ဒေါ်လာစျေး၊ ရွှေစျေး ကမောက်ကမနှင့် ကုန်စျေးနှုန်း ထိုးတက်လာမှုအကြား ခက်ခက်ခဲခဲ ရုန်းကန်နေရသော အခြေခံ ပြည်သူများ

ဒေါ်လာစျေး၊ ရွှေစျေး ကမောက်ကမနှင့် ကုန်စျေးနှုန်း ထိုးတက်လာမှုအကြား ခက်ခက်ခဲခဲ ရုန်းကန်နေရသော အခြေခံ ပြည်သူများ
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 2 June 2024

လတ်တလော ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး၊ ရွှေစျေး  အဆမတန်မြင့်တက်လာခဲ့ပြီး ယင်း၏နောက်ဆက်တွဲ ဂယက်ဖြစ်သည့် ကုန်စျေးနှုန်း မြင့်တက်လာမှုသည် အခြေခံပြည်သူလူထုအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက်ရှိသည်။

လက်ရှိတွင် အကျပ်အတည်းပေါင်းစုံ နှင့် ရင်ဆိုင်နေရသည့် စီးပွားရေးကဏ္ဍအ တွက် အလားအလာကောင်းများကို မည်ကဲ့ သို့ ဖော်ဆောင်ပေးမည်ကိုလည်း လုပ်ငန်း ရှင်များနှင့် ပြည်သူများက မျှော်လင့်နေကြ သည်။

မြန်မာ့စီးပွားရေးသည် လုပ်ရကိုင်ရ ခက်ခဲနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လျှပ်စစ်မီးအခက်အခဲ၊ ကျပ်ငွေတန်ဖိုးကျ ဆင်းကာ နိုင်ငံခြားငွေလဲနှုန်း အကျပ်အ တည်းများက တစ်ပူပေါ်တစ်ပူဆင့်ကာ ထိ လွယ်ရှလွယ်မြန်မာ့စီးပွားရေးအပေါ် ထပ်မံ ထိုးနှက်နေခဲ့သည်။

လုပ်ငန်းရှင်များအပေါ် မှီခိုနေရသည့် အလုပ်သမားထု၊ မိသားစုများနှင့် ပြည်သူ အများစုမှာမူ စီးပွားရေးအကျပ်အတည်းအောက် ရောက်နေကြပြီး ဝင်ငွေထွက်ငွေ မမျှတမှုနှင့် စားဝတ်နေရေးအတွက် လုံးပန်းနေရသည်ဆိုသည့်အသံများ ပို၍ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့သည်။

စံချိန်တင်ဒေါ်လာနှင့် ရွှေစျေးမြင့်တက်မှု

ငွေလဲနှုန်းသည် ကုန်စျေးနှုန်း၊ ရွှေစျေး နှုန်းတို့ကဲ့သို့ အဓိကကုန်စည်များ၏ စျေး နှုန်းအပေါ် သက်ရောက်မှုများပြီး နိုင်ငံလုံး ဆိုင်ရာ စီးပွားရေးတည်ငြိမ်မှု၏မျှခြေကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ လအလိုက်ဖြစ် ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ် တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခု နှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ် တို့ဖြစ်သည်။ ဧပြီတွင် ကျပ် ၁၆၀၀ ဝန်းကျင်၊ မေတွင် ကျပ် ၁၆၉၀ ဝန်းကျင်၊ ဒီဇင်ဘာ ၂၅ ရက်တွင် ၁၇၈၆ ကျပ်ဝန်း ကျင်ရောက်ရှိခဲ့ သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင် ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်  ဝန်းကျင်၊ ဖေဖော်ဝါ ရီ ၅ ရက်တွင် တစ်ဒေါ် လာ ကျပ်  ၁၉၀၀ ကျော်အထိ မြင့်တက်ခဲ့့ သည်။      

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၂၈၅၅ ကျပ်ရှိခဲ့ရာမှ ဒီဇင် ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၃၈၀ အထိ မြင့်တက်ခဲ့သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၅၄၀ အထိ မြင့် တက်လာခဲ့ပြီး မတ်လလယ်ခန့်တွင် ကျပ် ၃၈၅၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။  မေလကုန်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၅၀၀  ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း နိုင်ငံ ခြားငွေကြေးစျေးကွက်အတွင်းမှ သတင်းရရှိ ခဲ့သည်။

တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ် ငန်းဆောင်ရွက်နေသူများကို ငွေကြေးခဝါချ မှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊  တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် တရားမဝင်ဒီဂျစ်တယ် ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများ နှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူ ပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခု နှင့် Pay Account ၃၈ ခုတို့ကို ငွေစာရင်း ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မေ ၃၀ ရက်တွင် ဒေါ်လာ စျေးအနည်းငယ်ပြန်ကျလာခဲ့သည်။ သို့ သော် မေ ၃၁ ရက်တွင် အဆိုပါစျေးထက် ထပ်မံ မြင့်တက်ခဲ့သည်။ သို့သော်လည်း ဇွန် ၁ ရက် တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ကျပ် ၄၂၀၀ ဝန်းကျင်ရှိခဲ့သဖြင့် ဒေါ် လာစျေး ကျဆင်းလာသည်ဟုဆိုနိုင်ကြောင်း ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးက ပြောကြား သည်။

ရွှေစျေးအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင် စျေးနှုန်းအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အ လိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ ဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်တွင် ပြည် တွင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၁၄၄၀၀၀၀ ရှိခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ကျပ် ၁၈၁၈၀၀၀ အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းရွှေစျေး ဆက်တိုက်မြင့်တက်ခဲ့ပြီး  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် တစ် တစ်ကျပ်သားလျှင်  ၁၈၇၇၀၀၀ သို့ ရောက်ရှိ ခဲ့သည်။၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ်၂၈၆၀၀၀၀ အထိ ရှိလာခဲ့ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် ၃၈၇၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ ၂၀၂၄ ခုနှစ် မေလအတွင်း ယခင်ကစံချိန်တင် ဖြစ်ပေါ်ခဲ့သည့်ရွှေစျေးထက် ထပ်မံမြင့် တက်ကာ ရွှေစျေး ၅၆ သိန်းကျော်၊ အချို့ သောသတင်းများအရ ၅၈ သိန်းဝန်းကျင် အထိ မြင့်တက်ခဲ့သည်ဟု သိရသည်။ ဇွန် ၁ ရက်တွင်မူ ရွှေစျေးတစ်ကျပ်သားလျှင် ၅၂ သိန်းကျော်အထိ ကျရိပ်ပြလာခဲ့သည်။ သို့ သော်လည်း ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ အထက်ရှိနေခြင်းနှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ ရှိနေခြင်း၏ နောက်ဆက် တွဲဂယက်အဖြစ် ကုန်စည်စျေးနှုန်းလိုက် ပါမြင့်တက်မှုကို ပြည်သူများ ခံစားနေကြရ သည်။

         

ကုန်စျေးနှုန်းဂယက်နှင့် ပြည်သူများ

ရွှေနှင့်ငွေကြေးစျေးကွက်ကို ထိန်း ကျောင်းနိုင်ရန် ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ် ငန်းကော်မတီ ကို ဖွဲ့စည်းထားရှိပြီး ဒေါ်လာ နှင့်ရွှေစျေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသော ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်က ဦးဆောင်ဖွဲ့စည်းထား သည့် ရွှေနှင့် ငွေကြေးစျေးကွက် စောင့် ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီသည် ရွှေစျေးနှုန်းကို စျေးကစား ပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်းထုတ်လွှင့်နေသူများကိုလည်း ကောင်း၊ အရောင်းအဝယ်မဖြစ်သည့် လေ ပတ်ကား ရွှေစျေးနှုန်းများကို လူမှုကွန်ရက် မီဒီယာများတွင် ဖော်ပြပြီး ရွှေစျေးနှုန်းမငြိမ် မသက်ဖြစ်စေရန်  ဆောင်ရွက်နေသူများကို ဥပဒေနှင့်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရ သည်။

သို့သော်လည်း လက်ရှိအချိန်တွင် ရွှေ စျေးနှုန်းသည် တစ်ကျပ်သားလျှင် သိန်း ၅၀ အထက်တွင်သာရှိနေပြီး ငွေလဲနှုန်းအနေ ဖြင့်လည်း တစ်ဒေါ်လာလျှင် ကျပ် ၄၄၀၀ ကျော် သာရှိနေသေးသဖြင့် ယင်း၏နောက် ဆက်တွဲ  ကုန်စျေးနှုန်း အဆမတန်မြင့်တက် လာခဲ့ သည်။

