လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း

လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း
Published 21 April 2024

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုကြောင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲထားသဖြင့် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် တပ်မတော်နှင့် PNLA အကြား ယခုနှစ် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သုံးလနီးပါးအတွင်း  ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့အထိ စစ်ဘောင်ကျယ်လာခဲ့ခြင်းဖြစ်သည်။ 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားပြီး နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့လည်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သော်လည်း သုံးနှစ်နီးပါးကြာသည်အထိ တပ်မတော်နှင့် PNLA အကြား မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။



■ ''တပ်မတော်နှင့် PNLA အကြား တိုက်ပွဲစတင်ဖြစ်ပွားမှု''

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် PNLA အဖွဲ့က လက်နက်ခဲယမ်းများကို သယ်ဆောင်လာရာတွင် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးရာမှ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီ ၂၁ ရက်က PNLO အဖွဲ့ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက် အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစကဘက်က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက်ရှိလာသည့် PNLO တပ်ဖွဲ့ဝင်များ လိုက်ပါလာသော Canter ယာဉ်နှစ်စီး၊ Honda Fit တစ်စီး၊ ဖိုးဝှီးယာဉ်နှစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ငါးစီးပါ ယာဉ်တန်းကို တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရာတွင် PNLO ဘက်က သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ပစ်ခတ်မှုရပ်တန့်သွားခဲ့ကြောင်း၊ သို့သော်လည်း PNLO အဖွဲ့ဝင်များသည် လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဉ်အတွင်း ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များကို မီးရှို့ထွက်ပြေးခဲ့ခြင်းကြောင့် ယာဉ်ပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲပြီး စံဖူးကျေးရွာရှိ နေအိမ်များသို့ မီးများကူးစက်ကာ နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်သည်။

မီးလောင်ပျက်စီးနေသည့် ယာဉ်များကို စစ်ဆေးရာ Canter ယာဉ်နှစ်စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစကက ဆိုသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ PNLO ဘက်က ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် PNLA ၏ ယာဉ်များကို တပ်မတော်နှင့် PNO ပြည်သူ့စစ်အဖွဲ့က ပိတ်ဆို့ဟန့်တားသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည်။ 

စံဖူးကျေးရွာဖြစ်စဉ်မှစ၍ စစ်မီးမကူးစေရန် တပ်မတော်နှင့် အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့ပြင် ဇန်နဝါရီ ၂၂ ရက်ကလည်း PNLO ဗဟိုဌာနချုပ် အဝန်းအဝိုင်းရှိ နော်ထော်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထိုဖြစ်စဉ်များကို အစပြု၍ ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွားရခြင်းဖြစ်သည်ဟုလည်း PNLO ဘက်က ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် ရှစ်နှစ်တိုင်တိုင် မျှော်လင့်တကြီးဖြင့် ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ ရရှိခဲ့ခြင်း မရှိဟု PNLO က ဆိုသည်။ 

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့် ဆင်နွှဲသွားမည်ဖြစ်ကြောင်း PNLO ဘက်က ထုတ်ပြန်ခဲ့သည်။ 



■ ''NSPNC ၏ တိုက်တွန်းမှု''

PNLO အနေဖြင့် ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကို ရှောင်ဖယ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကသာ လမ်းကြောင်းမှန်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာ၌ PNLO က သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့် ဖြစ်စဉ်သည် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များကို အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်းသိမ်းပေးရန် NSPNC က ဇန်နဝါရီ ၂၃ ရက်တွင် PNLO အဖွဲ့ထံ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် သတိပေးအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယခုအခါ PNLO အဖွဲ့သည် လူမှုကွန်ရက်မီဒီယာများ၌ ဇန်နဝါရီ ၂၆ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ၊ အစိုးရဆန့်ကျင်လှုပ်ရှားမှုများကို အားပေးထောက်ခံသည့် ရေးသားဖော်ပြချက်များ ထုတ်ပြန်ထားကြောင်း စိစစ်တွေ့ရှိရသည်ဟု NSPNC က ဆိုသည်။

PNLO အဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ပြီး နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ရန် NSPNC က တိုက်တွန်းခဲ့သည်။

နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိခဲ့သည့်အပြင် ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်သည်ဟုလည်း NSPNC က ထုတ်ပြန်သည်။ 

ထို့ပြင် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း NSPNC က ဆိုသည်။ 

ထိုသို့ NSPNC ဘက်က ထုတ်ပြန်ခဲ့သော်လည်း ဇန်နဝါရီ ၂၁ ရက်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး လက်ရှိတွင် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ တိုက်ပွဲများ ပြင်းထန်နေသည်။ 

