စိတ်ဓာတ်၊ စည်းကမ်းနဲ့ မြန်မာ့ပညာရေး

စိတ်ဓာတ်၊ စည်းကမ်းနဲ့ မြန်မာ့ပညာရေး
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသတစ်ခုမှ စာသင်ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသတစ်ခုမှ စာသင်ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများကို တွေ့ရစဉ်
Published 3 July 2022
မိုးဧအောင်

မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး ရေးသားပြောဆိုတဲ့အခါ စိတ်ကောင်းစေတနာ ရှေ့ဆောင်သော်ငြား နားမဝင်တာ၊ နားလျှံတာ၊ အဓိပ္ပာယ် အကောက်အယူလွဲတာမျိုး ဖြစ်သွားမှာကို ပထမဆုံး သတိထားရပါတယ်။ နောက်ပြီး ပကတိ ဖြစ်ရှိနေတဲ့ အားလျော့ဖွယ်ရာ အနေအထားတချို့ကြောင့်လည်း အမှန်တရားဆိုတိုင်း ဖော်ပြဖို့ရာ မသင့်လို့ ချန်ထားနေရဆဲ အဖြစ်အပျက်တွေ အများကြီးပါ။ ဒီတော့ စေတနာရှေ့ထားပြီး မြေပြင်က အချက်အလက်မှန်တချို့ ရှိနေတိုင်း ပြောသင့်၊ မပြောသင့် ချိန်ဆရတဲ့ ‘အခွင့်သာပြီး အခါသင့်ချိန်’ ကိုလည်း တတိယအချက်အဖြစ် မလွဲမသွေ ထည့်တွက်ရပါသေးတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ ဒီပညာရေးကို ဆွဲတင်နိုင်မှ ဒီနိုင်ငံ လူမွေးလူတောင်ပြောင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို အရင်းခံပြီးရေး ဖြစ်၊ ပြောဖြစ်ပါတယ်။ ကျွန်တော့် အမြင်အရ အခုအချိန်မှာ သူငယ်တန်းကနေစပြီး ပရော့ဂျက်တစ်ခုအဖြစ်၊ အစိုးရသတင်းစာမှာ ခေတ်စားတဲ့ အသုံးအနှုန်းအရဆိုရင် ‘အမျိုးသားရေးအသွင်’ နဲ့ အ ကောင်အထည်ဖော်လိုက်မှသာ နောင်အနှစ် ၂၀ လောက်မှာ အောင်မှတ်ရတဲ့ တိုင်းပြည်တစ်ပြည်အဖြစ် ‘တန်းဝင်ဖို့’ မျှော်လင့်နိုင်မှာပါ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ‘အထွေထွေ နောက်ကျ ကျန်ရစ်မှုကြီး’ က အတောမသတ်တဲ့အပြင် ရှိရင်းစွဲ လူမှုတန်ဖိုးတွေပါ ထိုးကျသွားတဲ့ ကာလကြီးကို ဖြတ်သန်းနေရလို့ပါပဲ။ ကိုယ့်မှာမရှိသေးတဲ့၊ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နိုင်တဲ့ Professionalism ကို ကျားကုတ်ကျားခဲ ကြိုးစားရမယ့်အချိန်မှာ ရှိရင်းစွဲတန်ဖိုးတွေဖြစ်တဲ့ မိဘဂိုဏ်း၊ ဆရာဂိုဏ်းဆိုတဲ့ Value တွေပါ ပြုတ်ကျသွားခဲ့လို့ပါပဲ။ ဒီအချိန်ကတော့ စာသင်ကျောင်းတွေဆီ သင်ကြားသူရော၊ သင်ယူသူပါ ဘေးအန္တရာယ်ကင်း ကင်းလာနိုင်ဖို့၊ လာကြဖို့အတွက် ဦးစားပေး စဉ်းစားနေရချိန်ပါ။

မြန်မာ့ပညာရေးရဲ့ ရည်မှန်းချက်နဲ့တာဝန်အဖြစ် ဝန်ကြီးဌာနက တရားဝင်ဖော်ပြထားတာကတော့ “(၁) ကျောင်းနေအရွယ် လူငယ်အားလုံး ပညာသင်ယူခွင့်ရှိစေရန်၊ (၂) မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားလာစေရန်” လို့ ဖော်ပြထားပြီး အခြေခံပညာကျောင်းများရဲ့ ဆောင်ပုဒ်အဖြစ် ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’လို့ ဆိုပါတယ်။

စိတ်ဓာတ် (Morale)

စိတ်ဓာတ်ဆိုတာ ‘သတ်မှတ် ပြဋ္ဌာန်းထားတဲ့ အချိန်ကာလတစ်ခုအတွင်း လူတစ်ဦး သို့မဟုတ် လူတစ်စုရဲ့ ယုံကြည်မှု၊ စိတ်အားထက်သန်မှုနဲ့ လိုက်နာရန်စည်းကမ်းချက်များ’ လို့ Oxford languages Dictionary က အဓိပ္ပာယ်ဖွင့်ပါတယ်။ မြန်မာအဘိဓာန်ကတော့ ‘စိတ်ဓာတ်၊ န - စိတ်နေသဘောထား’ လို့ ယေဘုယျဆန်ဆန် ဖွင့်ဆိုပါတယ်။

“စာသင်ခြင်းဆိုသည်မှာ ‘စိတ်တတ်အောင်’ စာကိုသင်ရခြင်းဖြစ်ရာ ‘စိတ်တတ်’မှသာလျှင် စာသင်ခြင်းသည် ပိုမိုအဓိပ္ပာယ်ရှိပါလိမ့်မည်” လို့ ဆရာအောင်သင်းက ရေးခဲ့ဖူးပါတယ်။

မြန်မာ့ပညာရေးရဲ့ ပကတိ အခြေအနေအရ တတ်သိပညာ ယှဉ်ပြိုင်နိုင်ဖို့ (Technical issue) အရေးထက် ကျောင်းကိုပို့လိုက်ရတဲ့ မိဘနဲ့ ကျောင်းတက်နေရတဲ့ စာသင်သားတွေရဲ့ ယုံကြည်မှု (Trust) ကို အရင်ဖြည့်မှ လက်တွေ့ကျပါလိမ့်မယ်။ ပညာရေးဆောင်ပုဒ်အတိုင်း ပြန်ညွှန်းရရင် ‘ပညာ’ ကို အသာထားဦး၊ ‘စိတ်ဓာတ်နဲ့ စည်းကမ်း’ ကို အရင်ထူထောင်ရမှာပါ။

ဒီလို စိတ်ဓာတ်ကို ဦးစားပေး မြှင့်တင်ပြီး ထူထောင်နိုင်ခဲ့တဲ့ ကမ္ဘာကျော် အင်စတီကျူးရှင်းကြီး တစ်ခု ကျွန်တော်တို့တိုင်းပြည်မှာ ရှိပါတယ်။ အဲဒါကတော့ အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံကျောင်းတိုက်ပါ။ ပရိယတ္တိစာသင်တိုက်ကြီး ဖြစ်ပေမဲ့ တည်ထောင်ခဲ့သူ ဆရာတော် အရှင်ဇနကာဘိဝံသက သူ့ကျောင်းမှာနေမယ့့်သံဃာထုအတွက် အချက် ၁၀ ချက် ချမှတ်ခဲ့ပါတယ်။ ‘ဒီကျောင်းတိုက်မှာ  စိတ်ကောင်းရှိဖို့က ပထမ၊ ၀ိနည်းလေးစားဖို့က ဒုတိယ၊ ကျန်းမာရေး ဂရုစိုက်ဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ ဝတ်တတ်စားတတ်ဖို့က ပဥ္စမ၊ နေတတ်ထိုင်တတ်ဖို့က ဆဋ္ဌမ၊ ပြောတတ်ဆိုတတ်ဖို့က သတ္တမ၊ သွားတတ်လာတတ်ဖို့က အဋ္ဌမ၊ စည်းကမ်းလိုက်နာဖို့က နဝမ၊ စာတတ်ဖို့က ဒသမ” လို့ မလွဲမသွေ လိုက်နာဆောင်ရွက်ရမယ့် မစ်ရှင်ကို ချမှတ်ပေးခဲ့တာပါ။ ဆရာတော် ပျံလွန်တော်မူတာ ၄၅ နှစ်ပြည့်လုနီးပါးဖြစ်ပေမဲ့ သြဝါဒါစရိယ၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်အသီးသီးက ဒီမစ်ရှင်အတိုင်း ဆက်ခံခဲ့ကြတဲ့အတွက် ဒီနေ့အထိ ဘယ်နိုင်ငံခြား ခရီးသွားဧည့်သည်ပဲလာလာ ပြသစရာ မြန်မာ့ပရိယတ္တိစာသင်တိုက်အဖြစ် တောင်သမန်အင်းစောင်းက မဟာဂန္ဓာရုံကျောင်းကိုပဲ ခေါ်သွားနေရဆဲပါ။

လောကုတ္တရာကို အခြေခံတဲ့ စာပေပရိယတ္တိ ပို့ချရာကျောင်းတိုက်မှာတောင် စာတတ်ဖို့ဆိုတဲ့ အဓိကရလဒ်ကြီးကို ပ့ံပိုးနိုင်ဖို့ ပဏာမ အခင်းအကျင်းအဖြစ် စိတ်ကောင်းရှိဖို့ ပထမအဖြစ်ထားပါတယ်။ ကျွန်တော်တို့ ပညာရေး ဆောင်ပုဒ်မှာလည်း စိတ်ဓာတ်ကို ထိပ်ဆုံးတင်ထားတယ်။ ဒီတော့မူအားဖြင့် လမ်းတည့်နေပြီလို့ဆို နိုင်ပါပြီ။

