စိုးရိမ်ထိတ်လန့်မှုများနှင့် အထက်မြန်မာပြည်လမ်းပိုင်းမလုံခြုံမှုများ

စိုးရိမ်ထိတ်လန့်မှုများနှင့် အထက်မြန်မာပြည်လမ်းပိုင်းမလုံခြုံမှုများ
Published 20 March 2022
ထွန်းလင်းအောင်(မြစ်ကြီးနာ)

ပစ်ခတ်ခံရမှုကြောင့် ခရီးသည်တင်ယာဉ်၏ အပျက်အစီးများကို တွေ့ရစဉ်

“ဒီနှစ်သင်္ကြန် မြစ်ကြီးနား မိဘအိမ်ပြန်မလို့ လမ်းခရီး ဘယ်လိုလဲရှင့်”ဟု ဇာတိကို သုံးနှစ်လောက် မပြန်နိုင်သေးသည့် ယခင်ကာလများက မိတ်ဆွေအမျိုးသမီးတစ်ဦးက ဖုန်းဆက်မေးလာသည်။ “လမ်းခရီး ဘယ်လိုလဲ”ဆိုသည်က အတော်တာသွားသည့် မေးခွန်းဖြစ်ရာ ဘာကိုသိချင်တာလဲဟု ပြန်မေးယူရသည်။ “အဓိက လမ်းပိုင်းလုံခြုံရေးရယ်၊ အစစ်အဆေးရယ်၊ ဘဏ်ကတ်နဲ့ ငွေပေးလို့ ရ-မရရယ် သိချင်တာ။ ဖုန်းတို့ဘာတို့ကို စစ်သေးလား”ဟု ဆိုသည်။ ဒါသည် ပုံမှန်မေးခွန်း သုံး-လေးခုဟု ဆိုသော်လည်း ခရီးသွားထောင် သောင်းချီတို့၏ အရေးပင် မဟုတ်ပါလား။

ကြားရသည့် လမ်းပေါ်က ပဋိပက္ခများ

မတ် ၁၉ ရက် ဖုန်းဖွင့်လိုက်တော့ မြစ်ကြီးနားမြို့ ၂၁ မိုင် အဝင်ဂိတ်တွင် နံနက် ၄ နာရီ ဝန်းကျင်မှ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်နေကြောင်း၊ နံနက် ၆ နာရီ ထိုးခါနီးအထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ အရပ်သား လေးဦး ဒဏ်ရာရရှိထားကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေပြီး ကားများသွားလာခွင့် ပိတ်ထား ကြောင်း ကားသမားများ၊ ခိုင်လုံသည့် သတင်းရင်းမြစ်များက ဆိုသည်။

မော်ဖောင်း တွင် ပိတ်မိနေသည့် ကားဆရာတစ်ဦးက “ဘယ်တော့ ဖွင့်မလဲမသိဘူး။ ကားအစီးရေ ဆယ်ချီနေပြီ ပိတ်မိနေတာ။ တချို့လည်း မလိခ ရွာဘက်ဝင်ပြီး အဲဒီဂိတ်ကို ပတ်ထွက်နေကြတယ်။ ကျွန်တော်တို့ကတော့ အန္တရာယ်များလို့မသွားရဲဘူး။ ကားသမားတွေ လက်နက်ကြီးထိတယ်။ ကြက်စာတင်တဲ့ကား တစ်စီး လဲနေတယ်လို့ ပြောတယ်။ လေယာဉ်တော့ မနက် ၆ နာရီလောက်က ဝဲနေတယ်။ ဂိတ်က အခုအထိ မဖွင့်သေးဘူး” ဟု မတ် ၁၉ ရက် မွန်းလွဲ ၁၂ နာရီကျော်က ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကေအိုင်အို (ဗဟို) ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းမီဒီ ယာသို့ မတ် ၁၉ ရက်ညနေပိုင်းက ပြောကြား သည်။

ယခုတိုက်ခိုက်ခံရသည့် ၂၁ မိုင် မြစ်ကြီး နားမြို့ အဝင်ဂိတ်၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်ကလည်း ကေအိုင်အေနှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ ပြည်သူ အများစု သွားလာနေသည့်လမ်းကြောင်းများ ပေါ်တွင် ပစ်ခတ်မှုဖြစ်တိုင်း အရပ်သားများ ပါလာမြဲ၊ အထိနာမြဲဖြစ်သည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကလည်း ပူတာအိုကနေ မြစ်ကြီးနားသို့ ဇနီးသည်နှင့်အတူ အိမ်စီးကား ဖြင့် ဆင်းလာသည့် အသက် ၄၁ နှစ်အရွယ် မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက်နေထိုင်သူ ဦး စောနွဲ့ခွန်ရွှေလင်းမှာ ပူတာအိုနှင့် မိုင် ၅၀ ခန့်ဝေးသည့်ဆွတ်ပီယာန်ကျေးရွာတွင် ညနေ ၆ နာရီကျော်က ပစ်သတ်ခံလိုက်ရသည်။

ကြောက်လန့်ရသည့်ညများနှင့် ပစ်ခတ်မှု

မတ် ၁၅ ရက် မြစ်ကြီးနားမှ ထွက်ခွာလာ သည့် သစ္စာလှိုင်မော်တော်ယာဉ်အသင်းမှ ထွက်သည့် ယာဉ်တစ်စီးနှင့် မနောမန္တလာ ယာဉ်အသင်းမှထွက်သည့်  မော်တော်ယာဉ် နှစ်စီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ နယ် ဇင်းရွာအလွန်  တောင်ဘက် ခုနစ်မိုင်ခန့် အကွာတွင် ပစ်ခတ်ခံရသည်။  ယာဉ်မောင်း တစ်ဦး နားရွက်ပြတ်ကာ ယာဉ်မောင်းတစ်ဦး က လက်မပြတ်သည်။ ကျည်စိုက်ဝင်သည်။ စပယ်ယာအမျိုးသား  အသက် ၂၁ နှစ်အရွယ် မောင်မင်းထက် ဦးခေါင်းကျည်ဒဏ်ရာဖြင့် သေဆုံးသည်။ ယာဉ်မယ်တစ်ဦးက ဆီးခုံ ကျည်ဝင်သည်။ ယာဉ်နောက်လိုက်အမျိုးသား တစ်ဦး ဒဏ်ရာရသည်။ ခရီးသည်သုံးဦး ဒဏ် ရာရကြသည်။ ချမ်းသာအောင် ယာဉ်လိုင်းက ဗီ ဘင်ကားဒရိုင်ဘာ သေနတ်ဒဏ်ရာနှင့် သေဆုံးသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် ယာဉ်လိုင်း ဂိတ်မှူးတစ်ဦးက “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ဘာမှ မဖြေချင်ဘူးဗျာ။ စိုးရိမ်ထိတ်လန့်စိတ်တွေ၊ ကြောက်လန့်စိတ်တွေက ကျွန်တော်တို့ မှမဟုတ်ဘူး။ အားလုံးမှာ ရှိနေကြ တယ်။ ကျွန်တော်တို့နဲ့ အတူဖြစ်တာ ကားအသင်းလေးခုက။ ကျွန်တော်တို့ထက် အရင်ဖြစ်တာက ငါးသင်းလောက်ရှိတယ်။ ကား အသင်းတစ်ခုဆိုတာ နောက်မှာ အသက်မွေး မှီခိုသူတွေ ဆယ်ချီ ရာချီ ရှိနေတာလေ။ ဟော  ဆရာကြားလိုက်လား မိုင်းကွဲသံ အကျယ်ကြီးပဲ” ဟု ဆိုသည်။ မတ် ၁၈   ရက် ည ၉ နာရီ ၇ မိနစ်။ သူအိမ်နှင့် နီးသည်ဟုလည်း ပြောသည်။

ဖြစ်စဉ်ကို မြင်တွေ့ရသူ ခရီးသွားများ ပြောပြချက်အရ မတ် ၁၅ ရက် ည ၁၀ နာရီခွဲ တွင် ဆယ့်တစ်ပေါက်ကျေးရွာအနီး လမ်းခုံး အတက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ခရီးသည်ယာဉ်ကြီး နှစ်စီး၊ ဗီ ဠညေ ကားတစ် စီး၊ ပါရာဒို တစ်စီး၊ ဆိုင်ကယ် တစ်စီး ပစ်ခတ်ခံ ရကြောင်း၊ ကားအားလုံး မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ထွက်လာသည့် ကားများဖြစ်ကြောင်း  ခရီးသည်များက ဆိုသည်။

၎င်းတို့က “ကျွန်မတို့ သိတာတော့ မိုင်းကွဲပြီး  ပစ်တာပဲ။ စပယ်ယာထိုင်တဲ့ အလယ် လမ်းနေရာကို ကျည်နှစ်ချက်တည့်ဝင်တယ်။ သေနတ်သံက မျိုးစုံပါ ။ မိုးရွာသလိုပဲ ပစ်တာ။ အဲဒါကြောင့် ထိတာ။ ဘေးနှစ်ဖက်ရော၊ အရှေ့တည့်တည့်ရော ပစ်တာ။ ကားမှန်တွေ အားလုံးကွဲကြေ။ လူတွေအားလုံးလည်း သေ ကုန်ပြီထင်တာ။ ဘယ်သူကမှလည်း ကျွန် တော်တို့ ပစ်တာပါလို့ လာမပြောဘူး။ ဘယ် အဖွဲ့က ပစ်မှန်းလည်း မသိဘူး။ အခုထိ သတင်းစာတွေမှာလည်း ဘယ်အဖွဲ့က ဘာ ကြောင့် ပစ်တယ်ဆိုတာမပြောဘူး။ ကျွန်တော် တို့ ကားဆရာက ဇင်းရွာက ဒေသခံလက်နက်ကိုင်အဖွဲ့က သွားလို့ရပြီပြောလို့ ထွက်လာတာလို့ပြောတယ်။ ထွက်လာတဲ့ ကားတွေတော့ ရှိတယ်။ ကျွန်မကတော့ ကားဆရာကလည်း ညအိပ်ရမှာကို မအိပ်ဘဲနဲ့ ထွက်လာတာလို့ ယူဆတယ်။ ကားအဖွဲ့ရဲ့တာဝန်လည်း မကင်းဘူးလို့ ကျွန်မယူဆတယ်။ ကျွန်မတို့ကား ဒဏ် ရာရတဲ့ လူတွေရှိတာကို အခြားကားတွေက လည်း မကူညီကြဘူး”ဟု ဆိုသည်။

ကံစမ်းမဲဖောက်နေရသည့် ခရီးလမ်းများ

မြစ်ကြီးနားမြို့အခြေစိုက် မြစ်ဖျားဧရာ ကားကြီးကွင်းတွင် ယာဉ်လိုင်းပေါင်း ၁၀၇ လိုင်းရှိသည်။ ကိုဗစ်ကာလ အခက်အခဲ၊ လုံခြုံ ရေးအခြေအနေ၊ နိုင်ငံရေးအပြောင်းအလဲ၊ လောင်စာဆီကျပ်တည်းမှုများကြောင့် ရပ်နား ထားသည့် ယာဉ်လိုင်းများလည်း အနည်းငယ် ရှိသည်။ အများဆုံးက မြစ်ကြီးနား-မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ၃၆ လိုင်းရှိသည်။ ရန်ကုန်ကို ပြေးဆွဲသည့် ခရီး သည်တင်ယာဉ်လိုင်း ၁၂ လိုင်းရှိသည်။

