော့များကို ပင်လယ်ကူးသင်္ဘောများအား ပစ်မှတ်ထားရန် ညွှန်ကြားခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အင်ဒိုနီးရှား၏ စီးပွားရေးကို အားနည်းစေပြီး အစိုးရအဖွဲ့ကို မတည်မငြိမ်ဖြစ်စေရန် ဖြစ်သည်။

စီအိုင်အေ၏ လေကြောင်းမှ ဗုံးကြဲမှုများကြောင့် ကုန်တင်သင်္ဘောအချို့ နစ်မြုပ်ခဲ့ကာ စျေးတစ်ခုအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့သည်။ ၁၉၅၆ ခုနှစ် မေ ၁၈ ရက်တွင် CAT ပိုင်းလော့တစ်ဦးဖြစ်သူ အလန် လောရန့်စ်ပုပ်၏ လေယာဉ်သည် ပစ်ချခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသည်။

ပုပ်သည် အမေရိကန်၏ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အိုင်စင်ဟောင်ဝါက လူသိရှင်ကြား ငြင်းဆိုခဲ့သည်။ ထိုပုန်ကန်မှုသည် ၁၉၆၁ ခုနှစ်တွင် အပြီးသတ် နှိမ်နင်းခံခဲ့ရသည်။

အီရတ် (၁၉၅၉ခုနှစ်)

ဗိုလ်မှူးချုပ် အဘ်အယ်ကာ ရင်မ်ကာဆင်၏ အစိုးရအဖွဲ့အတွင်း အီရတ်ကွန်မြူနစ်ပါတီ (ICP) ၏ သြဇာလွှမ်းမိုးမှုအပေါ် စိုးရိမ်ခဲ့သည့် အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါသည် အီရတ်ကို သိမ်းယူရန် အီဂျစ် စစ်တပ်အကြီးအကဲ ဂါမယ် အဗ္ဗဒယ်နက်ဆာကို ကူညီခြင်းသည် ကောင်းမွန်သည့် မူဝါဒ တစ်ခုဖြစ်နိုင်ကြောင်း ယူဆခဲ့သည်။

နက်ဆာကို ငွေကြေးနှင့် အခြားအထောက်အပံ့များ ပေးမည်ဟု အကြံပြုထောက်ခံခဲ့ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကာဆင်နှင့် အီရတ်ကို ကိုင်တွယ်ရာတွင် အီဂျစ်နှင့် ပိုမိုနီးစပ်သည့် ပေါင်းစည်းမှုကို ပြုလုပ်ခဲ့သည်။

အီရတ်သည် ဆိုဗီယက်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဖြစ်သည့် Baghdad Pact အဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ (NSC) သည် အီရတ်တွင် ကွန်မြူနစ်များ အာဏာရယူမှုကို တားဆီးရန် အရေးပေါ်အစီအစဉ်များကို အဆိုပြုခဲ့သည်။

ထို့ပြင် ကာဆင်ကို ရာထူးမှ ဖြုတ်ချရန် မျိုးချစ်ခေါင်းဆောင်များကို ထောက်ပံ့ရေးအတွက် အစီအစဉ်အသေးစိတ်ရေးဆွဲခဲ့သည်။ အမေရိကန်သည် အီရတ်ကို ဆန့်ကျင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် စီမံကိန်းများကို ဆွေးနွေးရန် နက်ဆာထံ ချဉ်းကပ်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ပြု လုပ်ခဲ့သည့် NSC အစည်းအဝေးအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် နှစ်ဦးက ထိုချဉ်းကပ်မှုကို သတိထား လုပ်ဆောင်ရန်လိုကြောင်း တိုက်တွန်းခဲ့သည်။ စီအိုင်အေနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အခြား ကိုယ်စားလှယ် ၁၂ ဦးကလည်း အီရတ်နိုင်ငံအပေါ် ပိုမိုထိရောက်မှုရှိသည့် မူဝါဒကို ချမှတ်ရန် တိုက် တွန်းခဲ့သည်။

အီရတ်တွင် သိုလှောင်ထားသည့် လက်နက်များ အနည်းငယ်ရှိကြောင်း စီအိုင်အေ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပြီး စီအိုင်အေအနေဖြင့် ဂျော်ဒန်ရှိ သက်ဆိုင်ရာလူစုများကို ထောက်ပံ့ပေးရန် တိုက်တွန်းခဲ့သည်။

တစ်ချိန်တည်းမှာပင် NSC သည် ကာဆင်ကို ဖြုတ်ချရန် အီဂျစ်၏ အားထုတ်ကြိုးပမ်းမှုများကို လျှို့ဝှက်စွာ ထောက်ပံ့ပေးရန် စီစဉ်ခဲ့သည်။

