ဗလာဒီမာပူတင်နှင့် ရှီကျင့်ဖျင်တို့ ထပ်မံဆုံတွေ့သည့်အခါ ...

ဗလာဒီမာပူတင်နှင့် ရှီကျင့်ဖျင်တို့ ထပ်မံဆုံတွေ့သည့်အခါ ...
Photo: CNN
Photo: CNN
Published 17 September 2022
နရီမင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ရာတွင် အနာဂတ်သည် အလွန်ကွာခြားခဲ့ပုံရသည်။ ဖေဖော်ဝါရီလက ပေကျင်းတွင် ကျင်းပသည့် ၂၀၂၂ ဆောင်း ရာသီအိုလံပစ်ကို တက်ရောက်ပြီး ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်ရန် စီစဉ်ထားမှုကို ပူတင်က ငြင်းဆိုနေဆဲဖြစ်သည်။ ရှီနှင့်ပူတင်တို့သည် အတူတကွ ရပ်တည်ခဲ့ကြပြီး သက်ဦးစံပိုင်စနစ်၏ ညီအစ်ကိုများ အဖြစ် အနောက်တိုင်းကို ရင်ဆိုင်ရန်အသင့် ဖြစ်နေခဲ့ကြသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် အကန့်အသတ် မရှိဟုပင် ကြေညာခဲ့သည်။

ခုနစ်လအကြာတွင် ပူတင်သည် သူ့ဘက်တွင်ရှိနေဆဲသူများအနက် သြဇာအရှိဆုံး ကမ္ဘာ့ခေါင်းဆောင်ရှီနှင့် ထပ်မံတွေ့ဆုံရန် ပြင်ဆင်နေပြီး အခင်းအကျင်းမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခု သီတင်းပတ်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ ဆမားကန့်၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ ၎င်းတို့နှစ်ဦးစလုံး တက်ရောက်မည်ဖြစ်ပြီး ယင်းသည် စစ်ပွဲစတင်ပြီး နောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။ ပေကျင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ်ကမူ ပူတင်အနေဖြင့် ယူကရိန်းကိုသာမက အမေရိကန်နှင့် သူ၏မဟာမိတ်များကိုပါ နာကျင်စေသည့် ထိုး နှက်ချက်ကို ကိုင်တွယ်ခဲ့ရာ၌ သူ၏တပ်များက ကိယက်ဗ်မြို့ကို ရက်ပိုင်းအတွင်း သိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ပုံရသည်။

ယင်းအချိန်က အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းမှ လူအများကလည်း ထိုကဲ့သို့ပင် မြင်ခဲ့ကြသည်။ သို့သော် လက်တွေ့၌ များစွာခြားနားသွားခဲ့ပြီး ယခုအခါ ရုရှားသည် ၎င်းတို့ ငါးလကြာ ထိန်းချုပ်ထားခဲ့သော ယူကရိန်း၏ အစိတ်အပိုင်းများ၌ ပြေးလွှားနေကြရပြီဖြစ်သည်။ ရုရှားတို့အနေဖြင့် ပေးဆပ်မှုအလွန်ကြီးမားသည့် လအတန် ကြာ တိုက်ပွဲများအတွင်း သိမ်းယူထားသောနယ်မြေများကို ရက်အနည်းငယ်အတွင်း ထပ်ကာထပ်ကာ ဆုံးရှုံးနေရလေသည်။

အံ့သြစရာကောင်းသော ပြောင်းပြန်လန်သွားမှုက ယူကရိန်းတိုက်ခိုက်ရေးသမားများ၏ ဆုံးဖြတ်ချက်နှင့် ရဲစွမ်းသတ္တိ၊ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး၏ စိတ်ဓာတ်တက်ကြွစေသော ခေါင်းဆောင်မှု၊ အမေရိကန်၏ ကျွမ်းကျင်သော၊ ပြတ်သားသော၊ ရက်ရောသော ပံ့ပိုးကူညီမှုနှင့် အနောက်နိုင်ငံများမှမမျှော်လင့်ဘဲ စုစည်းထားသည့် ခိုင်မာသောတုံ့ပြန်မှုတို့ကို သက်သေခံနေခြင်းဖြစ်သည်။ ယင်းသည် မည်သူမဆို မျှော်လင့်ထားသည်ထက် များစွာပိုမိုကောင်းမွန်သော ဖော်မြူလာဖြစ်ပြီး ယူကရိန်း၏ အစိတ်အပိုင်းအများ အပြားတွင် တပ်စွဲထားဆဲဖြစ်သည့် ရုရှားတို့အနေဖြင့် ယင်းအရှိန်အဟုန်ကို ပြောင်းလဲရန် ကြိုးပမ်းနေချိန်၌ ဆက်လက်လုပ် ဆောင်ရမည့် ဖော်မြူလာတစ်ခုလည်း ဖြစ်သည်။

