လိုတိုရှင်းစီးပွားရေးသုတ ( ၉၆ - ၁၀၀ )

လိုတိုရှင်းစီးပွားရေးသုတ ( ၉၆ - ၁၀၀ )
Published 10 June 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၉၆)

ကမ္ဘာ့အနှံ့ဖြန့်ကြက်ခြင်း/ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)

       ကမ္ဘာအနှံ့ဖြန့်ကြက်ခြင်းဆိုသည်ကို အင်္ဂလိပ်ဝေါဟာရ အသံထွက်အတိုင်း “ဂလိုဘယ်လိုက်ဇေးရှင်း ဟု လူသိများသည်။ အဓိပ္ပာယ်အားဖြင့် နယ်ပယ်စုံမှ အပြုအမှုများ၊ အခြေအနေများ ကမ္ဘာအနှံဖြန့်ကြက်ဖြစ်ပေါ်နေခြင်းဟုဆိုနိုင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်အတွင်း ကမ္ဘာပေါ်ရှိနိုင်ငံများကြားတွင် ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် အရင်းအနှီးများသည် ယခင်ကာလများကထက် ပိုမိုရွှေ့ပြောင်းမှုများဖြစ်လာခဲ့သည်။ နိုင်ငံများ၏ စီးပွားရေးအခြေအနေများ အပြန်အလှန်ဆက်စပ်မှုများလည်း ပိုမိုအားကောင်းလာခဲ့သည်။

          ထို့သို့ဖြစ်ပေါ်လာခြင်းကို နောက်ကွယ်မှထောက်ကူပေးနေသော အကြောင်းများစွာရှိသည်။ ပိုမိုကောင်းမွန်လာသည့် ဆက်သွယ်ရေးနည်းပညာများနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများသည် အိုင်ဒီယာအတွေးအခေါ်များ၊ ကုန်စည်များ၊ လူများ ကမ္ဘာအနှံ့ဖြန့်ကြက်ဆက်စပ်လှုပ်ရှားနိုင်စေရန် များစွာအထောက်အပံ့ပေးနိုင်ခဲ့သည်။ နိုင်ငံတကာသဘောတူစာချုပ်များသည်လည်း နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုများကို အားပေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအနှီးများ ကမ္ဘာ့နေရာအနှံ့တွင် ရင်းနှီးမြှုပ်နှံခြင်းတို့ကို အားပေးမှုများစွာရှိခဲ့သည်။

          ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ဖြန့်ကြက်နိုင်မှုသည် ကျယ်ပြန့်လွန်းသည်ဟုဆိုနိုင်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မှဖြစ်စေ သို့မဟုတ် တောင်အာရှရှိ အိန္ဒိယကျေးလက်ဒေသမှဖြစ်စေ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး စသဖြင့် နယ်ပယ်ကဏ္ဍစုံမှ လှုပ်ရှားမှုဖြစ်စဉ်များသည် ကမ္ဘာအနှံဖြန့်ကြက်ရောက်ရှိသွားနိုင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းသည် အစိုးရများ၊ ကုမ္ပဏီများနှင့် လူအများ၏ လှုပ်ရှားနိုင်သောနယ်ပယ်ကို ပြန်လည်ပုံဖော်နိုင်စွမ်းရှိသည်။ သို့သော် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိသည်။ အချို့က ဂလိုဘယ်လိုက်ဇေးရှင်းသည် အားလုံးအတွက် ပိုမိုချမ်းသာ ကြွယ်ဝလာမှုများကို ယူဆောင်လာနိုင်သည်။ အချို့ကလည်း ချမ်းသာသူများကို အထောက်အကူဖြစ်စေပြီး ဆင်းရဲသူများကို ထိခိုက်မှုများဖြစ်စေသည်ဟုသုံးသပ်ကြသည်။ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယခုအချိန်တွင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို အားလုံးရင်ဆိုင်နေကြရသည်ဟု ဆိုနိုင်သည်။

ဝေါဟာရများ

ကမ္ဘာ့အနှံ့ဖြန့်ကြက်ခြင်း/ဂလိုဘယ်လိုက်ဇေးရှင်း=globalization   

အရင်းအနှီး=capital

နိုင်ငံတကာ သဘောတူစာချုပ်များ=international agreements

ပိုမိုချမ်းသာကြွယ်ဝလာမှု=more prosperity   

ချမ်းသာသောသူများ/ဆင်းရဲသောသူများ=the rich/ the poor          

 

လိုတိုရှင်း စီးပွားရေးသုတ (၉၇)

ငွေလဲလှယ်နှုန်းများ (exchange rates)