ပူတာအို၊ နောင်မွန်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး၊ ဟိုပင်၊ ဗန်း မော်မြို့များကို ပြေးဆွဲနေသည့် ပြည်နယ် တွင်း က လိုင်းက ၄၀ ကျော်သည်။ ပုံမှန်တော့ မပြေးဆွဲနိုင်ကြ။ အထက်မြန်မာနိုင်ငံ အထက် ပိုင်း မန္တလေးအထက်ပိုင်းကို ရထားလမ်းများ တစ်နှစ်ကျော်ကြာ ပိတ်ထားရပြီးနောက် အထက်မြန်မာနိုင်ငံ မန္တလေးတိုင်း အထက် ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည် နယ် လူဦးရေ သိန်း ၃၀ ကျော်က ကားလမ်း ကိုသာ အဓိက အသုံးပြုကြရတော့သည်။ ကုန်သွယ်ကြရသည်။

လေယာဉ်လမ်းလည်း မြစ်ကြီးနားနှင့် ဗန်းမော်သာထွက်နိုင်သည်။ လိုအပ်မှုအတွက် လောက်လောက်ငင မရှိ။ ကုန်းလမ်းခရီးများက ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီမှ စတင်ကာ ဒေသ အခြေစိုက် လက်နက်ကိုင်ပေါင်းစုံအဖွဲ့ပေါ်လာပြီးနောက်  ပစ်ခတ်တိုက်ခိုက်မှုများ လမ်း မကြီးပေါ် ကြုံတွေ့လာကြသည်။ အချိန်ကန့် သတ်ချက်များ ရှိလာသည်။ နေရာကန့်သတ် ချက်၊ ပုံစံကန့်သတ်ချက်၊ ပစ္စည်းကန့်သတ် ချက်များရှိလာသည်။ 

အဓိကဖြစ်နေသည့် လမ်းကြောင်းက မြစ်ကြီးနား- မိုးညှင်း-မိုးကောင်း-အင်းတော် - ထီးချိုင့် ဧရာဝတီမြစ်ကူးတံတား ဖြတ်ကာ မောင်းကုန်း-သပိတ်ကျင်း- မတ္တရာ -မန္တလေး လမ်းပိုင်း၊ မြစ်ကြီးနား- မိုးညှင်း-မိုးကောင်း-အင်းတော်- ရွှေဘို-စစ်ကိုင်း-မန္တလေး လမ်း ပိုင်း၊ မြစ်ကြီးနား၊ မြစ်ကြီးနား-၀ိုင်းမော်-ဗန်း မော်-ရွှေကူ-ထီးချိုင့်-သပိတ်ကျင်း-မတ္တရာ-မန္တလေးလမ်းပိုင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ၊ မန္တလေးတိုင်းအထက်ပိုင်းဒေသ၊ ကချင်ပြည် နယ်အတွက် အဓိကပြည်ထောင်စုလမ်းပိုင်း ကြီးများဖြစ်သည်။

မြစ်ကြီးနား -တနိုင်း၊ မြစ်ကြီးနား -ဖား ကန့်၊ မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာကြသည်။

မြစ်ကြီးနား မြစ်ဖျားဧရာကားကြီးကွင်း ဥက္ကဋ္ဌ ဦးအေးဇော်ဇော်က လမ်းပိုင်း ထိခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ခရီးသွားများ ထိခိုက်မှုရှိပါက မှတ်တမ်းမှတ်ရာများ ယူထား ကြောင်း၊ ထိခိုက်မှုမရှိပါက မှတ်တမ်းယူမထား ကြောင်း ဆိုသည်။

