ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒနိုင်ငံရေးခေါင်းဆောင်များ၏ လိုအင်ဆန္ဒ (Political Will)

ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒနိုင်ငံရေးခေါင်းဆောင်များ၏ လိုအင်ဆန္ဒ (Political Will)
Published 11 September 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ စီးပွားရေးတက္ကသိုလ်ကျောင်းသားဘဝမှ ယနေ့ ပင်စင်ယူပြီးချိန်အထိ စာရေးသူ လေ့လာသင်ယူ ဆည်းပူးခဲ့သည့် အတတ်ပညာများ၊ အတတ်ပညာများမှတစ်ဆင့် ရရှိခဲ့သည် အသိပညာများ၊ စာရေးသူ စီးပွားရေးတက္ကသိုလ် ကျောင်းဆရာဘဝတွင် ကျောင်းသူ၊ ကျောင်းသားများအား သင်ကြားပြသနိုင်ရန် လေ့လာအားထုတ်ခဲ့သည့် ဘာသာရပ်များ စသည့် လေ့လာသင်ယူခြင်း၊ လေ့လာသင်ကြားခြင်းနှင့် အတွေ့အကြုံများကို အခြေခံပြီး စဉ်းစား လေ့လာ သုံးသပ်ကြည့်ရာ -

“အဘယ်ကြောင့် စာရေးသူတို့ တိုင်းပြည်နိုင်ငံသည် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင်းရဲဆုံးနိုင်ငံ/ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီး ပြည်သူပြည်သားအချို့တို့ သည်လည်း နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာနေကြရသည့် ဘဝများတွင် ရပ်တည်ရှင်သန်နေထိုင်ကြရလျက် ရှိနေကြရပါသလဲ” ဆိုသည့်မေးခွန်း ဖြစ်ပါသည်။

စာဖတ်သူတို့ လေ့လာပါက စာရေးသူတို့၏ တိုင်းပြည်နိုင်ငံနှင့်ပတ်သက်ပြီး တွေ့ရှိကြရမည့် အခြေခံသတင်းအချက်အလက်များမှာ ယခုကဲ့သို့သော အခြေအနေဘဝများဆီသို့ ရောက်ရှိရန် လွန်စွာ ခက်ခဲမည့် အခြေအနေ ဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံ၏ အကျယ်အဝန်း၊ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးမွေးမြူနိုင်သည့် အခြေအနေ၊ စက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်မည့် ပတ်ဝန်းကျင်၊ လူဦးရေအချိုးအစား စသည်အခြေခံကောင်းများ တည်ရှိနေပါလျက် အထက်ပါမေးခွန်း မေးခံရမည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

ဤတွင် စာရေးသူ၏ အမြင် သက်သက်ဖြင့် လေ့လာသိရှိရသည့် အချက်မှာ တိုင်းပြည် နိုင်ငံတစ်နိုင်ငံတွင် မည်ကဲ့သို့ အခြေခံကောင်းများ တည်ရှိနေသည် ဖြစ်ပါစေ၊ ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒ/ နိုင်ငံရေးခေါင်းဆောင်များ၏လိုအင်ဆန္ဒ (Political Will) သည် လွန်စွာ အရေးပါလျက်ရှိနေပါသည်။ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ရန်နှင့် ပြည်သူ ပြည်သားများအား စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နေထိုင်ရန်ဆိုသည့် လိုအင်ဆန္ဒများ တိုင်းပြည် နိုင်ငံတော်တွင် ဦးဆောင်ဦးရွက်ပြုကြသူများ/နိုင်ငံရေး ခေါင်းဆောင်များထံတွင် တည်ရှိဖြစ်ပေါ်နေခြင်း မရှိပါက အထက်ဖော်ပြပါမေးခွန်း ဖြစ်ပေါ်လာစေသည်မှာ သဘာဝပင်ဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံနှင့် ပတ်သက်ပြီး စာရေးသူ လေ့လာသိမြင်ရသမျှ တင်ပြရပါလျှင် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက စတင်ပြီး ယနေ့အချိန်အထိ တိုင်းပြည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများ/နိုင်ငံရေးခေါင်းဆောင်များသည် ၎င်းတို့အာဏာရရှိစေရေး၊ အာဏာတည်မြဲစေရေးနှင့် အာဏာကို ထိန်းသိမ်းထားနိုင်စေရေးအတွက်သာ ဦးတည်ချက်များထားရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ တိုင်းပြည်နိုင်ငံတော်အတွက် ရေရှည် တည်တံ့ခိုင်မြဲစေမည့် အမျိုးသားအကျိုးစီးပွားများကိုပင် ရှင်းလင်းပြတ်သားစွာ စနစ်တကျ ချမှတ်ပြဋ္ဌာန်းပြီး ထုတ်ပြန်နိုင်ခဲ့သည့် အခြေအနေကို မတွေ့ရှိရပါ။

