မေ ၂၈ ရက်မှ ဇွန် ၄ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

မေ ၂၈ ရက်မှ ဇွန် ၄ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်
Published 21 May 2022

မေ ၂၈ ရက်မှ ဇွန် ၄ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း မေ ၂၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မေလ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မေလ ၂၄ ရက်မှ ၂၇ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၂၈ ရက်မှ ဇွန် ၄ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့လည်းကောင်း ဝင်ရောက်နိုင််ကြောင်း သိရသည်။

ဆက်လက်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်းတိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ  တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

အလားတူ မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ကိုးရက်ခန့်နှင့် ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေ့အပူချိန်များအနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မေလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅  ဒီဂရီစင်တီဂရိတ်နှင့်အောက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့်အောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။

ယင်းအပြင်မေလ တတိယ ၁၀ ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်အနေဖြင့်      ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် လေးပေမှ ခြောက်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် နှစ်ပေမှ သုံးပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် နှစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent