သယံဇာတ ယိုဖိတ်မှု၊ လူသားအရင်းအမြစ် ယိုဖိတ်မှု၊ ငွေကြေး ယိုဖိတ်မှုတွေကိုကုစားဖို့ ‘မြေမနင်းငါး’စျေးကွက် ပြန်ယူဖို့လိုတယ်

သယံဇာတ ယိုဖိတ်မှု၊ လူသားအရင်းအမြစ် ယိုဖိတ်မှု၊ ငွေကြေး ယိုဖိတ်မှုတွေကိုကုစားဖို့ ‘မြေမနင်းငါး’စျေးကွက် ပြန်ယူဖို့လိုတယ်
မြိတ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီးကို တွေ့ရစဉ်
မြိတ်မြို့တွင်ရှိသော အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီးကို တွေ့ရစဉ်
Published 3 July 2022
ဇော်မိုးဦး (မြိတ်)

ဆယ်စုနှစ်နှစ်ခုကျော်အကြာ ထိုင်းကို လုပ်ကျွေးခဲ့တဲ့မြန်မာပြည်ရဲ့ငါးစျေးကွက် အခြေအနေက ယခုအထိ အားကောင်းနေဆဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကတည်းက ငါးမျိုးစိတ်ရှားပါးသွားပြီဖြစ်ကြောင်း ကမ္ဘာကိုကြေညာခဲ့တဲ့  ထိုင်းနိုင်ငံအနေနဲ့ ရေထွက်ကုန်တွေကို မြန်မာနိုင်ငံ (အထူးသဖြင့်) တနင်္သာရီတိုင်းဒေသကြီးကနေ ပေါပေါများများရယူပြီး ငါးစျေး ကွက်ကြီး တည်ထောင်ထားနိုင်ခဲ့ပါတယ်။ ကုန်ကြမ်းအဆင့်ကနေ မတက်နိုင်သေးတဲ့မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ငါးသွားရောင်း၊ လူသုံးကုန်ပြန်ဝယ်ဆိုတဲ့ ပုံသေကားကျ တစ်ခုကိုပဲ ကျင့်သုံးနေပြီး ရောင့် ရဲတင်းတိမ်နေခဲ့တာ ကြာခဲ့ပါပြီ။ အဲဒါကိုပဲ အလုပ်တစ်ခုလို သဘောထားပြီး မျိုးဆက် ပေါင်းများစွာ အလွယ်တကူလုပ်ကိုင်လာခဲ့ ရာမှ  ယခုဆိုရင်မြန်မာ့ရေသယံဇာတကလည်း  ရာခိုင်နှုန်း ၈၀ ခန့် ပြုန်းတီးသွားခဲ့ပါပြီ။ မြန်မာနိုင်ငံအနေနဲ့ ရေလုပ်ငန်းကဏ္ဍနဲ့အတူ ဘာတွေ တိုးတက်ခဲ့ပါသလဲ။ ကမ်းရိုးတန်းနေပြည်သူတွေ ဘယ်လောက်အလုပ်အကိုင် အခွင့် အလမ်းတွေ ရခဲ့ပါသလဲ။ မြန်မာနိုင်ငံအနေနဲ့  ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဘယ်လောက် အထိရခဲ့ပါသလဲ။ ဒါတွေကိုပြန်လည်သုံးသပ် ဖို့ လိုနေပါပြီ။ သေချာတာကတော့ လက်တစ် ဆုပ်စာလူတစ်စုနဲ့ ထိုင်းနိုင်ငံအတွက်ပဲ လုပ် ကျွေးနေသလို ဖြစ်နေခဲ့ပါတယ်။

အဲဒါဆိုရင် မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံလို ငါးစျေးကွက်လုပ်လို့ရတဲ့ အနေ အထား ရှိပါသလား။ ဘာတွေပြင်ဆင်ထား ပြီးပြီလဲ။ စျေးကွက်ဝယ်လိုအားကရော၊ လုပ် သားလိုအပ်ချက်ကရော၊ ရေသယံဇာတအနေ အထားကရော၊ လမ်းပန်းဆက်သွယ်ရေးတွေ ကရော၊ အခြေခံအဆောက်အအုံ လိုအပ်ချက် တွေ၊ ကုန်သွယ်မှုအနေထားတွေကရော၊ ဘဏ်လုပ်ငန်းတွေကရော၊ ရင်းနှီးမြှုပ်နှံမယ့် သူတွေကရော၊ အစိုးရရဲ့ စီမံခန့်ခွဲကူညီပ့ံပိုးပေးနိုင်မှုတွေကရော ရှိပြီလား။ အဲဒီမေးခွန်း အားလုံးအတွက် Absolutely Yes ပါပဲ။

