COVID-19 ရောဂါ၏ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေ အဆုံးသတ်သွားသော်လည်း အန္တရာယ်ရှိနေဆဲဖြစ်ဟု တရုတ်ပြောကြား

COVID-19 ရောဂါ၏ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေ အဆုံးသတ်သွားသော်လည်း အန္တရာယ်ရှိနေဆဲဖြစ်ဟု တရုတ်ပြောကြား
မတ်လ ၁၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ချန်မန်လမ်းရှိ ခရီးသွားများလာရောက်ရာ နေရာတစ်ခုတွင် လမ်းလျှောက်နေသူများကိုတွေ့ရစဉ် (Photo – Reuters)
မတ်လ ၁၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ချန်မန်လမ်းရှိ ခရီးသွားများလာရောက်ရာ နေရာတစ်ခုတွင် လမ်းလျှောက်နေသူများကိုတွေ့ရစဉ် (Photo – Reuters)
Published 6 May 2023
Ref: Reuters

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်မှ အဆုံးသတ် ကြောင်း ကြေညာခဲ့သော်လည်း ၎င်းဗိုင်းရပ်စ်သည် အန္တရာယ်ပေးနိုင်ဆဲဖြစ်ပြီး တရုတ်အနေဖြင့် ၎င်းဗိုင်းရပ်စ်နှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ကူးစက်နိုင်ခြေ မြင့်မားသော အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ကျန်းမာရေးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အမြင့်ဆုံးသတိပေးချက်အား သုံးနှစ်ကျော်ကြာ ထုတ်ပြန်ကြေညာမှုကို WHO အဖွဲ့ကြီးက မေလ ၅ ရက်တွင် အဆုံးသတ်ခဲ့ပြီး ကမ္ဘာ့ နိုင်ငံများသည် အခြားကူးစက်ရောဂါများကဲ့သို့ပင် အဆိုပါဗိုင်းရပ်စ်ကိုလည်း ထိန်းချုပ်နိုင်သင့်ပြီဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

ယင်းသတိပေးချက်အဆင့်ကို အဆုံးသတ်လိုက်ခြင်းသည် COVID-19 ရောဂါ ပျောက်ကွယ်သွားပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ ၎င်းရောဂါ၏သက်ရောက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပြီဟူသည့် သဘောပင်ဖြစ်ကြောင်း မေ ၆ ရက်တွင် တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးအစီအစဉ် တစ်ခုတွင် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်လက်အောက်ရှိ ကိုဗစ်တုံ့ပြန်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် လျန်ဝမ်နန်က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ၎င်းဗိုင်းရပ်စ်၏ သန္ဓေပြောင်းမှုများကို သတိဖြင့် ဆက်လက်စောင့် ကြည့်သွားမည်ဖြစ်ကာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မြင့်မားသော အုပ်စုများနှင့် အဓိက ဦးတည်အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးမှုများကို အခိုင်အမာလုပ်ဆောင်မည်ဖြစ်ပြီး COVID-19 ရောဂါ ကုသမှုစွမ်းရည်များကို မြှင့်တင်နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု လျန်က ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများစုတို့တွင် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်သည့် ပုံစံကို စတင်ကျင့်သုံးခဲ့ပြီး အချိန်အတော်ကြာသည်အထိ တရုတ်သည် ၎င်းတို့၏ ကိုဗစ်ကင်းစင်ရေး မူဝါဒကို ဆက်လက်ကိုင်စွဲခဲ့ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှသာ တင်းကျပ်သော မူဝါဒများကို စတင် ဖြေလျှော့ပေးခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ထိပ်ပိုင်းခေါင်းဆောင်များက COVID-19 ရောဂါကို ပြတ်ပြတ်သားသား အောင်နိုင်ခဲ့ပြီဟု ကြေညာခဲ့ပြီး ကမ္ဘာပေါ်တွင် ၎င်းရောဂါကြောင့် လူသေဆုံးမှုအနည်းဆုံးနိုင်ငံ ဖြစ်သည်ဟုလည်း အခိုင်အမာ ပြောဆိုခဲ့သည်။ သို့ရာတွင် ကျွမ်းကျင်သူများကမူ တရုတ်အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများကို မေးခွန်းထုတ်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သီးခြားလွတ်လပ်သော COVID-19 ရောဂါ အကျပ်အတည်းဆိုင်ရာ အရေးပေါ်ကော်မတီက ၎င်းရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမြင့်ဆုံး သတိပေးချက်အဆင့်နှင့် ကိုက်ညီမှု မရှိတော့ကြောင်းကို သဘောတူလက်ခံခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်မှ အဆုံးသတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အန္တရာယ်သည် မပြီးဆုံးသေးကြောင်း WHO အကြီးအကဲ တက်ဒရို့စ် အက်ဒါနွန် ဂေဘရီယီးဆက်စ်က ပြောကြားခဲ့သည်။ COVID-19 ရောဂါကြောင့် အနည်းဆုံး လူသန်း ၂၀ ခန့် သေဆုံးခဲ့သည်ဟုလည်း ၎င်းကခန့်မှန်းခဲ့ပြီး ယင်းသည် တရားဝင်ထုတ်ပြန်ထားသည့် စာရင်းဖြစ်သော သေဆုံးသူဦးရေ ခုနစ်သန်းနီးပါးထက် သုံးဆခန့်ပိုများနေသည်။

“အဲဒီဗိုင်းရပ်စ်ဟာ ဆက်ရှိနေပါတယ်။ လူ့အသက်တွေလည်း သေဆုံးနေရဆဲပါပဲ။ မျိုးဗီဇပြောင်းလဲမှုတွေလည်း ဆက်ဖြစ်နေတုန်းပါပဲ” ဟု တက်ဒရို့စ်က ပြောကြားခဲ့သည်။

Most Read

Most Recent