ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 3 April 2022

  

“၁၀ နှစ်လောက် လွတ်လပ်ပွင့်လင်းတဲ့အရသာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ အဲဒီတော့ ပွင့်လင်းတဲ့အခြေအနေကနေ ပိတ်ဆို့သွားပြီလို့ဖြစ်တဲ့ ခံစားချက်ဖြစ်တယ်။ ပိတ်သွားတာမဟုတ်ဘူး။ ပြန်ပြီးပွင့်လင်းလာဖို့အတွက် အာမခံပါတယ်၊ ယုံကြည်နိုင်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရှိပါတယ်ဆိုတာကို ထင်ထင်ရှားရှား မပြနိုင်ဘဲနဲ့ ဒီရွေးကောက်ပွဲကို ယုံကြည်ဖို့ခက်တယ်” 

ပြီးခဲ့သည့် ရက်ပိုင်းများက ပြည်သူ့ပါတီသို့ နိုင်ငံအချို့မှ သံတမန်များ လာရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအခြေအနေများ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး   ပြီးခဲ့တဲ့ရက် သံအမတ်ကြီးတွေ လာရောက်တွေ့ဆုံဆွေးနွေးဖြစ်တဲ့ရည်ရွယ်ချက်နဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုတွေဆွေးနွေးဖြစ်ကြလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ အထူးသဖြင့်ကတော့ ကျွန်တော်က သံအမတ်ကြီးတွေ၊ သံတမန်အသိုင်းအဝိုင်းတွေနဲ့ အရင်က လည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံတစ်နိုင်ငံဆိုတာ သူ့ချည်းနေလို့မရဘူး။ အဲဒီတော့ နိုင်ငံတကာဆက်ဆံရေးဟာ ပြည်တွင်းနိုင်ငံရေးနဲ့ ခွဲလို့မရဘူးပေါ့နော်။ အရမ်းလည်း အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ၊ နောက်တစ်ခါ ဖိအားပေးတာတွေ၊ ဆက်ဆံတိုက် တွန်းတာတွေ ရှိနေတဲ့အချိန်မှာ နိုင်ငံတကာဆက်ဆံရေးဟာအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ရန်ကုန်မှာရှိတဲ့ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကြိုးစားခဲ့တာပါ။ အဲဒီတော့ ဒီမှာရုံးမှာလာတွေ့တာတွေရှိသလို သီးခြားတွေ့ဆုံဆွေးနွေးတာတွေလည်းရှိပါတယ်။ အဲဒီတော့ တော်တော်များများ သံအမတ်ကြီးတွေ၊ သံရုံးတွေ၊ မြန်မာနဲ့ပတ်သက်လို့ တက်တက်ကြွကြွဆောင်ရွက်နေတဲ့ သံတမန်တွေနဲ့ ကျွန်တော်ဆွေးနွေးမှုတွေ ရှိပါတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးတာဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မေး အဲဒီသံအမတ်တွေ၊ သံတမန်တွေက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုတွေသုံးသပ်ပြီး ဘယ်လို ထင်မြင်ယူဆချက်တွေကို ပြောတာရှိလဲဗျ။

ဖြေ တစ်ခုကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ကျွန်တော်တို့ ပစ်ခတ်နှိမ်နင်းမှုတွေ၊ သေကျေဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ သူတို့ကိုယ်တိုင်လည်း မီဒီယာသတင်းတွေကနေအမြဲတမ်း သိနေကြတဲ့အခါကျတော့ စိုးရိမ်မှုဖြစ်တယ်။ နိုင်ငံတကာရဲ့အမြင်မှာလည်း ဒါတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်တယ်။ အဲဒီတော့ ဒါတွေကို အကာအကွယ်ပေးဖို့ ကိစ္စတွေကို အဓိကထားပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။

မေး လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ရေရှည်ဆက်သွားလို့ရမယ့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆွေးနွေးဖြစ်လဲ။ ဦးကိုကိုကြီးကလည်း သူတို့ကို ဘာတွေပြောလိုက်လဲခင်ဗျ။