ဆမားကန့်တွင် ပူတင်သည် သူ၏အောင်ပွဲခံမှုနှင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသည့် အမူအရာတို့ကို ဆက်ထိန်းထားလိမ့်မည်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့သော် သူသည် မည်သူ့ကိုမျှ လှည့်စား နိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ရုရှားတပ်ဖွဲ့များ ပြိုလဲမှုအပေါ် အကြီးအကျယ် စိုးရိမ်နေသည့် ရှီကျင့်ဖျင်ကို မည်သို့လှည့်စား၍ ရနိုင်ပါအံ့နည်း။

အရာရာ မည်မျှပြောင်းလဲသွားပြီနည်း။ ရုရှားက အရှက်ကွဲပြီး ယူကရိန်းက တက်ကြွကာ အနောက်နိုင်ငံများက စုစည်းလျက်ရှိရုံမျှမက ကရင်မလင်ကို ထောက်ခံကြောင်းဖော်ပြဆဲဖြစ်သည့် တရုတ်သည်ပင်လျှင်ရုရှား ကိုကသိကအောက်ဖြစ်စေမည့် ကြေညာချက်များ ထုတ်နေလေပြီ။

‘လွန်စွာအရေးကြီးသော’ ဆွေးနွေးပွဲအတွက် ထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ်၌ ရှီနှင့် ပူတင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်းရုရှားက ပြီးခဲ့သည့်သီတင်းပတ်က အတည်ပြုခဲ့ပုံကို စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံက ရှီ၏ခရီးစဉ်ကို အတည်ပြုခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရုရှားသမ္မတနှင့် တွေ့ဆုံမည်ဆိုခြင်းကို စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။ ယင်းတွေ့ဆုံမှုသည် သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်သော်လည်း တရုတ်၏ လူသိမခံလိုမှုမှာ မသက်မသာဖြစ်ရမှုများ၊ အရှက်တကွဲဖြစ်မှုများနှင့် ပြည့်နှက်နေသည့် သီတင်းပတ်အတွင်း ပူတင်အတွက် နောက်ထပ် မခံချိမခံသာဖြစ်စရာ ဖြစ်လာသည်။

ရှီနှင့် ပူတင်တို့ကြားက ဆက်ဆံရေးသည် မည်သည့်အခါကမျှ ညီမျှမှုမရှိခဲ့ဘဲ ယခုအချိန်တွင် ပူတင်သည် ယူကရိန်းကို ရန်စမှုမရှိဘဲ ကျူးကျော်ဝင်ရောက်မှု၏ အဆိုးရွားဆုံး အခိုက်အတန့်တစ်ရပ်အတွင်း ရှီနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ပူတင်အနေဖြင့် နှုတ်ချို၍ လက်တိုသော ရှီထံမှပံ့ပိုးကူညီမှုများ ပိုမိုရရှိအောင် ကြိုးပမ်းဖွယ်ရှိနေသည်။

နေတိုး၏ ချဲ့ထွင်မှုသည် ယူကရိန်းတွင် ပြဿနာဖြစ်ပွားရသည့် အကြောင်းရင်း ဖြစ်သည်ဟူသော ပူတင်၏ ပြောကြားချက်ကို ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံကသံယောင်လိုက်ခဲ့သည်။ ထို့ပြင် ရှီသည်ပူတင်အား သူ၏ “အကောင်းဆုံး ပေါက်ဖော်သူငယ်ချင်း”ဟု ကြေညာခဲ့သည်။ စစ်ပွဲစတင်ကာ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကတည်းက နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြင့်လာခဲ့သည်။ သို့သော် တရုတ်သည် ပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်ရန် သို့မဟုတ် ရုရှား၏ စစ်ရေးထောက်ပံ့မှု လျော့နည်းလာမှုကို ကြီးမားသော မြှင့်တင်မှုတစ်ခုအဖြစ် ပံ့ပိုးပေးရန် တွန့်ဆုတ်နေခဲ့သည်။ တရုတ်သာ ပံ့ပိုးပေးခဲ့ပါက ပူတင်အနေဖြင့် အီရန်နှင့် မြောက်ကိုရီးယားတို့ထံမှ လက်နက်ရရှိရေးဟူသောမသင့် လျော်လှသည့် စိတ်ကူးကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။

