မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများနှင့် အဆိုပြုစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်ရန် မြန်မာနှင့် တရုတ် ဆွေးနွေး

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများနှင့် အဆိုပြုစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်ရန် မြန်မာနှင့် တရုတ် ဆွေးနွေး
Published 11 July 2023

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများနှင့် အဆိုပြုစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယဥက္ကဋ္ဌ Mr.Deng Boqing တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” သို့ တက်ရောက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယဥက္ကဋ္ဌ Mr.Deng Boqing တို့သည် ဇူလိုင် ၁၀ ရက်က သီးခြားတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် “ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” ကို  “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ Mr.Wang Yi၊ တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr.Luo Zhao-hui၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂ဝကျော်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၆ ခုတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ်နှစ်ဦးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဘုံအကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲလေးခု ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် “ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေး အသွင်ကူးပြောင်းမှုအတွက် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခွဲ” သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့် ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။