          ငွေလဲလှယ်နှုန်းဆိုသည်မှာ ငွေကြေးတစ်မျိုးနှင့် အခြားငွေကြေးတစ်မျိုး လဲလှယ်သည့်နှုန်းဟု ယေဘုယျနားလည်နိုင်သည်။ တစ်နည်းအားဖြင့် ငွေကြေးတစ်မျိုးသည် အခြားငွေကြေးတစ်မျိုးနှင့် နှိုင်းယှဉ်ပါက မည်မျှတန်ဖိုးရှိသည်ကို ဖော်ပြသည့်ပမာဏလည်းဖြစ်သည်။ ယနေ့အချိန်ကာလတွင် ငွေလဲနှုန်းအများစုသည် အရှင်မျှောနှုန်းများဖြစ်ကြသည်။ သို့သော် ၁၉၇၁ ခုနှစ်မတိုင်ခင်ကာလများက နိုင်ငံများသည် ၎င်းတို့၏ငွေကြေးများကို အမေရိကန်ဒေါ်လာငွေနှင့် နှုန်းတစ်ခုတွင် ပုံသေချိတ်ဆက်ထားခဲ့ကြသည်။ အချို့နိုင်ငံများကမူ ယနေ့အထိတိုင် ၎င်းတို့၏ငွေကြေးများကို ဒေါ်လာနှင့် ပုံသေချိတ်ထားကြဆဲဖြစ်သည်။

          ငွေလဲလှယ်နှုန်းများကိုပြဋ္ဌာန်းသော တစ်နည်းအားဖြင့် ဖြစ်ပေါ်စေသောအချက်များစွာရှိသည်။ အတိုးနှုန်း၊ ငွေကြေးဖောင်းပွခြင်း၊ ဝယ်လိုအား၊ ရောင်းလိုအားစသည်တို့ ဖြစ်သည်။ နိုင်ငံရေးနှင့်စီးပွားရေးတို့ဖြစ်ကြသည်။ နှုန်းရှင်ငွေလဲလှယ်နှုန်းများသည် ပင်လယ်ရပ်ခြားအားလပ်ရက်တစ်ရက်၏ ကုန်ကျမှုစရိတ်များကိုပင် အကျိုးသက်ရောက်မှုများ ရှိလာသည်။ ဆိုလိုသည်မှာ ငွေလဲနှုန်းအပြောင်းအလဲကြောင့် ကုန်ကျစရိတ်ပိုလာနိုင်သည်ကို ဆိုခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ အမှန်တကယ်သက်ရောက်မှုများကို နိုင်ငံခြားငွေကြေးစျေးကွက်တွင်တွေ့နိုင်သည်။   

          ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူရစေရန် နိုင်ငံခြားငွေကြေးစျေးကွက်ကို တီထွင်ဖန်တီးခဲ့ကြသည်။ သို့သော်ငွေလဲနှုန်းကို ငွေကြေးစျေးကစားရန်နှင့် အမြတ်အစွန်းပြုလုပ်နိုင်ရန်လည်း အသုံးပြုခဲ့ကြသည်များလည်း တွေ့ရသည်။ ကုန်သည်များသည် ငွေလဲလှယ် နှုန်းအပြောင်းအလဲများပေါ်တွင် အကျိုးအမြတ်အတွက် ငွေကြေးပမာဏများစွာကို ဝယ်ခြင်း၊ ရောင်းခြင်းပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် တစ်နေ့တာ လက်ပြောင်းလက်လွှဲသည့် ငွေကြေးပမာဏမှာ အမေရိကန် ၃ ဒသမ ၂ ထရီလီယံကျော် (၂၀၁ဝပြည့်နှစ်က ခန့်မှန်းချက်) ရှိသည်ဟုခန့်မှန်းကြသည်။ နိုင်ငံခြားငွေကြေးပမာဏကြီးမားစွာ အရောင်းအဝယ်ဖြစ်မှုသည် ငွေကြေးတစ်မျိုး၏တန်ဖိုးပေါ်တွင် အကျိုးသက်ရောက်မှုများရှိသည်။ ဥပမာ ရင်းနှီးမြှုပ်နှံသူများစွာသည် ယူရိုငွေကို တစ်ကြိမ်တည်းတွင် စျေးကွက်ထဲသို့ ထုတ်ရောင်းလိုက်ပါက ယူရိုငွေကြေးဝယ်လိုအားကျဆင်းသွားပြီး ထိုငွေကြေး၏တန်ဖိုးလည်း ကျဆင်းသွားပေလိမ့်မည်။ 

 