ဖြေ အဓိကကတော့ ကျွန်တော်တို့နောက်မှဖြစ်တဲ့ ယူကရိန်းကိစ္စတောင်မှ တွေ့ဆုံဆွေးနွေးမှုလမ်း ကြောင်းပေါ်ရောက်နေပြီပေါ့နော်။ ကျွန်တော်တို့မှာက သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုပြီးတော့ ဆွေးနွေးဖို့မပြောနဲ့ ထိတွေ့ဆက်ဆံတာကအစ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ် တိုက်ခိုက်တာမျိုးတွေဖြစ် နေတဲ့အခါကျတော့ တွေ့ဆုံဆွေးနွေးဖို့ လမ်းစပါပျောက်သလိုဖြစ်နေတယ်။ ပျောက်သလိုမကဘူး။ တွေ့ဆုံ ဆွေးနွေးဖို့ မလိုအပ်ဘူး။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတော့  တစ်ယောက်ကိုတစ်ယောက် အပြုတ် တိုက်မှ ရမယ်ဆိုတဲ့ အယူအဆ လွှမ်းမိုးနေတာကိုက အင်မတန် အန္တရာယ်ကြီးပါတယ်လို့ ကျွန်တော် တို့ကတော့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာစစ်ကြီးတွေတောင် နောက်ဆုံးအဆုံးသတ်ဖို့ကိုတွေ့ဆုံ ဆွေးနွေးရတာပဲ။ ဗီယက်နမ်စစ်၊ ကိုရီးယားစစ် အစရှိသဖြင့် အားလုံး အားလုံးဟာ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးရတာပါပဲ။ ဒါကြောင့်မို့လို့ ဒီမှာကတွေ့ဆုံဆွေးနွေးရေးကိုအယုံအကြည်မရှိတော့ဘူး။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်တော့ဘူး။ လက်နက်ကိုင်ပြီးချမှရတော့မယ်ဆိုတဲ့ အယူအဆတစ်ခုပဲရှိတယ် ဆိုရင်တော့ တိုင်းပြည်အတွက် အင်မတန်မှ ရင်လေးစရာကောင်းပါတယ်။ ကိုယ်တိုင်လည်း နှစ်ရှည် ထောင်ကျ၊ အကျဉ်းကျခဲ့ရတာဖြစ်တဲ့အတွက် လက်ရှိ ဖမ်းဆီးမှုတွေ၊ ဒဏ်ရာအနာတရ၊ သေကျေပျက်စီး မှုတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း နင့်နင့်နဲနဲ ခံစားရပါတယ်။ ကျွန်တော်ငယ်ငယ်က ၁၉၈၈၊ ၁၉၈၉၊ ၉၀ ကာလကဆိုရင် သိပ်အဖမ်းခံချင်တာပဲ။ အပြင်မှာနေရတာကိုက သိပ်လိပ်ပြာမလုံတဲ့အတွက် အဖမ်းခံရရင် တာဝန်ကျေသွားပြီ။ ကိုယ့်လည်း ဘာမှ ပြောဆိုဝေဖန်တာ မခံရတော့ဘူးဆိုတာမျိုး ဖြစ်ပြီးတော့ အဖမ်းခံရတဲ့အချိန်မှာ စိတ်ကိုပေါ့သွားတာပေါ့နော်။ အခု ၃၄ နှစ် ဖြတ်သန်းမှုနဲ့ နိုင်ငံရေးလေ့လာမှု ဖြတ်သန်းမှုအတွေ့အကြုံတွေအရ အဖြေထွက်ဖို့အတွက်က နိုင်ငံရေး နည်းလမ်း ပြန်ပေါ်ပေါက်လာအောင် လုပ်ရမယ်ဆိုပြီးတော့ ကြံ့ကြံ့ခိုင်ပြီးတော့ ရပ်တည်နေရတာဟာ ကျွန်တော်ထောင်ကျတဲ့ အခက်အခဲထက် ပိုပြီးကြီးပါတယ်။ ကျွန်တော်တို့က ထောင်ထဲ အနှစ် ၂၀ လောက် နေခဲ့တဲ့အခါကျတော့ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ်ဆိုတာ အသားကျပြီးသား။ ဒါကြောင့်မို့လို့ အခုကျွန်တော်တို့ ဖြတ်သန်းနေရတဲ့အရာက နိုင်ငံရေး ရလဒ်ထွက်ဖို့အတွက် နိုင်ငံရေး နည်းလမ်းပြန်အားကောင်းလာဖို့ လုပ်ရတဲ့ကိစ္စဟာအင်မတန် ပင်ပန်း ပါတယ်။ အခုလက်ရှိသဘောထား အမြင်မတူလို့ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေလည်း တစ်ချိန်ချိန်မှာတော့ နားလည်မှုပြန်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမျှော်လင့်ပြီး ကြိုးစားနေတာ ဖြစ်ပါတယ်။

