ယူကရိန်းစစ်မြေပြင်တွင် အရှိန်အဟုန် နှေးကွေးလာသော ရုရှား၏ထိုးစစ်

ယူကရိန်းစစ်မြေပြင်တွင် အရှိန်အဟုန် နှေးကွေးလာသော ရုရှား၏ထိုးစစ်
Published 17 May 2022
ဖြိုးဟိန်းကျော်

ကမ္ဘာကြီးကို တုန်လှုပ်အံ့အားသင့်စေခဲ့သည့် ယူကရိန်းစစ်ပွဲကို စတင်ခဲ့ပြီးသုံးလ နီးပါးအကြာတွင် ရုရှားစစ်တပ်သည် ရှေ့ဆက် မတိုးနိုင်သောအခြေအနေနှင့် ရင်ဆိုင်နေရသည့်အပြင် နေတိုးမဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မည့် အလားအလာ၊ စစ်မြေပြင် နှင့် အခြားနယ်ပယ်တို့တွင် အောင်ပွဲအချို့ ရခဲ့သောယူကရိန်းတို့၏ အားတက်လာမှု အစရှိသည့် အခြေအနေတို့နှင့်လည်း ရင်ဆိုင်ရ လျက်ရှိသည်။

နေတိုးအနောက်မဟာမိတ်အုပ်စုမှ ထိပ်တန်းသံတမန်များ ဂျာမနီနိုင်ငံဘာလင်မြို့၌ တွေ့ဆုံနေစဉ် နေတိုးအဖွဲ့ဝင် ဖြစ်လာရေးအတွက် ကြိုးပမ်းသွားမည်ဟု ဖင်လန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ ယူကရိန်းစစ်ပွဲ ကြောင့် ဥရောပ၏ လုံခြုံရေးအခင်းအကျင်းကို ပြောင်းလဲစေခဲ့သည်ဟု စစ်ရေးအရ ကြား နေနိုင်ငံဖြစ်သောဖင်လန်၏ ခေါင်းဆောင်များက ဆိုသည်။

နေတိုးအကြီးအကဲ ယန်စတောက်တန် ဘတ်ကမူ စစ်ပွဲသည် ရုရှားတို့ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်းနှင့်ယင်းစစ်ပွဲတွင် ယူကရိန်းဘက်က အနိုင်ရနိုင်ပြီး နေတိုး မဟာမိတ်အဖွဲ့အနေဖြင့် ယူကရိန်းအတွက်  စစ်ရေးအထောက်အပံ့များ ဆက်လက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နာရီအနည်းငယ် အကြာတွင် ဆွီဒင်၏ အာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကလည်း နေတိုးအဖွဲ့သို့ ဆွီဒင် ဝင်ရောက်ရေးကို ထောက်ခံကြောင်း ကြေညာခဲ့သည်အတွက် ဆွီဒင်၏ နေတိုးအဖွဲ့ဝင် အဖြစ် လျှောက်ထားမှုသည် ရက်ပိုင်းအတွင်း ဖြစ်လာဖွယ်ရှိနေသည်။

အဖွဲ့ဝင်မဟုတ်သော စကင်ဒီနေဗီး ယန်းနိုင်ငံများဖြစ်သည့် ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့ဝင် ဖြစ်လာမည့် အရေးသည် စစ်အေးကာလအလွန်အရှေ့ဥရောပ၌ နေတိုး မဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မှုကို ရုရှား အပေါ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် စိန်ခေါ်မှု ဖြစ်လာမည်ဖြစ်သည်။ နေတိုးအဖွဲ့ကမူ ၎င်းတို့သည် ကာကွယ်ရေးမဟာမိတ်သာ ဖြစ်သည်ဟုဆိုသည်။

ရုရှားအစိုးရသည် သံတမန်ရေးမျက်နှာစာ၌ အခြေမလှ ဖြစ်နေချိန်တွင် ရုရှားစစ်တပ်သည်လည်း ယူကရိန်းအရှေ့ပိုင်း၌ နယ် မြေစိုးမိုးထိန်းချုပ်ရေးကို မလုပ်ဆောင်နိုင်သေးပေ။

မေ ၁၅ ရက်က နိုင်ငံအရှေ့ပိုင်းတွင် ရုရှား၏ ထိုးစစ်ဆင်မှုကိုဟန့်တားနိုင်ခဲ့သည်ဟု ယူကရိန်းအစိုးရက ထုတ်ဖော်ပြောကြားခဲ့ပြီး အနောက်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ရုရှားအနေဖြင့် ယူကရိန်းမြို့တော် ကိယက်ဗ်ကိုသိမ်းယူမည့် အစီအစဉ် အထမမြောက်ခဲ့သည့်နောက် နိုင်ငံအရှေ့ပိုင်းကို ပြောင်းလဲပစ်မှတ်ထားခဲ့သည့် စစ်ဆင်ရေးသည် အလွန်အမင်း အရှိန်နှေးကွေးလာပြီဟု သုံးသပ်ခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းရှိစက်မှုဗဟိုချက် ဖြစ်သော ဒွန်းဘတ်စ်ဒေသတွင် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ရုရှားအစိုးရ ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်များနှင့် ရှစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်းတွင် ယူကရိန်း၏ စစ်ရေးအတွေ့ အကြုံ အပြည့်ဝဆုံးနှင့် အကောင်းဆုံး စစ်လက်နက်များ ဖြည့်တင်းထားသည့် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားခဲ့သည်။

ရုရှားတို့သည် စစ်ဆင်ရေးတွင် အဟန့် အတားများဖြင့် ရင်ဆိုင်နေရသည့်တိုင် ယူကရိန်း အနှံ့အပြားတွင် လူသေဆုံးမှုများနှင့် အပျက်အစီးများ ဖြစ်ပေါ်စေရန် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် သီတင်း ပတ်ကုန်တွင် ရုရှားတပ်များ၏ တိုက်ခိုက်မှုများကြောင့် လူဟန့်ဒေသ၊ဆီဗာရိုဒိုးနက်မြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံနှင့် အထပ်မြင့် အဆောက်အအုံ ၁၁ လုံးကို ထိမှန်ခဲ့ပြီးလူကိုးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသန ္တရ အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ဗောတံတားတစ်စင်းဖျက်ဆီးခံရပြီး ထိခိုက်အကျ အဆုံးအများအပြားရှိခဲ့ပြီး နှစ်ရက်အကြာတွင် ရုရှားတပ်များသည် မဟာဗျူဟာအရ အရေးပါသော ဆီဗာစကီးဒိုးနက်မြစ်ကို ဖြတ်ကူးရန် ထပ်မံကြိုးပမ်းနေသည်ဟုလည်း အဆိုပါ အုပ်ချုပ်ရေးမှူးကပြောကြားသည်။

ရုရှားတို့သည် ယူကရိန်းနိုင်ငံ အနှံ့အပြားရှိရထားလမ်းများ၊ စက်ရုံများနှင့် အခြား အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ပိုလန်နှင့် နယ်စပ်အနီး၊ ယူကရိန်းအနောက်ပိုင်း ယာဗိုရစ်ခရိုင်ရှိစစ်ဘက်ဆိုင်ရာအ ဆောက်အအုံများ ရုရှား၏ ဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးခဲ့သည်ဟု လဗိဒေသအုပ်ချုပ်ရေးမှူး၏ အဆိုအရသိရသည်။

လဗိဒေသသည် စစ်ပွဲအတွင်း ယူကရိန်းတို့ အနောက်နိုင်ငံများမှ ပေးပို့သော စစ်လက်နက် အထောက်အပံ့များကိုလက်ခံရယူနေသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။