စာသင်သားတွေအတွက် ပြုစုပျိုးထောင်ပေးလိုက်ရမယ့် စိတ်ဓာတ်ဟာ ဘယ်လိုမျိုး ဖြစ်သင့်သလဲ။ နေ့စဉ်ချမှတ်ထားတဲ့ ကျောင်းသင်ခန်းစာလေ့ကျင့်မှု၊ အတန်း တွင်း စုပေါင်းဆောင်ရွက်မှုကအစ ယုံယုံကြည်ကြည်၊ ပျော်ပျော်ရွှင်ရွှင်၊ စည်းကမ်းကျကျ၊ ထက်ထက်သန်သန်လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်ပါ။ စာသင်သားဟာ ကျောင်းအပေါ်၊ ဆရာ ဆရာမအပေါ်၊ သူ့အတန်းဖော်တွေအပေါ် နှစ်လို ကျေနပ်မှုရှိလေလေ၊ ဒီစိတ်ဓာတ်ရဲ့ စေ့ဆော်ချက်က ကြီးမားလေလေ ဖြစ်တယ်။

အဲဒီစိတ်ဓာတ်မျိုး ပျိုးထောင်ပေးလိုက်နိုင်ပြီဆိုရင် ဒီစာသင်သားဟာ ဘယ်လိုအခက်အခဲမျိုးရှိပါစေ။ သူ့ကိုယ်သူ၊ သူ့ အတန်း၊ သူ့ကျောင်း၊ သူ့ပညာရေး အပေါ် အပြည့်အဝ ယုံကြည်လာတော့တာပါပဲ။ သူတို့ရွတ်နေရတဲ့ ‘မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည်’ ကနေ ‘မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်’ အထိ စာသားတွေဟာ နှုတ်ဖျားကနေ လေထဲလွင့်မသွားဘဲ နှလုံးသားဆီ ပြန်ရောက်ပြီး ‘ကိန်း’ သွားဖို့အတွက် အဲဒီ စိတ်ဓာတ်ကပဲ စွမ်းဆောင်ပေးပါလိမ့်မယ်။

စည်းကမ်း (Discipline)

ကျောင်းစည်းကမ်းဆိုတာဟာ ကျောင်းသားတွေရဲ့ အမူအကျင့်၊ အထုံအလေ့တွေနဲ့ ပတ်သက်လို့ ထိန်းသိမ်းနိုင်မယ့် မဟာဗျူဟာတွေ၊ အဲဒီမဟာဗျူဟာနဲ့ လျော်ညီတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အရေးယူဆောင်ရွက်ဖို့နည်းလမ်းတွေ ချမှတ်ပြီး ကိုယ်တိုင်ရေးစည်းမျဉ်း (self-discipline) ရှိတဲ့သူတွေ ဖြစ်လာဖို့အထိ အားပေးရည်ရွယ်တာပါ။

ဒါ့ကြောင့် ကျောင်းစည်းကမ်းဟာ တစ်ကျောင်းလုံးအတွက်၊ စာသင်ခန်းအတွက်၊ စာသင်သားတစ်ဦးချင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ဘေးရန်ဆီးကာဖို့၊ ထိပါးနှောင့်ယှက် ရန်ပြုတာမျိုးကို တားမြစ်ဖို့၊ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေတတ်တဲ့သူတွေဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ ကျောင်းစည်းကမ်းဟာ ရှိရင်းစွဲ အခြေအနေကောင်းတွေကို ထိန်းသိမ်းဖို့ကအစ ပျက်ယွင်းအောင် ပြုမူလာခဲ့ရင် အပြစ်ပေးဖို့ အထိ ပါဝင်ပါတယ်။ တစ်ခါ ကျောင်းက ပြဋ္ဌာန်းလေ့ကျင့်ပေးလိုက်တဲ့ စည်းကမ်းတွေဟာ နောင်ဘဝတစ်လျှောက် လိုက်နာကျင့် ဆောင်အပ်တဲ့ လူမှုစည်းကမ်းရဲ့ ပြတင်းတံခါးလို့လည်း တင်စားကြပါတယ်။ လူမှုစံနှုန်းတွေ၊ အမူ အကျင့်ဆိုင်ရာ နယ်သတ်မျဉ်းတွေကို ထိန်းသိမ်းသွားနိုင်မယ့် နိုင်ငံ့သားကောင်းတွေ ဖြစ်ထွန်းလာစေရေးအတွက် အိမ်ကမိဘတွေ၊ ကျောင်းက ဆရာ ဆရာမတွေ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စီမံသူတွေပါ ပူးပေါင်းရတဲ့ ဖြစ်စဉ်ပါ။ ကျောင်းစည်းကမ်းကို နိုင်နိုင် နင်းနင်း ကိုင်တွယ်နိုင်လေလေ ကျောင်းရဲ့ ပညာသင်ယူမှုပတ်ဝန်းကျင်အပေါ် ကောင်းကျိုးပြုလေလေပါပဲ။

