အဖြေခက်သော ပြဿနာများနှင့် အမေရိကန်အမျိုးသမီးစစ်မှုထမ်းများ

အဖြေခက်သော ပြဿနာများနှင့် အမေရိကန်အမျိုးသမီးစစ်မှုထမ်းများ
Photo : AFP
Photo : AFP
Published 2 July 2022
ခက်ဝေ

အမေရိကန်ပြည်ထောင်စုတစ်ဝန်း စတင်အသက်ဝင်လာနေပြီဖြစ်သည့် ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက်ဥပဒေကြောင့် သာမန်အမျိုးသမီးပြည်သူများထက် ဒုက္ခကို ပိုမိုပွေ့ပိုက်ရတော့မည့်သူများ ရှိနေသည်။ ၎င်းတို့မှာ အမေရိကန်စစ်တပ်အတွင်းရှိ အမျိုးသမီးစစ်မှုထမ်းများပင် ဖြစ်သည်။

အမျိုးသမီးများအတွက် ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုထားသည့် သက်တမ်းနှစ် ၅၀ ရွိ Roe v Wade ဥပဒေကို အမေရိကန်တရားရုံးချုပ် (နိုင်ငံ၏အမြင့်ဆုံးတရားရုံး)က ပြီးခဲ့သည့်သီတင်းပတ်တွင် ပယ်ဖျက်လိုက်သည့်အတွက် နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုများလည်း အကြီးအကျယ်ဖြစ်ပွားလျက် ရှိသည်။

တရားရုံးချုပ်တွင် တစ်သက်တာ တာဝန်ယူထားသည့် တရားသူကြီးကိုးဦးရှိပြီး ရှေးရိုး  စွဲသမားများလွှမ်းမိုးထားသည့် ၎င်းအဖွဲ့သည်  ပုဂ္ဂိုလ်တစ်ဦးချင်း၏အခွင့်အရေးများ၊ ပြည် နယ်အစိုးရများနှင့် ဗဟိုအစိုးရများအကြား အငြင်းပွားမှုကိစ္စများအပါအဝင် လေးနက်သည့်ပြဿနာရပ်များကို နောက်ဆုံးအဆုံးအဖြတ်ပေးရသည့် အဖွဲ့ဖြစ်သည်။

Roe v Wade ကို ဖျက်သိမ်းလိုက်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်းရှိ သာမန်အမျိုးသမီးထုထက် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုနှင့် မလိုလားဖွယ်ကိုယ်ဝန်ရမှုတို့  ပိုအဖြစ်များသည့် အမျိုးသားထုနယ်ပယ်အတွင်းရှိ အမျိုးသမီးစစ်မှုထမ်းများအတွက် နောက်ထပ်အခက်အခဲတစ်ခု တိုးသွားစေသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ကမူ တရားရုံးချုပ်၏ဆုံးဖြတ် ချက်ထွက်လာပြီးနောက် အမျိုးသမီး စစ်မှုထမ်းများအတွက်  မျိုးပွားမှုဆိုင်ရာကျန်းမာ ရေးစောင့်ရှောက်မှုများ ဆက်လက်ပေးနိုင်အောင်  ပင်တဂွန်စစ်ဌာနချုပ်၏ ပေါ်လစီများကို ပြန်လည်သုံးသပ်သွားမည်ဟု ကတိပေးထားသည်။

သို့သော် အမေရိကန်စစ်တပ်အတွင်း အမျိုးသမီးစစ်မှုထမ်းပေါင်း ၂၃၀,၀၀၀  ကျော်ကိုအကာအကွယ်ပေးရန် မည်သည့် စီမံချက်သစ်များ လုပ်ဆောင်သွားမည်ကိုမူ ကာကွယ်ရေးဝန်ကြီးက မကြေညာသေးပေ။

၁၉၇၆ ခုနှစ်ဥပဒေအရ စစ်ဆရာဝန်များသည် အမျိုးသမီးစစ်မှုထမ်းများ အဓမ္မပြု ကျင့်ခံရခြင်း သို့မဟုတ် မိခင်တွင် အသက်အန္တရာယ်ရှိခြင်းကဲ့သို့ ဖြစ်စဉ်များကို သက်သေပြနိုင်လျှင် ကိုယ်ဝန်ဖျက်ချပေးခွင့်ရှိသည်။

