အမေရိကန်ကဲ့သို့ အင်အားကြီးသည့် နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ်စစ်မှန်သောစေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြားနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

အမေရိကန်ကဲ့သို့ အင်အားကြီးသည့် နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ်စစ်မှန်သောစေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြားနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား
Published 25 April 2022

အမေရိကန်ကဲ့သို့ အင်အားကြီးသည့်နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ်စစ်မှန်သောစေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြားနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန်မျှော်လင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

ဧပြီ ၂၁ ရက် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်တို့သည် AP၊ ရိုက်တာ၊ South China Morning Post၊ Straits Time၊ China Central Television (CCTV)၊ People’s Daily နှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်းထောက်များ၏ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ထိုသို့မေးမြန်းမှုများအနက် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အနောက်နိုင်ငံများက မည်သို့လုပ်ဆောင်ခဲ့ပြီး  ယင်းလုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် မည်သည့်ဆိုးကျိုးများဖြစ်စေသည်ကိုသိလိုကြောင်း  ဆင်ဟွာသတင်းဌာန၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းသည့်အခါ နိုင်ငံအားလုံး၏အားကိုလိုအပ်ကြောင်း၊ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ အားကို ပို၍လိုအပ်ကြောင်း၊ အနောက်နိုင်ငံများကိုလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှုများဖြင့်သွားလိုကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများအနေဖြင့်လည်း မိမိတို့နှင့်ပူးပေါင်းလိုကြကြောင်း ပြောကြားသည်။

သို့သော် အနောက်နိုင်ငံများ၏ဖိအားများကြောင့် ကန့်သတ်မှုများရှိနေကြောင်း၊ ထို့ကြောင့် ပြည်သူများနစ်နာကြောင်း၊ အမေရိကန်ကဲ့သို့ အင်အားကြီးသည့် နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ်စစ်မှန်သော စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြားနည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်စွာသွားလိုကြောင်း၊ နိုင်ငံတကာကိုလည်း လေးစားပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အားလုံးအပေါ်တွင် လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မိမိအမြင်ကိုပြောရလျှင် မိမိတို့တိုင်းပြည်ကို အနောက်နိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းသည် တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုနှင့် လွှမ်းမိုးမှုကို ၎င်းတို့က စိုးရိမ်မှုကြောင့်ဖြစ်ပြီး မိမိတို့တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးလာခြင်းဖြစ်သည်ဟုမြင်ကြောင်း၊ မိမိတို့တိုင်းပြည်တွင် ၎င်းတို့ကြိုးကိုင်နိုင်သည့် အစိုးရ၊ လိုအပ်သလို ခြယ်လှယ်နိုင်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာအောင်နည်းမျိုးစုံဖြင့် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ယင်းအစိုးရမျိုး မြန်မာနိုင်ငံတွင် ဖြစ်လာလျှင် ပထဝီနိုင်ငံရေးအရဒေသတွင်း ဟန်ချက်ကိုကစားနိုင်သည်ဟုယူဆပြီး မြန်မာနိုင်ငံအား မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်သည်ဟုမြင်ကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးမတည်မငြိမ်ဖြစ်သည့်အတွက်ကြောင့် ဆိုးကျိုးအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများတွင် စစ်ဘေးရှောင်များ ရောက်ရှိသွားခြင်းများရှိကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်ခြင်းများ ရှိကြောင်း၊ ဥပမာ ထိုင်း-မြန်မာနယ်စပ်တွင် နယ်မြေမငြိမ်မသက်မှုများဖြစ်နေကြောင်း၊ ယင်းကြောင့် အာရှလမ်းမကြီးကို အပြည့်အဝလုံခြုံစွာအသုံးမပြုနိုင်သည့်အတွက် ထိုင်း-မြန်မာ ပို့ကုန်/သွင်းကုန်များ ကုန်စည်စီးဆင်းမှု အခက်အခဲရှိလာပြီး အိမ်နီးချင်းထိုင်းနိုင်ငံကိုပါ သက်ရောက်မှုရှိကြောင်း ပြောကြားသည်။    

အလားတူ အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာ့စီးပွားရေးကဏ္ဍအပေါ်အကျိုးသက်ရောက်မှုကို သိလိုကြောင်း ဆင်ဟွာသတင်းဌာန၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဆိုပါအရေးယူပိတ်ဆို့မှုများသည် အစိုးရအပေါ်သက်ရောက်မှုမရှိကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအပေါ်သာ သက်ရောက်မှုရှိကြောင်း၊ အမေရိကန်ဒေါ်လာကို အလွယ်တကူသုံးစွဲမရခြင်း၊ ငွေလွှဲလုပ်မရခြင်း၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲပေါ်ခြင်း၊ ယင်းအရေးယူပိတ်ဆို့မှုကြောင့် အချို့စက်ရုံများ ပိတ်သိမ်းသွားခြင်း၊ ထိုသို့ပိတ်သိမ်းခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရခြင်းများရှိကြောင်း၊ အစိုးရအတွက် ဘာမျှမဖြစ်ကြောင်း၊  အစိုးရအနေဖြင့် လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင်စဉ်းစားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာကြောင်း ပြောကြားသည်။