 “မိုင်းထိတာတို့၊ တားထားတာတို့၊ ကျည်မှန်တာတို့က  ရိုးသလို ဖြစ်နေတော့ မှတ်တမ်း မှတ်ရာ မယူတော့ဘူး။ အခု ကန့်ဘလူမြို့နယ်၊ ဇင်းရွာအကျော်မှာဖြစ်တဲ့ကိစ္စက ဇင်းရွာဘက် ကလက်နက်ကိုင်အဖွဲ့ကလွှတ်လိုက်ပြီ။ အရှေ့ လက်နက်ကိုင်အဖွဲ့ မသိတာလား။ တခြားအဖွဲ့တစ်ခုခုက ပစ်တာလားမသဲကွဲဘူး။ ထုတ် ပြန်တာလည်း မတွေ့သေးဘူး။ ဖြစ်သွားတာ ကတော့ စပယ်ယာက နေရာတွင်ပဲ ဆုံးတာ ပေါ့။ ဦးခေါင်းမှန်လိုက်တာ။ ယာဉ်မယ်တော့ ခွဲစိတ်ခန်းဝင်ပြီး သက်သာပြီလို့ ပြောတယ် ။ အခုဖြစ်စဉ် မတိုင်ခင်မှာ ရှေ့နှစ်လောက်က အဲဒီနားဝန်းကျင်ပဲ ကားမိုင်းထိတာ နှစ်စီးထိသေးတယ်။ ယာဉ်တန်းတော့ အရှည်ကြီးပေါ့”ဟု  ဆိုသည်။

ကားလုပ်ငန်းက ဆက်လက်လှည်ပတ် နေရခြင်းက စားဝတ်နေရေး မပြေလည်ခြင်း၊ စုပေါင်းလုပ်ငန်းဖြစ်နေခြင်း၊ ခရီးသည်များက လည်း စျေးနှုန်းချိုသာသည့်ကားလမ်းကို ရွေး ချယ်နေခြင်းတို့ကြောင့် မြစ်ကြီးနား ကားကြီး ကွင်းမှ မန္တလေး၊ ရန်ကုန်မြို့များသို့ နေ့စဉ် ယာဉ် ၄၈ ခုက ထွက်နေရကြောင်း ၎င်းင်းက ပြောသည်။

“ခရီးသည်တွေက အသွားများတဲ့အချိန် ဆိုရင် ရာချီအထိရှိမှာပေါ့။ မနေ့က အပစ်ခံရ တဲ့ ယာဉ်လိုင်းတွေအားလုံးလည်း ထွက်ကြပါပြီ။ လမ်းပိုင်း မလုံခြုံတော့ ကြန့်ကြာမှုတွေ ဖြစ်ကုန်တာပေါ့။ ရောက်သင့်တဲ့အချိန် မရောက်တော့ဘူး။ ယာဉ်မောင်းအဖွဲ့တွေကို လည်း ယာဉ်တွေ အစုလိုက် စည်းစည်းရုံးရုံး သွားကြဖို့မှာရတာပေါ့။ ခရီးသည်တွေကိုလည်း အခြေအနေတွေကို နားလည်အောင် ရှင်းပြဖို့ ပြောရတာပေါ့။ ခရီးသည်က လောပြီး ထွက်ခိုင်းလည်း မထွက်ဖို့၊ စုံစမ်း မေးမြန်းပြီး ထွက်ဖို့ မှာရတာပေါ့။ အဓိကတော့ စိုးရိမ်စိတ် ကြီးနေကြတာပေါ့။ ကားပိုင်ရှင်တွေ ယာဉ် မောင်းတွေကတော့ ကံစမ်းမဲဖောက်သလိုပါပဲ။ လမ်းခရီးမဆုံးခင် ဘာဖြစ်မယ်ဆိုတာ ရင် တထိတ်ထိတ်နဲ့ သွားနေကြရတာ”ဟု ၎င်းက ပြောသည်။

