အလုပ်ဖြစ် မဖြစ် စောင့်ကြည့်ရမယ့် နစကရဲ့ ငြိမ်းချမ်းရေးနှစ်

အလုပ်ဖြစ် မဖြစ် စောင့်ကြည့်ရမယ့် နစကရဲ့ ငြိမ်းချမ်းရေးနှစ်
နေပြည်တော်တွင် မေ ၃၀ ရက်က နစကဥက္ကဋ္ဌ နှင့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
နေပြည်တော်တွင် မေ ၃၀ ရက်က နစကဥက္ကဋ္ဌ နှင့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 7 August 2022

“၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိခဲ့ပါတယ်”

ဒီစကားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တစ်နှစ်နဲ့ ခြောက်လ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှု တွေနဲ့ပတ်သက်လို့ သြဂုတ် ၁ ရက် က မိန့်ခွန်းပြောကြားရာမှာ သူက အဲဒီအတိုင်း ထည့်သွင်းပြောကြားခဲ့တာပါ။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီးချိန်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ဖို့ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်ကိုယ်တိုင်နဲ့ အဖွဲ့ဝင်နှစ်ဦး တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တက်ရောက်မယ့် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို မေ ၉ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ပေးရမှာ ဖြစ်ပါတယ်။

နစကဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်မှုကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ခဲ့ပါတယ်။

နစကဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို အကြောင်းပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ   (RCSS) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ လား ဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ကြပါတယ်။

NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ကတော့ ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဖြစ်ကြပါတယ်။

နစကဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မေ ၂၀ ရက်မှာ စတင်ခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က မေ ၂၀ ရက်၊ မွန်ပြည်သစ်ပါတီ (NMSP) က မေ ၂၃ ရက်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)၊ KNU/KNLA (PC) က မေ ၂၆ ရက်၊ ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က မေ ၃၀ ရက်၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) က ဇွန် ၄ ရက်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဇွန် ၁၃ ရက်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဇွန် ၁၆ ရက်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (PNLO) က ဇွန် ၁၉ ရက်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) က ဇူလိုင် ၇ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က သြဂုတ် ၄ ရက်မှာ နစကဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

“တွေ့ဆုံဆွေးနွေးရာမှာ ပြည် သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဟာ နစကဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ နစကရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်တွေ၊ အစိတ်အပိုင်း (၃)ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိတဲ့ ဇယား(၂)ပါ အချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ရရှိလာတဲ့ သဘောတူညီချက်တွေကိုလည်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် နစကနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနိုင်ရေး ဆောင်ရွက်နေတယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ယခင်တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

နစကအနေနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က တက်ရောက်ခဲ့ခြင်း မရှိခဲ့သလို NCA လက်မှတ်မရေးထားတဲ့ ကချင်အဖွဲ့ (KIA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင်အဖွဲ့  (TNLA) နဲ့ ရခိုင်အဖွဲ့ (AA) တို့ကလည်း တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပထမအကြိမ် ဖိတ်ခေါ်မှုအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တက်ရောက်ဆွေးနွေးနိုင်ဖို့ ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက် မှာ နစက,က ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်ကိုယ်တိုင်နဲ့ အဖွဲ့ဝင်နှစ်ဦး တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တက်ရောက်မယ့် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ပေးရမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပါတယ်။ စိတ်ချ ယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုကြီးရဲ့အကျိုး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများရဲ့အကျိုးကို ရည်မျှော်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော် ပြောလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ ပထမအကြိမ် ဖိတ်ခေါ်မှုအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နေပြည်တော်ကို လာရောက်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက်က ပြောပါတယ်။

“အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လာရောက်ဆွေးနွေးဖို့ ပြင်ဆင်နေတာ တွေရှိပါတယ်။ သူတို့ရဲ့ အဖွဲ့တွေထဲမှာ အစည်းအဝေးလုပ်တာတွေ၊ ကိုယ်စားလှယ် ရွေးချယ်တာတွေ၊ ဆွေးနွေးမယ့် အကြောင်းအရာ ပြုစုတာတွေ လုပ်ဆောင်နေကြတဲ့အတွက် နှောင့်နှေးမှုတချို့ ရှိနေတာပါ” လို့ သူက ဆိုပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တစ်နှစ်နဲ့ ခြောက်လကာလအတွင်း EAO အဖွဲ့တွေနဲ့ တွေ့ဆုံမှု ကိုးကြိမ်၊ ညှိနှိုင်းရေးကော်မတီအနေနဲ့ EAO အဖွဲ့တွေ၊ နိုင်ငံ ရေးပါတီတွေ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အခြားအဖွဲ့အစည်းစတဲ့ အဖွဲ့တွေနဲ့ စုစုပေါင်း ၇၅ ကြိမ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ နစကနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှာ လက်ရှိတိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့မှ မပါခဲ့ပါဘူး။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့ တောင်ပိုင်းတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်တဲ့အတွက် ဇူလိုင်လမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးထဲမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူဦးရေဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တစ်နံတစ်လျားမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် အရပ်သားနေအိမ် အနည်းဆုံး ၁၉,၃၅၀ ဖျက်ဆီးခံခဲ့ရတယ်လို့ OCHA Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းထဲက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေဟာ သိသိသာသာမြင့်တက်လာတယ်လို့ နိုင်ငံတကာစစ်တမ်းတွေက ဆိုပါတယ်။

ဒီကြားထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း တပ်မတော်နဲ့ ရခိုင်အဖွဲ့ (AA) အကြား ဇူလိုင်လအတွင်း စစ်ရေးတင်းမာမှုတချို့ ရှိခဲ့တာကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ရှိနေတယ်လို့ OCHA Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ  ပြည်တွင်း နေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်း ကျော် ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေ ရပ်စွန့်ခွာ သူအရေအတွက်ဟာ ၈၆၆,၀၀၀ ရှိပါတယ်။ အဲဒီမတိုင်ခင်က မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေဟာ ၃၄,၆၀၀၀ ပဲ ရှိခဲ့တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့် ခွာသူဦးရေဟာ အဆမတန်မြင့် တက်လာတာကို တွေ့ရမှာပါ။

ဒီအချက်အလက်တွေကို ကြည့် မယ်ဆိုရင် နစက,က ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး လုပ်ဆောင်နေပေမဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ မြင့်တက်နေဆဲဖြစ်သလို မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ကြားမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ နစကရဲ့ ငြိမ်းချမ်းရေးနှစ် အလုပ်ဖြစ် မဖြစ်ကို မီးမောင်းထိုးပြနေတာလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နစက အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချက်နှစ်ချက်နဲ့ သွားမယ်လို့ ပြောကြားထားလို့ပါ။ ပထမအချက်က အပစ်ရပ်မယ်။ ဒုတိယအချက်က ဆွေးနွေးမယ်ဆိုပေမဲ့လို့ လက်ရှိမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာတော့ တိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာပါတယ်။  ဒါကိုလည်း နစက ဥက္ကဋ္ဌကိုယ်တိုင် သြဂုတ် ၁ ရက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ဝန်ခံပြေ ကြားထားပါတယ်။

“လက်ရှိ ခြောက်လတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအချို့၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း) နယ်မြေအချို့၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်မြေအချို့တို့မှာ ကေအိုင်အေနဲ့ ကေအန်ယူရဲ့ လူအင်အားနဲ့ လက်နက်၊ ခဲယမ်း အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုပါဝင် ပံ့ပိုးကူညီမှုတွေကြောင့် တာဝန်ယူပြီးခဲ့တဲ့ တစ်နှစ်တာသက်တမ်းကာလနဲ့ နှိုင်းယှဉ်ပါက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေ ပိုမိုများပြားလာခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးကိုအလေးထားပြီး မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်လျက်ရှိပါ တယ်”လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။ 

ဒါကြောင့်မိုလို့ နစကအနေနဲ့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်ဆောင်မယ်လို့ ပေးထားတဲ့ ကတိတည်ဖို့ဆိုရင် အရင်ဆုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို လျှော့ချဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း နောက်တစ်ဆင့်ဖြစ်တဲ့ ဆွေးနွေးရေးလမ်းကြောင်းကို သွားလို့ရမှာပါ။

ဆွေးနွေးရေးလမ်းကြောင်းလို့ ဆိုရာမှာလည်း နစကရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုထားတဲ့ အားလုံးပါဝင်ရေးမူဟာ အဓိကကျနေပါတယ်။ နစကဘက်ကနေ အားလုံးပါဝင်ရေး မူကို လမ်းဖွင့် မပေးမချင်း ဆွေးနွေးရေးလမ်းကြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုံလင်ဖို့ မရှိနိုင်ပါဘူး။

နစကအနေနဲ့ ငြိမ်းချမ်းရေးအလုပ်ဖြစ်ဖို့ဆိုရင် လက်ရှိလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားမှ ဖြစ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ သေနတ်သံတိတ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်း ရေးဆွေးနွေးနေမယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ နစက,က ငြိမ်းချမ်း ရေးနှစ်လို့ သတ်မှတ်ထားတဲ့ ၂၀၂၂ ခုနှစ်ဟာ သြဂုတ်လကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ကျန်တဲ့ လေးလမှာ နစကရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေဟာ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲဆိုတာ ဆက်လက်စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent