တေလာဆွစ်က နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်များအတွင်း လော်ရီကားမောင်းခဲ့သူများအား တစ်ဦးလျှင် ဒေါ်လာတစ်သိန်းစီ အပိုဆုကြေးပေး

တေလာဆွစ်က နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်များအတွင်း လော်ရီကားမောင်းခဲ့သူများအား တစ်ဦးလျှင် ဒေါ်လာတစ်သိန်းစီ အပိုဆုကြေးပေး
Photo - Instagram
Photo - Instagram
Published 4 August 2023

တေလာဆွစ်က အမေရိကန်နယ်လှည့် ဖျော်ဖြေရေးခရီးစဉ်များအတွင်း လော်ရီကားမောင်းသည့် ယာဉ်မောင်းများအား တစ်ဦးစီကို အမေရိကန်ဒေါ်လာတစ်သိန်းစီ အပိုဆုကြေး ထပ်ပေးခဲ့သည်။

Eras Tour လှည့်လည်ဖျော်ဖြေမှုများအတွက် အမေရိကန်အနှံ့သို့ ပစ္စည်းပစ္စယများ သယ်ပို့ပေးကြရသည့် ယာဉ်မောင်းများကို ဆွစ်က အပိုဆုပေးအပ်ခြင်းဖြစ်ပြီး ယာဉ်မောင်း ၅၀ ရှိသည်ယူဆရကာ အမေရိကန် ဒေါ်လာငါးသန်း ထုတ်ပေးခဲ့ရမည်ဖြစ်သည်။

မက္ကဆီကိုသို့ သွားရောက်မဖျော်ဖြေမီ အမေရိကန်နယ်လှည့်ဖျော်ဖြေမှု အပြီးသတ်အဖြစ် ဆုကြေးများပေးခြင်းလည်းဖြစ်သည်။

ထို့ပြင်ဆွစ်က တီးဝိုင်းအဖွဲ့သားများ၊ အကသမားများ၊  မီးအလင်းနှင့်အသံပညာရှင်များ၊ အကျွေးအမွေးကိုတာဝန်ယူရသူများအပါအဝင် ဖျော်ဖြေရေးခရီးစဉ်များအတွင်း ပါဝင်အားဖြည့်ခဲ့သည့် ဝန်ထမ်းများကိုလည်း ဆုကြေးများ ရက်ရက်ရောရောပေးခဲ့သည်။

ဆီယက်တယ်မြို့တွင် ဆွစ်သွားရောက် ဖျော်ဖြေစဉ် ပရိသတ်၏အားပေးကြမ်းမှုက ငလျင်ပြင်းအား ၂၃ နှင့်ညီမျှသည့် မြေတုန်ခါ မှုများ ဖြစ်စေခဲ့သည်ဟု   အနောက်ဝါရှင်တန် တက္ကသိုလ်မှ ဘူမိဗေဒပါမောက္ခ၊ မြေငလျင် ပညာရှင်တစ်ဦးက ပြောသည်။

ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်က Lumen Field အားကစားရုံတွင်ကျင်းပခဲ့သည့် Eras Tour ရှိုးပွဲအတွင်း တိုင်းတာ၍ရခဲ့သည့် တုန်ခါမှုဖြစ်ပြီး ဆွစ်၏ပရိသတ်များကြောင့်၊ သို့မဟုတ် အသံစနစ်ကြောင့်ဖြစ်သည်ဟု  ထိုမြေငလျင်ပညာရှင်ကဆိုသည်။ ဖျော်ဖြေပွဲ နှစ်ညအတွင်း တက်ရောက်လာသူ ပရိသတ်အရေအတွက်က ၁၄၄,၀၀၀ ရှိခဲ့သည်။ ဂီတရှိုးပွဲများကြောင့် ထိုသို့မြေတုန်ခါခြင်းများ ယခင်ကလည်း ရှိခဲ့သည်။