■ တစ်ရွာတစ်ဂိတ်၊ တစ်ဖွဲ့တစ်မိန့်

မန္တလေး-စစ်ကိုင်း-ရွှေဘို-အင်းတော်-မိုးညှင်း-မိုးကောင်း- မြစ်ကြီးနားလမ်းပိုင်း လာသူများအနေဖြင့် မြစ်ကြီးနားအဝင် ၂၁ မိုင်ဂိတ်၊ ကချင်ပြည်နယ် နန့်စီးအောင် အဝင် ဂိတ်များတွင် စုပေါင်းအဖွဲ့စုံက စစ်ဆေးသည်။ ယင်းနောက် အင်းတော်မြို့နယ် နဘားလမ်း ဆုံဂိတ်၊ ရွှေဘိုဂိတ်တွင် စစ်ဆေးသည်။ ဒေသ တွင်း လက်နက်ကိုင်အဖွဲ့များ၏ဂိတ်က စစ် ကိုင်းတိုင်း အထက်ပိုင်းမှာတစ်ရွာ တစ်ဂိတ် ထွက်နေကြသည့် အခြေအနေဟု ခရီးသည် တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“မြစ်ကြီးနားကနေ မန္တလေးသွားရင် မှတ်ပုံတင်ပါရင်ရပြီ။ ရန်ကုန်အထိဆိုရင် ကို ဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါရသေး တယ်။ ဖုန်းကတော့ စစ်တဲ့အဖွဲ့နဲ့တွေ့ရင် စစ် လိုက်တာပေါ့။ မစစ်ချင်ရင်လည်း မစစ်ဘူး။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အများဆုံးက ရွှေဘိုအထွက်ကနေ နန့်စီးအောင် အဝင်အထိ အများဆုံးပေါ့။ တစ်ဖွဲ့က သွားဆိုရင် သွား ပေါ့။ တစ်ဖွဲ့နှင့်တစ်ဖွဲ့လည်း မတူကြဘူး။ အများစုက ပြောရဆိုရတာ အဆင်ပြေပါတယ်”ဟု ဆိုသည်။

ကားသမားများအတွက် ဂိတ်များခြင်း၊ အစစ်အဆေးများခြင်းသည် အကြောင်း မဟုတ်။ ထုတ်ပြန်ချက်များကို တစ်ဖွဲ့တစ်မျိုး လုပ်နေကြခြင်းက အန္တရာယ်အများဆုံးဟု ကုန်ကားမောင်းသူ ကိုရှမ်းလေးက ဆိုသည်။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး လက်နက် ကိုင်အဖွဲ့များက တစ်ဖွဲ့တစ်မိန့်နှင့် နှုတ်မိန့် သာ ထုတ်ကြောင်း ဆိုသည်။

“မန္တလေးက ထွက်လာရင် အန္တရာယ်များ တာက ရွှေဘိုအထွက်ကတည်းကပဲ။ ရွှေဘိုနဲ့ငါးမိုင်လောက်ဝေးတဲ့ သမုတ်၊ ရှလွန် သုံးရွာပေါင်း အိမ်ခြေတစ်ထောင်ကျော် မီးလောင်နေတာ တစ်ပတ်ကျော်ပြီ။ စပါးကျီတွေက မီးကို မငြိမ်းနိုင်သေးဘူး။ တစ်နေ့က ခရီးသွားယာဉ် လိုင်းအပစ်ခံထားရတာ လေးစီးလမ်းဘေးတင် ပဲ။ မယူလာသေးဘူး။ ကျွန်တော်တို့ အဖွဲ့ လည်း အဲဒီနားမရောက်ခင် မြေပြန့်လေးမှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့တာပဲ။ တားထားတာလည်းရှိတယ်။ ပစ်ခတ်နေလို့ စောင့်နေရတာလည်း ရှိတယ်။ ပြောလို့ဆိုလို့ လည်း ကောင်းပါတယ်။ မမှန်တာက အချိန်ပဲ။ တပ်ဂိတ် နှစ်ဂိတ်က တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒေသခံ လက်နက်ကိုင်အဖွဲ့ကတော့ တစ်ဖွဲ့ တစ်မိန့်ပဲ။ မသွားနဲ့ဦး ပြောတာလည်းရှိတယ်။