‘‘ကျွန်မတို့ငါးလေလံစျေးဟာ ပုဂ္ဂလိက တစ်ဦးတည်း လည်ထားတဲ့ ငါးလေလံစျေး မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရ၊ စိုက်ပျိုးမွေး မြူရေး၊ လယ်ယာဆည်မြောင်းဝန်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ နိုင်ငံ ခြားကုမ္ပဏီက ၆၀ ရာခိုင်နှုန်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်းပါဝင်ပါတယ်။  မြန်မာနိုင်ငံမှာ ငါးစျေးကွက်အောင်မြင်ဖို့ ဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ကနေ  ဌာနဆိုင်ရာ အဆင့်ဆင့်အထိ ကူညီပံ့ပိုးမှ အောင်မြင်မှာပါ။ FOB  စနစ်ဆိုတဲ့ပုံစံမျိုးနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ငါးသွားရောင်းတာပဲ လုပ်နေရင်တော့ ငါးစျေးကွက်က မြန်မာနိုင်ငံ ကို ရောက်လာမှာမဟုတ်သလို အောင်မြင်မှာ လည်း မဟုတ်ပါဘူး။ ကျွန်မတို့မြန်မာနိုင်ငံမှာ ငါးစျေးကွက်ရှိနေလျက်သားနဲ့ ဥပဒေတွေကို ထိထိရောက်ရောက် မကိုင်တွယ်ခဲ့ကြတော့ ထိုင်းနိုင်ငံမှာ ကျွန်မတို့နိုင်ငံရဲ့ ငါးစျေးကွက်နဲ့ လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်’’လို့ မြန်မာ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားခဲ့ပါတယ်။

အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ငါး စျေးကွက်ရှိနေဖို့ ကြိုးစားခဲ့ခြင်းမရှိသလို လာ ရောက်ရင်းနှီးမြုပ်နှံထားတဲ့ ငါးလေလံစျေး ကိုလည်း ဒီအတိုင်း ပစ်ထားခဲ့ကြပါတယ်။  လက်မှတ်ထိုး လှေထွက်၊ ထိုင်းနိုင်ငံကပေးတဲ့ စျေးနဲ့ရောင်းခဲ့၊ ပြန်လာရင် ကုန်စည်ဝယ်လာခဲ့။ အဲဒီစနစ်နဲ့ သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ အလွန်ပဲဆုံးရှုံးနစ်နာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်နှစ်တာ ရေထွက်ကုန်တင်ပို့မှု က ဒေါ်လာသန်း ၈၀၀ ထက်မကျော်၊ ထိုင်း နိုင်ငံရဲ့ တစ်နှစ်ရေထွက်ကုန်က ဒေါ်လာ ခုနစ်ဘီလျံကျော်၊ ခုနစ်ဘီလျံကျော်ထဲမှာ ပြန်တွက်ရင် ရနောင်းမြို့က ၃၀ ရာခိုင်နှုန်းရှာ ဖွေပေးနိုင်ပါတယ်။

‘‘ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ရေထွက် ကုန် တင်ပို့မှုက ၇ ဒသမ ၁ ဘီလျံကျော်တယ်။ အဲဒီအထဲက ၃၀ ရာခိုင်နှုန်းကို ရနောင်းကနေ ရရှိတာဖြစ်တယ်။ ကျွန်တော်တို့အနောက်က  ဗီယက်နမ်နိုင်ငံက ခုနစ်ဘီလျံလောက်နဲ့ ကပ်လိုက်နေတယ်’’လို့ ထိုင်းနိုင်ငံ ငါးလုပ် ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ဖြေကြားခဲ့ တာပါ။

ရနောင်းကိုဝင်တဲ့ ရေထွက်ကုန်ကို ပြန် စစ်ကြည့်လိုက်ရင် မြိတ်ကျွန်းစုက လာရောင်းတဲ့ ရေထွက်ကုန်က ၉၉ ရာခိုင်နှုန်း၊ လိုအပ်တဲ့ လုပ်သားလိုအပ်ချက်ကလည်း မြန်မာနိုင်ငံက  ၉၉ ရာခိုင်နှုန်း လာရောက်လုပ်ကိုင်ပေးနေ ပါတယ်။ အဲဒီတော့အနိမ့်ဆုံး နှစ်ဘီလျံကျော် ကမြိတ် ကျွန်းစုကနေ ပို့ပေးနေတဲ့သဘော။ တကယ်ရနေတာက တစ်နိုင်ငံလုံးမှာ ဒေါ်လာ သန်း ၈၀၀ တောင်မပြည့်ပါ။

‘‘မြန်မာနိုင်ငံမှာ ငါးစျေးကွက်အောင်မြင် ဖို့ (မြိတ်မှာရှိတဲ့ ငါးလေလံစျေးအောင်မြင်ဖို့) ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီ ပံ့ပိုးရမယ့်အပြင် FOB စနစ်ကိုလျှော့ချဖို့ လိုပါမယ်’’လို့ မြန်မာနိုင်ငံ ပင်လယ်ငါးလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြော ကြားခဲ့ပါတယ်။

