သမုဒ္ဒရာရေမြင့်တက်မှုနှင့် ပျောက်ကွယ်သွားနိုင်သည့် ကျွန်းနိုင်ငံများ၏ အနာဂတ်

သမုဒ္ဒရာရေမြင့်တက်မှုနှင့် ပျောက်ကွယ်သွားနိုင်သည့် ကျွန်းနိုင်ငံများ၏ အနာဂတ်
Published 11 October 2022
ဇင်မျိုး

တလိမ့်လိမ့်တက်လာသော ပင်လယ်လှိုင်းလုံးကြီးများက မော်လဒိုက်နှင့် တူဗာလူတို့ကို ၀ါးမျိုသွားမည်ဆိုပါက ထိုနိုင်ငံများသည် မြေပုံပေါ်မှ ပျောက်သွားမည်လော။ ၎င်းတို့၏ပြည်သူများ မည်သို့ဖြစ်ကုန်မည်နည်း။

တစ်ကမ္ဘာလုံးပူနွေးမှုက အရှိန်ရနေသဖြင့် ယင်းအလားအလာက စိတ်ကူးယဉ် သိပ္ပံဝတ္ထုမဟုတ်တော့ပေ။ နိုင်ငံတကာအသိုက်အဝန်းအတွက် မကြုံစဖူး စိန်ခေါ်မှုဖြစ်လာသည်။ အဆိုပါနိုင်ငံများ၏ ပြည်သူအားလုံးသည် ၎င်းတို့၏နယ်မြေနှင့် အမွေအနှစ်တို့ ဆုံးရှုံးရခြင်းနှင့်အတူ ခြိမ်းခြောက်ခံနေရသည်။

“ဒါဟာ ပြည်သူ၊ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအဖြစ်ဆိုးဖြစ်ပါတယ်” ဟု မော်လဒိုက်သမ္မတဟောင်း မိုဟာမက်နာရှက်က အေအက်ဖ်ပီကို ပြောသည်။

ကုလသမဂ္ဂရာသီဥတုပညာရှင်များ၏ အဆိုအရ ပင်လယ်ရေမျက်နှာပြင်သည် ၁၉၀၀ ပြည့်နှစ်ကတည်းက ၁၅ မှ ၂၅ စင်တီမီတာ (ခြောက်လက်မမှ ၁ဝလက်မ)အထိ မြင့်တက်လာသည်ဟု သိရသည်။ အထူးသဖြင့် အပူပိုင်းဒေသအချို့တွင် ပင်လယ်ရေမြင့်တက်မှုအရှိန်သည် မြန်ဆန်နေသည်ဟု ဆိုသည်။

ပူနွေးမှုအလားအလာများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ယခုရာစုနှစ်အကုန်လောက်တွင် သမုဒ္ဒရာရေသည် ပစိဖိတ်သမုဒ္ဒရာကျွန်းများနှင့် အိန္ဒိယသမုဒ္ဒရာကျွန်းများတစ်ဝိုက်တွင် နောက်ထပ်တစ်မီတာနီးပါး (၃၉ လက်မ) တိုးလာနိုင်သည်။

၎င်းသည် အသေးဆုံးသော အပြန့်ပြူးဆုံးသော ကျွန်းနိုင်ငံများ၏ အမြင့်ဆုံးအမှတ်အောက်တွင် ရှိနေဆဲဖြစ်သည်ဆိုသော်လည်း မိုးသက်မုန်တိုင်းများနှင့် ဒီရေတစ်ရှိန်ထိုးတက်ခြင်းများ များပြားလာခြင်းက တလိမ့်လိမ့်တက်လာသော ပင်လယ်လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ရေနှင့်ကုန်းမြေတို့ကို ဆားညစ်ညမ်းမှုက သန္တာကျောက်တန်းများကို ပင်လယ်က ဖုံးလွှမ်းမသွားမီ ယင်းကျွန်းများအား လူနေထိုင်၍ မရသော အနေအထားဖြစ်စေပါလိမ့်မည်။

ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းမှုဆိုင်ရာ အစိုးရများပါဝင်သောအဖွဲ့က သာဓကအဖြစ် ဖော်ပြထားသော လေ့လာချက်အရ နိုင်ငံ ငါးနိုင်ငံ (မော်လဒိုက်၊ တူဗာလူ၊ မာရှယ်ကျွန်းများ၊ နောရုနှင့် ကီရီဘာတီ)တို့သည် ၂၁၀၀ ပြည့်နှစ်တွင် လူနေ၍မရသော နိုင်ငံများ ဖြစ်လာဖွယ်ရှိရာ နိုင်ငံမဲ့ရာသီဥတုဒုက္ခသည် ၆၀၀၀၀၀  ဖြစ်လာမည်ဟု ဆိုသည်။