ယခုမူ အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် ကိုုယ်ဝန်ဖျက်ချမှုကို ခွင့်မပြုတော့သည့်  ပြည်နယ်များတွင် တာဝန်ကျသူများဖြစ်ပါက (ကိုယ်ဝန်ဖျက်ချလိုလျှင်) တာဝန်ကျပြည်နယ် မှထွက်ခွာပြီး အရပ်သားဆေးခန်းတစ်ခုကိုခက်ခက်ခဲခဲ ရှာရတော့မည်ဖြစ်သည်။

ပြဿနာက ထိုမျှနှင့်မပြီး။ တော်ရုံ သင့်ရုံလစာထဲကမှ ဆေးဖိုးစရိတ်နှင့် ခရီးစရိတ်ဖယ်ရခြင်း၊ တာဝန်ပျက်ကွက်သည့်ခွင့်ကြောင့် အလုပ်ကို ထိခိုက်နိုင်ခြင်း၊ စစ်တပ်အတွင်းတားမြစ်ထားသည့် လိင်မှုကိစ္စကို ဖွင့်ချရခြင်းတို့ ကြုံရပေဦးမည်။

စစ်သူနာပြုတစ်ဦးကမူ ခွင့်လေးငါးရက်ယူသည့်အကြောင်းရင်းကို ထုတ်ပြောစရာမလိုအောင် အမျိုးသမီးစစ်မှုထမ်းများက ဘေးမကင်းသည့် နည်းများဖြင့် ဖြေရှင်းလိုက်ကြမည်ကိုလည်း သူ စိုးရိမ်မိသည်ဟု AFP ကို ပြောသည်။

အမေရိကန်စစ်တပ်၏ ၁၇ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး များသောအားဖြင့်  ငယ်ရွယ်ကာ ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ်ရှိသူများဖြစ်သည်။တပ်သားသစ်စုဆောင်းမှု၏ ၇၅ ရာခိုင်နှုန်းသည် အသက် ၂၂ နှစ်အောက်ဖြစ်သည်။ Trauma Violence & Abuse ဂျာနယ်၏ ၂၀၁၈ ခုနှစ် လေ့လာမှုအရ စစ်မှုထမ်းအမျိုးသမီး လေးပုံတစ်ပုံနီးပါးသည် လိင်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာရခဲ့သူများ ဖြစ်နေသည်။

အဓမ္မပြုကျင့်ခံရသည့်ကိစ္စမျိုးမှာပင် အမျိုးသမီးများသည် စစ်ဆရာဝန်ထံ သွားရမည်ကို ဝန်လေးနေကြသည်။ စစ်ဆရာဝန်က ထိုကိစ္စကိုအစီရင်ခံတင်ပြရသေးသည်။ ဖြစ်စဉ်အများစု၌ ကျူးလွန်သူများသည် အထက်အရာရှိများဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ယူပြန်လျှင် တစ်ခုခု တုံ့ပြန်ခံရမည်ကို စိုးရိမ်စိတ်များလည်း ရှိနိုင်သည်။

၂၀၂၀ ခုနှစ်က Military Medicine ဂျာနယ်ပါ လေ့လာမှုအရ အမျိုးသမီးစစ်မှုထမ်းများ အထူးသဖြင့် ရေတပ်တွင် တာဝန်ထမ်းဆောင်သူများသည် လိင်မှုကိစ္စအတွက်  အပြစ်ပေးခံရလေ့ရှိသည်။ ထိုပြစ်ချက်များသည် ၎င်းအမျိုးသမီး၏ မှတ်တမ်းတွင် ပါသွားပြီး လုပ်ငန်းတာဝန်အပေါ်ထိခိုက်စေနိုင် သည်။

တရားဝင် အပြစ်ပေးမခံရသည့်တိုင် တာဝန်ထမ်းဆောင်ရင်း ကိုယ်ဝန်ရလာသည့် အမျိုးသမီးစစ်မှုထမ်းများသည် များသောအားဖြင့် ဆုလာဘ်အဖြစ် ပြောင်းရွှေ့ခွင့်၊  ကောင်းမွန်သည့် အဆင့်သတ်မှတ်ချက်များမရကြဟု ရေတပ်အရန်စစ်မှုထမ်းတစ်ဦး၏ အဆိုကို ကိုးကားကာ ၎င်းဂျာနယ်က ဖော်ပြခဲ့သည်။