တိုင်းသူ ပြည်သားများအနေနှင့်မူ ၎င်းတို့၏အာဏာအတွက် အထောက်အကူပြုပေးလျှင် နေရာပေး မြှောက်စားကာ ကောင်းမွန်စွာ အသက်ရှင်သန် နေထိုင်ခွင့်ပေးမည် ဖြစ်ပြီး ၎င်းတို့၏ အာဏာအတွက် အနှောင့်အယှက်ဖြစ်စေမည်ဆိုပါက အမျိုးမျိုးသော ဘေးဒုက္ခများကို ခံစားရမည်ဖြစ်ကာ အသက်ရှင်သန်ခွင့် မရရှိသည့်တိုင်အောင် ချေမှုန်းတိုက်ခိုက် သတ်ဖြတ်ခံရမည် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအနေနှင့် ရေခံ၊ မြေခံ၊ လူဦးရေ အရွယ်ပမာဏနှင့် အခြားသော အခြေအနေများ ကောင်းမွန်လျက်ရှိနေပါသော်လည်း ယနေ့အချိန် ဆင်းရဲသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ၊ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝနှင့် နေထိုင်ကြရသည့် ပြည်သူပြည်သားများ တည်ရှိဖြစ်ပေါ်နေရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိနေရခြင်းမှာ ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒ/နိုင်ငံရေးခေါင်းဆောင်များ၏လိုအင်ဆန္ဒ (Political Will) သည် တိုင်းပြည် နိုင်ငံတော် တည်ဆောက်ရန်နှင့် ပြည်သူ ပြည်သားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်သန်ရန်ဆိုသည့် ရည်ရွယ်ချက်များ မရှိခြင်း၊ လိုအင်ဆန္ဒများပျက်သုဉ်းပျောက်ကွယ်နေသည့် အခြေအနေများကြောင့်ဖြစ်သည်ကို သတိပြုနိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ ဦးဆောင်ဦးရွက် ပြုကြသူတို့၏လိုအင်ဆန္ဒ/နိုင်ငံရေး ခေါင်းဆောင်များ၏လိုအင်ဆန္ဒ (Political Will) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်း တင်ပြပါမည်။ အဓိပ္ပာယ် သဘောတရားများကို ရှင်းလင်း တင်ပြရာတွင် (Political Will) ကို မြန်မာဘာသာသို့ ပြန်ဆိုထားရသည်မှာ အနည်းငယ်ရှည်လျားနေပါသဖြင့် နောက်ပိုင်းတွင် (Political Will) ဆိုသည့် အင်္ဂလိပ်စကားကို တိုက်ရိုက် အသုံးပြုပါမည်။ (Political Will) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုထားချက်များမှာ အမျိုးမျိုးကွဲပြားလျက်တည်ရှိနေ ပါသော်လည်း ယခုဆောင်းပါးတွင် (Reference - 1) ဖော်ပြထားချက်ကို သာ ရှင်းလင်းတင်ပြပါမည်။

… political will is the extent of committed support among key decision makers for a particular policy solution to a particular problem.” (Reference: 1, pp – 659)

 ဖော်ပြထားချက်အရ - “(Political Will) ဆိုသည်မှာ သီးခြား တစ်စုချင်းအလိုက် ဖြစ် တည်လျက်ရှိသော ပြဿနာကို သီးခြားမူဝါဒ အဖြေတစ်ရပ်ရရှိနိုင်ရန်အတွက် အဓိကကျသည့် ဆုံးဖြတ်ချက်ချမှတ်သူများအကြားတွင် အမှန်တကယ် အထောက်အကူဖြစ်စေမည့် ကျယ်ပြန့်သော အသိအမြင်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။”

(Political Will) ၏ အဓိပ္ပာယ် သဘောတရားနှင့် ပတ်သက်ပြီး အစိတ်အပိုင်းများခွဲခြားပြီး လေ့လာ ကြည့်ပါလျှင် အောက်ပါ အစိတ်အပိုင်းလေးပိုင်းကို တွေ့ရှိရမည် ဖြစ်ပါ သည်။ (Reference: 1, pp – 659)

၁။ ပြည်စုံလုံလောက်သော ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်စေမည့် ဆုံးဖြတ်ချက်ချမှတ်သူများ အစုအဖွဲ့ တစ်ဖွဲ့ကို စုစည်းထားရှိခြင်း (1. A sufficient set of decision makers)

၂။ တရားဝင် နည်းလမ်းတကျ ချ မှတ်ထားရှိသည့် လုပ်ငန်းစဉ်အပေါ် တွင် တည်ရှိဖြစ်ပေါ်နေသည့် သီး ခြား ပြဿနာ၏ အခြေအနေကို အပြည့်အဝ နားလည်သဘော ပေါက်ခြင်း (2. With a common understanding of a particular problem on the formal agenda)

၃။ အမှန်တကယ် အထောက်အကူ ဖြစ်စေမည့် ကျယ်ပြန့်သော အသိ အမြင်များ ဖြစ်ထွန်းပေါ်ပေါက်လာ စေရန် ဆောင်ရွက်ခြင်း (3. Is com-mitted to supporting)

၄။ ထိရောက်သော မူဝါဒအဖြေ ရရှိ နိုင်ရန် အလားအလာရှိသည်များကို လူအများ လက်ခံသဘောတူသည့် အချက်တစ်ရပ်အဖြစ် ချမှတ်ထားရှိ နိုင်ခြင်း (4. A commonly perce-ived, potentially effective policy solution.

