ဆိုးလ်တွင်ပြုလုပ်သည့် ဘရူနိုမားစ်ရှိုးပွဲကို ဆောင်းဟေကို၊ ဂျီဒရက်ဂွန်၊ BTS နှင့် BLACKPINK  အပါအဝင် ထိပ်တန်းအနုပညာရှင်များ တက်ရောက်အားပေး

ဆိုးလ်တွင်ပြုလုပ်သည့် ဘရူနိုမားစ်ရှိုးပွဲကို ဆောင်းဟေကို၊ ဂျီဒရက်ဂွန်၊ BTS နှင့် BLACKPINK  အပါအဝင် ထိပ်တန်းအနုပညာရှင်များ တက်ရောက်အားပေး
Photo - KBIZoom
Photo - KBIZoom
Published 20 June 2023

ကမ္ဘာကျော်ပေါ့ပ်စတား ဘရူနိုမားစ်က ဆိုးလ်တွင် ဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ထိုပွဲကို သာမန်ကိုရီးယားပြည်သူများသာမက၊ ဒိတ်ဒိတ်ကြဲကေပေါ့ပ်အဆိုတော်များနှင့် သရုပ်ဆောင်များလည်း တက်ရောက်အားပေးခဲ့ကြသည်။

ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် ဘရူနိုမားစ်က ဆိုးလ်မြို့တော်ရှိ Jamsil Main အားကစားရုံတွင် ဖျော်ဖြေခဲ့ပြီး ထိုနှစ်ရက်အတွင်း ပွဲကြည့်ပရိသတ်စုစုပေါင်း ၁၀၁,၀၀၀ ခန့်ရှိခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာများ က ဖော်ပြကြသည်။

ကိုးနှစ်ကြာပြီးနောက် ဘရူနိုမားစ်၏ ပထမဆုံး ကိုရီးယားရှိုးပွဲဖြစ်ပြီး ဧပြီတွင်ကြိုတင်လက်မှတ်ဝယ်ရန် ကြိုးစားခဲ့သူ ၁.၁၆ သန်း ရှိသည်အထိ လူစိတ်ဝင်စားမှုများခဲ့သည်။

ထို့ကြောင့်လည်း ကိုရီးယားပရိသတ်များကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အနေဖြင့် ဘရူနိုမားစ်က “I Miss You” ကို ကိုရီးယားစကားဖြင့် ပြောခဲ့ပြီး ကိုရီးယားသီချင်း “Oh My Baby” ကို ဆိုပြခဲ့သည်။

၎င်း၏ရှိုးပွဲသို့ နာမည်ကျော် ကိုရီးယားအနုပညာရှင်များစွာ အားပေးကြည့်ရှုခဲ့ပြီး ဆောင်းဟေကို၊ ဟန်ဂါအင်း၊ လီဂျယ်ဟွန်း၊  ယူဂျောင်ဟွန်း၊ ချန်ဝူဟီ အပါအဝင် သရုပ် ဆောင်များစွာ လာရောက်ကြည့်ရှုခဲ့ကာ အဆိုတော်များထဲတွင် ဂျီဒရက်ဂွန်၊ BTS  အဖွဲ့မှ RMနှင့် ဗွီ၊ Blackpink အဖွဲ့မှ လီဆာ၊ ဂျန်းနီနှင့်ရို့စ်၊ Red Velvet အဖွဲ့ဝင်အချို့၊ EXO အဖွဲ့ဝင် ကိုင်နှင့် D.O ၊ NCT အဖွဲ့ဝင်များ၊ SEVENTEEN အဖွဲ့ဝင်များ၊ TXT အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

ဘရူနိုမားစ်သည် ၂၀၁၀ ခုနှစ်က ထွက်သည့် ၎င်း၏ ပထမဆုံး တေးအယ်လ်ဘမ် Doo-Wops &Hooligans ဖြင့်ပင် လူကြိုက်များအောင်မြင်ခဲ့ပြီး  ထိုစဉ်က ထွက်ခဲ့သည့် Just The Way You Are နှင့် Grenade သီ ချင်းတို့သည် လူကြိုက်အများဆုံးသီချင်း Billboard Hot 100 ဇယားတွင် နံပါတ်(၁)  ဖြစ်ခဲ့သည်။

တောင်ကိုရီးယားတွင်လည်း ၎င်း၏ Marry You ၊ Uptown Funk နှင့် That’s What I Like သီချင်းတို့မှာ လူကြိုက်များလှသည်။ ဘရူနိုမားစ်သည် လက်ရှိအချိန်တွင် ဂရမ်မီဆုပေါင်း ၁၅ ဆုကို ဆွတ်ခူးပိုင်ဆိုင်ထားပြီး ဂီတလောက၏ ထိပ်ပိုင်းတစ်နေရာကို ရယူထားသည်။