“အခု ခေတ်စားနေတဲ့စကားက မနက် ဖြန်ဆို ဒီစျေးနဲ့မရတော့ဘူးတဲ့။ အခု ဘဲဥ တစ်လုံးကို ၅၀၀ ဖြစ်သွားပြီ။ ၂၀၂၀ ခုနှစ် လောက်က ဘဲဥတစ်လုံး ၁၀၀၊ ၁၂၀ ရှိရာ ကနေ အခု ၅၀၀၊ ကြက်ဥကလည်း တစ်လုံး ကို ၃၀၀ ၊ ၃၅၀။ ကန်စွန်းရွက်တစ်စည်းကို ၆၀၀။ လှည်းတန်းစျေးလိုစျေးတွေမှာ ငရုတ် သီးစိမ်း ၁၀၀၀ ဖိုး၊ နံနံပင် ၁၀၀၀ ဖိုးပဲ ရောင်း တယ်တဲ့ ။ ကျွန်မတို့ ရပ်ကွက်စျေးထဲမှာတော့ ဘာဝယ်ဝယ် ၅၀၀ ဖိုးအနည်းဆုံး ဝယ်ရ တယ်။ ခဝဲသီး သုံးလုံး ၂၀၀၀၊ အသီးအရွက် စျေးတွေ ခေါင်ခိုက်နေရောပဲ”ဟု တာမွေမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

ထို့ပြင် ဆေးဝါးစျေးနှုန်းများ မြင့်တက် နေပြီး အချို့ဆေးဝါးများမှာ စျေးကွက်အ တွင်း မရှိသဖြင့် အာနိသင်တူသည်ဆိုသည့် ဆေးဝါးများကို သုံးစွဲနေရကြောင်း နိုင်ငံခြား ဆေးဝါးစျေးကွက်အတွင်းမှ သိရသည်။

စျေးကွက်အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသည့် ဆေးဝါးများမှာ နှလုံး၊ ဆီးချို၊ သွေး ချို အစရှိသည့် ရေရှည်သောက်သုံးရသည့် ဆေးဝါးများဖြစ်ကြောင်း သိရသည်။

“အခုစျေးကွက်ထဲမှာ နှလုံးဆေးတို့၊ ဆီးချိုဆေးတို့ဆိုရင် တော်တော်လေးကိုရှာ နေရတယ်။ ရှိတယ်ဆိုရင်လည်း စျေးကကြီး တယ်။ ဆိုင်မှာလည်း သိပ်မတင်နိုင်ဘူး။ ဖောက်သည်လောက်ကိုပဲ ရှာပေးနိုင်တော့ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာကေ တမြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင်တစ် ဆိုင်မှ ဆေးဝါးရောင်းချနေသူတစ်ဦးက ပြောကြားသည်။

အချို့ဆေးဝါးများမှာ စျေးကွက်အ တွင်း မရှိသဖြင့် ၎င်းင်းနှင့်အာနိသင်တူညီသည့် ဆေးဝါးများကိုသာ အစားထိုး သုံးစွဲနေရ ကြောင်း သိရသည်။

“တချို့ကျတော့ တံဆိပ်ကို အစွဲကြီးတဲ့ သူတွေရှိတယ်။ ဒီတံဆိပ်နဲ့အဆင်ပြေတယ် ဆိုရင် ဒီတံဆိပ်ကိုပဲ ဒီဆေးဝါးကိုပဲသောက် ကြတာ။ ဒါကလည်း ဆေးသောက်တဲ့သူတွေ မလွန်ဘူး။ ဆရာဝန်က ဒါသောက်ရမယ်လို့ ညွှန်ထားတယ်။ ရောဂါကလည်းသက်သာ တော့ ဒီတံဆိပ်ပဲ သောက်ကြတာ။ တချို့က တော့ အစားထိုးသုံးလို့ရတာကိုတော့ သုံးကြ တယ်။ များသောအားဖြင့်ကတော့ အရင်တံ ဆိပ်ကိုပဲ မေးကြတာများတယ်” ဟု အဆို ပါဆေးဆိုင်က ဆက်လက်ပြောကြားသည်။

ဆေးဝါးစျေးနှုန်းများသည် အတက်စျေး မှာပင်ရှိနေသဖြင့် ဆေးပြန်လည်ဝယ်ယူပါက အရင်းထပ်မံထည့်သွင်းရသည်ဟု ဆေးဝါး အရောင်းဆိုင်အချို့က ပြောကြားသည်။