စည်းကမ်းနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ အကြောက်တရားနဲ့ ယှဉ်တဲ့လိုက်နာမှု၊ အသိတရားနဲ့ ယှဉ်တဲ့လိုက်နာမှုဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးခွဲပြောကြပါတယ်။ ‘စည်းကမ်းဆိုသည်မှာ လူသည် မိမိတစ်ဦးတည်း မနေနိုင်သောကြောင့် အများနှင့် ငြိမ်းချမ်းစွာပူးပေါင်းနေနိုင်ရေးအတွက် ပေါ်ပေါက်လာရသော လိုလားအပ်သည့် ချုပ်ချယ်မှုများဖြစ်သည်’ လို့ ဆရာအောင်သင်းက ညွှန်းခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာ့ပညာရေးရဲ့ အတန်းစည်းကမ်းတွေ၊ ကျောင်းစည်းကမ်းတွေ၊ တက္ကသိုလ်များမှာ အဆောင်စည်းကမ်းတွေ တစ်ထပ်ကြီးရေးခဲ့၊ ပုံနှိပ်ခဲ့၊ ဖြန့်ဝေခဲ့၊ ဖတ်ရှုခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လိုက်နာကြရဲ့လား၊ မလိုက်နာသူအတွက်ရော ထိရောက်တဲ့ အရေးယူမှုရှိကြရဲ့လား၊ အရေးမယူရင် ကျန်တဲ့ စည်းကမ်း လိုက်နာသူတွေကရော တစ်ချိန်ချိန်မှာ စည်းကမ်းဆိုတာကြီးကို စိန်ခေါ်လာတော့မှာလား။

ဒီနှစ် ၂၀၂၂ ခုနှစ် ဇွန်လ ကျောင်းဖွင့်လို့မှ တစ်လမပြည့်သေးဘူး။ လူမှုကွန်ရက်ကနေ ကြည့်လိုက်ရတဲ့ ကျောင်းထဲမှာ ဖြစ်ချင်ရာဖြစ်နေတဲ့ ဗီဒီယိုကလစ် နှစ်ခု ကြည့်လိုက်ရတယ်။ တစ်ခုက ဧရာဝတီတိုင်းဒေသကြီးမှာ၊ နောက်တစ်ခုက ရှမ်းပြည်နယ်မှာပါ။ (ကျန်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ် တက်မလာတာ၊ ကျွန်တော်တို့ လက်လှမ်းမမီတာ၊ သူ့နည်းနဲ့သူ ဖြေရှင်းလိုက်တာမျိုး ရှိနေမှာပါ။)

ဗီဒီယိုကလစ်တစ်ခုက စာသင်ခန်းထဲ ဆရာမရှေ့ မျက်မှောက်မှာ ကျောင်းသားတစ်ယောက်ကို အများက ၀ိုင်းထိုးနေပေမဲ့ ဆရာမက ‘သားတို့ ကျောင်းထွက်ရမယ်နော်’ အထပ်ထပ်ပြောနေတဲ့ကြားက မရပ်မနား ဆက်တိုက်အနိုင်ကျင့်နေတာပါ။ အခြေခံပညာအဆင့်က ဒီကျောင်းသားတွေဟာ စာသင်ခန်းကို၊ ဆရာ ဆရာမကို ဘယ်လိုသဘောထားပြီး ဘယ်နေရာဆီ ပို့ပစ်လိုက်ကြပြီလဲ။

နောက်တစ်ခုကတော့ ရှမ်းပြည်နယ်က အထကကျောင်းတစ်ကျောင်းရဲ့ အိမ်သာခန်းအဝမှာ ကျောင်းသားငယ်တစ်ယောက်ကို အကြီးသုံးလေးယောက်က လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ပြီး ၀ိုင်းလုပ်ကြတာပါ။ ခံရတဲ့ ကလေးက ထိုင်ရှိခိုးတာတောင် ကျေနပ်ပုံမရပါဘူး။ (တစ်ခါ ဒီဖြစ်ရပ်ကို စိမ်ပြေနပြေ မှတ်တမ်းတင်သူလည်းရှိတော့ ဒီဗီဒီယို နိုင်ငံကျော်သွားတာပေါ့။ ရိုက်ကူးသူရဲ့ စိတ်နေ စိတ်ထားအထိ မဆွေးနွေးသေးပါဘူး။)

ဒီဖြစ်ရပ်ကို ကျောင်းက တာဝန်ရှိသူတွေ ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။ ဖြစ်ရပ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း တက်လာတဲ့ ခံရတဲ့ ကလေးရဲ့ မိသားစုဆွေမျိုးတွေ ရေးခဲ့တဲ့မှတ်ချက်တွေ (Comment) ကိုပဲ ဖတ်ကြည့်ရအောင်။