ဝေါဟာရများ

ငွေလဲလှယ်နှုန်း=exchange rate

အရှင်မျှော=floating/ flexible  

နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေး/ စီးပွားရေးအခြေအနေ=a country’s political /economic situation   

နိုင်ငံခြားငွေကြေးဈေးကွက်=forex market   

နိုင်ငံခြားငွေကြေးရောင်းဝယ်ခြင်း=forex trade   

 

လိုတိုရှင်း စီးပွားရေးသုတ (၉၈)

 ငွေပေးငွေယူရှင်းတမ်း (balance of payments)

          နိုင်ငံတစ်နိုင်ငံ၏ငွေပေးငွေယူရှင်းတမ်းဆိုသည်မှာ နိုင်ငံတွင်းမှ စီးထွက်သွားသော ငွေကြေးပမာဏနှင့် နိုင်ငံတွင်းသို့စီးဝင်လာသော ငွေကြေးပမာဏတို့အကြား ခြားနားချက်ဖြစ်သည်။ ငွေပေးငွေယူရှင်းတမ်းတွင် သာမန်ငွေစာရင်းပိုင်းနှင့် ငွေလုံးငွေရင်းစာရင်းပိုင်းဟူ၍ အစိတ်အပိုင်းနှစ်ခုရှိသည်။ သာမန်ငွေစာရင်းပိုင်းတွင် ကုန်စည်နှင့်ဝန်ဆောင်မှုတန်ဖိုးများ၊ ရင်းနှီးမြှုပ်နှံမှုမှဝင်ငွေများ၊ တစ်လမ်းသွားလွှဲပြောင်းငွေများဖြစ်သည့် နိုင်ငံခြားကူညီထောက်ပံ့မှုများနှင့် နိုင်ငံခြားသို့/မှ အကြောင်းအမျိုးမျိုးဖြင့် လွှဲပြောင်းပေး/ရသည့်ငွေများပါဝင်သည်။ ငွေလုံးငွေစာရင်းပိုင်းတွင် သက်ဆိုင်ရာနိုင်ငံ၏ ပြည်ပရှိ ပိုင်ဆိုင်မှုပစ္စည်းများ (အက်ဆက်များ)၊ နိုင်ငံခြားသားများက ပြည်တွင်းတွင် ပိုင်ဆိုင်ထားသည့်ပစ္စည်းများ (အက်ဆက်များ) နှင့် ငွေကြေးများ၊ ငွေချေးစာချုပ်များကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာထုတ်ကုန်များလည်း ပါဝင်သည်။

          သီအိုရီအရ နိုင်ငံတစ်နိုင်ငံ၏ ငွေပေးငွေယူရှင်းတမ်းအခြေအနေသည် သုညဖြစ်သင့်သည်။ သို့သော် လက်တွေ့၌ ထိုအခြေအနေမျိုး မည်သည့်အခါမှ မဖြစ်လာပေ။ အကယ်၍ ငွေပေးငွေယူရှင်းတမ်းတွင် အနုလက္ခဏာရလဒ်ရှင်းတမ်းဖြစ်ပါက နိုင်ငံတွင်းသို့ ငွေကြေးစီးဝင်မှုထက် နိုင်ငံတွင်းမှ ငွေကြေးစီးထွက်မှုများပြားသည်ဟု သုံးသပ်နိုင်သည်။ နိုင်ငံတစ်နိုင်ငံသည် ၎င်းတို့တင်ပို့ရောင်းချမှုထက် ဝယ်ယူတင်သွင်းမှုက များနေခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးရင်ဆိုင်ရသောအခါ နိုင်ငံ၏ငွေပေးငွေယူရှင်းတမ်းတွင် သာမန်စာရင်းအပိုင်း သို့မဟုတ် ကုန်သွယ်မှုစာရင်းအပိုင်း၌ လိုငွေများဖြစ်ပေါ်တတ်သည်။

          ငွေပေးငွေယူရှင်းတမ်း၏ သာမန်စာရင်းပိုင်းလိုငွေပြမှုကို ထိန်းညှိနိုင်ရန် နိုင်ငံတစ်နိုင်ငံအနေဖြင့် ငွေလုံးငွေရင်းစာရင်းပိုင်းတွင် ပိုငွေရှိစေရေးအားထုတ်ရန်လိုသည်။ ထိုသို့ဖြစ်ပေါ်စေရန် နိုင်ငံတစ်နိုင်ငံသည် ငွေချေးစာချုပ်ဘွန်းကဲ့သို့ ငွေလုံးငွေရင်းအက်ဆက်များ ရောင်းချခြင်းကို ပိုမိုပြုလုပ်ရမည်။ အမေရိကန်နိုင်ငံကဲ့သို့ ကုန်သွယ်မှုလိုငွေပြနေသော တိုင်းပြည်များသည် ၎င်းတို့၏အသုံးစရိတ်များအတွက် နိုင်ငံခြားရပ်ခြားတိုင်းပြည်များမှ ငွေချေးငှားမှုများကို ပြုလုပ်ကြသည်။ ထိုကိစ္စများကြောင့် အမေရိကန်နိုင်ငံသည် ဝေဖန်မှုများစွာခံနေရသည်။   