“ဆေးစျေးနှုန်းတွေက တစ်ခါဝယ်ရင် တစ်ခါတက်တယ်။ အမှတ်မမှားရင် ၁၀ ရာ ခိုင်နှုန်းလောက်တက်သွားတာကြုံဖူးတယ်။ ဥပမာ အရင်က နှစ်သောင်းလောက်ပဲပေးရတဲ့ ဆေးဆိုရင် ကုန်လို့သွားဝယ်ရင် အရင်းတင် နှစ်သောင်းနှစ်ထောင်ပေးရတယ်။ တချို့ဆေး တွေဆိုရင်လည်း မတက်တဲ့ဆေးမရှိဘူး။ အ နည်းဆုံးတော့ ငါးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း လောက်တက်သွားတယ်” ဟု မြောက်ဒဂုံမြို့ နယ်ရှိ ဆေးဆိုင်တစ်ဆိုင်က ပြောကြားသည်။

ပန်းနာရင်ကျပ်သမားများ မရှိမဖြစ်လို အပ်သည့် ဗင်တိုလင်ဆေးသည် ယခင်က တစ်ခုလျှင် ကျပ်ငါးထောင်ကျော်သာရှိခဲ့သော် လည်း လွန်ခဲ့သည့် ခြောက်လကျော်မှ စတင် ကာ စျေးနှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိတွင် သုံးသောင်းခွဲအထိ ရှိနေသည်ဟု အဆိုပါ ဆေးဝါးသုံးစွဲသူတစ်ဦးက ပြောကြားသည်။

“ကျွန်မက ဗင်တိုလင်ဂေါက်လို့ခေါ် တယ်။ အဲဒီဟာလေးဆိုရင် အရင်က ထောင် ဂဏန်းပဲရှိတာ။ အခု အဲဒီဟာက သုံးသောင်း ခွဲပေးဝယ်ရတယ်။ ဒါတောင်တစ်ခါတလေ ပစ္စည်းပြတ်သွားရင် လေးသောင်းကျော်အထိ ဖြစ်သွားတယ်” ဟု ဆေးဝါးသုံးစွဲသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားငွေစျေးပြောင်းလဲမှုအပေါ် မူ တည်ပြီး နိုင်ငံခြားဆေးဝါးစျေးကွက်တွင် စျေးနှုန်းများ ပြောင်းလဲလျက်ရှိသည်ဟု အဆို ပါစျေးကွက်အတွင်းမှ သိရသည်။

“ဒါတင်ဘယ်ကမလဲ။ မေ ၈ ရက်က ensure တစ်ဘူးကို ၅၃၀၀၀ နဲ့ ဝယ်ရတယ်၊ ဒီနေ့ (မေ ၃၁ ရက်) ဆိုရင် ၅၆၉၅၀ တဲ့။ ၅၇၀၀၀ ပဲ ပြောပါတော့။ နှစ်ပတ်လောက်အ တွင်းမှာ တစ်ဘူးကို ၄၀၀၀ လောက်တယ်၊ တချို့ဆိုင်တွေမှာ ပစ္စည်းပြတ်နေတယ်တဲ့၊ တချို့ဆေးတွေ ပစ္စည်းပြတ်နေတယ်ဆိုတာ ချည်းပဲ။ betax တစ်ကတ်ကို ၃၅၀၀ ဖြစ် သွားပြီ။ ဆေးတွေ နို့မှုန့်တွေ စတဲ့ နိုင်ငံခြား သွင်းတဲ့ပစ္စည်းတွေတင် စျေးတက်နေတာ မဟုတ်ဘူး။ ပြည်တွင်းထုတ်တဲ့ဟာတွေ၊ ကုန်စိမ်းတွေ အကုန်မှအကုန်ကို စျေးတက် တာ၊ မုန့် ဟင်းခါးအလွတ်တစ်ပွဲကို စက်မှုဇုန် ထဲမှာတောင် ၁၂၀၀ ဖြစ်နေပြီ။ လက်ဖက် ရည်ဆိုင်တွေမှာဆို ၁၅၀၀။ ထမင်းသုပ် ကြက်ဥကြော်နဲ့ကို ၂၈၀၀ တဲ့။ ကဲ ဘာလုပ် စားကြမလဲ”ဟု ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခု တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြော ပြသည်။