သွားတော့ ရပြီ ပြောတာလည်းရှိတယ်။ အခု ပစ်ခတ်သေဆုံးမှု မရှိခင် ကားနှစ်စီး မိုင်းထိက တည်းက  ကျွန်တော်က ညပိုင်း  လုံးဝမမောင်း တော့ဘူး။ အန္တရာယ် တအားများသွားပြီ လမ်းကြောင်းက။ အဖွဲ့တိုင်းကလည်း လက် နက်အပြည့်နဲ့ ။ နှစ်ဖွဲ့ကြားညပ်သွားရင် ရစရာ ရှိမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ပရဟိတသမား ကိုဆန်းနိုင် (ခ) ကိုရှမ်းလေး  ပစ်သတ်ခံရမှုနှင့် လူနာတင်ယာဉ် မီးရှို့ခံရမှု

ဇန်နဝါရီ ၃၁ ရက်က မြစ်ကြီးနားအခြေ စိုက် ဧရာဝတီ လူမှုကူညီရေးအသင်းမှ စေ တနာ့ဝန်ထမ်း အသက် ၂၈ နှစ်အရွယ်  ပရဟိ တသမား ကိုဆန်းနိုင် (ခ) ကိုရှမ်းလေးမှာ  ထီး ချိုင့်မြို့နယ်၊ ဘိုတဲကုန်းကျေးရွာအနီးတွင် ပစ် သတ်ခံရသည်။ ကျည်လေးချက်ထိသည်။ အတူလိုက်ပါသည့် လူငယ်က ကျည်နှစ်ချက် ထိ သည်။ (လွန်ခဲ့သည့် ရက်ပိုင်းကပဲ ဆေးရုံက ဆင်းလာပါပြီ)။

လူနာတင်ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီး လိုက်သည်။   ဇန်နဝါရီ ၂ ရက်တွင် Tigyaing Revolution -TR  က “လူနာတင်ယာဉ်ကို မှားယွင်းစွာ ပစ်ခတ်မှုမှာ သေဆုံးသွားသူ ယာဉ်မောင်း ကိုဆန်းနိုင်အတွက် များစွာစိတ်မ ကောင်းဖြစ်မိကြောင်း၊ မိသားစုကို တောင်းပန် ကြောင်းနှင့် ထိုဖြစ်ရပ်ကိုသေချာစုံစမ်းနေပါ ကြောင်း”ထုတ်ပြန်ခဲ့သည်။  

ထိုဖြစ်ရပ်အတွက် မှတ်တမ်းယူထား သည့်ဧရာဝတီ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းက ဘိုတဲကုန်းကျေးရွာအကျော် တွင် မိုင်းကွဲသံကြားရကြောင်း၊ မိုင်းသံကြောင့် ကားကို အရှိန်မြှင့် မောင်းသွားကြောင်း၊ တား သည့်အဖွဲ့ထဲမှ တစ်ဦးက တိုက်မိမလိုဖြစ်သွား ကြောင်း၊ တိုက်မိသည့်အခြေအနေ မရှိ ကြောင်း၊ ကားမောင်းသူနှင့် ပါလာသည့် လူ ငယ်ကို ကားပေါ်မှဆင်းခိုင်းကာ အရှေ့မှ အတွဲလိုက်ပစ်ကြောင်း၊   ကားပေါ်မှာ လူနာ အပါ အားလုံးကို ဆင်းခိုင်းကြောင်း၊ ည ၈ နာရီတွင် မိမိမှစတင်၍ ဖုန်းခေါ်ရာတွင် လူနာ ရှင်ကိုင်ကြောင်း၊ ကားနှင့် ကားပေါ်ပါအောက် ဆီဂျင်အိုးနှစ်လုံးကိုပါ မီးရှို့လိုက်ကြောင်း ဆို သည်။