■ ''စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိပြီလဲ''

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးလနီးပါးအတွင်း စစ်ဘေးရှောင်ဦးရေ ခုနစ်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ဒေသခံအဖွဲ့အစည်းဖြစ်သည့် ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၁၃ ရက်အထိ သုံးလနီးပါးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅၂၁၅၀၊ ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၁၅၀၊ ဟိုပုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ အမြင့်ဆုံးမှာ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၁၀၄၉၀၀ အထိ ရှိခဲ့သည်။

နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်နေသည့် အရပ်သားများကို နေရပ်သို့ ဖိအားပေးပြန်ခိုင်းသည့်ဖြစ်စဉ် အများအပြားရှိနေလာသည့်အတွက် လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ခုနစ်သောင်းကျော်သာ ရှိနေခြင်းဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ပြောကြားသည်။ 

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များရှိ ဒေသခံများအနေဖြင့် ဒဏ်ကြေးပေးဆောင်ရခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းယူခံရနိုင်ခြင်း စသည့် ဖိအားပေးခြိမ်းခြောက်မှုများကြောင့် ဒေသတည်ငြိမ်မှုမရှိသည့်တိုင် နေရပ်သို့ပြန်လာရခြင်းဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ၏ ကောက်ယူရရှိသော အချက်အလက်များတွင် ဖော်ပြထားသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ဘေးရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ နေရာထိုင်ခင်းနှင့် အရေးပေါ် စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဝါးအကူအညီအများအပြား လိုအပ်လျက်ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ ခုနစ်သောင်းကျော်ရှိသည့်အနက် လူဦးရေ ၂၃၀၀၀ ကျော်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက ကယားပြည်နယ်မှ ရှမ်းပြည်နယ် တောင်ပိုင်းသို့ စစ်ရှောင်လာသူများဖြစ်သည်။ 



■ ''သုံးလနီးပါးအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု''

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးလနီးပါးအတွင်း အရပ်သား ၆၁ ဦး သေဆုံးပြီး ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၆၁ ဦးထဲတွင် ခြောက်လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ခုနစ်ဦး ပါဝင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ပြောကြားသည်။ 

အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရသည့် အကြောင်းရင်းများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးထိမှန်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများ ပါဝင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ဧပြီ ၁၃ ရက်အထိ နေရပ်ပြန်သည့် ဒေသခံများအနက် လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်း နင်းမိသောကြောင့် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ထို့ပြင် နေရပ်သို့ စားနပ်ရိက္ခာများ ပြန်လည်သယ်ယူရန်သွားသည့် ဒေသခံကိုးဦးမှာလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၆၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၂၈၄၆ ကြိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၉၆ ခုရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွင် အရပ်သားနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ လမ်းတံတား၊ ဆေးရုံဆေးခန်းနှင့် စျေးတို့ ပါဝင်သည်။ 

အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၉၆ ခုရှိသည့်အနက် အရပ်သားနေအိမ် ၅၅၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၂၅ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ လမ်းတံတား နှစ်ခု၊ ဆေးရုံဆေးခန်း လေးခုနှင့် စျေးတစ်စျေးတို့ ပါဝင်သည်။

အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ ရာခိုင်နှုန်း ၉၀ သည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးထိမှန်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများကြောင့်ဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ပြောကြားသည်။ 

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) အနေဖြင့် လက်လှမ်းမီရရှိသည့် မြေပြင်သတင်းအချက်အလက်များနှင့် အွန်လိုင်းသတင်းအချက်အလက်များအပေါ်တွင် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ထိုသို့သော အခြေအနေတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွင် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး တစ်လကြာ အပစ်ရပ်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် PNLO ပြန်ကြားလွှာတွင် မေတ္တာရပ်ခံခဲ့ဖူးသည်။ 

မတ်၂၄ ရက်ကျရောက်မည့် (၇၅) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိက္ခများကို မတ်၂၃ ရက်မှ ဧပြီ ၂၃ ရက်အထိ တစ်လကြာအပစ်ရပ်စဲထားကြရန် မေတ္တာရပ်ခံထားကြောင်း ၎င်းကဆိုသည်။

ထိုသို့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကြောင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ပြီး ပဋိပက္ခများ လျော့ကျနိုင်မည့်အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ဘေးရှောင်များထံ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မေတ္တာရပ်ခံခဲ့သော်လည်း တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား အပစ်ရပ်နိုင်ခြင်းမရှိဘဲ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘောင်ပိုကျယ်လာသည်ကို တွေ့ရကြောင်း စစ်ရေးအကဲခတ်သူများက သုံးသပ်လျက်ရှိကြသည်။ 



 

Most Read

Most Recent