လက်ရှိဖြစ်ပေါ်နေသည့် ဒေါ်လာစျေး  မြင့်တက်နေမှု၊ အခြေခံလူတန်းစားများ လက်လှမ်းမမီ၊ မဝယ်နိုင်သည်အထိ မြင့် တက်ခဲ့သည့် ရွှေစျေးနှင့် ယင်း၏နောက် ဆက်တွဲဂယက်အဖြစ် ကုန်စည်စျေးနှုန်း ယ ခင်ကထက် သုံးဆ မြင့်တက်နေကို အခြေခံ ပြည်သူများ  အလူးအလဲခံစားနေကြပြီး ဒေါ် လာစျေးနှင့်ရွှေစျေးအဆမတန်မြင့်တက်မှု တွင် အခြေခံပြည်သူများသာ အထိနာနေ သည်။

ထို့ကြောင့် နိုင်ငံခြားငွေလဲနှုန်းတည် ငြိမ်ရေးနှင့် ရွှေစျေးကွက်တည်ငြိမ်ရေးအ တွက် အရေးယူမှုများ ဆောင်ရွက်နေသည် ဆိုသော်လည်း ရွှေစျေး၊ ဒေါ်လာစျေးနှင့် ကုန်စျေးနှုန်း ကျဆင်းမှုမရှိသဖြင့် ယင်းကဲ့သို့ အရေးယူမှုများသည်ပင် ထိရောက်မှုမရှိ ဖြစ်နေပြီလားဆိုသည့် မေးခွန်းထုတ်မှုများ ပင် ရှိလာသည်။

လက်ရှိအချိန်အထိ မြန်မာ့စီးပွားရေး က တုံ့ဆိုင်းနေဆဲဖြစ်ပြီး စီးပွားရေး တည်ငြိမ် မှုကို ညွှန်းဆိုနိုင်မည့် အဓိကစျေးနှုန်းများ လှုပ်ခတ်မှုဒဏ်ကို ပြည်သူအများ ခံစားနေ ရသောကြောင့် လက်ရှိအကျပ်အတည်းအ ပေါ် မကိုင်တွယ်နိုင်ပါက ဆိုးသထက်ဆိုး သည့်အခြေအနေမျာသာ ဖြစ်ပေါ်လာနိုင်သ ဖြင့် မြန်မာ့စီးပွားရေးကို နိုင်ငံသူ၊ နိုင်ငံသား များက အကောင်းမြင်နိုင်စေရန် ကြိုးစား အားထုတ်မှုကောင်းများ လိုအပ်လျက်ရှိ သည်။

ငွေလဲနှုန်းသည် ကုန်စျေးနှုန်း၊ ရွှေစျေး နှုန်းတို့ကဲ့သို့  အဓိကကုန်စည်များ၏စျေး နှုန်းအပေါ် သက်ရောက်မှုများပြီး နိုင်ငံလုံး ဆိုင်ရာ စီးပွားရေးတည်ငြိမ်မှု၏မျှခြေကို ထိန်းချုပ်ထားသဖြင့် ငွေလဲနှုန်း အတက် အကျ ကြမ်းပါက စီးပွားရေး အခြေအနေ သည်လည်း ကမောက်ကမဖြစ်စေပြီး ရှိရင်း စွဲ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေမည် ဖြစ်သည်။ ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ  မြင့်တက်လာသည်။ စျေးနှုန်းများ မတည်မငြိမ် ဖြစ်ပေါ်မှုသည် စီးပွားရေး အဝန်းအဝိုင်းတစ်ခုလုံးအတွက် မှန်းဆရခက်ခဲသည့် အခြေအနေကို တွန်းပို့ နေခြင်း ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေ လဲနှုန်းနှင့် ရွှေစျေးနှုန်းသည် ပြည်တွင်းအခြေ အနေများနှင့်ကမ္ဘာ့စျေးကွက်အနေအထား အပေါ် မူတည်ပြီး ပြောင်းလဲနေဦးမည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ဒေါ်လာစျေး၊ ရွှေစျေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုအကြား ခက်ခက်ခဲခဲရုန်းကန်နေရသည့်ပြည်သူများ အတွက် လက်ရှိအစိုးရအနေဖြင့် စီးပွားရေး တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်အောင်ကြိုးစားဆောင်ရွက်နေမည်ဟု မျှော်လင့်ထားကြ ကြောင်း သိရသည်။

 

 

Most Read

Most Recent