ရုရှား-ယူကရိန်းစစ်ပွဲ တတိယသီတင်းပတ်မှတ်စု -၁

ရုရှား-ယူကရိန်းစစ်ပွဲ တတိယသီတင်းပတ်မှတ်စု -၁
မတ် ၁၇ ရက်က ကိယက်ဗ်မြို့ ဆင်ခြေဖုံးဒေသတွင် ဗုံးကြဲခံရပြီးနောက် ဂိုထောင်တစ်လုံး မီးလောင်နေစဉ် ဝန်ထမ်းတစ်ဦး ကုန်ထုပ်တစ်ခုကို သယ်ယူသွားပုံ (Photo:AP)
မတ် ၁၇ ရက်က ကိယက်ဗ်မြို့ ဆင်ခြေဖုံးဒေသတွင် ဗုံးကြဲခံရပြီးနောက် ဂိုထောင်တစ်လုံး မီးလောင်နေစဉ် ဝန်ထမ်းတစ်ဦး ကုန်ထုပ်တစ်ခုကို သယ်ယူသွားပုံ (Photo:AP)
Published 22 March 2022
မိုးဧအောင်

‘War does not determine who is right only who is left.’ Bertrand Russell

“စစ်ဆိုသည်မှာ ‘မည်သူမှန်’ ကြောင်း ဆုံးဖြတ်ပေးသည်မဟုတ်ဘဲ၊ ‘မည်သူကျန်’ ကြောင်းကိုသာ ဆုံးဖြတ်ပေးသွားမည်” ဖြစ်ကြောင်း အတွေးအမြင်ဂုရု၊ လူ့ဂွစာကြီး ဘာထရန်ရပ်ဆဲလ်က ဆိုခဲ့သည်။

၂၀၂၂ ခု ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲ၏ တတိယပတ်သတင်းမှတ်စုကို ဆက်လက်ပြုစုတင်ပြအပ်ပါသည်။

စစ်မြေပြင်သတင်းများ

ချာနိုဘိုင်းနျူကလီးယားစက်ရုံသို့ ဓာတ်အားပေးမှု ပြတ်တောက်သွားပြီဖြစ်ကြောင်း ကိယက်ဗ်မှ  ယူကရန်နာဂိုစွမ်းအင်ကုမ္ပဏီက မတ် ၉ ရက်တွင် Facebook ၌ရေးသားသည်။ နျူကလီးယား မတော်တဆမှုဖြစ်ခဲ့ဖူးသည့် ချာနိုဘိုင်းတွင် အဆိုပါဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရေး ထိန်းသိမ်းမှုပြုရန် လက်ရှိကာလ၌ ဝန်ထမ်း ၂၀၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ယူကရိန်းစစ်ဆင်ရေး၌ ရုရှား၏ ထောက်ပ့ံပို့ဆောင်ရေးတပ်များတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အရေးပေါ်အခြေအနေတွင်သာ ဆင့်ဆိုမှုပြုရသည့်၊ ဥပဒေအရ မဖြစ်မနေ စစ်မှုထမ်းရသည့်စစ်သားများ ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။

ရုရှား၏ ယူကရိန်းစစ်ဆင်ရေးတွင် ရုရှားဘက်မှ ပါဝင်တိုက်ခိုက်ရန် အဆိုပြုထားသော အရှေ့အလယ်ပိုင်းမှ အပျော်တမ်းတိုက်ခိုက်ရေးသမား ၁၆ဝဝဝကျော်ရှိကြောင်း၊ လျှောက်ထားသူများမှာအစ္စလာမ်မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို တိုက်ခိုက်ခဲ့ဖူးသူများပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်ရေးသမားများကို ဒွန်ဘတ်စ်ဒေသခံများအား ကူညီရေးအတွက် ပါဝင်ခွင့်ပြုရန် ရုရှားသမ္မတပူတင်က သဘောတူခဲ့သည်။ ထို့ကြောင့် ဆီးရီးယားလေသူရဲများသည် ရုရှား၏ ဝေဟင်စစ်ဆင်ရေးအတွက် တိုက်ပွဲဝင်မည့်သူများဖြစ်လာနိုင်ကြောင်း ရုရှားကာကွယ်ရေးရင်းမြစ်များက ဆိုသည်။

