လိုတိုရှင်း စီးပွားရေးသုတ (၅၁)

လိုတိုရှင်း စီးပွားရေးသုတ (၅၁)
Published 31 March 2024
စောနိုင်(အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၅၁)

အဒမ်စမစ် (Adam Smith)

ခေတ်သစ်ဘောဂဗေဒဘာသာရပ် (စီးပွားရေးဘာသာရပ်) ၏ ဖခင်ကြီးဟု ခေါ်ကြသော အဒမ်စမစ်သည် စကော့တလန်နိုင်ငံ ဂလက်စ်ဂိုတက္ကသိုလ်တွင် ဒဿနိကဗေဒ ပါမောက္ခတစ်ဦးဖြစ်ခဲ့သည်။ ၎င်း၏စီးပွားရေးအယူအဆတစ်ခုမှာ စျေးသည်တစ်ယောက် ထုတ်ကုန်များ ရောင်းချနေခြင်းသည် အများ(စားသုံးဝယ်ယူသူများ)  အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းဘဝရပ်တည်နေထိုင်မှုအတွက် ဝင်ငွေရရှိရန်သာဖြစ်သည်။ သို့သော်ထိုသူ၏ ကိုယ်ကျိုး စီးပွားရှာဖွေမှုသည် လူ့အဖွဲ့အစည်းထဲရှိ အခြားသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသကဲ့သို့ဖြစ်နေသည်ဟု ထောက်ပြခဲ့သည်။ 

    စျေးကွက်ထဲတွင် ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းအမျိုးမျိုးသည် ထိုလူအဖွဲ့အစည်းက လိုအပ်သောကုန်ပစ္စည်းများနှင့် ယေဘုယျအားဖြင့် တူညီမှုရှိနေသည်မှာ ဈေးကွက်၏ အလိုအလျောက်ဖန်တီးမှုဖြစ်သည့် မမြင်ရသောလက်ကြောင့်ဖြစ်သည်ဟု ဆိုထားသည်။ အဒမ်စမစ်က ပြိုင်ဆိုင်မှုသည် ဝယ်ယူစားသုံးသူများအတွက် ထုတ်ကုန်စျေးနှုန်းများ နိမ့်ကျစေမှုကို ဖြစ်ပေါ်စေသည်။ လွတ်လပ်စွာလည်ပတ်နေသော စျေးကွက်တစ်ခုသည် စျေးကွက်လိုအပ်ချက်နှင့် အနေတော်ဖြစ်စေသည့် ထုတ်လုပ်မှုကိုလည်း လုပ်ဆောင်ပေးနိုင်သည်ဟုလည်း မှတ်ချက်ပြုထားသည်။      

    အဒမ်စမစ်သည်  ၎င်း၏နာမည်ကြီးစာအုပ်ဖြစ်သည့်  “နိုင်ငံများ၏ ဥစ္စာဓန”  စာအုပ်ကို ၁၀ နှစ်ခန ့်အချိန်ယူရေးသားခဲပြီး ၁၇၇၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်း၏အတွေးအခေါ်များကို လွတ်လပ်သော စျေးကွက်သဘောတရားကို နှစ်သက်သည့် စျေးကွက်ဝါဒီများက လေ့လာမှုများစွာ ပြုလုပ်ခဲ့သည်။ အဒမ်စမစ်သည် လွတ်လပ်သော စျေးကွက်သဘောတရားများကို အလေးထားရေးသားထားသော်လည်း တစ်ခါတရံ စျေးကွက်လုပ်ဆောင်ချက်များ မျှတစေရန် အစိုးရ၏ဝ င်ရောက်စွက်ဖက်မှုလည်း လိုအပ်သည်ဟု ယုံကြည်သည်။ ထို့ပြင် အဒမ်စမစ်သည် အလုပ်သမားများ၏ လုပ်ခလစာများ ကျဆင်းစေရန် လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်း၊ လက်ဝါးကြီးအုပ်လုပ်ကိုင်ခြင်းတို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။ 

ဝေါဟာရများ

အဒမ်စမစ်=Adam Smith   

နေထိုင်မှုအတွက်=for a living    

မမြင်ရသောလက်=invisible hand       

နိုင်ငံများ၏ ဥစ္စာဓန=the Wealth of Nations   

လက်ဝါးကြီးအုပ်လုပ်ကိုင်ခြင်း=monopoly       

လိုတိုရှင်း စီးပွားရေးသုတ (၅၂)