 

ဝေါဟာရများ

ငွေပေးငွေယူရှင်းတမ်း=balance of payments

သာမန်စာရင်း=current account

ငွေလုံးငွေရင်းစာရင်း=Capital account

နိုင်ငံရပ်ခြား လွှဲပြောင်းပေးငွေများ/ နိုင်ငံရပ်ခြားအကူအညီများ=remittances / foreign aid

ဘဏ္ဍာရေးထုတ်ကုန်များ=financial products

 

လိုတိုရှင်း စီးပွားရေးသုတ (၉၉)

ငွေကြေးအရင်းအနှီးထိန်းချုပ်မှုများ (Capital Controls)

      လူတို့သည်  နိုင်ငံနယ်နိမိတ်များကိုဖြတ်ကျော်၍ အရောင်းအဝယ်ပြုလုပ်ကြရာတွင် ငွေကြေး စီးဝင်မှု/စီးထွက်မှုများရှိလာသည်။ ဆိုလိုသည်မှာ ရရှိသည့်ငွေကြေးများသည် ပြည်တွင်းသို့ဝင်ရောက်လာခြင်း၊ ပေးရမည့် ငွေကြေးများသည် ပြည်ပသို့ထွက်သွားခြင်းဖြစ်သည်။ ၎င်းတို့ကို ငွေကြေးအရင်းအနှီးစီးဆင်းမှုများ အဖြစ်သိထားကြသည်။ ငွေကြေးအရင်းအနှီးစီးဆင်းမှုသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်ဖြစ်နိုင်သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီးဝင်၊ စီးထွက်မှုများ၊ အိမ်ခြံမြေများ ရောင်းဝယ်ခြင်း၊ ငွေကြေးဆိုင်ရာဆင့်ပွားစာချုပ်စာတမ်းများကို ရောင်းဝယ်ခြင်း၊ ငွေကြေးများလဲလှယ်ယူခြင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့ရသည်။

       ငွေကြေးအရင်းအနှီးများ စီးဆင်းမှုသည် အကျိုးကျေးဇူးများစွာရှိနိုင်သည်။ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက် ကူပေးမှုများ၊ ရန်ပုံငွေပံ့ပိုးမှုများ ရရှိလာနိုင်သည်။ အစိုးရများအနေဖြင့် ချေးငှားပေးနိုင်သကဲ့သို့ လိုအပ်ပါက အခြားနိုင်ငံများမှချေးယူမှုများလည်း ပြုလုပ်နိုင်သည်။    တစ်ဖက်တွင် လွတ်လပ်သောငွေကြေးအရင်းအနှီးစီးဆင်းမှုများသည် နိုင်ငံများကို ထိခိုက်မှုများလည်း ရှိလာနိုင်သည်။ ငွေကြေးအရင်းအနှီးပမာဏများပြားစွာ စီးဝင်လာမှုများသည် စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း၌ ငွေကြေးဖောင်းပွမှုများဖြစ်လာနိုင်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကိုလည်း ကြီ:မားလာစေနိုင်သည်။ ထို့အတူ ငွေကြေးအရင်းအနှီးပမာဏ စီးထွက်မှုများပြားခြင်းသည်လည်း ထိုနိုင်ငံ၏ ပြည်တွင်းငွေကြေးကို တန်ဖိုးကျဆင်းမှုများဖြစ်ပေါ်လာစေတတ်သည်။

          အစိုးရများသည် ငွေကြေးအရင်းအနှီးထိန်းချုပ်မှုများပြုလုပ်နိုင်သည်။ စီးပွားရေးပညာရှင်များကမူ ငွေကြေးအရင်းအနှီးထိန်းချုပ်မှုကို အားပေးခြင်းမပြုကြ ပေ။ ဖွံ့ဖြိုးမှုအရှိန်အဟုန်ဖြင့် စီးပွားရေးအားကောင်းလာသည့် ထွန်းသစ်စစီးပွားရေးအဆောက်အအုံများအတွက်မူ ငွေကြေးအရင်းအနှီးထိန်းချုပ်ခြင်းနှင့် ပတ်သက်၍  ပြန်လည်စဉ်းစားလာကြသည်။ ငွေကြေးအရင်းအနှီးများ စီးဆင်းမှုကို စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ကိုင်ပါက စျေးကစားတိုက်ခိုက်မှုကို ဟန့်တားကာကွယ်နိုင်ပြီး ပြည်တွင်းငွေကြေးပေါ်လစီနှင့် အလုပ်လက်မဲ့အခြေအေနေများ ထိန်းချုပ်ရာတွင်လည်း များစွာအထောက်အကူဖြစ်စေသည်ဟု ဆိုကြသည်။

