မြဝတီ-ကော့ကရိတ် ဒေါန တောင်ကျော်လမ်းတွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်

မြဝတီ-ကော့ကရိတ် ဒေါန တောင်ကျော်လမ်းတွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်
Published 30 March 2023

မတ်လ ၂၅ ရက်မှ စတင်ကာ ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရသော မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် မတ်လ ၃၀ ရက် ၌ မော်တော်ယာဉ်များ ပုံမှန်သွားလာနေပြီဖြစ် ကြောင်းသိရသည်။

မြဝတီ ကုန်သွယ်ရေးဇုန်၌ မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊  ဒေါနတောင်ကျော်လမ်း နှင့် ကျံဒိုး နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုနှင့် ခရီးသွား မော်တော်ယာဉ်များ သွားလာမှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

မြဝတီ ဒေါနတောင်ကျော်ကုန်သွယ်လမ်း ငါးရက်ကြာ ရပ်ဆိုင်းခဲ့ရာမှ ယနေ့တွင် ခရီးသွားယာဉ်များနှင့် မှန်လုံယာဉ်ကြီးများမှာ ပုံမှန်အတိုင်းသွားလာနေကြပြီဟု သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

"မနေ့ညနေ ၃နာရီလောက်ကတည်းက သွားလာကြတာပါ၊ ဒီနေ့မှာတော့ ယာဉ်ငယ်တွေနဲ့မှန်လုံယာဉ်ကြီးတွေ အများအပြားသွားလာနေတာ တွေ့ပါတယ်"ဟု ၄င်းက ဆိုသည်။

မြဝတီ-မော်လမြိုင်ယာဉ်မောင်းတစ်ဦးကလည်း ယနေ့နံနက်တွင် ကားကြီး ကားလေး အများအပြားသွားလာနေပြီဟုဆိုသည်။

"ကျွန်တော်တောင်ပေါ်ရောက်နေပါပြီ၊ ကားလေးနဲ့ မှန်လုံကားကြီတွေသွားနေတာ အများကြီးပါ၊ အရင်လို ကုန်ကားတွေသွားတာတော့သိပ်မတွေ့ပါဘူး၊ ဒီနေ့ တောင်ပေါ်လမ်းက ပုံမှန်သွားရလို့တာပေါ့။ ဟိုဘက် ထို့ကော်ကိုးလမ်းကသွားရတုန်းကဆိုရင် လမ်းကကြမ်း၊ခရီးကဝေး ကားလည်းနာတယ် " ဟု ယာဉ်မောင်းတစ်ဦးက မတ်လ ၃၀ ရက် နံနက်က ပြောသည်။

မြဝတီဒေါနတောင်ကျော်လမ်းတွင် ယခင်ကလည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ယာဉ်အသွားအလာ ရပ်ဆိုင်းကာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရမှုများ ရှိကြောင်း သိရသည်။

Most Read

Most Recent