နှစ်ဖက် ထိခိုက်သေကျေပျက်စီးမှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့အတွက်ကတော့ ဦးစားပေးဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေါ့။ ကျွန်တော်တို့ဆီမှာ ကိုဗစ်ကြောင့်လည်းပဲ စီးပွားရေးကဏ္ဍတွေ တော်တော်ပျက်စီး၊ နောက်တစ်ခါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်နောက်ပိုင်း စီးပွားရေးကဏ္ဍတွေလည်း ထိခိုက်ပျက်စီးမှုတွေ အများကြီးဖြစ်တဲ့အခါကျတော့ စစ်ဘေးရှောင်ဒုက္ခသည်တင်မကဘဲနဲ့ ကိုဗစ်ကြောင့်၊ စီးပွားရေးကြောင့်ဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီက တော်တော်ကြီးကို လိုအပ်နေပါတယ် . . .

မေး ဦးကိုကိုကြီးကို လာတွေ့တဲ့ ချက်သံအမတ်ကြီးဆိုရင် သူတို့နိုင်ငံက လက်ရှိ  NUG အစိုးရကို အားပေး ထောက်ခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတော့ ဒီလို NUG ၊ PDF အခြေအနေနဲ့ပတ်သက်ပြီး သူတို့ဘက်ကဘယ်လို သဘောထားတွေ ပြောတာရှိလဲခင်ဗျ။

ဖြေ အဓိကကတော့ နိုင်ငံတကာရဲ့ချဉ်းကပ်မှုက အခုအာဆီယံရဲ့ အချက်ငါးချက်ပေါ့။ ဒီဟာကို အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ပြီးတော့ အချက်ငါးချက်ပါတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို ဘယ်လောက် အကောင်အထည်ဖော်မလဲဆိုတာ သူတို့လည်း တိုက်တွန်းနေတဲ့ သဘောရှိပါတယ်။ အဲဒီတော့ ကုလသမဂ္ဂရော၊ အကုန်လုံးက ဒီအာဆီယံရဲ့ ကြားဝင်မှုကို အားပေးနေတဲ့ သဘောရှိတဲ့အခါကျတော့ မကြာခင်လည်း ကျွန်တော်တို့ နိုင်ငံကို အာဆီယံအထူးကိုယ်စားလှယ်လာမယ်ဆိုရင်တော့ အဖြေတစ်ခုခု၊ ရလဒ်ကောင်းဘာထွက်လာမလဲဆိုတာကိုပဲ ကျွန်တော်တို့က မျှော်လင့်နေကြတာပါဖြစ်ပါတယ်။ အဲဒီတော့ ချက်နိုင်ငံအနေနဲ့လည်းသူတို့လည်း ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနည်းတူ မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း အားပေးနေတာ ဖြစ်ပါတယ်။

မေး ချက်နိုင်ငံနဲ့  ပြင်သစ်သံအမတ်ကြီးရယ် ပြောသွားတဲ့ထဲမှာ လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေရဲ့ တိုးတက်မှုရော၊ ၂၀၂၁ ခုနှစ်ကအခြေအနေနဲ့ ခု ၂၀၂၂ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကွာဟမှုတွေကို ဘယ်လိုတွေ သုံးသပ်ပြောတာရှိလဲ။