ဒုတိယအနေနှင့် (Political Will) ၏ သဘောတရား နယ်ပယ်အကျယ် အဝန်းကို ရှင်းလင်း တင်ပြပါမည်။ (Political Will) ၏ သဘောတရား နယ်ပယ်အကျယ်အဝန်း အပြည့် အစုံကို ယခုဆောင်းပါးအဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါ။ (Political Will) ၏ နယ်ပယ်အကျယ်အဝန်း ဖြစ်တည်မှု အခြေအနေကို ရည် ညွှန်းသည့် ထူးခြားသည့် အခြေခံ သဘောတရား လေးမျိုးကို ပုံတွင် ဖော်ပြထားပါသည်။

 ဤတွင် ပုံများရှိ ဖော်ပြထား ချက်များအရ စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ (Political Will) သည် လူသားများ၏ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်သည့်နည်းတူ လူတို့၏ အသက်ပေါင်း မြောက်မြားစွာကို သေကျေပျက်စီးစေနိုင်သည့် အာဏာရှင်စနစ်ကိုလည်း ပေါပေါက်လာစေနိုင်ပါသည်ဆိုသည့် အချက်ဖြစ်ပါသည်။ အသေးစိတ်ကို ရှင်းလင်းတင် ပြခြင်း မပြုတော့ပါ။

တတိယအနေဖြင့် ယနေ့စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ အခြေအနေတွင် (Political Will) ကို ထိရောက်စွာ အသုံးပြုနိုင်စေမည့် သဘောတရားကို စာရေးသူ၏ အမြင်သက်သက်နှင့် တင်ပြပါမည်။ ထူးထူးခြားခြား ခက်ခက်ခဲခဲ စဉ်းစားတင်ပြရန်ပင် လိုအပ်မည်မထင်ပါ။ လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ကျင့်သုံးခဲ့ကြသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများအနေဖြင့် လက်နက်အင်အားကို အသုံးပြုကာ အာဏာရယူရေး၊ အာဏာတည်မြဲနေစေရေးနှင့် အာဏာကိုထိန်းသိမ်းနိုင်စေရေးအတွက် တိုင်းပြည် နိုင်ငံတော်၏ အရင်းအမြစ်များကို အများဆုံး ရယူအသုံးပြုကာ အာဏာတည်ဆောက်ခြင်း ယဉ်ကျေးမှုကို ဦးစားပေး အသုံးပြုနေခြင်းများအား စွန့်လွှတ်ရန် ဖြစ်ပါသည်။

အထက်ဖော်ပြပါ ယဉ်ကျေးမှု ကို စွန့်လွှတ်ပြီးပါက တိုင်းပြည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်သူပြည်သားများအား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်ရပ်တည်နိုင်စေရေးကို ဦးစားပေးတည်ဆောက်ရန်ဖြစ်ပါသည်။ ထိုကဲ့သို့ ဦးစားပေး တည်ဆောက်လိုက်သည်နှင့် တစ်ပြိုင်နက် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့သည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအနေနှင့် ရေခံ၊ မြေခံ၊ လူဦးရေ အရွယ်ပမာဏနှင့် အခြားသော အခြေအနေများ ကောင်းမွန်လျက်ရှိနေပါသော်လည်း ယနေ့အချိန် ဆင်းရဲသည့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ၊ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝနှင့် နေထိုင်ကြရသည့် ပြည်သူ ပြည်သားများ တည်ရှိဖြစ်ပေါ် နေရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိနေရခြင်းမှာ ဦးဆောင်ဦးရွက်ပြုကြသူတို့၏ လိုအင်ဆန္ဒ/နိုင်ငံရေးခေါင်းဆောင်များ၏လိုအင်ဆန္ဒ (Political Will) သည် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရန်နှင့် ပြည်သူပြည်သားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်သန်ရန်ဆိုသည့် ရည်ရွယ်ချက်များ မရှိခြင်း၊ လိုအင်ဆန္ဒများ ပျက်သုဉ်း ပျောက်ကွယ်နေသည့် အခြေအနေများကြောင့် ဖြစ်သည်ကို သတိပြုနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: 1. Lori Ann Post, Amber N. W. Raile and Eric D. Raile (2010), “Defining Political Will”, Politics & Policy, Volume 38, No. 4 (2010): 653 – 676. Published by Wiley Periodicals. Inc.

Most Read

Most Recent