လိုတိုရှင်းစီးပွားရေးသုတ (၅၆-၆၀)

လိုတိုရှင်းစီးပွားရေးသုတ (၅၆-၆၀)
Published 7 April 2024

လိုတိုရှင်း စီးပွားရေးသုတ (၅၆)

    ဂျွန်မေနတ်ကိန်း (စ်) (John Maynard Keynes   )

     ဂျွန်မေနတ်ကိန်း (စ်) သည် ကိန်းဘရစ်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပြီး စီးပွားရေးအဆောက်အအုံထဲတွင် အစိုးရဝင်ရောက်စွက်ဖက်မှု အယူအဆကို ထောက်ခံသူတစ်ဦးဖြစ်သည်။ ကိန်း (စ်) သည် ယခင်ကာလ ပညာရှင်များ ယုံကြည်လက်ခံထားခဲ့သည့် “လွတ်လပ်သောစျေးကွက်သည် နောက်ဆုံးတွင် အလုပ်အကိုင် အပြည့်အဝရရှိမှုဆီသို့ ဦးတည်သွားသည်” ဟူသော အယူအဆကို  “ကာလရှည်မှာ ကျွန်တော်တို့အားလုံး သေဆုံးကြမှာပဲ” ဟူသည့်စကားဖြင့်  ပယ်ချခဲ့သည်။ ရှေးရိုးစွဲအယူအဆများ၊ အိုင်ဒီယာများကို ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး လက်ခံနိုင်စွမ်းမရှိသော အယူအဆများကို ချေဖျက်နိုင်ရန်ကြိုးစားခဲ့သည်။ 

         ဂျွန်မေနတ်ကိန်း (စ်) သည် စီးပွားရေးအဆောက်အအုံလည်ပတ်လှုပ်ရှားနေသည်မှာ ရောင်းလိုအားကြောင့် မဟုတ်ဘဲ ဝယ်လိုအား၏စေ့ဆော်မှုကြောင့်သာဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ သူသည် စီးပွားရေးအဆောက်အအုံထဲတွင် တန်ပြန်ဖြစ်ပေါ်၍ သံသရာလည်သည့်သဘာဝရှိသည်ကို လက်ခံခဲ့ပြီ အစိုးရ ဝင်ရောက်စွက်ဖက်မှုအယူအဆကို ထောက်ခံခဲ့သည်။ အစိုးရဝင်ရောက်စွက်ဖက်မှုကြောင့်ဖြစ်ပေါ်တတ်သော အကျိုးဆက်သည့် အကြောင်းတရားကို ပြောင်းလဲ သွားစေပြီး အကျိုးတရားသစ်များ ထပ်မံဖြစ်ပေါ်လာတတ်သည့်သဘောရှိသည်ဟုလည်း ဆိုသည်။ ဥပမာ စီးပွားရေးအားနည်းနေချိန်တွင် အစိုးရအသုံးစရိတ် ပိုမို သုံးစွဲပေးခြင်း၊ စီးပွားရေးအခြေအနေ အားကောင်းနေချိန်တွင် အစိုးရအသုံးစရိတ် လျှော့သုံးပေးခြင်းတို့ဖြင့် အခြေအနေသစ်များဖြစ်ပေါ်လာပြီ သံသရာပြန်လည်သွားနိုင်သည်ကို ထောက်ပြခဲ့သည်။ 

        ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလများတွင် ကိန်း (စ်) ၏ အိုင်ဒီယာများကို အနောက်နိုင်ငံအစိုးရအများစုက လက်ခံကျင့်သုံးခဲ့ကြသည်။ သို့သော် ကိန်း (စ်) ၏ပေါ်လစီများသည် ၁၉၇၀ ခုနှစ်များတွင် ကြုံတွေ့ခဲ့ရသည့် စီးပွားရေးတုံ့ဆိုင်းခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့ ရောစပ်ဖြစ်ပွားတတ်သည့် စတက်ဖလေးရှင်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ကိန်း (စ်) ၏ အယူအဆများကို လူကြိုက်နည်းလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ကာလများတွင်ပြန်လည်ကြုံတွေ့လာရသည့်  စီးပွားရေးကျဆင်းမှု အခြေအနေများ၌ အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနှင့်အခြားသော ခေါင်းဆောင်များ အကောင် အထည်ဖော်ခဲ့ကြသည့် စီးပွားနိုးဆွမှုအစီအစဉ်များ လုပ်ဆောင်လာရာတွင် ကိန်း (စ်) အယူအဆများ ပြန်လည်ရှင်သန်လာခဲ့သည်။                                                                                                               

ဝေါဟာရများ

ဂျွန်မေနတ်ကိန်းစ်=John Maynard Keynes    

အစိုးရဝင်ရောက်စွက်ဖက်မှု=government’s inervention      

စီးပွားရေးတုံ့ဆိုင်းခြင်း=stagnation        

ငွေကြေးဖောင်းပွခြင်း=inflation    

စတက်ဖလေးရှင်း=stagflation  

စီးပွားနိုးဆွမှုအစီအစဉ်များ=stimulus packages         

လိုတိုရှင်း စီးပွားရေးသုတ (၅၇)

ဖရက်ဒရစ်ဟေးယက် (Friedrich Hayek )

        ဖရက်ဒရစ်ဟေးယက်သည် သြစတြီးယန်းစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သည်။ ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာနှင့် အမေရိကန်သမ္မတရော်နယ်ရေဂင်တို့  ၎င်းတို့ခေတ်ကောင်းစဉ်အချိန်အခါက စီးပွားရေးဆိုင်ရာ ပေါ်လစီရေးဆွဲမှုများတွင်လိုအပ်သည့်  ပညာရပ်ဆိုင်ရာ၌ ၎င်း၏အိုင်ဒီယာများကို အသုံးပြုခဲ့ ကြသည်။   

    ဟေးယက်သည် ၁၉၄၄ ခုနှစ်တွင် ၎င်းရေးသားထုတ်ဝေသော ကျွန်စနစ်သွားရာလမ်းစာအုပ်ထဲ၌ ဆိုရှယ်လစ်စနစ်ခေါ် ဗဟိုစီမံကိန်းချစီးပွားရေးကျင့်သုံးခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုဆုံးရှုံးခြင်းအခြေအနေဆီကို ဦးတည်နေသည်ဟု ရေးသား၍ ဆိုရှယ်လစ်စနစ်ကိုဝေဖန်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ခုနှစ်များ၌ လူထောင်ပေါင်းများစွာ သေဆုံးမှုတွင် တာဝန်ရှိခဲ့သော ချီလီသမ္မတ ပီနိုရှေးအစိုးရကို ထောက်ခံခဲ့သော ဟေးယက်သည် လူအများ၏ဝေဖန်မှုကို အကြီးအကျယ်ခံခဲ့ရသည်။ ၎င်းက လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိသော ဒီမိုကရေစီစနစ်အောက်မှာနေခြင်းထက်လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိသော အာဏာရှင်လက် အောက်တွင်နေထိုင်ရခြင်းက ပို၍ကောင်းသည်ဟုလည်း ပြောဆိုခဲ့ဖူးသည်။

    ဖရက်ဒရစ်ဟေးယက်သည် ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှနိုင်ငံသား ဖြစ်လာခဲ့သော်လည်း  ၁၉၅၀ ပြည့်နှစ်တွင်ချီကာဂိုမြိုသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် နိုဗယ်ဆုချီးမြှင့််ခြင်းခံရပြီး ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဟေးယက်သည် အသက်ရှစ်ဆယ်နှေင်းပိုင်းကာလများ ရောက်သည်အထိ ဆိုရှယ် လစ် ဝါဒဝေဖန်ချက်များ၊ သုံးသပ်ချက်များကို ဆက်လက်ရေးသားခဲ့သည်။ ၎င်းရေးသားခဲ့သော အယူအဆအတွေးအခေါ်များသည် ယခုချိန်တိုင် အသက်ဝင်လှုပ်ရှား လျက်ရှိသည်။

ဝေါဟာရများ

ဖရက်ဒစ်ဟေးယက်=Friedrich Hayek    

ဆိုရှယ်လစ်စနစ်=socialism 

ဗဟိုစီမံကိန်းချစီးပွားရေးများ=centrally planned economies

လူတစ်ဦးချင်းစီ၏ လွတ်လပ်မှု=personal freedom    

အာဏာရှင်အုပ်စိုးမှု=dictatorship 

လိုတိုရှင်း စီးပွားရေးသုတ (၅၈)

ကား (လ်) ပိုလန်နီ (Karl Polanyi) 

