တောင်ကိုရီးယား၏ ကိုလိုနီခေတ် ဆင်းရဲဒုက္ခများနှင့်ပတ်သက်ပြီး ထပ်တူဝမ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား

တောင်ကိုရီးယား၏ ကိုလိုနီခေတ် ဆင်းရဲဒုက္ခများနှင့်ပတ်သက်ပြီး ထပ်တူဝမ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား
မေ ၇ ရက်က ဆိုးလ်မြို့တော်ရှိ သမ္မတရုံးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (ဝဲ)နှင့် တောင်ကိုရီးယားသမ္မတ ယွန်းကို တွေ့ရစဉ် (Photo: AP)
မေ ၇ ရက်က ဆိုးလ်မြို့တော်ရှိ သမ္မတရုံးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (ဝဲ)နှင့် တောင်ကိုရီးယားသမ္မတ ယွန်းကို တွေ့ရစဉ် (Photo: AP)
Published 8 May 2023
   Ref: AFP

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် တောင်ကိုရီးယားနှင့် ဂျပန်အကြား ကာလကြာရှည် တင်းမာခဲ့သည့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုခဲ့ချိန်တွင် တောင်ကိုရီးယား၏ ကိုလိုနီခေတ် ဆင်းရဲဒုက္ခများခံစားခဲ့ရမှု  နှင့်ပတ်သက်ပြီး ထပ်တူဝမ်းနည်းကြောင်း မေ ၇ ရက်က ပြောကြားခဲ့သည်။

“အဲဒီအချိန်ကာလက ရက်စက်ကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာ လူတွေအများကြီးဟာ အရမ်းခက်ခဲပြီး ဝမ်းနည်းဖို့ကောင်းတဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းလာရတာကို ကျွန်တော် ထပ်တူဝမ်းနည်းကြေကွဲမိပါတယ်” ဟု ကီရှီဒါက တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် ပြောကြားခဲ့သည်။

အမေရိကန်၏ အရေးကြီးသည့် လုံခြုံရေးမဟာမိတ်များဖြစ်သည့် အရှေ့အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်၏ကိုလိုနီပြုမှုနှင့်ဆက်နွှယ်သည့် သမိုင်းဝင် ပြဿနာများနှင့်ပတ်သက်ပြီး ကာလကြာရှည် ဆက်ဆံရေးတင်းမာခဲ့သည်။

စစ်ပွဲကာလအတွင်း အတင်းအဓမ္မ အလုပ်ကြမ်း စေခိုင်းခံခဲ့ရသည့် နစ်နာသူများကို နစ်နာကြေးပေးရန် တောင်ကိုရီးယား တရားရုံးချုပ်က ဂျပန်ကုမ္ပဏီများကို အမိန့်ချမှတ်ခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက ယင်းနှစ်နိုင်ငံသည် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများနှင့် မတိုးသာမဆုတ်သာအခြေအနေသို့ ရောက် ရှိခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်က သမ္မတအဖြစ် ရုံးထိုင်ခဲ့သည့် ယွန်းသည် သမိုင်းဝင် အငြင်းပွားမှုများကို အဆုံးသတ်ရန် ကြိုးပမ်းခဲ့ပြီး ဂျပန်အစိုးရ၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘဲ နစ်နာသူများကို နစ်နာကြေးပေးရန် အစီအစဉ်တစ်ရပ်ကို အစောပိုင်းက ကြေညာခဲ့သည်။

၎င်း၏ အစီအစဉ်သည်  တောင်ကိုရီးယားပြည်တွင်းတွင် လူကြိုက်များခြင်းမရှိခဲ့ဘဲ နစ်နာသူများက စစ်ပွဲကာလအတွင်း အတင်းအဓမ္မအလုပ်ကြမ်းစေခိုင်းမှုတွင် ပါဝင်ခဲ့သည့် ဂျပန်ကုမ္ပဏီများထံမှ နစ်နာကြေးနှင့် အပြည့်အဝတောင်းပန်ရေးအတွက် ၎င်းတို့၏ တောင်းဆိုမှုများနှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရကမူ ယင်းသဘောတူညီချက်ကို နစ်နာသူအများစုက လက်ခံကြောင်း ပြောကြားခဲ့သည်။

ဂျပန်အနေနှင့် တောင်းပန်စကားအသစ်ကို ကမ်းလှမ်းဖွယ်မရှိဘဲ ကီရှီဒါကလည်း ယင်းသို့ ပြောကြားခဲ့ခြင်းမရှိကာ ယခင် ဂျပန်အစိုးရများ၏ ပြောကြားခဲ့သည့် “အလွန်အမင်း တောင်းပန်ကြောင်း”ကိုသာ ထပ်လောင်းပြောကြားခဲ့သည်။

“မတ်လက ဂျပန်ကို သမ္မတယွန်း လာရောက်ခဲ့ချိန်က သမိုင်းကို အသိအမှတ်ပြုမှုနဲ့သက်ဆိုင်တဲ့ အရင်အစိုးရတွေရဲ့ ရပ်တည်ချက်ကို ကျွန်တော်က ဆက်လက်ခံယူတဲ့အကြောင်းကို ကျွန်တော် ပြသခဲ့ပါတယ်”ဟု ကီ ရှီဒါက ပြောကြားခဲ့ပြီး သူသည် ကိုလိုနီခေတ်က ဆင်းရဲဒုက္ခများအတွက် တောင်းပန်မှုအပါ အဝင် ၁၉၉၈ သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သည်ဟု ဆိုသည်။

“ဒီအစိုးရရဲ့ ရပ်တည်ချက်ဟာ အနာဂတ်မှာလည်း ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

ယွန်းကလည်း နှစ်နိုင်ငံအကြား သမိုင်းဝင်အငြင်းပွားမှုများကို ကျေအေးရန်လိုအပ်သည်ဟု ထပ်မံပြောကြားခဲ့သည်။

မတ်လအတွင်းကလည်း ယွန်းက နှစ်နိုင်ငံအကြား အပြန်အလှန် ရန်လိုမှုသံသရာကို အဆုံးသတ်ပြီး ပူးပေါင်းဆောင်ရွက်ရန်  အချိန်လင့်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

                                                       

Most Read

Most Recent