မိမိတို့အနေဖြင့် ဒိုးနက်ဒေသတွင် ရုရှား၏ ထပ်မံထိုးစစ်ဆင်မှုကို ဟန့်တားနိုင်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က မေ ၁၅ ရက်တွင် ပြောကြားသည်။ထိုနေ့အစောပိုင်းတွင် အရှေ့ပိုင်းရှိ အီဇီယမ်မြို့အနီးသို့ ရုရှားက ထိုး စစ်ဆင်ရန် ကြိုးပမ်းမှုကိုလည်း ယူကရိန်းတပ်များက ရပ်တန့်နိုင်ခဲ့သည်ဟု ခါကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလက်ဆီနီဂူဘော့ဗ်က ဆိုသည်။ သို့ရာတွင် ယူကရိန်း တာဝန်ရှိသူများ၏ ပြောကြားချက်များကိုသီးခြားအတည်ပြုနိုင် ခြင်းမရှိသေးဟု အေပီသတင်းတွင် ဖော်ပြထားသည်။

မေ ၁၅ ရက်က ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန၏ နေ့စဉ် ထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်တွင်မူ ရုရှားစစ်တပ်သည် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ယူကရိန်း၌ တပ်ဖြန့်ထားသောတိုက်ခိုက်ရေးအင်အား၏ သုံးပုံတစ်ပုံအထိ ဆုံးရှုံးခဲ့ရပြီးနယ်မြေစိုးမိုးထိန်းချုပ်ရေးတွင် ကြီးကြီးမားမားအောင် မြင်မှုမရခဲ့ဟု ဖော်ပြထားသည်။ “လက်ရှိ အခြေအနေအရဆိုရင် ရုရှားဟာလာမယ့် ရက် ၃၀ အတွင်းချီစစ်ဆင်မှုကိုသိသိသာသာ အရှိန်မြှင့်နိုင်ဖွယ် မရှိပါဘူး”  ဟု ဗြိတိန်ကာ ကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

ရုရှားတပ်များသည် ၎င်းတို့ သီတင်းပတ် များစွာ လက်နက်ကြီးများဖြင့် တရစပ် တိုက်ခိုက်ခဲ့သည့် ယူကရိန်း၏ ဒုတိယအကြီးဆုံး ခါကိဗ်မြို့အနီးတစ်ဝိုက်မှ ဆုတ်ခွာခဲ့ရချိန်တွင် ရုရှား၏ စစ်ပွဲအတွင်း စွမ်းဆောင်ရည်များကို သုံးသပ်အကဲဖြတ်မှုများထွက်ပေါ်လာ ခြင်းဖြစ်သည်။

ရုရှားအနောက်တောင်ပိုင်းဘယ်ဂို ရော့ဒ်မြို့နှင့် ကီလိုမီတာ ၈၀ ခန့်သာ ကွာဝေးသည့် ရုရှားစကားပြောသူအများစု နေထိုင်ရာ ခါကိဗ်မြို့တွင် စစ်ပွဲမတိုင်မီကလူဦးရေ ၁.၄ သန်း နေထိုင်ပြီး အဆိုပါမြို့သည် စစ်ပွဲ အစတွင် ရုရှား၏ အဓိကစစ်ရေးရည်မှန်းချက် တစ်ခုဖြစ်ခဲ့သည်။

ရုရှားတပ်များ ပြန်လည်ဆုတ်ခွာ သွားခြင်းကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခါကိဗ်မြို့စွန်ရှိဒေသများတွင် နယ်မြေရှင်းလင်းမှုများလုပ်ဆောင်လျက်ရှိပြီး မြို့ခံအချို့ နေရပ်ပြန်လာကြပြီဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ယူကရိန်းမြို့တော် ကိယက်ဗ် ကိုသိမ်းယူနိုင်ခြင်းမရှိသည့်နောက်တွင် ရုရှား သမ္မတပူတင်သည် စစ်ဆင်ရေးရည်မှန်းချက်ကို ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ဒေသ အပေါ် ပြောင်းလဲအာရုံစိုက်လာခဲ့ပြီး မော်စကို ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် နယ်မြေများကိုသိမ်းယူရန် ပစ်မှတ်ထားလာခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တရ စပ်ပစ်ခတ်မှုများကြောင့် သတင်းထောက်များ သွားရောက်သတင်းယူရန် အလွန်အမင်းအန္တရာယ်များသည့်အတွက် တိုက်ပွဲအခြေအနေ ကို အပြည့်အဝ သိရှိနိုင်ရန် ကြိုးပမ်းမှုများအပေါ် အဟန့်အတား ဖြစ်စေခဲ့သည်။