    ကား (လ်) ပိုလန်နီသည် သြစတြီးယန်းစီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ၎င်းနှင့်ခေတ်ပြိုင် စီးပွားရေးပညာရှင် ဖရက်ဒရစ်ဟေးယက်၏ အယူအဆများကို တန်ပြန်၍ ထောက်ပြပြောဆိုခဲ့သော ပညာရှင်တစ်ဦးဟု ဆိုနိုင်သည်။ ၎င်းသည် အရင်းရှင်စနစ်၏သဘောသဘာဝကို လေ့လာ၍ သုံးသပ်ပြောဆိုခဲ့သည်။ အရင်းရှင် စနစ်သည် သဘာဝကျစွာဖြစ်ပေါ်ခဲ့သော အခြေအနေတစ်ရပ်မဟုတ်။ ဘူဇွာလူတန်းစားများမှာ ၎င်းတို့၏ အခွင့်ထူးခံအခြေအနေ အဆင့်အတန်းများကို ထိန်းသိန်းနိုင်ရန်အတွက် စဉ်းစားဆုံးဖြတ်ချက်မှ ဖြစ်ပေါ်လာသည့်အခြေအနေဟုဆိုသည်။ အခြားစနစ်များကဲ့သို့ လူ့အဖွဲ့အစည်းအတွင်းတွင် သန္ဓေတည် ကိန်းအောင်းဖြစ်ပေါ် လာခြင်းမဟုတ်ဘဲ စက်မှုတော်လှန်ရေး ဖြစ်ရပ်ကြောင့်  ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ထောက်ပြခဲ့သည်။

    အရင်းရှင်စနစ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကြောင့် အခြေအနေဆိုးများ မဖြစ်ပေါ်စေရန်အတွက် အစိုးရဝင်ရောက်စွက်ဖက်မှုလိုသည်။ အစိုးရဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပါက ထိုစနစ်သည် လူသားအချင်းချင်းကြားရှိပုံမှန် ဆက်ဆံရေးကို ဖျက်ဆီးမှုများ ရှိလာနိုင်ပြီး သဘာဝပတ်ဝန်းကျင် ကိုပါ ထိခိုက်လာစေနိုင်သည်ဟုလည်း ဆိုခဲ့သည်။ ၎င်းရေးသားသော “ကြီးမားသော အကူးအပြောင်း” (The Great Transformation) စာအုပ်ကို ၁၉၄၄ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့ရာ အများ၏ ချီးမွမ်းပြောဆိုမှုများရရှိခဲ့ပြီး ယနေ့တိုင် လူကြိုက်များနေဆဲစာအုပ်ဖြစ်ခဲ့သည်။

     ပိုလန်နီသည် ပထမကမ္ဘာစစ်အတွင်းက သြစထရို−ဟန်ဂေရီယန်စစ်တပ်တွင် မြင်းတပ်ဗိုလ်ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၄၇ ခုနှစ်တွင် ကိုလံဘီယာတက္ကသိုလ်၌လုပ်ကိုင်ရန် အလုပ်ရာထူးတစ်ခုကမ်းလှမ်းခြင်းကို ခံခဲ့ရသည်။ သို့သော် အလုပ်အတွက်သွားရောက်ရာတွင် ဇနီးဖြစ်သူ ယခင်က ပတ်သက်ခဲ့သော ကွန်မြူနစ်ဝါဒကြောင့် ဗီဇာငြင်းပယ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ၎င်းသည် ကနေဒါမှသာ သွားလာမှုများ ပြုလုပ်ခဲ့ရသည်။        

                                        

ဝေါဟာရများ

ကားလ်ပိုလန်နီ=Karl Polanyi       

အရင်းရှင်စနစ်=capitalism     

ဘူဇွာလူတန်းစား=bourgeoisie              

အခွင့်ထူးခံ အခြေအနေ အဆင့်အတန်း=privileged position     

စက်မှုတော်လှန်ရေး=industrial revolution      

 

လိုတိုရှင်း စီးပွားရေးသုတ (၅၉)

ဟိုင်မန်မင်စကီ (Hyman Minsky)