ကာဆင်အစိုးရအဖွဲ့ကို ဖြုတ်ချရန် နက်ဆာ၏ လျှို့ဝှက်ကြိုးပမ်းမှုများနှင့် အမေရိကန်အကြား တိုက်ရိုက်ပတ်သက်မှုရှိသည့် အချက်အလက်များမရှိခဲ့ကြောင်း စာရေးဆရာ ဘရိုင်ယန် အာရ် ဂစ်ဘ်ဆင်က ရေးသားခဲ့သည်။ သို့သော် အမေရိကန်သည် အာဆင်အစိုးရကို ဖြုတ်ချရန် အီဂျစ်၏ အားထုတ်ကြိုးပမ်းမှုများကို ဖွင့်ဟပြောဆိုမှု မရှိဘဲ ထောက်ပံ့ပေးခဲ့သည်ဟု အခြားစာရေးဆရာတစ်ဦးဖြစ်သူ ဘရန်ဒန် ဝုလ်ဖ် ဟန်းနီးကတ်က ရေးသားခဲ့သည်။

United Press International (UPI)မှ စာရေးဆရာ ရစ်ချက် ဆေးလ်ကလည်း အမေရိကန်သံတမန်ဟောင်းများ၊ ထောက်လှမ်းရေး အရာရှိဟောင်းများကို ကိုးကားပြီး ၁၉၅၉ ခုနှစ် အောက်တိုဘာ ၇ ရက် က ကာဆင်အား လုပ်ကြံရန် ကြိုးပမ်းမှုကို ဖော်ပြခဲ့သည်။

အောင်မြင်ခဲ့ခြင်းမရှိသည့် အဆိုပါ လုပ်ကြံရန် ကြိုးပမ်းမှုသည် စီအိုင်အေနှင့် အီဂျစ်ထောက်လှမ်းရေးအဖွဲ့ကြား ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည့် ဘာ့သ်ပါတီ ထောက်ခံသူများနှင့် ငယ်ရွယ်သည့် ဆက်ဒမ် ဟူစိန်တို့ ပါဝင်ခဲ့ကြသည်။

ဆက်ဒမ်ဟူစိန်အပါအဝင် ကာဆင်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူများသည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နက်ဆာ၏ ကာကွယ်မှုအောက်တွင် နေထိုင်ခဲ့ကြသည်။

ကာဆင်ကို လုပ်ကြံရန် ကြိုး ပမ်းမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ဟာဇင် ဂျာဝက်က ၎င်းတို့သည် ၁၉၆၀ ပြည့်နှစ်က အီရတ်သို့ ပြန်လည်မဝင်ရောက်မီ အီဂျစ် ထောက်လှမ်းရေးအဖွဲ့ထံမှ လေ့ကျင့်သင်ကြားမှုကို ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဝုလ်ဖ် ဟန်းနီးကတ်ကလည်း အမေရိကန်နှင့် အီဂျစ်ထောက် လှမ်းရေးအဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှု အမြင့်ဆုံး အချိန်ကာ လဖြစ်သည့် ၁၉၅၉-၁၉၆၀ ပြည့် နှစ်ကာလအတွင်း ဂျာဝက်သည်  အမေရိကန်ထောက်လှမ်းရေးအဖွဲ့နှင့် နီးစပ်ခဲ့ဖွယ်ရှိသည်ဟု ရေးသား ဖော်ပြခဲ့သည်။

ထို့ပြင် ဆက်ဒမ်ဟူစိန်သည် လည်း ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးသို့ အဝင်အထွက်ရှိခဲ့နိုင်ပြီး အမေရိကန်အရာရှိများ၊ ထောက်လှမ်းရေး အေးဂျင့်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံမှုရှိခဲ့သည့် အထောက်အထားတစ်ချို့ ရှိသည်ဟု ဝုလ်ဖ်ဟန်းနီးကတ်က ရေးသားခဲ့သည်။

ဆက်ဒမ်ဟူစိန်အပါအဝင်၊ အီရတ်၏ ဘာ့သ်ပါတီကို ထောက်ခံသူများသည် ၁၉၅၉ ပြည့်နှစ်ကုန်ပိုင်းနှင့် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများတွင် အမေရိကန်အာဏာပိုင်များနှင့် ဆက်ဆံမှုများရှိခဲ့သည်ဟု အမေရိကန်ထိပ်သီးအရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

တောင်ဗီယက်နမ် (၁၉၅၉-၁၉၆၃)