 

ဝေါဟာရများ

ငွေကြေးအရင်းအနှီးထိန်းချုပ်မှုများ=Capital Controls 

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု=foreign direct investment  

ဖွံ့ဖြိုးတိုးတက်မှု=development 

ငွေတန်ဖိုးချခြင်း=devaluation  

ထွန်းသစ်စ စီးပွားရေးအဆောက်အအုံများ=emerging economies      

ဈေးကစား၍တိုက်ခိုက်မှု=speculative attack   

 

 

 

လိုတိုရှင်း စီးပွားရေးသုတ (၁၀၀)

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (Protectionism) 

          အစိုးရတစ်ရပ်အနေဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ဖြစ်ထွန်းမှုများနှင့် အလုပ်သမားများ အလုပ်အကိုင်ရရှိမှုကို ကာကွယ်ပေးရန်အတွက်   ကုန်သွယ်မှုကို ကန့်သတ်မှုပြုလုပ်လာခဲ့လျှင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကျင့်သုံးမှုဟု ဆိုနိုင်သည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ဝယ်လိုအားနှင့် ရောင်းလိုအားကိုသာ အခြေခံသော လွတ်လပ်သောကုန်သွယ်မှုသဘောတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

          အစိုးရများသည် ၎င်းတို့၏ နိုင်ငံများအကျိုးအတွက် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကိုပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ကျင့်သုံးကြသည်။ သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာစေသည့် သွင်းကုန်ကိုတာ (ပမာဏ) သတ်မှတ်ခြင်း၊ အကောက်ခွန်နှုန်းများ မြှင့်ခြင်းဖြင့်လည်းကောင်း သို့မဟုတ် ပြည်တွင်းလုပ်ငန်းများ၏ လို အပ်ချက်များ ထောက်ပံ့ကူညီပေးခြင်းဖြင့်လည်းကောင်း လုပ်ဆောင်လေ့ရှိကြသည်။ ထိုပေါ်လစီအားလုံး၏ရည်ရွယ်ချက်မှာ နိုင်ငံရပ်ခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများမှ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန်ဖြစ်သည်။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံ၏အမျိုးသားအကျိုး စီးပွားဖြစ်ထွန်းမှုအတွက် အထောက်အကူရစေရန် ရည်ရွယ်သည်။

          များစွာသော စီးပွားရေးပညာရှင်များက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒအခြေခံပေါ်လစီများသည် ပြည်တွင်းအခြေအနေကို အထောက်အကူရသည်ထက် ထိခိုက်မှုပိုမိုဖြစ်စေသည်ဟုဆိုသည်။ တည်ရှိနေသော စျေးကွက်များကို ပျက်ပြားစေသည်ဟူသောအချက်ကို ထောက်ပြကြသည်။ သို့သော် ထိုအချက်သည် ယေဘုယျဆန်သော အခြေအနေဖြစ်သည်ဟု ဆိုသူများလည်းရှိနေသည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ကျင့်သုံးမှုအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသည် ၎င်းတို့နိုင်ငံများရှိ စိုက်ပျိုးရေးကဏ္ဍများကို ထောက်ပံ့ကူညီမှုများပေးနေသည်ဟု နိုင်ငံအများ၏ ထောက်ပြဝေဖန်မှုများကိုခံနေရသည်။ နိုင်ငံကြီးများက ထိုသို့ပြုလုပ်ခြင်းခြင်းဖြင့် ဆင်းရဲသောနိုင်ငံများမှ စိုက်ပျိုးပို့ကုန်များကို များစွာအထိနာစေသည်ဟုဆိုသည်။

ဝေါဟာရများ

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ=Protectionism

သွင်းကုန်ပဏာမ ကန့်သတ်ခြင်း=quota   

ထောက်ပံ့ကူညီမှု=subsidies 

နိုင်ငံရပ်ခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများ=foreign competition   

ဈေးကွက်များကို ပျက်ပြားစေသည်=distort the markets

 

 

 

 

 

 

 

Most Read

Most Recent