ပူတင်၏ ပလန် 'ဘီ' နှင့် ထိပ်တိုက်တွေ့သော ဘိုင်ဒင်နှင့် ဇယ်လန်းစကီး၏ ပလန် 'အေ'

ပူတင်၏ ပလန် 'ဘီ' နှင့် ထိပ်တိုက်တွေ့သော ဘိုင်ဒင်နှင့် ဇယ်လန်းစကီး၏ ပလန် 'အေ'
Published 23 March 2022
ဘာသာပြန် - မိုးဧအောင်

(The New York Times သတင်းစာတွင် ဖော်ပြခဲ့သော ယခု "It’s Now Putin’s Plan B in Ukraine vs. Biden’s and Zelensky’s Plan A" ဆောင်းပါးရေးသားသူ Thomas L. Friedman သည် နိုင်ငံရေးသုံးသပ်သူ၊ အမေရိကန် စာရေးဆရာဖြစ်သည်။ နယူးယောက်တိုင်း၏ အပတ်စဉ် ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး ပူလစ်ဇာဆု သုံးကြိမ်တိုင် ဆွတ်ခူးခဲ့သူဖြစ်သည်။ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ အရှေ့အလယ်ပိုင်းအရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက်မှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သည်။

သူသည် Brandeis တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ အောက်စ်ဖို့ဒ်၊ စိန့်အန်ထော်နီကောလိပ်မှ M.Phil ဘွဲ့နှင့် ကိုင်ရိုရှိ The American University ၌ Arabic Studies တို့ကို ဆည်းပူးခဲ့သည်။ ပုံနှိပ်ထုတ်ဝေပြီး ထင်ရှားသော စာအုပ်များမှာ "From Beirut to Jerusalem" (National Book Award ဆုရ)၊ "The Lexus and the Olive Tree: Understanding Globalization"၊ "Longitudes and Attitudes: Exploring the World After September 11"၊ "The World Is Flat: A Brief History of the Twenty-first Century"၊ "Hot, Flat, and Crowded: Why We Need a Green Revolution—And How It Can Renew America" နှင့် "Thank You for Being Late: Finding a Job, Running a Country, and Keeping Your Head in an Age of Accelerations" တို့ ဖြစ်သည်။

ဖရိုက်မင်းသည် ပူလစ်ဇာဆုကို သုံးကြိမ်ရခဲ့သည်။ ပထမအကြိမ်အဖြစ် ၁၉၈၃ ခုနှစ် လက်ဘနွန်စစ်ပွဲအတွင်း နိုင်ငံတကာသတင်းပို့ပုံ ထူးချွန်ဆုကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၈၈ ခုနှစ် အစ္စရေးသတင်းများ တင်ဆက်မှုအတွက်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၀၂ ခုနှစ် အကြမ်းဖက်သူတို့၏ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ရိုက်ခတ်ချက်များ သုံးသပ်ရေးသားခဲ့သည့်အတွက်လည်းကောင်း ပူလစ်ဇာဆုများ အပ်နှင်းခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ပူလစ်ဇာဆု ရွေးချယ်ရေး ဘုတ်အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်၌ တာဝန်မှ အနားယူခဲ့သည်။)