ဖြေ အဓိကကတော့ နှစ်ဦးနှစ်ဖက်ပေါ့လေ။ ကျွန်တော်တို့နဲ့လည်း သဘောတူညီမှုရှိတာကတော့ အရပ်သား ကာကွယ်ရေးပေါ့။ အခုဟာက ကျွန်တော်တို့ စစ်ပွဲဖြစ်လို့ စစ်သားသေတယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်ပဲ။ လူသေတယ်ဆိုတာက ဘယ်ဘက်ကသေသေမကောင်းဘူးဆိုပေမဲ့ စစ်ပွဲတစ်ပွဲဖြစ်တယ်၊ လက်နက်ကိုင် ပဋိပက္ခဖြစ်တယ်ဆိုရင် စစ်သားသေတာထက် အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ အိုးအိမ် ဆုံးရှုံးမှုဆိုတာကတော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေအရကိုက သတိထားရှောင်ရှားရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နှစ်ဖက်ထိခိုက်သေ ကျေပျက်စီးမှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့အတွက်ကတော့ ဦးစားပေး ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေါ့။ ကျွန်တော်တို့ဆီမှာ ကိုဗစ်ကြောင့်လည်းပဲ စီးပွားရေးကဏ္ဍတွေ တော်တော်ပျက်စီး၊ နောက်တစ်ခါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်နောက်ပိုင်း စီးပွားရေးကဏ္ဍတွေလည်း ထိခိုက်ပျက်စီးမှုတွေ အများကြီးဖြစ်တဲ့အခါကျတော့ စစ်ဘေးရှောင် ဒုက္ခသည်တင်မကဘဲနဲ့ ကိုဗစ်ကြောင့်၊ စီးပွားရေးကြောင့် ဖြစ်နေတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီက တော်တော်ကြီးကို လိုအပ်နေပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့သူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရောက်ရှိဖို့ကိစ္စလည်း ကျွန်တော်တို့ပြောဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်တိုင်လည်း နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့တဲ့အခါကျတော့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့ကိစ္စပေါ့နော်။ ဒါလည်း ကျွန်တော်တို့ အရေးတကြီးပြောဆိုရမယ့် ကိစ္စပါ။

နိုင်ငံရေးကို ပြည်သူတွေ စိတ်ပျက်သွားပြီးတော့ လက်လျှော့လိုက်မှာကို ကျွန်တော် အင်မတန်စိုးရိမ်ပါတယ်။ တကယ်က နိုင်ငံတကာဖြစ်စဉ်တွေမှာ ကြည့်ကြည့်၊ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်စဉ်တွေမှာပဲ ကြည့်ကြည့် နောက်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခကအစ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပဲ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးရေးဆိုတာ နိုင်ငံရေးနည်းလမ်းဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးနည်းလမ်း . . .

 

မေး လက်ရှိ နစကအစိုးရသွားနေတဲ့လမ်းကြောင်းအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော နိုင်ငံတကာ သံတမန်တွေက ယုံကြည်မှုအခြေအနေရှိလားခင်ဗျ။