ယခင်အစိုးရလက်ထက်များတွင် FOB ထွက်တဲ့အချိန်မှာ ငါးစျေးနှုန်းတွေ လျှော့ပြ ခဲ့ကြပါတယ်။ ပုစွန်တစ်ကီလိုကို တစ်ဒေါ်လာ နဲ့ နှစ်ဒေါ်လာလောက်ပဲပြပြီး တွက်ခဲ့ကြတယ်။  မြန်မာနိုင်ငံအနေနဲ့ အခွန်အခများစွာ နစ်နာခဲ့ သလို ငွေကြေးယို ဖိတ်မှု၊ လုပ်သားယိုဖိတ်မှု၊ သယံဇာတယိုဖိတ်မှု များစွာရှိခဲ့ပါတယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြပါတယ်။ နယ်စပ်ဒေသတစ်လျှောက် နေ့စဉ်ဖမ်းဆီးခံ နေရတဲ့သတင်းတွေက နိုင်ငံတော်အတွက်ပုံ ရိပ်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်။

‘‘ရနောင်းမြို့မှာ ကျွန်မတို့နိုင်ငံရဲ့ ‘မြေမ နင်းငါး’ တွေ၊ မြေမနင်းငါးဆိုတာက ကုန်းပေါ် ကိုမရောက်ဘဲ ပင်လယ်ထဲကနေ ကဲ့ယူသွား ကြတဲ့ငါးတွေ။ အဲဒီ ‘မြေမနင်းငါး’တွေနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကြီးဟာ လည်ပတ်နေပါ တယ်။ အလုပ်သမားတွေကိုကြည့်လိုက်ရင်လည်း မြန်မာနိုင်ငံက အလုပ်သမားတွေချည်းပါပဲ။ အဲဒီတော့ အစိုးရအနေနဲ့ သယံဇာတ ယိုဖိတ်မှု၊ ငွေကြေးယိုဖိတ်မှု၊ လူသားအရင်း မြစ်ယိုဖိတ်မှုတွေကို ကောင်းကောင်းနားလည် သဘောပေါက်မယ်ဆိုရင်တော့ ဘယ်ရှိမှန်း မသိသေးတဲ့ ငါးလေလံစျေးကို စောင့်မျှော်နေ မယ့်အစား လက်ရှိနိုင်ငံတော်အစိုးရနဲ့ အကျိုး တူပူးပေါင်း ဖွဲ့စည်းထားတဲ့ ငါးလေလံစျေးကြီး ကို အကောင်အထည်ဖော်လိမ့်မယ်ဆိုတာ ကျွန်မယုံကြည်တယ်။ အားလည်းကိုးပါတယ်။ လုပ်ပေးပါလို့လည်းတောင်းဆိုပါတယ်’’လို့ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်မှာ တည်ရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာအဆင့်မီ ငါးလေလံ စျေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားခဲ့ပါ တယ်။

End User မဟုတ်ဘဲ ပွဲစားအဆင့်နဲ့ လည်ပတ်နေတဲ့ ထိုင်းနိုင်ငံဟာ ရေထွက်ကုန် တွေကို အများအပြား လိုအပ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ငါးစျေးကွက် မဖြစ်ပေါ်လာဖို့ ကြိုးစားခဲ့သလို လက်တံရှည်လှတဲ့ သူ့ရဲ့ အမည်ခံလုပ်ငန်းရှင်များကလည်း ငါးစျေးကွက်မဖြစ်ပေါ်လာဖို့ ဆယ်စုနှစ်နှစ်ခုကျော် အကြာ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိ လည်ပတ်နေတဲ့ ငါးလေလံစျေးကို နိုင်ငံတော် အစိုးရက ကူညီဆောင်ရွက်ပေးလိုက်ပါက ရှိ ပြီးသားရင်းနှီးမြုပ်နှံမှုများကို ကာကွယ်ပေးရာ ရောက်သလို မြန်မာနိုင်ငံအတွက် အခွန်အခ များ၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမှာဖြစ်သလို ရေထွက်ကုန်တွေ လိုအပ် တဲ့ နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံမှာ  ရေထွက်ကုန်တွေကို လေလံလာရောက်ဝယ် ယူရမှာပါ။ မြေမနင်းငါးတွေလည်း ကုန်းပေါ် ရောက်လာပြီး ကုန်ချိန်အတိအကျ၊ အခွန်အခ အတိအကျနဲ့ ထွက်လာမှာပါ။ တရားမဝင်ကုန်  သွယ်မှု လျော့ပါးသွားပြီး တနင်္သာရီတိုင်းဒေသ ကြီးတစ်ခုတည်းအနေနဲ့ တစ်နှစ်လျှင်ဒေါ်လာ တစ်ဘီလျံ အနည်းဆုံးရှာဖွေပေးနိုင်မှာ ဖြစ် သလို အလုပ်အကိုင်အခွင့်အလမ်း သောင်းနဲ့ ချီပြီးရရှိလာမှာဖြစ်ပါ တယ်။ ငါးစျေးကွက် အတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံ၊  ရင်းနှီးမြုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ စျေး ကွက်၊ သယံဇာတအားလုံးက မြိတ်မှာရှိတဲ့မြန် မာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးမှာ ရှိ နေပြီးသားပါ။ ထိုင်းနိုင်ငံကိုဆယ်စုနှစ် နှစ်ခု ကျော်အကြာ လုပ်ကျွေးခဲ့တာတွေ၊ အခွန်အခ ယိုဖိတ်နေတာတွေရပ်တန့်ပစ်ဖို့ကောင်းနေပါပြီ။

 

 

Most Read

Most Recent