စစ်ပွဲကာလ တစ်လကြာ ရှုပ်ထွေးမှုများ ကျော်လွန်ပြီးနောက် ယခုအခါ ယူကရိန်း၌ မည်သို့သော မဟာဗျူဟာများ အကောင်အထည်ဖော်နေသည်မှာ ရှင်းလင်းလာပြီဖြစ်သည်။ မြင်နေရသည်က ဗလာဒီမာပူတင်၏ ပလန် 'ဘီ' နှင့် အပြန်အလှန်အားဖြင့် ဂျိုးဘိုင်ဒင်၊ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့၏ ပလန် 'အေ' တို့ ထိပ်တိုက်တွေ့နေပုံ ဖြစ်ပါသည်။ ဘိုင်ဒင်နှင့် ဇယ်လန်းစကီးတို့ အောင်ပွဲခံနိုင်စေကြောင်း ဆုတောင်းရပါမည်။ အကြောင်းမှာ ပူတင်၏ ဆက်သွားနိုင်ဖွယ် ပလန် 'စီ' မှာ အမှန်တကယ် ထိတ်လန့်ဖွယ်ဖြစ်ပြီး သူ၏ ပလန် 'ဒီ' က မည်သို့ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရှိကြောင်းကို ရေးမပြရဲအောင်ပင် ဖြစ်ပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ ပြောရလျှင် ကရင်မလင်၌ လျှို့ဝှက်သတင်း ရရှိနိုင်သောရင်းမြစ် မရှိပါ။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အရှေ့အလယ်ပိုင်း၌ ပူတင်မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တောက်လျှောက်စောင့်ကြည့်ခဲ့သော အတွေ့အကြုံသာ ရှိပါသည်။ ထိုအတွေ့အကြုံအရ ပြောရလျှင် ပူတင်သည် သူ၏ ပထမဦးစားပေးအစီအစဉ် ပလန် 'အေ' မအောင်မမြင်ဖြစ်သွားကြောင်း သဘောပေါက်နားလည်သွားသည်မှာ ထင်ရှားပါသည်။ သူ့မျှော်လင့်ချက်မှာ ရုရှားတပ်ကြီး ယူကရိန်းသို့ ချီတက်မည်၊ ထိပ်ပိုင်းရှိ "နာဇီ"ခေါင်းဆောင်မှုကို ရှင်းထုတ်မည်၊ ထို့နောက် တစ်နိုင်ငံလုံး ငြိမ်းချမ်းစွာ ကျဆုံးပြီးနောက် ရုရှား၏ "လက်ခုပ်ထဲက ရေ" ဖြစ်မည်။ ယခုတော့ ပလန် 'ဘီ' သို့ ရွှေ့သွားပါပြီ။

ပလန် 'ဘီ' အရ လွန်ခဲ့သော သီတင်းပတ်များအတွင်း ရုရှားတပ်မတော်က ပြုခဲ့သည့်အတိုင်း ယူကရိန်း အရပ်သားများ၊ လူနေအိမ်ခြေများ၊ ဆေးရုံများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဗုံးခိုကျင်းများပါမကျန် ဂရုမစိုက်ဘဲ ပစ်ခတ်မည်။ ရည်ရွယ်ချက်မှာ ယူကရိန်းနိုင်ငံသားများ သူတို့အိုးအိမ်ကို စွန့်ခွာထွက်ပြေးကြရန်၊ ယူကရိန်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းကြီးတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် ပို၍ အဓိကကျသည်မှာ အနီးရှိ နေတိုးအဖွဲ့ဝင် နိုင်ငံများ၌ ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းများ ထုနှင့်ထည်နှင့် ပေါ်ပေါက်လာစေရန်ဖြစ်သည်။

သင်္ကာမကင်းဖြစ်ရသည်မှာ ပူတင်သည် ယူကရိန်းတစ်နိုင်ငံလုံးကို စစ်ရေးနည်းဖြင့် သိမ်းပိုက်နိုင်ခြင်းမရှိသကဲ့သို့ ငြိမ်းချမ်းစွာ လက်နက်ချစေခြင်း မဖြစ်နိုင်ခဲ့သော် နောက်ထပ် အကောင်းဆုံးအရာကို မည်သို့ တွေးခဲ့လေသနည်း။ လူဦးရေ ငါးသန်းမှ ၁၀ သန်းကျော်အထိ ယူကရိန်းဒုက္ခသည်များဖြစ်စေပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကို ပိုလန်၊ ဟန်ဂေရီနှင့် ဥရောပအနောက်ပိုင်းသို့ "အရောက်ပို့"လိုက်ခြင်း ဖြစ်သည်။ ဤသို့ဖန်တီးလိုက်၍ အဆိုပါ နေတိုးအဖွဲ့ဝင်နိုင်ငံများ၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ ပြင်းထန်စွာ ကျရောက်သွားစေသည်။ ထိုအခါ အဆိုပါ နေတိုးနိုင်ငံများက ဇယ်လန်းစကီးကို ပူတင်၏အလိုကျ လိုက်လျောရန် ဖိအားပေးခြင်းဖြင့် စစ်ကို အဆုံးသတ်ရန်ဖြစ်သည်။

