NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီ တွေ့ဆုံ၍ ဖွဲ့စည်းပုံ၌ပြင်ဆင်သင့်သည့် ပြဋ္ဌာန်းချက်များအပေါ် ပါတီများ၏သဘောထားနှင့် ပါတီများအစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီ တွေ့ဆုံ၍ ဖွဲ့စည်းပုံ၌ပြင်ဆင်သင့်သည့် ပြဋ္ဌာန်းချက်များအပေါ် ပါတီများ၏သဘောထားနှင့် ပါတီများအစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ ဆွေးနွေး
Published 29 March 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ကိုယ်စားလှယ်များသည် မတ် ၂၈ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမှာစကားပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားများ ဆွေးနွေးရန်ကိစ္စ၊ ညှိနှိုင်းရေးကော်မတီနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင်ရေး ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည့် အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ညှိနှိုင်းရေးကော်မတီ၏ Vixion နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေများနှင့် NCA ၏ မဟာဗျူဟာသုံးရပ်နှင့်အညီ ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးအေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်ဆွေးနွေးပြောကြားကြောင်း သိရသည်။

Most Read

Most Recent