ယူကရိန်းတောင်ပိုင်း၊ မာရီယူပိုးလ်မြို့ရှိ ကလေးဆေးရုံကို ရုရှားက တိုက်ခိုက်ခဲ့သည့်အတွက် လူသုံးဦး သေဆုံးကာ ဆရာဝန်များအပါအဝင် လူ ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့တော်ကောင်စီက တယ်လီဂရမ်တွင် မတ် ၁၀ ရက်၌ ဖော်ပြခဲ့သည်။ မာရီယူပိုးလ်မြို့၌ မတ်လဆန်းမှစ၍ရေနှင့်လျှပ် စစ်မီးပြတ်တောက်သွားခဲ့ပြီး လက်နက်ကြီးတိုက်ခိုက်မှုဒဏ်ကို တောက်လျှောက်ခံရကာ အရပ်သား ၁၂၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ မတ် ၁၆ ရက်နောက်ပိုင်းတွင်မူ သေဆုံးသူ ၁၀၀၀ နီးပါး ထပ်မံမြင့်တက်လာပြီး အလောင်းများကို မကောက်နိုင်တော့ဘဲ လမ်းပေါ်တွင် ပြန့်ကျဲနေကြောင်း မြို့တော်ဝန်က ပြောခဲ့၏။

မတ် ၁၂ ရက်၌ ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့နှင့် အနီးဆုံးနေရာများထိ တရွေ့ရွေ့ချဉ်းကပ်လာနိုင်ခဲ့သည်။ AP သတင်းဌာန၏ဖော်ပြချက်အရ  မတ် ၁၅ ရက်၌ ပိုလန်၊ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗေးနီးယားခေါင်းဆောင်များ ကိယက်ဗ်မြို့တော်သို့ ရထားဖြင့် လာရန် စီစဉ်နေစဉ်အတွင်း ရုရှားစစ်ဘက်က လက်နက်ကြီးများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ ကိယက်ဗ်၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းကို ရုရှားတပ်များတပ်အင်အားအပြည့်ဖြင့် ၀ိုင်းထားကာ မတ် ၁၅ ရက်အထိ  မြို့ခံလူဦးရေ၏ ထက်ဝက်နီးပါး (လူသုံးသန်းခန့်) ထွက်ပြေးခဲ့ကြပြီးဖြစ်သည်။ ယခုစစ်ပွဲ၏ တတိယသီတင်းပတ်ကုန်ဆုံးချိန်တွင် အမြောက်ဖြင့် ပစ်ခတ်ဖြိုခွင်းနိုင်သော အကွာအဝေးဖြစ်သည့် မြို့တော်ပတ်လည် ၁၅ ကီလိုမီတာအတွင်း အသင့်နေရာယူပြီးဖြစ်သည်။

အခြားမြို့ကြီးများဖြစ်သော ခါကိဗ်၊ ဒီနီပရိုနှင့် အိုဒက်ဆာမြို့များတွင်လည်း နေ့စဉ်လိုလို လေကြောင်းအချက်ပေးဥသြသံများ အဆက်မပြတ်ပေါ်ထွက်လျက်ရှိသည်။ မတ်  ၁၃ ရက်၌ ပိုလန်နယ်စပ်အနီး ယာဗိုရစ်မြို့ရှိ ယူကရိန်းစစ်သင်တန်းကျောင်းကို ဒုံးကျည်ရှစ်စင်းဖြင့် ရုရှားတို့က ပစ်ခတ်ခဲ့ကြောင်း ဒေသန္တရစစ်အုပ်ချုပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယူကရိန်းအာဏာပိုင်များက ဤပစ်ခတ်မှုကြောင့် လူ ၃၅ ဦး သေဆုံး၍ ၁၃၄ ဦးဒဏ်ရာရရှိကြောင်း ကြေညာခဲ့ပြီး ရုရှားဘက်ကမူ အဆိုပါသင်တန်းကျောင်းရှိ ပြည်ပကြေးစားတပ်ဖွဲ့ဝင် ၁၈၀ နှင့် ပြည်ပလက်နက်အမြောက်အမြားကို ရှင်းထုတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယူကရိန်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်တင်ရေးစင်္ကြံများကို ၁၄ခု အထိ ဖွင့်လှစ်ရန်ကြိုးပမ်းခဲ့ရာ ကိုးခုအောင်မြင်စွာဖွင့်နိုင်ခဲ့ကြောင်း၊ မတ် ၁၂ ရက်တစ်ရက်တည်း၌ပင် ယင်းလမ်းကြောင်းမှပြည်သူ ၁၃၀၀၀ ကျော်ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ်က ပြောကြား သည်။