      ဟိုင်မန်မင်စကီသည် အမေရိကန်တွင် ၂၀၀၇ ခုနှစ်က ဖြစ်ပျက်ခဲ့သော ကြွေးမြီအကျပ်အတည်း ပြဿနာကို လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကတည်းက ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည့် အမေရိကန်စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သည်။ ၎င်းက စီးပွားရေးစန်းပွင့်မှု ဖြစ်စဉ်မှာ စီးပွားရေးပေါက်ကွဲမှုကို ဦးတည် သွားစေနိုင်သည်ဟု ယုံကြည်ထားခဲ့သူတစ်ယောက်လည်းဖြစ်သည်။ အဘယ့်ကြောင့် ဤသို့ယုံကြည်ရသနည်းဟုဆိုရလျှင် ရင်းနှီးမြှုပ်နှံထားသူမျာသည် စီးပွားရေးစန်းပွင့်မှုကို အကြောင်းပြု၍ ပိုမိုရလာနိုင်သော အမြတ်အစွန်းများကို မျှော်မှန်းကာ ယုံကြည်မှုလွန်ကဲလျက်အန္တရာယ်များသော စွန့်စားမှုလုပ်လာကြမည်။ ၎င်းတို့ပြန် လည်ပေးဆပ်နိုင်စွမ်းရှိသည့် အခြေအနေထက်ကျော်လွန်၍ ချေးငှားမှုများကို ပြုလုပ်ကြလိမ့်မည်။ ထိုချေးငွေများ ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိတော့သည့် အချိန်တွင် စီးပွားရေးပေါက်ကွဲမှုကို ဦးတည်သွားနိုင်သည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။

    မင်စကီက ငွေချေးငှားသူ သုံးမျိုးသုံးစားရှိသည်ကို ခွဲခြားသတ်မှတ်ဖော်ပြခဲ့သည်။ မမျှော်မှန်းနိုင်သည့် အကြောင်းများကြောင့်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုတွင်  နစ်နာဆုံးရှုံးမှုများမရှိစေရေး ကြိုတင်အရံအတားသဘော ငွေချေးသူ၊ အနာဂတ်အခြေအနေများ ချိန်ဆ၍ ဈေးကစားရန်အတွက် ငွေချေးသူနှင့် “ပွန်ဇီ” လုပ်ငန်းဖြင့် ငွေချေးသူဖြစ်သည်။ ကြိုတင်အရံအတား၊ ကြိုတင်သဘောဖြင့် ငွေချေးငှားသူတို့မှာ မတည်အရင်းငွေရင်းနှင့် အတိုးနှုန်းပါပြန်လည်ပေးဆပ်ရန်လိုအပ်ပြီး စျေးကစားရန်အတွက် ငွေချေးငှားနေသူများမှာမူ အတိုးသာ ပုံမှန်ပေးနေရန်လိုသည်။ ပွန်ဇီလုပ်ငန်းဖြင့် ငွေချေးငှားသူများ၏အကြွေးပေးဆပ်နိုင်မှုမှာ ပိုင်ဆိုင်သည့်ပစ္စည်းများ ၏ တန်ဖိုးမြင့်လာမှုပေါ်တွင် မူတည်နေသည်ဟုဆိုသည်။

    ပွန်ဇီငွေချေးငှားသမားများ ချေးငွေပြန်ဆပ်ရန်ပျက်ကွက်သည့် အချိန်တွင်တုံ့ပြန်သက်ရောက်မှုများမှာ အခြားအခြေအနေများပါ ဆက်စပ်ဖြစ်ပေါ်လာတတ်သည်။ ဘဏ်များသည် အရန်အဟန့်အတားအတွက် ငွေချေးငှားသူများကိုပင် ချေးငှားမှုမပြုနိုင်တော့ဘဲ ငွေချေးငှားမှုရပ်တန့်သွားနိုင်သည်။ ဤအခြေအနေမျိုးဖြစ်လာသောအချိန်ကာလကို  မင်စကီကာလ (Minsky moment ) ဟုခေါ်သည်။ 

    စီးပွားရေးပညာရှင်များ လက်ခံယုံကြည်ထားသည့် “စျေးကွက်များသည် မူလကတည်းက တည်ငြိမ်သည်” ဟူသော အယူအဆနှင့်မတူဘဲ မင်စကီက   စန်းပွင့်မှုနှင့် ပေါက်ကွဲမှုဆိုသည့် စီးပွားရေးသံသရာတို့ကို ရှောင်လွှဲ၍မရအောင်လူသားသဘာဝက ပြုလုပ်သည်ဟု ယုံကြည်လက်ခံထားခဲ့သူဖြစ်သည်။ သူသည် အလွန်အမင်း စွန့်စားလုပ်ကိုင်မှုများကို အားပေးသလိုဖြစ်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်များကတွေ့ကြုံခဲ့ရသည့် ဘဏ္ဍာရေးစျေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဖြေ လျော့မှုပြုလုပ်ခြင်းကို ဆန့်ကျင်ခဲ့သူလည်းဖြစ်သည်။   

ဝေါဟာရများ

ဟိုင်မန်မင်စကီ=Hyman Minsky

စီးပွားရေးစန်းပွင်ခြင်း/ပေါက်ကွဲခြင်း=boom / bust    

ဆုံးရှံးမှု ကြိုတင်ကာကွယ်ရေး အရန်အတားအတွက်=ro hedging   

ဈေးကစားရန်အတွက် ဆင်းရဲနွမ်းပါးမှု=for speculation 

ပွန်ဇီ” လုပ်ငန်းဖြင့် ငွေချေးသူ မညီမျှမှု=for Ponzi  

စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့မှုပြုလုပ်ခြင်း =  deregulation

လိုတိုရှင်း စီးပွားရေးသုတ (၆၀)

မီ (လ်) တန် ဖရီးမန်း  (Milton Friedman)

    အီကော်နော်မစ်မဂ္ဂဇင်းကြီး၏ အဆိုအရ ၂၀ ရာစုနှစ်၏ ဒုတိယရာစုဝက်ကာလများတွင် မီ (လ်) တန် ဖရီးမန်းသည် သြဇာအလွှမ်းမိုးဆုံးစီးပွားရေး ကမ္ဘာကျော်စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ ဖရီးမန်းသည် တစ်ချိန်တစ်ခါက သြဇာညောင်းခဲ့သော ကိန်း (စ်) ဝါဒကို နှစ်သက်သဘောကျသူဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်ကာလများက ငွေကြေးပမာဏကို ထိန်းချုပ်ခြင်းသည် အစိုးရအသုံးစရိတ်ကို အာရုံစိုက်ခြင်းထက်ပိုမိုအရေးကြီးသည်ဟု သုံးသပ်ဝေဖန်ပြောဆိုမှုများတွင်    ဦးဆောင်ဝေဖန်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

    ဖရီးမန်းသည် “လွတ်လပ်သောစျေးကွက်” အယူအဆကို အခိုင်အမာထောက်ခံသူတစ်ယောက်ဖြစ်ပြီး စျေးကွက်အတွင်း အစိုးရဝင်ရောက်ပတ်သက်မှုကို ဖြစ်နိုင်သမျှ အနည်းဆုံးထားရှိရမည်ကို ယုံကြည်သူဖြစ်သည်။ သူသည် အမေရိကန်သမ္မတရော်နယ်ရေဂင် နိုင်ငံ့တာဝန်များ ယူစဉ်အချိန်က သမ္မတ၏ အကြံပေးတစ်ဦးဖြစ်ခဲ့ပြီး ဝါရှင်တန်သဘောတူညီမှု (Washington Concensus ) ကိစ္စတွင် အဓိကကျသူဖြစ်ခဲ့သည်။  ၁၉၈၀ ပြည့်နှှစ်ကာလများတွင် စျေးကွက်စည်းမျဉ်းစည်းကမ်းများလျှော့ချရေးအတွက် ဦးဆောင်တွန်းအားပေးခဲ့သည်။

    မီ (လ်) တန် ဖရီးမန်းသည် ဇနီးဖြစ်သူနှင့် တီဗွီစီးရီးများပူးတွဲရေးသားခဲ့သည်။ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သည့် “Free to Choose”ရေးသားခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင် လူသိများခဲ့သည်။ ၁၉၇၆ ခုနှစ်တွင်စီးပွားရေးပညာရပ် နိုဗယ်ဆုချီးမြှင့်ခံခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် သမ္မတ ရော်နယ်ရေဂင်၏ သမ္မတ ဂုဏ်ထူးဆောင် လွတ်လပ်မှုဆုတံဆိပ်ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။

ဝေါဟာရများ

သည်အီကိုနောမစ်=The Economist

မီ(လ်)တန် ဖရီးမန်း=Milton Friedman    

ငွေကြေးပမာဏကို ထိန်းချုပ်ခြင်း=controlling money supply   

အစိုးရ အသုံးစရိတ် / ပြည်သူ့အသုံးစရိတ်=public spending             

စျေးကွက်စည်းမျဉ်းစည်းကမ်းများ လျှော့ချရေး=market deregulation        

 

 



 

Most Read

Most Recent