ပူတင်မျှော်လင့်သည်မှာ ဤအစီအစဉ်အတိုင်း အလုပ်ဖြစ်ခဲ့လျှင် စစ်ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတစ်စုံတစ်ရာမှ သူ ကင်းလွတ်ပြီး ရုရှားသည်လည်း "ဝိုင်းပယ်ခံ"ဘဝမှ လွတ်ကင်းမည်။ ရုရှားထံမှ ရေနံ၊ ဓာတ်ငွေ့နှင့်ဂျုံ လိုအပ်နေသော နိုင်ငံများက လည်းကောင်း၊ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော အီရန်နျူကလီးယားကိစ္စကဲ့သို့ ဒေသန္တရအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် ရုရှား၏ အကူအညီကို ရယူခြင်းဖြင့်လည်းကောင်း၊ တွန်းအားပေါင်းစုံက "လူဆိုးလေး ပူတင်"နှင့် စီးပွားရေး"တွဲလုပ်"ကြရန် အတိတ်ကာလကဲ့သို့ပင် ရှိနေပါလိမ့်မည်။

တကယ်တော့ ပူတင်၏ ပလန် 'ဘီ' သည် လူသိရှင်ကြား သိသွားစေရန် ရည်ရွယ်ခဲ့ပုံမရပါ။ လွန်ခဲ့သော တနင်္ဂနွေနေ့၊ မတ်လ ၂ဝရက်၌ ပြင်သစ်သတင်းဌာန AFP က "စစ်ပွဲစတင်ချိန်မှ ယနေ့အထိ ဒုက္ခသည် ၃.၃ သန်းသည် ယူကရိန်းမှ ထွက်ပြေးခဲ့ကြကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အလျင်မြန်ဆုံးသော ဒုက္ခသည်အကျပ်အတည်း ဖြစ်လာကြောင်း၊ ဒုက္ခသည်အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ စာရင်းအရ နောက်ထပ် ဒုက္ခသည် ၆.၅ သန်းမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း" ကိယက်ဗ်မြို့တော်မှ သတင်းပေးပို့ခဲ့သည်။

အဆိုပါသတင်း၌ ဆက်လက်ဖော်ပြသည်မှာ "လွန်ခဲ့သော စနေနေ့က နောက်ဆုံးရရှိသော ထောက်လှမ်းရေးသတင်းများအရ ယူကရိန်းသည် သူ၏ဝေဟင်ပိုင်နက်ကို ရုရှားတို့အသုံးပြု တိုက်ခိုက်ခြင်းမဖြစ်အောင် ခက်ခက်ခဲခဲ ကာကွယ်နေရကြောင်း၊ ရုရှားသည် သူ၏ စစ်ဆင်ရေးပုံသဏ္ဌာန်ကို ပြောင်းလဲကာ "အမှည့်ခြွေ ခြွေသည့်"ပုံစံမျိုး ပြောင်းလဲလာကြောင်း၊ အရပ်သားများ ပိုမိုထိခိုက်စေရန်၊ ယူကရိန်း၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ပိုမိုကြီးထွားစေရန် ပစ်မှတ်များကို လက်လွှတ်စပယ် ပိုမိုပစ်ခတ်လာပုံရကြောင်း" ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပူတင်၏ ပလန် 'ဘီ' သည် ဘိုင်ဒင်နှင့် ဇယ်လန်းစကီးတို့ကို "ဦးနှောက်စား"စေသည်။ ဇယ်လန်းစကီး၏ ပလန် 'အေ' မှာ သူ ထင်ထားသည်ထက် ပိုမိုစောစီးကာ ပွဲပြီးသွားပုံရသည်။ သူ့အစီအစဉ်မှာ ရုရှားတပ်များကို မြေပြင်သို့ စစ်မြှူခေါ်ဆောင်ကာ စစ်ဦးချိုးပစ်ခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးချိန်၌ ကရင်မလင်ခေါင်းဆောင်များအဖို့ ကြီးကြီးကျယ်ကျယ် သိက္ခာမကျစေဘဲ ဇယ်လန်းစကီး၏အလိုကို ပူတင်က လိုက်လျောလာစေရန် ဖြစ်သည်။ ရုရှားတပ်ဖွဲ့များက ရိုင်းစိုင်းရက်စက်စွာ သွေးထွက်သံယို တိုက်ခိုက်၍ ဗုံးများ ကြဲချခဲ့ပြီးနောက် ဇယ်လန်းစကီးသည် မျှော်တွေးချင့်ချိန်လျက် သံတမန်ရေးရာ အဖြေတစ်ရပ်ကို ရှာဖွေနိုင်ရန် သူ့တပ်ဖွဲ့နှင့် ပြည်သူများနှင့်အတူ တိုက်ပွဲဝင်ရင်း စေ့စပ်ဆွေးနွေးရန် တွန်းအားပေးနေဆဲ ဖြစ်သည်။