“အတန်းသားချင်း မဟုတ်ပါဘူးရှင့်။ အတန်းကြီးတွေက လုပ်တာပါ။ ကြားကကျောင်းသားက ကုန်းထိုးလို့ သားသားကို ထမင်းစားချိန် အခန်းထဲကနေလာခေါ်ပြီး လုပ်ကြတာပါ။ သားသားက အိမ်ကိုပြန်မပြောလို့ ကျွန်မတို့မသိရဘူး။ အခုဗီဒီယိုဖိုင်တက်လာမှ သိရလို့ ရင်ကွဲမတတ်ပဲ။ တစ်ဦးတည်းသော သားလေးပါရှင်။ ကလေးက ရန်လည်းမဖြစ်ဖူးပါဘူး။ သားသားကို အိမ်ကမှာထားတာ။ ကျောင်းမှာ ရန်မဖြစ်ရဘူး။ ရန်ဖြစ်ရင် ကျောင်းထုတ်မယ်ပြောထားလို့ အရိုက်ခံရတဲ့ကိစ္စ အိမ်ကိုတောင် ပြန်မပြောဘူး။ video ဖိုင် လိုင်းပေါ်တက်လာမှ အိမ်ကသိရတဲ့အဖြစ်ပါ။ ကျွန်မတို့မှာ မိသားစုလိုက် ရင်ကွဲမတတ်ဖြစ်ရတယ်” လို့ Comment မှာ မိသားစုဝင်တစ်ယောက်က ရေးသားပြန်ကြားထားပါတယ်။ အတော်ကို စိတ်မကောင်းစရာဖြစ်ရပ်ပါ။

အခင်းဖြစ်ရပ်မှာ ထိတွေ့ ပတ်သက်ခဲ့သူ ကျောင်းသားနှစ်ဖက်စလုံးကို တာဝန်ရှိသူများက ဘယ်လိုများ အရေးယူဆောင်ရွက်ခဲ့ကြပါသလဲ။ အဖုံးအဖိတွေရှိနေသလား။ ‘ကြီးသောအမှု သေးစေ၊ သေးသောအမှု ပပျောက်စေ’ ဆိုတဲ့ စိတ်ထားနဲ့ ဖြေရှင်းသလား၊ ကလေးနဲ့ ကလေးမိဘအသိုင်း အဝိုင်းရဲ့ မကင်းရာမကင်းကြောင်းတွေငဲ့ပြီး အဂတိအခံနဲ့ စီရင်ခဲ့လေသလားဆိုတာကတော့ ကာယကံရှင်များ အသိဆုံးဖြစ်ပါလိမ့်မယ်။

တစ်ချက်ပဲ ပြောစရာရှိပါတယ်။ စည်းကမ်းဆိုတာ ဥပဒေ အသေးစားပါ။ လူ့အဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်း၊ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းရာ ပေါ်ထွန်းကြောင်းအတွက် ကျောင်းစည်းကမ်းဟာ နိဒါန်း ပျိုးထားတဲ့ ဥပဒေကျောရိုးပါပဲ။ ဒါကို ဖောက်ဖျက်သူ ကျောင်းသား ကျောင်းသူကိုသာမက ဖောက်ဖျက်မှုအပေါ် တိတိကျကျ၊ တင်းတင်းရင်းရင်း အရေးမယူခဲ့ရင် ကျွန်တော်တို့ပညာရေး ဘယ်လိုတည်ဆောက်ကြမလဲ။ ကွယ်လွန်သူ ဒါရိုက်တာ၊ မင်းသားကြီး (ဦး) မြတ်လေးစကား ငှားပြောရရင် ကျောင်းစည်းကမ်းဆိုတာ ‘ငို၍ ရယ်၍ မရသောမျက်နှာ’ပါပဲ။

ကျောင်းစည်းကမ်းချမှတ်ပုံတွေကို လေ့လာကြတဲ့အခါ အမျိုးအစားသုံးခု ထွက်လာပါတယ်။

(၁) ကာကွယ်ဖို့ (PREVENTATIVE) စည်းကမ်းများဟာ ကျောင်းဖွင့်စရက်ပိုင်းမှာတွင် ဆုံးရှုံးမှု၊ ထိပါးမှု၊ ပျက်ယွင်းမှုတွေကို မကျူးလွန်မိစေဖို့ စာသင်သားတို့ရဲ့ အမူအကျင့်အထွေထွေကို လမ်းညွှန်မူချပြီး ကြိုတားလိုက်တာပါ။

(၂) ကူညီဖို့ (SUPPORATIVE) စည်းကမ်းတွေကတော့ စည်းကမ်းဖောက်ဖျက်မှု ပေါ်ပေါက်လာခဲ့ရင် နှုတ်နဲ့သတိပေးတာ သို့မဟုတ် ဒီလို အပြုအမူမျိုး နောင်ပြုပြင်ဖို့ ရည်ရွယ်တာပါ။