ဥက္ကဋ္ဌ ဦးသန်းထွန်းက “မှားပစ်တာတို့၊ မောင်းပြေးလို့ပစ်တာတို့ဆိုတာတော့ မဟုတ်ပါဘူး။ ပြီးတာတွေ ပြီးပါစေတော့။ ဘယ်အဖွဲ့မှ ဆက်သွယ် တောင်းပန်တာတွေလည်း မလုပ် ခဲ့ကြသလို ဘယ်အဖွဲ့မှလည်း သူ့အသုဘမှာ ဂုဏ်ပြုလွှာလေးတစ်စောင် မရောက်လာခဲ့ ပါဘူး။  ကျွန်တော်တို့အသင်းမှာတော့ ဖင် အပေါ့ဆုံး လူငယ်ပေါ့။ သူဖြစ်ပြီးနောက်ပိုင်းမှာ ညရေးညတာ ခရီးကျတော့ ဇနီးတွေ သား သမီးတွေရှိတဲ့သူတွေကျတော့ ရင်တလေး လေ ဖြစ်လာကြတာပေါ့။ ကျွန်တော် ပြောချင် တာတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်း  မဆို လက်နက်မဲ့ ပြည်သူတွေကိုတော့ ကိုယ် ချင်းစာကြစေချင်ပါတယ်။ ဘယ်အဖွဲ့မဆို ကိုယ်ချင်းစာပေးကြလိုပဲ ပြောချင်တယ်” ဟု ဆိုသည်။

သေဆုံးသူ ကိုဆန်းနိုင်မှာ ဆင်ဘိုဇာတိ ဖြစ်ပြီး မြစ်ကြီးနားမှာ အိမ်ထောင်ကျနေသူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ ကိုးနှစ်နှှင့် ခြောက်နှစ်အရွယ် ကလေးနှစ်ဦး ကျန်ရစ် သည်။

ဇနီးဖြစ်သူ မဖြူနှင်းခိုင်က “သူ့အ ကြောင်းကိုလည်း ဘာမှပြောချင်တော့ပါဘူး။ ကလေးတွေကတော့ တစ်ခါတစ်ခါ သူ့အကြောင်း ပြောလာတာပေါ့လေ။ အခုအထိ လည်း ဘယ်အဖွဲ့၊ ဘယ်သူ တစ်ယောက်မှ လည်း တောင်းပန်လာတာမျိုးမရှိဘူး။ ကျွန်မ ကတော့ အိမ်ဆိုင်လေး ဖွင့်ပြီး ကလေးနှစ် ယောက်နဲ့ လုပ်ကိုင်စားသောက်နေရတာပေါ့”ဟု ဆိုသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့မဆို လူ့အခွင့်အရေးပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်

လက်ရှိမြန်မာနိုင်ငံတွင် ဒေသတိုင်းနီးပါး ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အချက် ၃၀ “Universal Declaration of Human Rights”  ပါ  နံပါတ် ၁၃ ပါ အချက်အရ

“လူတိုင်းဟာ မိမိတိုင်းပြည်အတွင်းမှာ လွတ် လပ်စွာ သွားလာခွင့်၊ ရွှေ့ပြောင်းနေထိုင်ခွင့် ရှိသည်”ဟု ပါရှိသည်။ ထိုအခွင့်အရေးသည် မြန်မာနိုင်ငံသား အားလုံးသာမက ကမ္ဘာ့နိုင်ငံ သားအသီးသီးကလည်း ပိုင်ဆိုင်သည်ဖြစ်ရာ မြန်မာပြည်တွင်း လက်နက်ကိုင်အဖွဲ့အားလုံး က လေးစားလိုက်နာမှသာ ခရီးသွားပြည်သူ များသက်သာရာရမည့် အခြေအနေဖြစ် သည်။ လေးစားလိုက်နာကြဖို့လည်း တိုက် တွန်းအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူအ ခွင့်အရေး ကြေညာစာတမ်းအချက် ၃၀ “Universal Declaration of Human Rights”   သည် လူသားတိုင်းအတွက် ဖြစ်ပါသည်။