လေ့လာသုံးသပ်သူများနှင့် အမေရိကန်အရာရှိများ၏အဆိုအရ သီတင်းသုံးပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ယူကရိန်းစစ်ပွဲသည် မတိုးသာမဆုတ်သာ အနေအထားသို့ ရောက်ရှိနေပြီး ရုရှားသည် အဖျားအနား အသာရမှုများသာ ပြုလုပ်လျက် အရပ်သားများကို တိုး၍တိုး၍ ပစ်မှတ်ထားလာနေကြောင်း မတ် ၂၀ ရက်တွင် The Times က ဖော်ပြခဲ့သည်။ "ဒီစစ်ပွဲရဲ့ ကနဦးရုရှားရည်မှန်းချက်ကို ယူကရိန်းတပ်တွေက ချေမှုန်းလိုက်ပါတယ်"ဟု ဝါရှင်တန်မြို့အခြေစိုက် သုတေသနအဖွဲ့ဖြစ်သော Institute for the Study of War က သုံးသပ်ချက်တစ်ရပ်၌ ပြောကြားထားသည်။ "မြို့တော် ကိယက်ဗ် ဒါမှမဟုတ် ခါကိဗ်နဲ့ အိုဒက်ဆာလို အဓိကမြို့ကြီးတွေကို သိမ်းဖို့ ရုရှားတွေမှာ လူအင်အား ဒါမှမဟုတ် ကိရိယာတန်ဆာပလာ မရှိပါဘူး"ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

စစ်ပွဲ မစတင်မီ ပူတင်ကို ဟန့်တားရန် အားထုတ်မှုတစ်ရပ်အဖြစ် သူ့အား ပေါ်ပေါ်ထင်ထင် သတိပေးခဲ့သည့် ဘိုင်ဒင်၏ ပလန်'အေ'မှာ ရုရှားစီးပွားရေးကို တဖြည်းဖြည်းနှင့် လုံးဝ ရပ်တန့်သွားစေရန် ရည်ရွယ်လျက် အနောက်အုပ်စုက မလုပ်မီ တစ်ခါမျှ မခံခဲ့ရဖူးသည့် စီးပွားရေးပိတ်ဆို့မှုပုံစံမျိုးတို့ကို ရုရှားအပေါ် ချမှတ်ရန် ဖြစ်ခဲ့သည်။ ရုရှားကို စစ်ရေးအရ ဖိအားပေးရန် ယူကရိန်းတို့ထံ လက်နက်များ ပေးပို့ခြင်းလည်း ပါဝင်သည့် ဘိုင်ဒင်၏ မဟာဗျူဟာသည်လည်း ယင်းကဲ့သို့ပင် ဆက်သွားနေဆဲဖြစ်၏။ ရုရှားတွင် လုပ်ကိုင်နေသော ရာနှင့်ချီသည့် ပြည်ပလုပ်ငန်းများအနေဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် သို့မဟုတ် လုပ်သားများက ဖိအားပေးသောကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်ခြင်းကလည်း ဖိအားကို ဆတိုးကြီးမားသွားစေသည့်အတွက် ဘိုင်ဒင်၏ မျှော်မှန်းချက်များထက် ကျော်လွန်သည်အထိပင် အောင်မြင်နေပုံရ၏။

ရုရှားတို့အနေဖြင့် အနောက်တိုင်းထံမှ ၎င်းတို့ လိုအပ်သော မိုက်ခရိုချစ်ပ်နှင့် အခြားကုန်ကြမ်းများကို ရရှိနိုင်ခြင်း မရှိသောကြောင့် ယခုအခါ စက်ရုံများအား ပိတ်လိုက်ရတော့မည်ဖြစ်သည်။ (ရုရှား၏ သယ်ယူပို့ဆောင်ရေး လေယာဉ်အများအပြားကို အမှန်တကယ်၌ အိုင်ယာလန်နှင့် စာချုပ်ထားသော ကုမ္ပဏီများက ပိုင်ဆိုင်ပြီး Airbus နှင့် Boeing ကုမ္ပဏီတို့ကလည်း ရုရှားက တိုက်ရိုက်ပိုင်ဆိုင်သည့် လေယာဉ်များကို ဝန်ဆောင်မှုပေးတော့မည်မဟုတ်သောကြောင့် 'ရုရှားသို့' နှင့် 'ရုရှားတစ်ဝိုက်' လေကြောင်းသွားလာမှုများ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်သည်။) ယခုအခါ ထောင်နှင့်ချီသော နည်းပညာလုပ်သား ရုရှားလူငယ်များသည် စစ်ပွဲကို ဆန့်ကျင်ခဲ့ကြပြီး မတရားသည့်ဤစစ်ပွဲကို ပူတင် စတင်ခဲ့သည့် တစ်လအတွင်းမှာပင် နိုင်ငံမှ ထွက်ခွာသွားကြသည်။