(၃) ပြုပြင်ရေး (CORRECTIVE) အဆင့်စည်းကမ်းမျိုးကတော့ နှုတ်နဲ့သတိပေးပါလျက် သူ့ရဲ့အမူအကျင့်ဆိုးကို မပြုပြင်ဘဲ ထပ်ကာတလဲလဲ ကျူးလွန်လာတာမျိုးပါ။ ဆိုးဆိုးရွားရွားအဆင့်ရောက်ပြီဆ ိုရင်တော့ ဒီစာသင်ခန်းဟာ သူ့နေစာမဟုတ်တော့ဘဲ အသက်အရွယ်အလိုက် ဥပဒေပြဋ္ဌာန်းရာ ပြုပြင်ရေးစခန်းဆီ ပို့ရမယ့်အခြေအနေလို့   "The importance of maintaining classroom discipline" မှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကြောင့်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် နှစ်နှစ်တိတိ ကျောင်းနဲ့ကင်းကွာတဲ့ ကျောင်းသားကျောင်း သူအများစုရဲ့ အရွယ်နဲ့ အတန်း ‘အကွာအဟ’ ကို သတိပြုရမှာဖြစ်သလို ဆိုရှယ်မီဒီယာကို ကာလရှည် သုံးစွဲနေခဲ့ပြီး လောကတုမှာ လူလားမြောက်သွားတဲ့ (Virtual adolescence) ကိစ္စဟာ အတန်းပြ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်ကြီးတွေ၊ ပညာရေးစိတ်ပညာရှင်တွေ အလျင်အမြန်ဆွေးနွေးကြရမယ့်ကိစ္စကြီးပါ။

အနိုင်ကျင့်ခြင်း (Bullying)

ကျွန်တော်တို့ အခြေခံကျောင်းသားဘဝမှာ အချင်းချင်းအနိုင်ကျင့်တာ ရှားပါတယ်။ ဒီနေ့ ခေတ်စားနေတဲ့ ဓမ္မတို့၊ အဓမ္မတို့ စကားမျိုးနဲ့ ပြောရရင် ကျောင်းပရိဝုဏ်ထဲမှာ အတန်းသားအချင်းချင်းကဖြစ်စေ၊ အတန်းကြီးက အတန်းငယ်ကိုဖြစ်စေ၊ ဆရာ ဆရာမက စာသင်သားကိုဖြစ်စေ အနိုင်ကျင့်တာ မတွေ့ရသလောက်ပါပဲ။ နည်းနည်း လူကောင်ကြီးတဲ့ကောင်က မညီမမျှ အဓမ္မလုပ်မိလို့များ ဆရာ ဆရာမကို သွားတိုင်လိုက်ရင် ဒီအကောင် ကြိမ်လုံးစာ မိတော့တာပဲ။

အခြေခံကျောင်းတွေမှာ အနိုင်ကျင့်တဲ့ သဘောသဘာဝဟာ ကမ္ဘာအနှံ့မှာ ရှိတတ်ပါတယ်။ ဂျပန်လို ထိပ်တန်းရောက်နေတဲ့ တိုင်းပြည်မျိုးမှာတောင်မှ ဒီလိုအဖြစ်မျိုး မကင်းလှပါဘူး။ ဒါပေမဲ့ သူတို့က စာရင်းဇယားနဲ့၊ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်မှုနဲ့၊ နောက်ထပ်မပေါ်ပေါက်အောင် စိတ်ပိုင်းဆိုင်ရာလေ့လာချက်နဲ့၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုမျိုးနဲ့ အရေးယူဆောင်ရွက်ကြတာပါ။ ကျွန်တော်တို့ရဲ့ လက်ရှိအခြေ အနေအရ ကျောင်းမတက်တက်အောင် ပညာရေးဝန်ထမ်းတွေကို ‘လခ’ပေးပြီး ကျောင်းသားနဲ့ မိဘတွေကို ကျောင်းပို့ဖို့ စီမံနေရတဲ့ အနေအထားပါ။

အနိုင်ကျင့်ခြင်းလို့ ခေါ်နိုင်ဖို့ အတွက်  ရန်လိုတဲ့ရည်ရွယ်ချက်၊ ပါ၀ါမညီမျှမှုနဲ့  အချိန်အတိုင်း အတာတစ်ခုအတွင်း ထပ်ကာထပ် ကာပြုလုပ်ခြင်းဆိုတဲ့ အနည်းဆုံး သတ်မှတ်ချက်သုံးရပ်နဲ့  ညီရပါ့မယ်။ အနိုင်ကျင့်ခြင်းဟာ ‘အခြားသူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ သို့မဟုတ် စိတ်ခံစားမှုအရ ထိခိုက်နာကျင်စေရန် ရည်ရွယ်သည့် ထပ်ကာပြုလုပ်သော ရန်လိုသည့် အပြုအမူ နှင့်ပတ်သက်သော လုပ်ရပ်’ ဖြစ်ပါတယ်။