ဒေးဗစ်ရီကာဒို (David Ricardo)

    စီးပွားရေး ဘာသာရပ်ကို လေ့လာသူတိုင်း ဒေးဗစ်ရီကာဒိုကို နိုင်ငံရေးဘောဂဗေဒပညာရှင်အဖြစ်သိထားကြသည်။ သူသည် လန်ဒန်မှ စတော့ရှယ်ယာပွဲစားတစ်ဦးဖြစ်ပြီး စီးပွားရေးပညာကို စနစ်တကျဖြစ်လာစေရန်လုပ်ဆောင်ခဲ့သူ၊ ကျမ်းရိုးစီးပွားရေးသီအိုရီဆိုင်ရာ အခြေခံသဘောတရားများကို ချမှတ်ပေးနိုင်ခဲ့သူဟုလည်း မှတ်တမ်းတင်ထားကြသည်။ ၎င်းသည် စတော့စျေးကွက်တွင် စျေးကစားခြင်း ရောင်းဝယ်ခြင်းကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ခဲ့ပြီး အဒမ်စမစ်၏ နိုင်ငံများ၏ ဥစ္စာဓနစာအုပ်ကို ဖတ်ရှုပြီးနောက်မှ စီးပွားရေးပညာရပ်ကို စိတ်ဝင်စားမှုရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဒေးဗစ်ရီကာဒို၏ အစိုးရကို ပြစ်တင်ဝေဖန်ချက် “ငွေစက္ကူများစွာ  ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ငွေကြေးဖောင်းပွခြင်းကို ဖြစ်စေသည်” ဟူသော အဆိုသည် ၎င်းကို ပထမဦးဆုံးကျော်ကြားမှု ဖြစ်စေခဲ့သည်။ ထိုအချက်သည် ငွေကြေးဝါဒ၏အစဖြစ်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။ ကုန်သွယ်မှုဆိုင်ရာနှင့် ပတ်သက်၍လည်း မှတ်သားဖွယ်အယူအဆများကို  ဖော်ထုတ်ခဲ့သည်။ ၎င်းတီထွင်ခဲ့သည့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အယူအဆတစ်ခုမှာ နှိုင်းယှဉ်အကျိုးကျေးဇူးသီအိုရီ ဖြစ်သည်။ ထိုသီအိုရီ၏ သဘောတရားမှာ “နိုင်ငံတစ်နိုင်ငံသည် ကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ အခြားတိုင်းပြည်တစ်ပြည်ထက် စွမ်းဆောင်ရည်နည်းသည့်တိုင်အောင် ၎င်းနိုင်ငံထဲမှာပင်ထုတ်လုပ်ထားသည့် အခြားသောကုန်ပစ္စည်းများနှင့်နှိုင်းယှဉ်ကြည့်၍ ပိုမိုစွမ်းဆောင်ရည်ရှိနေသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် နိုင် ငံတကာ ကုန်သွယ်မှုမှ အကျိုးကျေးဇူးရရှိနိုင်သည်ဟူသော အချက်ဖြစ်သည်။

    ထို့ပြင် ရီကာဒိုသည် ပြန်ရချက်လျော့ကျခြင်း သီအိုရီကို လည်း ဖော်ထုတ်ခဲ့သည်။ ထိုသီအိုရီမှာ ကုန်ထုတ်လုပ်မှု တိုးတက်လာသောအခါ ထုတ်လုပ်ရာ တွင် ကုန်ကျမည့်စရိတ်စကမှာ အချိုးမညီစွာ မြင့်တက်လာသည်ကို ရှင်းပြထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ပါလီမန်အဖွဲ့ဝင်တစ် ယောက် ဖြစ်လာခဲ့သည်။

 

ဝေါဟာရများ

ဒေးဗစ်ရီကာဒို=David Ricardo   

ကျမ်းရိုး စီးပွားရေးသီအိုရီ=classical  economic theory  

ငွေစက္ကူများစွာပုံနှိပ်ထုတ်ဝေခြင်း=printing much money   

နှိုင်းယှဉ်အကျိုးကျေးဇူးသီအိုရီ=theory of  comparative advantage 

ပြန်ရချက်လျော့ကျခြင်းသီအိုရီ=theory of  diminishing return 

 

