ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးတစ်နေရာတွင် ကမ္ဘာပတ်ဝန်းကျင်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်တွင် သယံဇာတတူးဖော်မှုများနှင့်ပတ်သက်၍ မြစ်ဆုံဒေသခံများ ဆန္ဒထုတ်ဖော်

ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးတစ်နေရာတွင် ကမ္ဘာပတ်ဝန်းကျင်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်တွင် သယံဇာတတူးဖော်မှုများနှင့်ပတ်သက်၍ မြစ်ဆုံဒေသခံများ ဆန္ဒထုတ်ဖော်
Published 6 June 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးတစ်နေရာတွင် ဇွန် ၅ ရက်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Enviroment Day) အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်တွင် သယံဇာတူးဖော်မှုများနှင့်ပတ်သက်၍  မြစ်ဆုံဒေသခံများက ဆန္ဒထုတ်ခဲ့ကြသည်။

မြစ်ဆုံဒေသ၊ ၀ိုင်းမော်မြို့နယ်၊ ဟန်းဘူကျေးရွာတွင် မြစ်ဆုံဝန်းကျင်ကျေးရွာ ၁၆ ရွာမှ အမျိုးသမီးအဖွဲ့အစည်းများနှင့် ဒေသခံများ စုစုပေါင်း ဒေသခံတစ်ရာဝန်းကျင်ခန့်က တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပညာရှင်များကဟောပြောခြင်း၊ အပင်စိုက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများက ပြောကြားသည်။

“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လုပ်တာပါပဲ။ ပညာရှင်ခေါ်ပြီး ပတ်ဝန်းကျင်ပျက်စီးရင် ဘာတွေဖြစ်မယ်ဆိုတာတွေ ဟောပြောတယ်။ ဘယ်လိုထိန်းသိမ်းလို့ရတယ် ဆိုတာတွေပေါ့။ ဟောပြောပြီးနောက် ရွှေတူးထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ ဆန္ဒဖော်ထုတ်တာပေါ့။ မြစ်ဆုံဝန်းကျင်အပါအဝင် ပြည်နယ်တစ်ခုလုံးနီးပါးလည်း ရွှေတူးနေကြတာ မူလနေရာတွေက ပျက်စီးနေကြပါပြီ။ ဒါကိုအတတ်နိုင်ဆုံး တားစေချင်တာပေါ့” ဟု အခမ်းအနားဦးဆောင်သူတစ်ဦးက ပြောကြားသည်။

ဒေသခံများ ဆန္ဒဖော်ထုတ်ရာတွင် ‘ကချင်ပြည်နယ်ကိုအကြီးစားသယံတူးဖော်ခြင်းမှ ကယ်တင်ဖို့အချိန်တန်ပြီ၊ မြစ်ဆုံမှာရှိသည့် ရွှေတူးဖော်ရေးလုပ်ငန်းများချက်ချက်ရပ်ပါ၊ ကချင်လူမျိုးတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးနေတာ ချက်ချင်းရပ်ပါ၊ ပိုကောင်းတဲ့ မနက်ဖြန်အတွက်သစ်ပင်တွေများများစိုက်ပြီး ဒီလှပတဲ့ကမ္ဘာကြီးကို ကယ်တင်ဖို့ ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင်လုပ်ပါ’ စသည့်ဆိုင်းပုဒ်များကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒဖော်ထုတ်ပြီးနောက် ဟန်းဘူဘုရားကျောင်းခြံစည်းရိုးနှင့် လမ်းဘေးတွင် သစ်ပင်များစိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများကိုလည်း ပျိုးပင်များ ဝေငှခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် World Enviroment Day နေ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စိုးမိုးနေရာများနှင့် အစိုးရဌာနများတွင်လည်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ သယံဇာတများ အလွယ်တကူခိုးထုတ်ခံနေရသည်။

ကချင်ပြည်နယ်တွင် မြစ်ဖျားခံသည့် ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးအဆင့်တွင် အဆင့် ၉ အဖြစ် ရပ်တည်နေသည့် မြစ်တစ်စင်းဖြစ်ကြောင်း သတ်မှတ်ခံထားရသည်။