"ရုရှားကို ဝင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ထက်ဝက်ကျော်ဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ လမ်းကြောင်းအတိုင်း ပိတ်ဆို့မှုတွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေလုပ်ဆောင်ကြတဲ့ ၄၆ နိုင်ငံနဲ့အထက်ကနေ လာတာ"ဟု စီးပွားရေးသုတေသနအဖွဲ့ ဖြစ်သော Castellum.ai. ကို ကိုးကားလျက် The Washington Post က ဖော်ပြခဲ့သည်။

"မတ် ၁၇ ရက်က ရုပ်သံမိန့်ခွန်းမှာတော့ ခေါင်းမာတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တစ်ယောက် သူ့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို သတိပြုမိပုံပါပဲ။ 'အကျယ်အပြန့် ပိတ်ဆို့မှုတွေက ကျွန်တော်တို့စီးပွားရေးမှာ ခက်ခဲတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲတွေ နက်နက်ရှိုင်းရှိုင်း လုပ်ရဖို့ တွန်းအားပေးလာပါလိမ့်မယ်၊ ဒါပေမဲ့ ရုရှားဟာ စီးပွားရေးဆိုင်ရာမိုးကြိုးစစ်ဆင်ရေးတစ်ရပ်နဲ့ ဝိုင်းချဖို့ ကြိုးစားတာတွေကို ကျော်လွှားသွားမယ်လို့ ကတိပြုပါတယ်'လို့ သူက ပြောသွားပါတယ်"ဟု The Washington Post က ဖြည့်စွက်ဖော်ပြခဲ့သည်။

"ဒီအချိန်အခိုက်အတန့်ဟာ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ရုရှား ဘဏ္ဌာရေးကုမ္ပဏီတွေ၊ အထင်ကရလုပ်ငန်းစုတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ မကြုံစဖူးဖိအားတွေကို ရင်ဆိုင်နေရတယ်"ဟု ပူတင်က ပြောကြောင်း The Washington Post က ဆက်လက်ဖော်ပြခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် အရေးအကြီးဆုံး မေးခွန်းက ရှိနေသည်။ "တစ်နေ့တစ်နေ့ ပိုပိုလာနေသော ပူတင်၏ စစ်ပွဲယန္တရားက ဖန်တီးလိုက်သည့် ဒုက္ခသည်တစ်ရပ်လုံးထံမှ နေတိုးနိုင်ငံများအပေါ် ဖိအား"က "တစ်နေ့တစ်နေ့ ပိုပိုလာနေသော ယူကရိန်းမြေပြင်၌ တန့်နေသည့် သူ၏ စစ်တပ်နှင့်ပတ်သက်သော၊ သူ၏ ပြည်တွင်းအဝင် စီးပွားရေးအပေါ် ဖန်တီးထားသော ဖိအား"ထက် တစ်ပန်းသာသွားမလားဟူသည့် မေးခွန်းပင်ဖြစ်သည်။

ဤမေးခွန်း၏ အဖြေကပင် "စစ်ပွဲ မည်သည့်အချိန် မည်သို့မည်ပုံ အဆုံးသတ်သွားမည်နည်း"၊ "နိုင်သူ ရှုံးသူဟူ၍ ပြတ်သားသည့် ရလဒ် ထွက်လာမည်လား" သို့မဟုတ် ပို၍ဖြစ်နိုင်သေးသည့် "ပူတင်ဘက် သို့မဟုတ် ပူတင်၏ ဆန့်ကျင်ရာဘက် ယိမ်းသည့် ညစ်ပတ်သော အပေးအယူတစ်မျိုးမျိုး ထွက်ပေါ်လာမည်လား"တို့နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးသွားနိုင်သည်။