NATO -ဂျော်ဂျီယာနည်းပညာအခြေပြုစစ်ရေး ပူးတွဲလေ့ကျင့်မှုများကို အဖွဲ့ဝင် ၂၃ နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ မတ် ၂၀ ရက်မှ၂၅ ရက်အတွင်း ပြုလုပ်သွားမည်ဟု ဂျော်ဂျီယာကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ကြည်းကြောင်း-ရေကြောင်းသုံး ရုရှားစစ်သင်္ဘောလေးစင်းသည် မတ် ၁၆ ရက်တွင် ဆူရူဂါရေလက်ကြားကို ဖြတ်သန်း၍ဂျပန်ပင်လယ်မှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာသို့ ဝင်ရောက်ပြီး အနောက်ဘက်သို့ ဦးတည်မောင်းနှင်နေကြောင်း၊ သင်္ဘောတစ်စီး၏ကုန်းပတ်ပေါ်တွင် စစ်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ တင်ဆောင်ထားကြောင်း၊ အဆိုပါစစ်သင်္ဘောလေးစင်းသည် ဥရောပသို့ ဦးတည်နေဟန်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့၏။

ဇီဝလက်နက်၊ ဓာတုလက်နက်

ယူကရိန်း၌ ရုရှားက သိမ်းပိုက်ရရှိသော  ပစ္စည်းများတွင် အနောက်အုပ်စုမှ ပ့ံပိုးထားသော ကန့်သတ်အဆင့်ရှိလက်နက်များ ပါဝင်သကဲ့သို့ ဇီဝလက်နက်ဓာတ်ခွဲခန်းများကိုပါ အထင်အရှားတွေ့ရှိရသည်။

ရုရှားတို့ ယူကရိန်း၌ ဇီဝဓာတ်ခွဲခန်းပေါင်း ၃ဝကျော် တွေ့ရှိထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဓာတ်ခွဲခန်းဝန်ထမ်းများ လွှဲပြောင်းပေးအပ်သော အချက်အလက်များအရ ဤဓာတ်ခွဲခန်းများကို အမေရိကန်တို့က ဒေါ်လာသန်း ၂၀၀ အကုန်အကျခံတည်ဆောက်ကာ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထိုအထဲတွင် ကိယက်ဗ်၊ ခါကိဗ်နှင့် ပိုလ်တာဗာမြို့များရှိ ဓာတ်ခွဲခန်းများသည် ပုလိပ်ရောဂါ၊ ဒေါင့်သန်း၊ ဆုံဆို့နာနှင့် ငှက်ဖျားရောဂါတို့ကို သုတေသနပြုကြောင်း တွေ့ရှိရသည်။

ထိုတွေ့ရှိချက်သတင်းကို တန်ပြန်တိုက်ခိုက်သည့်အနေနှင့် အိမ်ဖြူတော်သတင်းပြန်ကြားရေးမှ ယန်ဆာကီက ရုရှား၏စွပ်စွဲချက်မှာ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ ယူကရိန်းကို ဇီဝလက်နက်၊ ဓာတုလက်နက်များ ဖြင့်တိုက်ခိုက်ရေးအတွက် ကြိုတင်ဆင်ခြေပေးရန် ကြိုးပမ်းချက်သာဖြစ်နိုင်ကြောင်း မတ် ၉ ရက်၌ ပြောကြားခဲ့၏။

ရုရှားနှင့် စစ်ဖြစ်နေချိန်အတွင်း ကူးစက် ရောဂါပိုးများ လွတ်ထွက်သွားမည်ကို တားဆီးနိုင်ရေးအတွက် ဇီဝလက်နက်ဓာတ်ခွဲခန်းများ၌ မွေးမြူထားသော ရောဂါပိုးမွှားများကို ဖျက်ဆီးပစ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနသို့ သတိပေးထားသည်။

လောင်စာစွမ်းအင်ပြဿနာများနှင့် စီးပွားရေးပိတ်ဆို့မှုအကျိုးဆက်များ

၂၀၂၂ ခု မတ် ၈ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှား၏ရေနံပို့ကုန်များကို အမေရိကန်၌ အားလုံးပိတ်ပင်မည်ဟု ကြေညာခဲ့၏။ ၂၀၂၁ခုနှစ်အတွင်း အမေရိကန်သည် ရုရှားထံမှ သန့်စင်ပြီး ရေနံစိမ်းနှင့် ရေနံထုတ်ကုန်ချောစည်ပေါင်း၂၀.၄သန်းအထိ လစဉ်တင်သွင်းခဲ့၏။ ထို့ပြင်အမေရိကန်သည် ရုရှား၏ ပင်လယ်စာ၊ ဗော့ဒကာအရက်နှင့် စိန်များ တင်သွင်းမှုကို ပိတ်ပင်ခဲ့၏။