ဖြေ နိုင်ငံတကာသံတမန်တွေဆိုတာထက် အရေးကြီးတဲ့ ဒီမဲဆန္ဒရှင် ပြည်သူတွေပေါ့။ သူတို့ရဲ့ စိတ်ခံစားမှုကိုက ဒါစစ်အစိုးရတွေ အသီးသီးက ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ပြောကြတယ်။ ရွေးကောက် ပွဲပြီးတော့ ရွေးကောက်ပွဲရလဒ်တွေ အကောင်အထည်ဖော်တဲ့အတွေ့အကြုံက တောက်လျှောက်ဖြစ်ခဲ့တယ်။ နိုင်ငံတကာလေ့လာအကဲခတ်သူတွေကလည်း တောက်လျှောက် ဒါကိုပဲသူတို့တွေ့ထားတာပေါ့။ တွေ့ထားတော့ ရွေးကောက်ပွဲလုပ်ပေးမယ်။ နိုင်တဲ့သူအာဏာလွှဲပေးမယ်ဆိုတာလောက်နဲ့ကတော့ အခုအခြေအနေကို မကျော်လွှားနိုင်ဘူး။ ဒါကိုတော့ ကျွန်တော်တို့ အားလုံးသဘောတူကြတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရွေးကောက်ပွဲထက် အရေးကြီးတာက ဒီကာလကိုကျော်ဖြတ်ဖို့အတွက် ကြားကာလ သဘောတူညီမှုတစ်ခုပေါ့။ အဲဒါရရှိဖို့အတွက်ကို ကျွန်တော်တို့ ၀ိုင်းပြီးတော့ တိုက်တွန်းညှိနှိုင်းရမယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ အဲဒီတော့ ပြဿနာက ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ဘာနိုင်ငံရေးသဘောတူညီမှုမှမရှိဘဲ ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ပွဲလုပ်တယ်။ အနိုင်ရတယ်။ အကောင်အထည်မပေါ်ဘူး။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲကို ပြောရင်လည်း ၂၀၁၂ က စပြောရမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အခန်းဆက်ကိုး။ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ ဆိုတော့။ ၂၀၁၂ ရွေးကောက်ပွဲ မဝင်ခင်မှာလည်းပဲ ဘာမှသိသာ ထူးခြားတဲ့ နိုင်ငံရေးသဘောတူညီမှု မရှိဘဲနဲ့ ဝင်ခဲ့ကြတဲ့အခါကျတော့ နောက်ဆုံး ရွေးကောက်ပွဲရလဒ်အပေါ်မှာ အငြင်းပွားပြီဆိုရင် နောက်ဆုံးမဖြေရှင်းနိုင်တော့ဘဲနဲ့ အခုလိုအခြေအနေတွေထိရောက် လာခဲ့ရတယ်။ ဒါကြောင့်မို့လို့ လာမယ့်ရွေးကောက်ပွဲဟာရွေးကောက် ပွဲလုပ်ပေးမယ်။ အနိုင်ရတဲ့သူအာဏာ လွှဲပေးမယ်ဆိုတာကလောက်နဲ့တော့ သွားလို့မရဘူး။ နောက်တစ်ခုက ၁၉၈၈ နဲ့ ဘာကွာလဲဆိုတော့ ၁၉၈၈ ကျွန်တော်တို့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပြီးတဲ့ အချိန်မှာအရင်တုန်းက မဆလ တစ်ပါတီ တံခါးပိတ်ဆိုရှယ်လစ်စီးပွားရေးနဲ့ လုပ်ထားတာကနေပြီးတော့ အာဏာသိမ်းတာကို ကျွန်တော်တို့ မကျေနပ်ဘူး ဆန့်ကျင်ကြတယ် ဆိုပေမဲ့ ပါတီစုံဒီမိုကရေစီကိုသွားမယ်။ စျေးကွက်စီးပွားရေးစနစ်ကိုသွားမယ်ဆိုပြီး မျှော်လင့်ချက်ရှိတဲ့အတွက် ပါတီတွေထောင်တယ်။ ရွေးကောက်ပွဲဝင်တယ်။ သူက အပိတ်ကနေပွင့်သွားတယ်ဆိုတဲ့ ခံစားချက်ပေါ့နော်။ အဲဒီ မျှော်လင့်ချက်ရှိတယ်။ အခု ၂၀၂၁ အခြေအနေက ၁၀ နှစ်လောက် လွတ်လပ်ပွင့်လင်းတဲ့ အရသာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ အဲဒီတော့ ပွင့်လင်းတဲ့အခြေအနေကနေ ပိတ်ဆို့သွားပြီလို့ဖြစ်တဲ့ ခံစားချက် ဖြစ်တယ်။ ပိတ်သွားတာမဟုတ်ဘူး။ ပြန်ပြီးပွင့်လင်းလာဖို့အတွက် အာမခံပါတယ်၊ ယုံကြည်နိုင်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရှိပါတယ် ဆိုတာကိုထင်ထင်ရှားရှားမပြနိုင်ဘဲနဲ့ ဒီရွေးကောက်ပွဲကို ယုံကြည်ဖို့ခက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ရွေးကောက်ထက် အရေးကြီးတာက ဒီရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဘယ်လောက် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံရေးပါတီများနဲ့ SAC နဲ့ကြားထဲမှာလည်း ကြိုတင်သဘောတူညီချက်ရဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အခုချိန်မှာဖွဲ့စည်းပုံဆိုင်ရာ ပြုပြောင်းလဲမှုတွေ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ လွှတ်တော်လည်း မရှိဘူး။ သို့သော်လည်းပဲ ဒီ ၂၅ ရာ ခိုင်နှုန်းသောကိုယ်စားလှယ်များက ကြိုတင်သဘောတူညီထားပြီးတော့ ဖြစ်ပေါ်လာမည့် လွှတ်တော်မှာ ဘယ်ပုဒ်မ၊ ဘယ်အချက်အလက်တွေကိုပူးပေါင်းပြီးတော့ ပြင်ဆင် မယ်ဆိုတာကိုခိုင်မာတဲ့ အာမခံချက် ရှိပြီဆိုရင်တော့ ရွေးကောက်ပွဲ အပေါ်မှာယုံကြည်မှု၊ စိတ်ဝင်စားမှု မြင့်တက်လာမယ်လို့ မြင်တယ်။ အဲဒီလိုမှ မဟုတ်ဘူး။ အခုကသတ်မှတ်ထားတဲ့ ကာလအတောအတွင်းမှာ ရွေးကောက်ပွဲလည်း မလုပ်နိုင်ဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက် ကျော်လွန်သွားပြီ။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကိုးကားလို့မရတော့ဘူး။ အဲဒီတော့ လုံးဝဖွဲ့စည်းပုံမရှိတော့တဲ့၊ ဥပဒေမရှိတော့တဲ့ Martial Law ကာလ စစ်အစိုးရစစ်စစ် ကာလကြီးထဲကို ရောက်သွားမယ်။ ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေးဆိုတဲ့ အမျိုးသားညီလာခံကို သံသရာတစ်ပတ် ပြန်လည်မယ်။ ဒီဘက်ကလည်း ကျွန်တော်တို့ ခုခံမှုတွေ၊ လက်နက်ကိုင်လှုပ်ရှားမှုတွေကလည်း မြင့်တက်လာမယ်။ အဲဒီတော့ အစိုးရကလည်း ကောင်းကောင်းအုပ်ချုပ်လို့မရဘူး။ အဲဒီအစိုးရကလည်း မကျဘူးဆိုတဲ့အခြေအနေမျိုးမှာ ပြည်သူတွေက အကာအကွယ်မဲ့မယ်။ မလုံမခြုံခံစားရမယ်။ တစ်ခုခုဖြစ်ရင်တောင် ရဲစခန်းတိုင်စရာမရှိဘူး။ ရဲကိုယ်တိုင်က သဲအိတ်ကာပြီး သူ့လုံခြုံရေး သူယူနေရတာ။ အဲဒီတော့ အရပ်ထဲမှာဖြစ်တဲ့ ခိုးမှု၊ လုမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု အများကြီးသော ရာဇဝတ်မှု တွေအတွက် အကာအကွယ်ပေးမယ့် ရဲလည်းမရှိဘူး။ တရားရုံးလည်း မရှိဘူး။ ဥပဒေလည်းမရှိတော့ဘူးဆိုတဲ့ အခြေအနေထဲကြီးကို ကျွန်တော်တို့ ကာလအကန့်အသတ်မရှိသွားမှာလား။ ကျွန်တော်တို့ ထိခိုက်နာကျင်မှု  အနည်းဆုံးနဲ့ နိုင်ငံကို ကိုယ့်စိတ်ကြိုက်တော့ ဖြစ်ချင်မှဖြစ်မယ်။ သို့သော် ဒီအခြေအနေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုကိုရောက်အောင်သွားမလားဆိုတာက ကျွန်တော်တို့ နိုင်ငံရေးသမားတွေအားလုံးမှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။