အနိုင်ကျင့်ခြင်းရဲ့ အခြေခံအမျိုးအစားလေးမျိုး ခွဲခြားထားရာမှာ (၁) စိတ်ခံစားမှုဆိုင်ရာ အနိုင်ကျင့်ခြင်း၊ (၂) ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ (၃) နှုတ်အားဖြင့် အနိုင်ကျင့်ခြင်းနဲ့ (၄) ဆိုက်ဘာ အနိုင်ကျင့်ခြင်းအထိ ပါဝင်ပါတယ်။ ဒီအထဲမှာ ခြိမ်းခြောက်ခြင်းလိုမျိုး သိမ်မွေ့တဲ့အကျပ်ကိုင်ခြင်း နည်းလမ်းတွေလည်း ပါဝင်ပါတယ်။ အနိုင်ကျင့်ခြင်းဟာ တိရစ္ဆာန်လောကရဲ့ အမူအကျင့်မျိုးဖြစ်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လုံးဝမရှိသင့်တဲ့ အလေ့အထမျိုးပါလို့ ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး ဖြစ်တဲ့ စာနယ်ဇင်းတွေကလည်း ရေးသားကြပါတယ်။

ဒီအကြောင်းအရာကို စိတ်ဝင်စားလို့ ငယ်သူငယ်ချင်း တောကျောင်းဆရာဆီ ဖုန်းဆက်ကြည့်ပြန်တော့ အားတက်စရာ ကြားရပြန်ပါတယ်။ ‘အဲဒီလို အနိုင်ကျင့်တာမျိုးက ရွာကျောင်းတွေမှာ မရှိဘူးကွ။ ငါ့လုပ်သက် ၃၀ မှာ တွေ့ကို မတွေ့ရတာ။ ရွာတွေမှာ စာသင်ကျောင်းကို၊ ဆရာ ဆရာမတွေကို မိဘတွေကပါ လေးစားမှုရှိတာက အခြေခံဖြစ်မယ်ထင်တယ်။ ကလေးတွေကလည်း ဆရာ ဆရာမဆို အဖြူအစိမ်းဝတ်လာရင် တစ်ညီတည်း ချစ်ကြောက်ရိုသေပဲ။ သူငယ်တန်းက ဆရာမလေးက ထမင်းစားချိန်၊ မုန့်စားကျောင်းဆင်းချိန်မျိုး ကျောင်းဝိုင်းထဲမှာ ရှစ်တန်းတွေ မတော်တာမြင်လည်း သွားပြောရင် လိုက်နာကြတာပဲ။ ကျေးရွာကနေ ဆရာ ဆရာမအပေါ် တန်ဖိုးထားတဲ့စိတ်က ‘စိတ်ဓာတ်နဲ့ စည်းကမ်း’ အပေါ် ပြင်ဖို့အဆင်သင့်ဖြစ်နေတဲ့အထိ တွန်းပို့ပုံရပါတယ်။ ကလေးချင်း သိုင်းချတာ၊ လက်သီးထိုးတာ မျိုးရှိတယ်။ ကစားရင်း မတော်တဆ ထိတာမျိုးရှိတယ်။ ကြီးကြီးမားမား တစ်ခါမှ မရှင်းရဘဲ သူတို့ချင်း ပြန်တည့်သွားကြတာပါပဲ’ လို့ ပြောပြပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ပညာရေးရဲ့ ‘စိတ်ဓာတ်နဲ့ စည်းကမ်း’ အတွက် မိဘနဲ့ လူမှုအသိုက်အဝန်းဟာလည်း အရေးပါအရာရောက်တဲ့ ဖန်ရှင်တစ်ခုလို့ ဆိုရပါ့မယ်။ ဒီလိုဖြစ်ဖို့ရာကလည်း ဘာသာပြဆရာ၊ အတန်းပိုင်ဆရာကအစ ကျောင်းအုပ်ကြီးအဆုံး စိတ်ဓာတ်ကောင်းပြီး စည်းကမ်းကို ဆံခြည်တစ်မျှင်မျှ မယွင်းအောင် ဂရုစိုက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ကျယ်ပြောလှတဲ့ လူ့အဖွဲ့အ စည်းကြီးတစ်ရပ်လုံးကို အသာထားပြီး လောကထဲဝင်ကြမယ့် နိုင်ငံသားပျိုပျိုနုနုတို့ အခြေပြုရာ စာသင်ကျောင်းတွေမှာတော့ ဒီအခြေခံစည်းကမ်းမျိုးကို တိတိကျကျ ကိုင်တွယ်ပေးမှသာ ကိုယ့်လုံခြုံမှုအတွက် ကိုယ့်အဖွဲ့အစည်းကိုယုံတဲ့ နိုင်ငံသားတွေ ပေါ်ထွက်လာမှာပါ။