ဖြစ်နိုင်သည်ဟုသာ ပြောရခြင်းမှာ သူမသာကိုယ်မသာဖြစ်သော သို့မဟုတ် ညစ်ပတ်သော မည်သည့်အပေးအယူသဘောတူညီချက်မျိုးကိုမဆို ၎င်းအနေဖြင့် သည်းမခံနိုင်ဟု ပူတင်အနေဖြင့် ခံစားရနိုင်သောကြောင့်ဖြစ်သည်။ အကြွင်းမဲ့အောင်ပွဲတစ်ရပ်မှလွဲ၍ အခြားအရာမှန်သမျှသည်

ပါဝါအပေါ် သူ၏ အာဏာရှင်ဆန်သော ချုပ်ကိုင်မှုအား လျော့ရဲသွားစေသည့် အရှက်ခွဲမှုတစ်ရပ် ဖြစ်သည်ဟု ပူတင်အနေဖြင့် ခံစားရနိုင်သည်။ ထို့ကြောင့်

ပိုလန်နယ်စပ်ကို ဖြတ်သန်းရသည့် ယူကရိန်းစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို လေကြောင်း သို့မဟုတ် ရော့ကက်ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်း ပါဝင်သည့် ပလန် 'စီ'ကို ပူတင် ရွေးနိုင်သည်။

ပိုလန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး သူ၏ ပိုင်နက်အပေါ် မည်သည့်တိုက်ခိုက်မှုမျိုးမဆိုက အခြားနေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးကို ပိုလန်ကာကွယ်ရေးဆီ ပူးပေါင်းပါဝင်လာစေလိမ့်မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယင်းကိစ္စကို တွန်းလုပ်နိုင်ပါက ပိုလန်ကို ကာကွယ်ရေး၌ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ တွန့်ဆုတ်နေသောကြောင့် နေတိုး ပြိုကွဲသွားနိုင်သည်ဟု ပူတင်က ယုံကြည်နေနိုင်သည်။ယင်းသည် ရုရှားနှင့် ဖြစ်နိုင်ဖွယ် တတိယကမ္ဘာစစ်တစ်ရပ်၌ တိုက်ရိုက်ပါဝင်ရမှုနှင့်ပတ်သက်၍ နေတိုးနိုင်ငံအားလုံး (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) အတွင်း ပြင်းထန်သည့် ငြင်းခုံမှုများကို မီးမွှေးပေးမည်မှာ သေချာနိုင်၏။

ယူကရိန်း၌ မည်သို့ပင်ဖြစ်စေကာမူ ပူတင်အနေဖြင့် နေတိုးကို ဖြိုခွဲနိုင်ပါက သူ၏ အခြားဆုံးရှုံးမှုအလုံးစုံကို ဖုံးကွယ်နိုင်သည့် ဧရာမအောင်မြင်မှုကြီးတစ်ရပ် ရရှိပေလိမ့်မည်။

ပူတင်၏ ပလန် 'အေ'၊ 'ဘီ'နှင့် 'စီ'တို့အားလုံး ကျရှုံးသွားခဲ့သည်ရှိသော် သူ့အနေနှင့် ချောင်ပိတ်ရိုက်ခံရသည့်နှယ် ဖြစ်သွားနိုင်ကာ ပလန် 'ဒီ'ကို ရွေးချယ်လာဖွယ် ရှိခြင်းကား စိုးရိမ်ဖွယ်ကောင်းလှပြီး ပလန် 'ဒီ' မှာ ဓာတုလက်နက်များကို ထုတ်သုံးခြင်း သို့မဟုတ် နဂါဆာကီနောက်ပိုင်း ပထမဆုံး နျူကလီးယားဗုံးကို အသုံးပြုခြင်း ဖြစ်နိုင်၏။ ယင်းသည် ချရေးရခက်လှသော ဝါကျတစ်ကြောင်းဖြစ်သကဲ့သို့ တွက်ဆ၍ရသမျှထဲမှ အဆိုးရွားဆုံးတစ်ခုပင်လျှင် ဖြစ်နိုင်၏။ သို့သော် ဖြစ်နိုင်ခြေတစ်ရပ်အဖြစ်မှ ယင်းကို လျစ်လျူရှုလိုက်ပြန်လျှင်လည်း အဆုံးစွန်ထိ တုံးလွန်းအ,လွန်းရာ ကျပေလိမ့်မည်တကား။