ယင်းသည် မကြုံစဖူးအခြေအနေတစ်ရပ်ဖြစ်သည်။ စစ်ပွဲများက နိုင်ငံများကို မြေပုံပေါ်မှ ပျောက်သွားစေခဲ့သည်။ “ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှု ဒါမှမဟုတ် ပြင်းထန်ရာသီဥတုဖြစ်စဉ်တွေလိုမျိုး သဘာဝတရား ဖြစ်ရပ်တစ်ခု ဒါမှမဟုတ် သဘာဝတရားဖြစ်ရပ်တွေကြောင့် လက်ရှိနိုင်ငံတွေ နယ်မြေလုံးဝဆုံးရှုံးကြရတဲ့ အခြေအနေမျိုး ကျွန်မတို့ မကြုံကြရသေးပါဘူး” ဟု မယ်ဒီဆင်မြို့ရှိ ဝစ္စကွန်ဆင်တက္ကသိုလ်မှ ဆူမူဒူအတာပတ်တူက ပြောသည်။

နိုင်ငံတော်တွင် သတ်မှတ်နယ်နိမိတ်၊ အမြဲတမ်းလူဦးရေ၊ အစိုးရအဖွဲ့နှင့် အခြားနိုင်ငံများနှင့် အပြန်အလှန်အကျိုးပြုနိုင်စွမ်းတို့ပါဝင်သည်ဟု နိုင်ငံတော်နှင့်သက်ဆိုင်သော ရည်ညွှန်းချက်ဖြစ်သည့် နိုင်ငံများ၏ရပိုင်ခွင့်များနှင့် တာဝန်များဆိုင်ရာ ၁၉၃၃ မွန်တီဗီဒီယိုသဘောတူညီချက်က တိတိကျကျဖော်ပြထားသည်။ နယ်မြေတစ်ခု တိမ်မြုပ်သွားသည့်အခါ သို့တည်းမဟုတ် ကျန်နေသည့် နယ်မြေ၌ မည်သူမျှနေထိုင်ခြင်း မပြုနိုင်သည့်အခါ အနည်းဆုံး မွန်တီဗီဒီယိုသဘောတူညီချက်တွင် ပါဝင်သော စံတစ်ခုက အကျုံးဝင်နေသည်။

“ကျွန်မပြောတဲ့ တခြားအကြောင်းအရာကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်မှုဟာ စိတ်ကူးဖန်တီးမှုတစ်ခု၊ နိုင်ငံတကာဥပဒေရဲ့ရည်ရွယ်ချက်တွေအတွက် ဖန်တီးထားကြတဲ့ ဥပဒေဆိုင်ရာ စိတ်ကူးဖန်တီးမှုတစ်ခုဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီနယ်မြေ ပျောက်ကြရမယ့် နိုင်ငံတွေကို အကျုံးဝင်စေဖို့ ကျွန်မတို့အနေနဲ့ နောက်ထပ်စိတ်ကူးဖန်တီးမှုတစ်ခု ပေါ်လာနိုင်အောင် လုပ်သင့်ပါတယ်” ဟု အာတာပတ်တူက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းသည် စက်တင်ဘာလတွင် ပစိဖိတ်နိုင်ငံအစိုးရများစွာက အစပြုနှိုးဆော်ခဲ့သည့် Rising Nations အစီအစဉ်နောက်ကွယ်မှ အယူအဆဖြစ်သည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမွေအနှစ်ဖြစ်တာကြောင့် ကျွန်တော်တို့ ရေအောက်ကို မြုပ်သွားမယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့နိုင်ငံကို အသိအမှတ်ပြုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးတာဖြစ်ပါတယ်” ဟု တူဗာလူဝန်ကြီးချုပ် ကော်စီးယားနာတာနိုက အေအက်ဖ်ပီကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါNation-States 2.0 မည်သို့ မည်ပုံအလုပ်ဖြစ်နိုင်သနည်းဆိုသည်ကို လူအချို့က စဉ်းစားနေကြသည်။

“နိုင်ငံက အခြားတစ်နေရာမှာ ရှိနိုင်ပါတယ်။ ပြည်သူက အခြားတစ်နေရာမှာ၊ အစိုးရအဖွဲ့ကလည်း တတိယနေရာတစ်ခုမှာ ရှိနေနိုင်ပါတယ်” ဟု  ကိုလံဘီယာတက္ကသိုလ်ရှိ Global Center for Climate Mobility စီမံခန့်ခွဲမှုဒါရိုက်တာ ကာမာအမာခရိန်က အေအက်ဖ်ပီကို ပြောသည်။

ကုလသမဂ္ဂ၏နိုင်ငံရေးဆိုင်ရာ ကြေညာချက် ဦးစွာလိုအပ်လိမ့်မည်ဖြစ်သည်။ ထို့နောက် ခြိမ်းခြောက်ခံနိုင်ငံနှင့် အမြဲတမ်းသံရုံးနှင့်အတူ အဝေးရောက်အစိုးရအဖွဲ့ကို လက်ခံရန် အဆင်သင့်ဖြစ်နေသော အိမ်ရှင်နိုင်ငံတို့အကြား သဘောတူညီချက်လိုအပ်မည်ဖြစ်သည်။ အဆိုပါနိုင်ငံ သို့မဟုတ် အခြားနိုင်ငံ တစ်နိုင်ငံက ပြည်သူသည် နှစ်နိုင်ငံသားခံယူထားရမည်ဖြစ်သည်။