လိုတိုရှင်း စီးပွားရေးသုတ (၅၃)

ဂျွန်စတူးဝပ်မေးလ် (John Stuart Mill)

         ဂျွန်စတူးဝပ်မေး (လ်) သည် စီးပွားရေးပညာရှင်တစ်ဖြစ်လဲ၊ အတွေးအခေါ်ပညာရှင် ဂျိမ်း (စ်) မေး (လ်) ၏အကြီးဆုံးသားဖြစ်သည်။ ၎င်း၏ ငယ်စဉ်ဘဝကတည်းက ကြီးကျယ်သောပညာရှင်တစ်ယောက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖခင်ဖြစ်သူ၏ပျိုးထောင်ပေးမှုကို ခံခဲ့ရသည်။ ၎င်းသည် လွတ်လပ်သောစျေးကွက် အယူအဆကို ထောက်ခံသူဖြစ်ပြီး ဈေးကွက်အတွင်း တစ်စုံတစ်ယောက်အပြုအမူသည် အခြားသူများကိုထိခိုက်ရန် ရှိလာမှသာ အစိုးရက ဝင်ရောက်စွက်ဖက်မှုကို  လုပ်သင့်သည်ဟု ထောက်ပြထားသည်။

       ၎င်းက လူ့အဖွဲ့အစည်းအနေဖြင့် လူအများကိုစိတ်ပျော်ရွှင်ကျေနပ်မှု အများဆုံးရရှိစေရန် ပြုမူသင့်သည်ဟု ယုံကြည်သည်။ ၎င်းလက်ခံယုံကြည်၍ ဖော်ထုတ်ခဲ့ သော အိုင်ဒီယာကို စိတ်ကျေနပ်မှုအယူဝါဒ (utilitarianism) ဟုခေါ်သည်။ လွတ်လပ်စွာပြောဆိုမှုကိုလည်း အကြီးအကျယ် ထောက်ခံသူဖြစ်သည့် ဂျွန်စတူးဝပ်မေးလ်သည် ဆင်ဆာဖြတ်တောက်ခြင်းကို လက်မခံသူဖြစ်ပြီး မည်မျှပင်ဆိုးရွားသော အတွေးအခေါ်ပင်ဖြစ်စေကာမူ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးသင့်သည်ဟု    ယုံကြည်ထားသည်။

         ဂျွန်စတူးဝပ်မေးလ်သည် အမျိုးသမီးများအခွင့်အရေးနှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်မှုများကို အခြားပညာရှင်များထက်ဦးစွာ ထောက်ခံခဲ့သူတစ်ဦးဖြစ်သည်။ အများစုက စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက်နေစဉ် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လျော့ပါးစေရန်နှင့် သဘာဝပတ်ဝန်းကျင်၏ အခြေအနေကို ထိန်းသိမ်းကာကွယ်ရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလွန်အမင်းတွန်းအားပေးမပြုလုပ်ရန်အကြံပြုခဲ့ဖူးသည်။ ၎င်း၏ အကျော်ကြားဆုံးဖြစ်ခဲ့သော အားထုတ်မှုမှာ ၁၈၄၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော “the Principles of Political Economy”  စာအုပ်နှင့် ၁၈၅၉ ခုနှစ်တွင် ထုတ်ဝေသော  “On liberty  ”စာအုပ်တို့ဖြစ်သည်။

ဝေါဟာရများ

ဂျွန်စတူးဝပ်မေးလ်= John Stuart Mill     

စိတ် ကျေနပ်မှု အယူဝါဒ=utilitarianism            

လွတ်လပ်စွာပြောဆိုမှု=freedom of speech 

ဆင်ဆာဖြတ်တောက်ခြင်း=censorship 

အမျိုးသမီးများအခွင့်အရေး=women’s rights    

 

လိုတိုရှင်း စီးပွားရေးသုတ (၅၄)

ကား (လ်) မာ့က်စ်  (Karl Marx )