ဒွန်းဘတ်စ်ဒေသ၏ အခြေအနေသည် အလွန်ခက်ခဲနေဆဲဖြစ်ပြီးရုရှားတပ်များအနေဖြင့်  တတ်နိုင်သမျှ နည်းလမ်းဖြင့် အောင်ပွဲယူရန်  ကြိုးပမ်းနေဆဲ ဖြစ်သည်ဟု မေ ၁၄ ရက် ညပိုင်းက မိန့်ခွန်းပြောကြားရာတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထည့်သွင်း ပြောကြားခဲ့သည်။

ဒွန်းဘတ်စ်ဒေသတောင်ပိုင်းရှိ အဇော့ ပင်လယ်ဆိပ်ကမ်းမြို့မာရီယူပိုးလ်၏ နယ်မြေ အများစုသည် ရုရှားထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီ ဖြစ်သော်လည်း Azovstal သံမဏိစက်ရုံထဲတွင် ခိုအောင်းနေသော ယူကရိန်းတပ်ဖွဲ့ဝင် ရာဂဏန်းခန့်သည် လက်နက်ချ အညံ့ခံခြင်း မရှိသေးပေ။

ယူကရိန်း ကျူးကျော်ခံရမှုသည် ရုရှား၏ စစ်နံတစ်လျှောက်တွင် တည်ရှိသောအခြားနိုင်ငံများကိုစိုးရိမ်မှုများ ဖြစ်စေခဲ့ပြီးနောက် ကုန်းမြေနယ်နိမိတ်ချင်းသာမက ဖင်လန်ပင်လယ်ကွေ့တွင်လည်း ကီလိုမီတာ ၁,၃၀၀ ကျော် ရုရှားနှင့် နယ်မြေထိစပ်နေသည့် ဖင်လန်နိုင်ငံ၏ အစိုးရသည် နေတိုးအဖွဲ့ထဲသို့ ဝင်ရန် လျှောက်ထားမည်ဖြစ်ကြောင်း အတိ အလင်း ကြေညာခဲ့သည်။

“ဒါဟာ သမိုင်းတွင်မယ့် နေ့တစ်နေ့ပါပဲ” ဟုဖင်လန်သမ္မတ ဆော်လီနီနီစတိုက ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ထဲသို့ ဝင်ရောက် ခြင်းသည် ဖင်လန်၏ ငြိမ်းချမ်းမှုအတွက် အာမခံချက် ရှိစေလိမ့်မည်ဟုလည်း ဝန်ကြီးချုပ် ဆန်နာမာရင်က ဆိုသည်။

သို့ရာတွင် အဖွဲ့ဝင် နိုင်ငံဖြစ်သည့် တူရကီ၏ သမ္မတရီဆပ်တေယစ် အာဒိုဂန်ကတူရ ကီအနေဖြင့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ အဖွဲ့ဝင် ဖြစ်လာရေးအပေါ် ထောက်ခံခြင်း မရှိသည့် သဘောထားကို ပြသထားသည့် အားလျော်စွာ ဘုံသဘောတူညီမှုဖြင့် လည်ပတ်နေသည့် နေတိုးအဖွဲ့သို့ အဆိုပါ နှစ်နိုင်ငံ ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုတွင် အဖုအထစ်သဖွယ် ဖြစ်လာခဲ့သည်။

မေ ၁၅ ရက် နေတိုးအစည်းအဝေးတွင် ယင်းနှင့်ပတ်သက်၍ တူရကီ၏ ဆွေးနွေးမှု များကို ထုတ်ဖော်ဆွေးနွေး ခဲ့သည်ဟု တူရကီ ဝန်ကြီးချုပ် မက်ဗ်လတ်ကာဗူဆိုဂလူက ပြောကြားခဲ့သည်။ ဆွီဒင်နှင့် ဖင်လန်တို့သည် ကာ့ဒ် သူပုန်အုပ်စုများကို ထောက်ပံ့နေသည်ဟု တူရကီက စွပ်စွဲထားသည်။

Most Read

Most Recent