Roe v Wade ကို  ပယ်ဖျက်လိုက်မှုသည်  အမေရိကန်ပြည်ထောင်စုတစ်ဝန်း တုန်လှုပ်သွားစေခဲ့ပြီး ပြည်နယ် ၁၃ ခုတွင် တရားရုံး ချုပ်၏စီရင်ချက်အတိုင်း ကိုယ်ဝန်ဖျက်ချမှုကို ပြင်းပြင်းထန်ထန် တားမြစ်လာပြီဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ ထိုစီရင်ချက်သည် ပြည်သူများ၏ဘဝကို  ကမောက်ကမဖြစ်စေမည့် ဆိုးရွားအစွန်း ရောက်သည့် စီရင်ချက်ဟု ရှုတ်ချထားပြီး ပြည်သူများ၏ဒေါသနှင့်ထပ်တူပါဟု ပြောကြားထားသည်။

CBS စစ်တမ်းကောက်ယူမှုတစ်ခုအရ အမေရိကန်ပြည်သူများ၏ ၅၉ ရာခိုင်နှုန်း၊ အမျိုးသမီးထု၏ ၆၇ ရာခိုင်နှုန်းသည် တရားရုံးချုပ်၏စီရင်ချက်ကို မထောက်ခံပေ။

ထို့ပြင် ကိုယ်ဝန်ဖျက်ချနိုင်ရန် နယ်ကျော်စွန့်စားသွားလာကြမည့် အမျိုးသမီးများကို ဗဟိုအစိုးရက ကာကွယ်ပေးမည်ဟုလည်း ဘိုင်ဒင်က ကတိပေးထားသည်။

တရားရုံးချုပ် စီရင်ချက်ကို လိုက်နာနေပြီဖြစ်သည့် ပြည်နယ်များတွင် နေထိုင်သူဖြစ်ပါက ကိုယ်ဝန်ဖျက်ချမှု တရားဝင်နေဆဲဖြစ်သည့် နိုင်ငံအချို့နေရာများသို့ အမျိုးသမီးများက မလွှဲမရှောင်သာ သွားကြတော့မည်ဖြစ်ပြီး အချို့ပြည်နယ်များက ၎င်းအမျိုးသမီးများကို အဖမ်းအဆီးများ လုပ်လာကြလိမ့် မည်ထင်သည်ဟုလည်း သမ္မတက ဒီမိုကရက် တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အွန်လိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂျိုးဘိုင်ဒင်က နိုဝင်ဘာတွင်ပြုလုပ်မည့် သက်တမ်းဝက် ရွေးကောက်ပွဲများတွင်  ဒီမိုကရက်များအနိုင်ရမှသာ ကွန်ဂရက်လွှတ်တော်က ကိုယ်ဝန်ဖျက်ချခွင့်ပြုသည့်ဥပဒေကို ပြန်အသက်သွင်းရန် အခွင့်အာဏာရလိမ့်မည်ဟု ဆိုသည်။

လက်ရှိတွင် အမေရိကန်၌ကိုယ်ဝန်ဖျက်ချမှုများ လုပ်ဆောင်ပေးနေသည့် အကြီးဆုံးအဖွဲ့အစည်း Planned Parenthood က ကိုယ်ဝန်ဖျက်ချမှုတရားဝင်ဖြစ်နေသေးသည့် ပြည်နယ်များတွင် ၎င်းတို့ဆောင်ရွက်ချက်များကို တိုးချဲ့ဆောင်ရွက်ပေးနေသည်။

ဂူဂဲလ်ကုမ္ပဏီကလည်း ကိုယ်ဝန်ဖျက်ချပေးသည့်ဆေးခန်းများသို့ သွားလာထားသည့် အမျိုးသမီးများ၏ တည်နေရာမှတ်တမ်းများကို သိမ်းထားတော့မည်မဟုတ်ဟုကြေညာထားသည်။ အဆိုပါဆေးခန်းများ၊  မျိုးပွားခြင်းဆိုင်ရာ စင်တာများအပါအဝင်  ကိုယ်ရေးကိုယ်တာလုံခြုံမှုလိုအပ်သည့် နေရာများသို့ သွားလာထားသူများ၏ တည်နေ ရာအချက်အလက်များကို ဂူဂဲလ်က ရှေ့လျှောက်ဖယ်ရှားသွားတော့မည် ဖြစ်သည်။

Most Read

Most Recent