           ကား (လ်) မာ့က်စ်သည် ၂၀ ရာစုအစကာလက ကွန်မြူနစ်တော်လှန်ရေး အခြေခံအယူအဆများကိုဖြစ်စေသည့် အိုင်ဒီယာများ ဖန်တီးခဲ့သူ ဂျာမန်အတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်သည်။ ၎င်းက လူ့အဖွဲ့အစည်းများ၏ သမိုင်းကြောင်းများသည် အချိန်ကာလတစ်လျောက်ဖြစ်ပွားခဲ့သော လူတန်းစားများတိုက် ပွဲများအကြောင်း ဖြစ်သည်ဟု ယုံကြည်သည်။ ၎င်း၏အိုင်ဒီယာများထဲတွင် အရင်းရှင်ဝါဒသည် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့်သာ အမြတ်အစွန်းပြုလုပ်နိုင်သည်ဟု ယူဆထားသည်။ ဤအခြေအနေကို အလုပ်သမားများက ကုန်ထုတ်စွမ်းအားများကို အင်အားသုံးရယူခြင်းဖြင့်သာ ပြောင်းလဲပစ်နိုင်မည်ဟု ဆိုသည်။

         နိုင်ငံရေးစနစ်များ အားလုံးသည် ၎င်းတို့၏လမ်းကြောင်းများအတိုင်း လှုပ်ရှားပြောင်းလဲလျက်ရှိနေကြသည်။ အရင်းရှင်ဝါဒသည် ပဒေသရာဇ်စနစ်ကိုအစားထိုးနေရာယူသကဲ့သို့ ကွန်မြူနစ်ဝါဒသည်လည်း အရင်းရှင်ဝါဒနေရာကို ဝင်ရောက်လာသည်။ ဤအချက်သည် အချိန်ကာလကိစ္စသာဖြစ်သည်။ အရင်းရှင်ဝါဒသည် တစ်ဦးတည်း လက်ဝါးကြီးအုပ်သည့်အခြေအနေကို ဦးတည်သွားသောကြောင့် ၎င်းအခြေအနေသည် ကုန်ထုတ်စွမ်းအားစုအားလုံးကို ထိန်းချူပ်ကိုင်တွယ်ရန်ပိုမိုလွယ်ကူသွားစေခဲ့သည်။ ထိုအခြေအနေကပင် အရင်းရှင်စနစ်ကျဆုံးခန်းရောက်ရှိစေရန် သူ့သဘောသူဆောင် တွန်းပို့သကဲ့သို့ဖြစ်ခဲ့သည်ဟု ဆိုသည်။

    ကား (လ်) မာ့က်စ်သည် ၁၈၄၃ ခုနှစ်တွင် ဂျင်နီဗွန်ဝက် (စ) ဖာလန်ဆိုသူနှင့် လက်ထပ်ခဲ့ပြီး သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ သူသည် ၁၈၈၃ ခုနှစ် မတ်လတွင် လန်ဒန်၊ ဟမ်စတက်အရပ်ဒေသတွင် ဆင်းရဲနွမ်းပါးစွာဖြင့် သေဆုံးခဲ့သည်။ ကား (လ်) မာ့က်စ်၏ အယူအဆများသည် ၎င်းအသက်ရှင်နေစဉ် ကျော်ကြားမှုမရှိခဲ့သော်လည်း ၁၉၁၇ ခုနှစ် ရုရှနိုင်ငံ ဘော်ရှီဗစ်တော်လှန်ရေးကာလအလွန်တွင် ကမ္ဘာ့ရေးရာများတွင် အရေးကြီးသောအတွေးအခေါ်များအဖြစ် လူစိတ်ဝင်စားမှု များလာခဲ့သည်။

ဝေါဟာရများ

ကား (လ်) မာ့က်စ်=Karl Marx  

အရင်းရှင်ဝါဒ=capitalism   

လူတန်းစားများတိုက်ပွဲများ=class struggles    

ကုန်ထုတ်စွမ်းအားစုများ=factors of production  

ဘော်ရှီဗစ်တော်လှန်ရေး=Bolshevik Revolution 

 

လိုတိုရှင်း စီးပွားရေးသုတ (၅၅)

အဲလ်ဖရက်မာရှယ် (Alfred Marshall)