ရှီက ပူတင်ကို လိုအပ်သည်ထက် ပူတင်က ရှီကို ပိုမိုလိုအပ်နေပြီး ယင်းမညီမျှမှုက သူတို့၏ နောက်ဆုံးတွေ့ဆုံခဲ့မှုနောက်ပိုင်း ပို၍ပို၍ ကြီးထွားလာနေသည်။

ရှီကဲ့သို့ပင်၊ ပူတင်သည် သူကိုယ်တိုင်ဖြစ်သော လူတစ်ဦးကို ဗဟိုပြု၍ ဖိနှိပ်ချုပ်ချယ်သော အစိုးရတစ်ရပ်ကို ချမှတ်ခဲ့သည်။ သို့သော်စစ်ပွဲနှင့်ပတ်သက်သည့် ဝေဖန်မှုအားလုံးကို ရုရှားသမ္မတ၏ ဖိနှိပ်မှုက မျှော် လင့်ထားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့သည်။ အထူးစစ်ဆင်ရေးကို ဆန့်ကျင်သူများအနက် ထောင်ကျသူ ကျ၊ ပြည်နှင်ဒဏ်ခံရသူခံရပြီး အများစုမှာ နှုတ်ဆိတ်သွားကြသည်။ ယခုမူ စစ်ပွဲကို အကျယ် လောင်ဆုံး ထောက်ခံခဲ့သူအချို့မှာ စစ်တပ်၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် ဒေါသထွက်နေကြသည်။ (သူတို့က ယင်းကို ‘စစ်ပွဲ’ဟုပင်လျှင် ခေါ်ဝေါ်လာကြသည်။ ‘စစ်ပွဲ’ဟူသည် အကျိုးဆက်အချို့မရှိလျှင် ယခင် က ပြောခွင့်ပင် မရှိသည့် စကားလုံးဖြစ်သည်။)

ယင်းသည် အားလုံးအတွက် အန္တရာယ်ရှိသော အခိုက်အတန့်တစ်ရပ်ဖြစ်သည်။ အားကြီးသောသူတစ်ဦးသည် ပျော့ညံ့မှုကို မလုပ်နိုင်ကြောင်း ပူတင်က သိနေသည်။

ဒီတော့ ပူတင်က ထောက်ပံ့မှု ပိုမိုတောင်း ခံတဲ့အခါ ရှီက ဘာလုပ်မှာလဲ။

လောလောဆယ်၌ ရုရှားသည် ပါ၀ါအလွန်လျော့ကျနေလျှင်ပင် တရုတ်အနေဖြင့် ရုရှားနှင့် ၎င်း၏ တရားဝင်မဟုတ်သော မဟာမိတ်ဖြစ်မှုကို ဖျက်သိမ်းရန် အခွင့်အလမ်းမရှိပေ။ ရှီသည် အမေရိကန် ဦးဆောင် သော လစ်ဘရယ်ဒီမိုကရေစီစနစ်အား ဆန့်ကျင်သည့် ကမ္ဘာ့မျက်နှာစာတွင် ခေါင်း ဆောင်ဖြစ်ချင်နေသူဖြစ်သည်။ ထိုသို့လုပ် ဆောင်ရန်အတွက် ၎င်းအနေဖြင့် နိုင်ငံကြီးငယ်တို့ထံမှ ပံ့ပိုးကူညီမှုများ လိုအပ်သည်။ ထို့ပြင် ရုရှားသည် အရေးပါသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

တရုတ်နိုင်ငံအတွက် အရေးပါသော ရုရှားနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သဘာဝသယံဇာတလည်းအများ အပြားရှိသည်။ ဥရောပက ရုရှားအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေချိန်တွင် ရုရှားသည် တရုတ်နိုင်ငံသို့ ၎င်း၏ လောင်စာဆီ ထောက်ပံ့မှု တိုးချဲ့နေပြီဖြစ်သည်။