မေး လက်ရှိအကျပ်အတည်းနဲ့ ပတ်သက်ပြီး  ပြည်သူတွေကို သတင်းစကားပါးချင်တာ ဘာရှိလဲခင်ဗျ။

ဖြေ ကျွန်တော်တို့ ဖြတ်သန်းမှုအရ ပြောရရင်တော့ နိုင်ငံရေးကို ပြည်သူတွေ စိတ်ပျက်သွားပြီးတော့ လက်လျှော့လိုက်မှာကို ကျွန်တော် အင်မတန်စိုးရိမ်ပါတယ်။ တကယ်က နိုင်ငံတကာဖြစ်စဉ်တွေမှာ ကြည့်ကြည့်၊ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်စဉ်တွေမှာပဲ ကြည့်ကြည့် နောက်ဆုံးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခကအစ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပဲ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေကိုဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေး နွေးရေးဆိုတာ နိုင်ငံရေးနည်းလမ်း ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေး နည်းလမ်းဆောင်ရွက်နေတဲ့သူတွေ၊ နိုင်ငံရေးပါတီတွေ၊ နောက်တကယ့် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေဖြစ်လာအောင် ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီကြပါ။ တစ်ဖက်ကလည်းပဲ မတရားမှုကို ဆန့်ကျင်တယ်ဆိုတာ ကျွန်တော်တို့လည်း တစ်လျှောက်လုံး ဆန့်ကျင်လာတာ။ အဲဒါဟာမှန်ကန်တဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ အကြမ်းမဖက်နိုင်ငံရေးကိုယုံကြည်တဲ့သူတွေကတော့ ပြောစရာရှိလည်း ပြောမယ်။ ဝေဖန်စရာရှိလည်း ဝေဖန်မယ်။ ဖမ်းရင်လည်းလိုက်မယ်။ ကျွန်တော် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ဖမ်းမယ်ဆိုတာ ကျွန်တော်ကြိုသိတယ်။ ကျွန်တော်အထုပ်ပြင်ထားပြီးတော့ စောင့်နေတယ်။ ဖမ်းရင် လိုက်မယ်။ ဘယ် လောက်ချမလဲ ချ။ ကျွန်တော် တစ်ခါမှ ခံဝန်လက်မှတ်ထိုးပြီး ထွက်လာတာမရှိဘူး။ ဒါက ကျွန်တော် နိုင်ငံ ရေးသမားတစ်ယောက်ရဲ့ ယုံကြည်ချက်ပဲ။ ကျွန်တော့်ကို ၆၅ နှစ်နဲ့ ၆လ ချတုန်းကဆိုရင် ကျွန်တော် သာမန် လွတ်ရက်က ၂၀၇၄ ခုနှစ်မှ လွတ်မှာ။ အဲဒီကြားထဲမှာ လွတ်ချင်ရင် လက်မှတ်ထိုးဆို ကျွန်တော် မထိုးဘူး။ ဒါကျွန်တော့်ရပ်တည်ချက်ပဲ။ ယုံကြည်ချက်ပဲ။ နောက်ဆုံး ဦးသိန်းစိန်လက်ထက်မှာ သမ္မတကြေညာ ချက်ကျတော့မှ ကျွန်တော်လွတ်လာတယ်။ နိုင်ငံရေးသမားဟာ ဒီနိုင်ငံမှာ အနိမ့်ဆုံးတော့ အဖမ်းခံရမယ်ဆိုတာ ကြိုပြီးပြင်ဆင်ထားဖို့လိုတယ်။ အဲဒီလို တကယ့်ကို ပိုင်းဖြတ်ပြီးတော့ လုပ်နေတဲ့ နိုင်ငံရေးသမားတွေကိုလည်း ပြည်သူတွေက အားပေးထောက်ခံကြဖို့ လိုပါတယ်။ နိုင်ငံရေးမျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ကြပါနဲ့။ တကယ့်တကယ် နိုင်ငံရေးအရပဲ ထွက်ပေါက်ကို ရှာရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီတွေ အားကောင်းလာဖို့ နိုင်ငံရေးနည်းလမ်းတွေ အသက်ဝင်လာဖို့ကို ၀ိုင်းပြီးတော့အားပေးကြ၊ ကြိုးစားကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။

Most Read

Most Recent