         စီးပွားရေးပညာရပ်ကို လူသိများကာ ထွန်းထွန်းကားကားဖြစ်လာစအချိန်၌ အဲလ်ဖရက်မာရှယ်သည် ပိုမိုသိပ္ပံနည်းကျသောအခြေခံများဖြင့် ဘာသာရပ် သဘောတရား ခိုင်မာမှုရှိစေရန် ခက်ခဲသော သချင်္ာနည်းများ အသုံးပြုတွက်ချက်လုပ်ဆောင်ခဲ့သူ ပညာရှင်တစ်ဦးဖြစ်သည်။ တစ်ချိန်တည်းမှာပင် စီးပွားရေးဘာသာရပ်ကို အများပြည်သူကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိသဘောပေါက် နားလည်စေရန်အတွက် သချင်္ာဆိုင်ရာသက်သေပြဆိုချက်များစွာကို မဖော်ပြ၊ မြှုပ်ထားလျက် ရိုးစင်းသော အယူအဆမျာဖြင့် မိတ်ဆက်ပေးနိုင်ရန်လည်း စိတ်ဝင်တစား အားထုတ်ခဲ့သူဖြစ်သည်။ 

    အဲလ်ဖရက်မာရှယ်သည် ဝယ်လိုအားနှင့် ရောင်းလိုအား သီအိုရီကို စတင်ဖော်ထုတ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ဝယ်လိုအားနှင့် ရောင်းလိုအား သီအိုရီတွင် ထုတ်ကုန်တစ်ခု၏ စျေးနှုန်းနှင့် ထုတ်လုပ်မှုတို့ကို ဝယ်လိုအားနှင့်ရောင်းလိုအားတို့က ပြဋ္ဌာန်းပေးသည်ဟုဆိုထားသည်။ ၎င်းက ထုတ်ကုန်တစ်ခု၏ စျေးကွက် ပေါက်စျေးသည် ဝယ်လိုအားမျဉ်းကွေးနှင့် ရောင်းလိုအား မျဉ်းကွေးတို့ဆုံသည့်နေရာတွင်ဖြစ်ပေါ်သည်ဟု သက်သေပြခဲ့ပြီး အစွန်းထွက်စိတ်ကျေနပ်မှုအိုင်ဒီယာကိုလည်း ဖော်ထုတ်ခဲ့သည်။ အစွန်းထွက် စိတ်ကျေနပ်မှုအိုင်ဒီယာဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကို ပိုမိုစားသုံးလေလေ ထိုကုန်စည်ကို စားသုံးချင်စိတ်ဆန္ဒလျော့နည်း ကျဆင်းလေလေဖြစ်သည်ဟူသော အယူအဆဖြစ်သည်။ ထိုအိုင်ဒီယာမှ ကုန်ပစ္စည်းတစ်ခု၏ စျေးနှုန်းတိုးမြင့်လာမှုသည် အရောင်းကျဆင်းမှုကိုဖြစ်စေသည့် အချက်ကို တွေ့ရှိခဲ့သည်။ 

     ထို့ပြင် စျေးနှုန်းအလျှော့အတင်းသဘောတရားကိုလည်း မိတ်ဆက်ပေးခဲ့သည်။ စျေးနှုန်းအလျော့အတင်း သဘောတရားဆိုသည်မှာ ကုန်စည်တစ်ခု၏ စျေးနှုန်းသည် အနည်းငယ်သာပြောင်းလဲဖြစ်ပေါ်စေကာမူ ၎င်းကုန်စည်၏အရောင်းအဝယ်အပေါ် များစွာစိုးမိုးသက်ရောက်မှုရှိသည်ကို ရှင်းပြထားခြင်း ဖြစ်သည်။ မာရှယ် (လ်) သည် “Principles of Economics” စာအုပ်ကို အချိန် ၁၀ နှစ်ယူရေးသားခဲ့ရပြီး ၁၈၉၀ ပြည့်နှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ နောက်ထပ်ရေးသားပြုစုမှုများ မပြီးဆုံးခင် ၁၉၂၄ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။

ဝေါဟာရများ

အဲလ်ဖရက်မာရှယ်=Alfred Marshall    

ဝယ်လိုအားနှင့်ရောင်းလိုအားသီအိုရီကို=supply and demand theory             

အစွန်းထွက် စိတ်ကျေနပ်မှု=marginal utility 

အရောင်းကျဆင်းမှု=reduction in sales  

စျေးနှုန်းအလျော့အတင်း=price elasticity 

Most Read

Most Recent