လွန်ခဲ့သည့် ခုနစ်လက ရှီသည်အနောက်ကို ဦးတည်သော ယူကရိန်းကို လျင်မြန်စွာ ချေမှုန်းပစ်သည့် ရုရှား၏ သဘောထားကို နှစ်သက်ခဲ့နိုင်သည်။ နေတိုးအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေပြီး အမေရိကန်၏ သြဇာအာဏာကို အားနည်းသွားစေနိုင်သည့် အစီအစဉ်တစ်ရပ်ကို သူ့အနေဖြင့် လက်ခံခြင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် ခေါင်းညိတ်ပေးခြင်း ပြုခဲ့လိမ့်မည်ဖြစ်သည်။

သို့သော် ယင်းတို့အနက် တစ်ခုမှဖြစ်မလာသည့်အခါ ယခုအချိန်တွင် တရုတ်၏ အစိုးရိမ်ဆုံးကိစ္စမှာ စီးပွားရေးပင်ဖြစ်သည်။ ပူတင်၏ စစ်ပွဲသည် အဆိုးဆုံးဖြစ်ဖွယ်ရှိသည့် အချိန်၌ ပြဿနာများကို ထပ်မံဖန်တီး နေသည်။

လာမည့်လတွင် တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ဆယ်စုနှစ် နှစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံကို ကျင်းပမည်ဖြစ်သည်။ မော်စီတုံးနောက်ပိုင်း တရုတ်နိုင်ငံ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည့် ရှီသည် ၎င်း၏ အစွန်းရောက် ဇီးရိုးကိုဗစ်မူဝါဒကြောင့် ဖြစ်ပေါ်သည့် ဆိုးရွားသော စီးပွားရေးနှေးကွေးမှုများကြားတွင် တတိယသက်တမ်းကို မကြုံစဖူးရယူနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဥရောပအပေါ် ရုရှားတို့၏ ဓာတ်ငွေ့စစ်ပွဲ များကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပျက်ကပ်ကြီး ဖြစ်နိုင်ခြေက ပို့ကုန်ကို မှီခိုနေရသော တရုတ်နိုင်ငံကို ပြင်းထန်စွာ ထိခိုက်လာမည်ဖြစ်သည်။

အမှန်တကယ်၌ အာဏာရှင်နိုင်ငံများ အပေါ် ၎င်း၏ စီးပွားရေးအတွက် မှီခိုအားထားနေရမှုကို ကမ္ဘာကြီးအနေဖြင့် ပြန်လည်တွေးတောရအောင် ပြုလုပ်ရေးတွင် ပူတင်၏ စစ်ပွဲသည် အလှမ်းဝေးကွာသွားနှင့်ခဲ့ပြီဖြစ်သည်။ ယင်းသည် ဖော့တွေးလျှင်ပင် တရုတ်အတွက် သတင်းဆိုးဖြစ်သည်။

ယိမ်းယိုင်နေသော ရုရှားကျူးကျော်မှုကို အထောက်အကူပြုရန် စစ်ရေးမြှင့်တင်မှုတစ်ရပ်ကို ပံ့ပိုးပေးရေးအား ရှီကျင့်ဖျင်က သဘောတူရန် ဖြစ်နိုင်ဖွယ်မရှိပါ။ ယင်းအစား စီးပွားရေးပြဿနာများကို ဖြေလျှော့ရန်နှင့် ပို၍ပင်များပြားလာနိုင်သော မငြိမ်မသက်မှုများကို တားဆီးရန်အတွက် စစ်ပွဲအဆုံးသတ်ရေး လမ်းကြောင်းတစ်ရပ် ရှာဖွေရန် ကြိုးစားပေလိမ့်မည်။ ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုကို ကြိုကြားကြို ကြား ကြွေးကြော်နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးတစ်ခု ဖန်တီးပေးသည့် အပြင် စီးပွားရေးတိုးတက်မှုနှင့် တရုတ်ပို့ကုန်များကို ထိပါးစေမည့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုကို တိုးလာစေသည်။

ယင်းသည် ဖေဖေါ်ဝါရီလက ပေကျင်း၌ ယုံကြည်မှုအပြည့်နှင့်အတူ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့စဉ်က တွေးမိခဲ့ပုံမရသော ရုပ်ပုံကားချပ်တစ်ရပ်ကို ထပ်မံဖြည့်စွက်လိုက်ခြင်းပင် ဖြစ်သည်။ အနာဂတ်ကို ယခု မြင်နေရပုံ လမ်းကြောင်းအရ ၎င်းတို့နှစ်ဦး အနေဖြင့် နာရီကို နောက်ပြန်လှည့်နိုင်ရေးအား ဆန္ဒရှိနေနိုင်ပါ၏။              

Ref: CNN

Most Read

Most Recent