၁၉၅၉ ခုနှစ်က ဗီယက်နမ် အလုပ်သမားပါတီ၏ အဖွဲ့ခွဲကို နိုင်ငံတောင်ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ဗီယက်နမ်သမ္မတနိုင်ငံကို ပုန်ကန်မှုစတင်ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် မြောက်ဗီယက်နမ် စတင်တည်ထောင်သည့်နှစ်မှာပင် ဖွဲ့စည်းခဲ့သည့် Group 599 အမည်ရှိ ထောက်ပို့အဖွဲ့မှတစ်ဆင့် ဟိုချီမင်းလမ်းကြောင်းတစ်လျှောက် လက်နက်များ တင်ပို့ခဲ့သည်။

အမေရိကန်သည် ကွန်မြူနစ် မြောက်ဗီယက်နမ်ကို တိုက်ခိုက်နေသည့် တောင်ဗီယက်နမ်ဘက်မှ အကူအညီပေးခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် ဗီယက်နမ်စစ်ပွဲထဲသို့  ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကနေဒီအစိုးရအဖွဲ့သည် တောင်ဗီယက်နမ်သမ္မတ ငိုဒင်ဒီယမ်၏ အကျင့်ပျက်ခြစားမှုနှင့် ဖိနှိပ်အုပ်ချုပ်မှုများအပေါ် စိတ်ပျက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ငိုဒင်ဒီယမ်က ငြင်းဆိုခဲ့သဖြင့် အမေရိကန်အရာရှိများအကြား ငိုဒင်ဒီယမ်ကို ရာထူးမှဖယ်ရှားပြီး သမ္မတသစ်ပြောင်းလဲရန် သင့် မသင့် အချေအတင် ဆွေးနွေးခဲ့ကြသည်။ ၁၉၆၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် အမေရိကန်အစိုးရက တောင်ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံအမတ် ဟင်နရီကာဘော့ လော့ချ် ဂျူနီယာကို ညွှန်ကြားချက် တစ်စောင်ပေးပို့ခဲ့ပြီး ထိုညွှန်ကြားချက်ထဲတွင် တောင်ဗီယက်နမ်တွင် ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် ဖြစ်နိုင်ခြေရှိသမျှ အခြေအနေအားလုံးကို စစ်ဆေးရန်နှင့် ငိုယင်ဒီယမ်၏နေရာကို အစားထိုး ခန့်အပ်မည့် အစီအစဉ်အသေးစိတ်ကို ရေးဆွဲရန် မှာကြားခဲ့သည်။

လော့ချ်နှင့် ၎င်း၏ဆက်ဆံရေးအရာရှိ လူစီယန် ကွန်နီယန်သည် မကျေမနပ်ဖြစ်နေသည့် တောင်ဗီယက်နမ်စစ်တပ်၏ အရာရှိများကို ဆက်သွယ်ခဲ့ပြီး အမေရိကန်အနေနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်မည်မဟုတ်ကြောင်းနှင့် အထောက်အပံ့များကို ဖြတ်တောက်မည်မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်။

ထိုအားထုတ်ကြိုးပမ်းမှုများကြောင့် ငိုယင်ဒီယမ်နှင့် ၎င်း၏ညီဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁ ရက် နှင့် ၂ ရက်တွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။

ကျူးဘား (၁၉၅၉-၁၉၆၂)

ကျူးဘားတွင် ၁၉၅၂ ခုနှစ်က အာဏာရလာခဲ့သည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဖူလ်ဂျန်စီယို ဘက်တစ်စတာကို အမေရိကန်အစိုးရက ၁၉၅၈ ခုနှစ် မတ်လမတိုင်မီ အချိန်အထိ ထောက်ခံခဲ့သည်။ ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဘက်တစ်စတာ၏ အစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရသဖြင့် ဖီဒယ်ကက်စထရိုနှင့် ၎င်း၏ ဇူလိုင် ၂၆ လှုပ်ရှားမှုက ဦးဆောင်ခဲ့သည့် ကျူးဘား တော်လှန်ရေးကို အဆုံးသတ်စေခဲ့သည်။

ကက်စထရိုသည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျူးဘားသမ္မတ ဖြစ်လာခဲ့သည်။ စီအိုင်အေသည် ကျူးဘားပြည်ပြေးများအား ကျူးဘားကို ကျူးကျော်ဝင်ရောက်စေရန် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ကက်စထရိုအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်။