အမာခရိန်က မွန်တီဗီဒီယိုသဘောတူညီချက်၏ အနက်အဓိပ္ပာယ်ထွေပြားမှုကို အလေးပေးပြောသည်။

“နယ်မြေနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ အဲ့ဒီနယ်မြေဟာ ခြောက်သွေ့တဲ့နယ်မြေလား၊ စိုစွတ်တဲ့ နယ်မြေလား” ဟု ၎င်းက ပြောသည်။

ပစိဖိတ်သမုဒ္ဒရာထဲ ဧရိယာစတုရန်းမိုင် ၁.၃သန်း (စတုရန်းကီလိုမီတာ ၃.၅သန်း)တွင် ဟိုတစ်စုသည်တစ်စု ရှိနေသော ကျွန်းပေါင်း ၃၃ ကျွန်းနှင့်အတူ ကုန်းမြေဧရိယာအားဖြင့် အသေးဆုံးဖြစ်သော ကီရီဘာတီနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသီးသန့်စီးပွားရေးဇုန် (EEZs) တစ်ခုဖြစ်သည်။

ပင်လယ်အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းထားမည်ဆိုလျှင် နိုင်ငံသည် ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဟု ပညာရှင်အချို့က ပြောသည်။

ကမ်းရိုးတန်းများ လျော့နည်းသွားသောကြောင့် ကျွန်းငယ်အချို့ တိမ်မြုပ်နေသောကြောင့် အထူးစီးပွားရေးဇုန်များကို ထိန်းချုပ်ထားခြင်းဖြင့် အရေးပါသောအရင်းအမြစ်များ လက်လှမ်းမီရေးကို ဆက်လက်ထိန်းထားရမည်ဖြစ်သည်။

သြစတြေးလျနှင့် နယူးဇီလန်တို့အပါအဝင် ပစိဖိတ်ကျွန်းများဖိုရမ်၏ အဖွဲ့ဝင်များက ထုတ်ပြန်သော ၂၀၂၁ ခုနှစ် သြဂုတ်ကြေညာချက်၌ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသော ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှင့် ဆက်စပ်နေသော ရုပ်ပိုင်းဆိုင် ရာပြောင်းလဲမှုများရှိနေသော်ငြားလည်း မိမိတို့နိုင်ငံများ၏ ပင်လယ်ဇုန်များသည် လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေရမည်ဟု ကြေညာခဲ့သည်။

ပင်လယ်သမုဒ္ဒရာရေမြင့်တက်လာသည့်တိုင် အချို့က ခြိမ်းခြောက်ခံနေရသော နိုင်ငံကို စွန့်ခွာရန် မစဉ်းစားကြပေ။

“လူသားတွေဟာ တီထွင်ဉာဏ်ကောင်းကြပါတယ်။ သူတို့ဟာ ဒီနေရာမှာပဲနေဖို့ ရေပေါ်နေနည်းတွေကို ရှာဖွေကြလိမ့်မယ်” ဟု မော်လဒိုက်ခေါင်းဆောင်ဟောင်း နာရှက်က ပြောသည်။ လူတို့သည် ရေပေါ်မြို့ကြီးများကို အားထားလာနိုင်သည်ဟု ဆိုသည်။

ရေပေါ်မြို့ကြီးများ စီမံကိန်းအတွက် အဆိုပါကျွန်းနိုင်ငံများက အရင်းအမြစ်များကို မည်သို့မည်ပုံ ရှာဖွေမည်နည်းဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိလှပေ။ တစ်ကမ္ဘာလုံး ပူနွေးမှု၏သက်ရောက်မှုများကြောင့် ဖြစ်ပေါ်သော “ဆုံးရှုံး၊ ထိခိုက်မှု” ကို ငွေကြေး မ,တည်မှုနှင့်သက်ဆိုင်သော ပြဿနာသည် နိုဝင်ဘာလတွင် အီဂျစ်နိုင်ငံ၌ ကျင်းပမည့် COP 27 (ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ)တွင် အရေးတကြီး ဆွေးနွေးရမည့်ကိစ္စ ဖြစ်လာမည်ဖြစ်သည်။

အမာခရိန်ကဲ့သို့ ပညာရှင်များကပင် မိမိတို့၏ အမွေအနှစ်ကို ချန်မထားချင်သူများအတွက် ဆက်လက်နေထိုင်ခွင့်အား ကာကွယ်ပြောဆိုလျက်ရှိသည်။ “ခင်ဗျားတို့အနေနဲ့ နောက်ထပ်အစီအစဉ်တစ်ခု အမြဲတမ်းရှိထားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဤသဘောအားဖြင့် လူနေထိုင်၍ မရနိုင်သော နိုင်ငံများ၏ အနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြည်သူများအတွက် မျှော်လင့်ချက်ဖြစ်လာမည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် ၎င်းက တောင်းဆိုခဲ့သည်။

Ref:AFP

Most Read

Most Recent