တိုကျိုရေနံစိမ်းစျေးကွက်တွင် မတ် ၈ ရက်က ဒူဘိုင်းရေနံစိမ်း တစ်ကီလိုလျှင် ယန်း ၇၉၅၀၀ (အမေရိကန်ဒေါ်လာ ၆၉၀)သို့  ရောက်ရှိခဲ့ရာ ၂၀၀၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အမြင့်ဆုံးစျေးဖြစ်ခဲ့၏။

ဂျာမနီနိုင်ငံတွင် စက်သုံးဆီ E 10 နှင့် ဟီဇယ်စျေးနှုန်းများ တစ်လီတာလျှင်နှစ် ယူရို (အမေရိကန်ဒေါ်လာ၂.၁၉) အထက်ထိ မြင့်တက်လာသည်။ တစ်ပတ်အတွင်း ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ လောင်စာဆီအမျိုးအစားအလိုက် စျေးတက်ခဲ့ခြင်းဖြစ်သည်။

ရုရှားသည် အမေရိကန်နှင့် အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေနှင့် အနောက်နိုင်ငံများ၏ ပို့ကုန်ဖြစ်သော ဆက်သွယ်ရေးပစ္စည်း၊ ဆေးဘက် ဆိုင်ရာ၊ လျှပ်စစ်နှင့် နည်းပညာဆိုင်ရာကုန်စည်များ တင်သွင်းခွင့်ကို ယခုနှစ်ကုန်အထိ ပိတ်ပင်သွားမည်ဖြစ်သည်။ ပြည်ပသင်္ဘောများ ရုရှားဆိပ်ကမ်းများသို့ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်သွားရန် တာဝန်ရှိသူများက အဆိုပြုခဲ့ကြသည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်လာသည့်အတွက် ရုရှားလေကြောင်းခရီးစဉ်များ ဖျက်သိမ်းလာရသည်။ ထို့ကြောင့် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ (TAT)၏ အဆိုအရ ရုရှားခရီးသည်များမှာ ထိုင်းနိုင်ငံအတွင်း ဖူးခက်၌ ၃၁၀၀၊ စမွီး၌ ၂ဝဝဝကျော်၊ ခရက်ဘီ၊ ဖန်ဝှာနှင့် ဘန်ကောက်တို့၌ ရာဂဏန်းဦးရေ သောင်တင်လျက်ရှိသည်။၂၀၂၂ ခု၊ ဇန်နဝါရီလအတွင်း ထိုင်းသို့လာရောက်လည် ပတ်ခဲ့သော ရုရှားခရီးသည် ၂၃၀၀၀ ခန့်ရှိခဲ့သည်။

ယူကရိန်းစစ်ပွဲ၏ ဆိုးကျိုးသက်ရောက်မှုများကို ဆင်းရဲသည့်ဖွံ့ဖြိုးဆဲနိုင်ငံများက ခံစားနေရကြောင်း၊ အစားအစာ၊ လောင်စာနှင့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက်မှုကို ရင်ဆိုင်နေရကြောင်း၊ ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံသည် ကမ္ဘာ့နေကြာဆီစျေးကွက်၏ ရာခိုင်နှုန်း ၅၀ ကျော်နှင့် ကမ္ဘာ့ဂျုံစျေးကွက်၏ ရာခိုင်နှုန်း ၃၀ ကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ အာဖရိကနှင့်ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံ ၄၅ နိုင်ငံတို့သည် ပြည်တွင်းဂျုံလိုအပ်ချက်အတွက် ရုရှားနှင့် ယူကရိန်းကိုအားပြုနေကြရကြောင်း၊ အဆင်းရဲဆုံးနိုင်ငံများအနေနှင့် ယူကရိန်းစစ်ပွဲ၏ ဆိုးကျိုးမှတစ်ဆင့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုင်းပြည်မငြိမ်မသက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ်လ ၁၄ ရက်၌ သတိပေးခဲ့သည်။