အမေရိကန်တွင် ဂျွန်အက်ဖ် ကနေဒီက သမ္မတအဖြစ် စတင်ရုံး ထိုင်ခဲ့ပြီးနောက် သုံးလအကြာဖြစ်သည့် ၁၉၆၁ ခုနှစ် ဧပြီလတွင် ကျူးကျော်ဝင်ရောက်မှုကို စတင်ခဲ့သည်။ သို့သော် ကျူးဘားစစ်တပ်သည် ကျူးကျော်ဝင်ရောက်ခဲ့သူများကို သုံးရက်အတွင်းမှာပင် ချေ မှုန်းနိုင်ခဲ့သည်။

Operation MONGOOSE သည် ကျူးဘားအစိုးရအား ဖြုတ်ချရန် အမေရိကန်အစိုးရ၏ တစ်နှစ်ကြာ အားထုတ်ကြိုးပမ်းမှု ဖြစ်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင် ကျူးဘားအပေါ် ကုန်သွယ်မှုပိတ်ပင်ခြင်းအပါအဝင် စီးပွားရေး စစ်ဆင်ရေးများ ပါဝင်ခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျူးဘား၏ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်ကြိုးပမ်းနေသည့် ကွန်မြူနစ်အစိုးရကို အားနည်းစေရန်ဖြစ်သည်။

ထို့ပြင် စီအိုင်အေသည် အမေရိကန် မာဖီးယားအဖွဲ့နှင့် ပူးပေါင်း ကြိုးပမ်းမှုအပါအဝင် ကျူးဘားခေါင်းဆောင် ဖီဒယ်ကက်စထရိုကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို စီစဉ်ခဲ့သည်။၂၀၂၁ ခုနှစ် ဧပြီလတွင် အမေရိကန် အမျိုးသား လုံခြုံရေး မော်ကွန်းတိုက်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် စီအိုင်အေသည် ၁၉၆၀ ပြည့် နှစ်က ဖီဒယ်ကက်စထရို၏ညီ ရာအူးလ် ကက်စထရိုကို  လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွင်လည်း ပါဝင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား (၁၉၅၉)

၁၉၅၈ ခုနှစ် ဒီဇင်ဘာလက တောင်ဗီယက်နမ်သမ္မတ ငိုဒင်ဒီယမ်၏ ညီဖြစ်သူ ငိုဒင်နုသည် ကမ္ဘောဒီးယားခေါင်းဆောင် နိုရို ဒွန်သီဟာနုကို ဖြုတ်ချရန် အာဏာသိမ်းမှု အကြံအစည်ကို အစပျိုးခဲ့သည်။ ငိုဒင်နုသည် အမေရိကန် လိုလားသည့် ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး ဒက်ချွန်းကို ဆက်သွယ်ခဲ့ပြီး သီဟာနုကို အာဏာသိမ်းရန် ပြင်ဆင်ခဲ့သည်။

ချွန်းသည် ထိုင်း၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် စီအိုင်အေတို့ထံမှ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများ လျှို့ဝှက် ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သီဟာနုသည် အာဏာသိမ်းမည့် အစီအစဉ်ကို သိရှိသွားခဲ့ပြီးနောက် ချွန်းကို ဖမ်း ဆီးရန် စစ်တပ် စေလွှတ်ခဲ့သည်။ စစ်တပ်က ချွန်းကို ဖမ်းဆီးရမိခဲ့ပြီးနောက် အစစ်အဆေး အမေးအမြန်းမရှိဘဲ ကွပ်မျက်ခဲ့သည်။

ထိုအာဏာသိမ်းရန်ကြိုးပမ်းမှုအတွက် သီဟာနုက တောင်ဗီယက်နမ်နှင့် အမေရိကန်တို့ကို ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခဲ့သည်။

ခြောက်လအကြာဖြစ်သည့် ၁၉၅၉ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပါဆယ်ဗုံးတစ်ခုသည် တော်ဝင်နန်းတော်သို့ ရောက်ရှိလာခဲ့ပြီး ထိုပါဆယ်ဗုံးကို ဖွင့်ကြည့်ခဲ့သည့် နန်းတော်၏ တာဝန်ရှိသူ နိုရိုဒွန် ဒက်ကရီဗန်သည် ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့သည်။

ထိုပါဆယ်ဗုံး ရောက်ရှိလာသည့် လမ်းကြောင်းကို ခြေရာခံ စုံစမ်းခဲ့ရာတွင် ထိုပါဆယ်ဗုံးသည် ဆိုင်ဂုံမြို့ရှိ အမေရိကန်စစ်စခန်း တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ သီဟာနုကမူ ထိုတိုက်ခိုက်မှုကို ငိုဒင်နုက ကြိုးကိုင်ခဲ့ကြောင်း လူသိရှင်ကြား စွပ်စွဲခဲ့ပြီး အမေရိကန်လည်း ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိခဲ့သည်။ 

Most Read

Most Recent