ကျောင်းပရိဝုဏ်ထဲက အိပ်နေတဲ့သင်ရိုးများ

ကျွန်တော်တို့ရဲ့ မြန်မာ့ပညာရေးကလည်း ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ကို ဆောင်ပုဒ်သာမက လက်တွေ့အကောင်အထည်ဖော်ဖို့ သင်ရိုးညွှန်းတမ်းမှာ ပြဋ္ဌာန်းပြီး စာအုပ်တွေ ထုတ်ဝေထားတာရှိပါတယ်။ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိဆိုင်ရာ ပြဋ္ဌာန်းချက်တွေရှိနေပေမဲ့ အတန်းမရွေး၊ အယုတ်အလတ် အမြတ်မရွေး၊ ကျောင်းသား၊ ကျောင်းသူတိုင်းဆီ တကယ်ပျံ့နှံ့ဖို့  (Awareness) လို အပ်နေပါပြီ။ အိပ်နေတဲ့သင်ရိုးတွေ ‘လှုပ်’ လာအောင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော့်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်ဘာသာစကားအခြေပြု နိုင်ငံတကာကျောင်းတွေနဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းတွေရဲ့ အကြီးမားဆုံးကွာခြားချက်ကတော့ အသက်အရွယ်၊ အတန်းနဲ့ လျော်ညီတဲ့ ဘဝတွက်တာ Life Skill မပေးနိုင်ခြင်းပါပဲ။

ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းတွေ ဘယ်လိုပဲကောင်းအောင် ရေးရေး၊ စာသင်သားဆီ အရောက်သယ်သွားမှာက သင်ကြားသူ ဆရာ ဆရာမတွေပါ။ သူတို့မှာလည်း ပုဂ္ဂလိက ဒုက္ခတွေအပြင် ကျောင်းတွေ ချဲ့ချင်တိုင်းချဲ့ရာက ပေါ်ထွက်လာတဲ့ ဆရာကျောင်းသားအချိုး မညီမျှမှုကို လက်တွေ့ရင်ဆိုင်နေကြရပါတယ်။ သင်ရိုးအသစ်၊ လူအဟောင်းမှာ ဖွဲ့စည်းပုံပါ မပြည့်မီတဲ့ အခက်အခဲက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ကတည်းက ရှိနှင့်ပြီး အခက်အခဲပါ။

ဒီအခက်အခဲတွေကြားက ‘ပညာ’ ကို အပျံစားဖြစ်အောင် မဖော်ဆောင်နိုင်ရင်တောင်မှ ကျောင်းနေစဉ်ကာလအတွင်း ‘စိတ်ဓာတ်နဲ့ စည်းကမ်း’ ကို ဘယ်လိုပေးလိုက်ကြမလဲ။ စာတတ်တဲ့အဆင့် ကွာခြားမှုရှိတဲ့တိုင်အောင် စိတ်ဓာတ်နဲ့ စည်းကမ်း တစ်ညီတစ်ညာတည်းရှိတဲ့ စာသင်သားတွေ မွေးထုတ်ပေးနိုင်ရင်ကိုပဲ ကျောင်းတွေအတွက် ကျက်သရေရှိလှပါပြီ။

 

ကျောင်း၏ကျင့်ရာ ခုနစ်ဖြာ

၁။ ကျောင်း၏မြင့်မြတ်ခြင်းဆိုသည် မှာ ဆရာသမားကို ရိုသေလေးစား ခြင်း။

၂။ ကျောင်း၏အနှစ်သာရမှာ စည်း ကမ်းရှိခြင်း၊ စာကြိုးစားခြင်း။

၃။ ကျောင်း၏ ငြိမ်းချမ်းခြင်း ဆို သည်မှာ တစ်ဦးအပေါ် တစ်ဦး မေတ္တာ၊ သစ္စာရှိခြင်း။

၄။ ကျောင်း၏ကျက်သရေဆိုသည် မှာ ကျောင်း၏ဝန်းကျင် သန့်ရှင်း စင်ကြယ်ခြင်း။

၅။ ကျောင်း၏ဂုဏ်သတင်းဆိုသည် မှာ အများအကျိုးသယ်ပိုးဆောင် ရွက်ခြင်း။

၆။ ကျောင်း၏ပျော်ရွှင်ခြင်းဆို သည်မှာ စည်းလုံးညီညွတ်ခြင်း။

၇။ ကျောင်း၏ပင်မအလုပ်ဆိုသည် မှာ နိုင်င့ံသားကောင်း မွေးထုတ်ပေး ခြင်း။

ပညာရေးဌာနကနေ ကျင့်ဆောင်မယ့် ‘ကျောင်း၏ကျင့်ရာ ခုနစ်ဖြာ’ အတိုင်း ဒီစာသင်နှစ်ကစပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။       

Reference

● Definitions from Oxford Languages

https://safesuppo rtivelearning.ed.gov/topic-research/environment/discipline

https://www.eurekly.com/blog/21-questions-about-classroom-discipline-that-bother-every-teacher/

● အောင်သင်း၊ အတွေးစကားများ၊ http://mmnetlibrary.blogspot.com/2015/09/blog-post_71.html?m=1

 

Most Read

Most Recent