ယူကရိန်းသမ္မတ သိသွားသမျှ NATO ဋီကာ

ယူကရိန်းသမ္မတ သိသွားသမျှ NATO ဋီကာ
ဖေဖော်ဝါရီ ၂၄ ရက်က ဘရက်ဆဲမြို့ရှိ NATO ဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် NATO အတွင်းရေးမှူးချုပ် ယန်စတောက်တန်ဘတ် (လယ်) နှင့်အတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင် (ယာ) နှင့် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်မိုက်ကယ်တို့ ပြန်လည်ထွက်ခွာစဉ် (Photo:AP)
ဖေဖော်ဝါရီ ၂၄ ရက်က ဘရက်ဆဲမြို့ရှိ NATO ဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် NATO အတွင်းရေးမှူးချုပ် ယန်စတောက်တန်ဘတ် (လယ်) နှင့်အတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင် (ယာ) နှင့် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်မိုက်ကယ်တို့ ပြန်လည်ထွက်ခွာစဉ် (Photo:AP)
Published 10 March 2022
မိုးဧအောင်

စစ်အေးခေတ်ကာလအတွင်း ကွန်မြူနစ်နှင့် အရင်းရှင်၊ အရှေ့နှင့် အနောက်၊ ၀ါဆောနှင့် NATO ဟု အုပ်စုကွဲနှစ်ခုကို အဖြူအမည်း သဲကွဲစွာမြင်နိုင်သော သဘောရှိ၏။ သို့သော် ဘာလင်တံတိုင်းအပြို၊ ဆိုဗီ ယက်ယူနီယံအကွဲ ဖြစ်ရပ်ကြီးများနောက်ဝယ် နိုင်ငံတကာ၏ ခြေပုန်းခုတ်အစီအမံ  (Agenda) များမှာ ပိုမိုရှုပ်ထွေး သိမ်မွေ့လာသည်။ အာဏာရှင်ကို အပြစ်ဖို့၊ လစ်ဘရယ် ဒီမိုကရေစီကို အကျိုးမျှော်၍ နှိုးဆော်လိုက်ရင်း ကမ္ဘာအနှံ့စစ်ပွဲများ၊ သွေးထွက်သံယိုမှုများ၊ နိုင်ငံတစ်ခုလုံးအပေါ် ကျူးကျော်ဝင် ရောက် သိမ်းပိုက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်လာရသည်။

ဘာသာရေးကို အခြေပြုသောအစွဲ၊ အမှတ်အသားသရုပ်ကို အခြေပြုသောအစွဲ၊ အိမ်နီးချင်း၏ တည်ဆဲအစိုးရနှင့် ကြားခံဇုန်အစွဲ အစရှိသည့် အစွဲပေါင်းများစွာကို အရင်းတည်လျက် မငြိမ်းချမ်းသော ကမ္ဘာကြီးကို အချိန်မဆိုင်း အပြားလိုက် မြင်နေကြရသည်။ ထိုသို့သော မာယာတစ်သိန်းမက ရှုပ်ထွေး ပွေလီလှသော နိုင်ငံရေးနောက်ခံတွင် ရွေးကောက်ပွဲ၌ မဲပေးသူတို့၏ ၇၃ ရာခိုင်နှုန်းက ထောက်ခံခဲ့၍ သမ္မတအဖြစ် တာဝန်ယူခဲ့သူတစ်ဦး ရှိနေပါသည်။ သူကား ယနေ့ကမ္ဘာက ကောင်းကောင်းသိသွားသော ယူကရိန်းနိုင်ငံ၏ ထိပ်ဆုံးကလူ ဇယ်လင်စကီး ဖြစ်ပါသည်။

သူ့မျက်နှာတွင် မရိတ်မသင်ဘဲထားဟန် တူသောပါးမြိုင်းမွေးတို့ ရှင်သန်လျက်။ မျက်လုံးတောက်တောက်တို့က ထက်သန်မှု မလျော့ပါးကြောင်း ပြသနေဆဲ။ အများကြိုက် ခံရခြင်းမှသည် သမ္မတနန်းတော်အရောက် သူ့ကို ပို့ခဲ့သည်။ နိုင်ငံရေး၊ နိုင်ငံတော်အရေး နှင့် တိုင်းပြည်အရေးတို့မည်သည် ‘ပြည်ထဲ အရေး ပေါက်နှင့်ကျေးသို့’ဟု တင်စားကြ သကဲ့သို့၊ ‘ကြက်ဥနှစ်ရောင် တိမ်တောင်သဖွယ်’ ဟုလည်း ပမာပြုကြသည်။ နိုင်ငံရေး နောက်ခံမရှိသူတစ်ယောက် တိုင်းပြည်၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်ရခြင်းမှာ ပသံသာ (အချီးမွမ်းခံရခြင်း) တည်းဟူသော လောကဓံတရားက ပုံမှားရိုက်လေသလားဟု တွေးတောဖွယ်ရာ ဖြစ်နေ၏။ တစ်ဖန် စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနစာတမ်းများတွင်လည်း သံလိုက်ဓာတ်ရှိသော၊ ယုတ္တိယုတ္တာ ဘေးချထားပြီး ပရိသတ်၏  ကြိုက်ချင်တိုင်း အကြိုက်ခံရသော ခေါင်းဆောင်မှု(Charismatic Leadership) ကိုလည်း ညွှန်းဆိုတတ်ကြသည်။ ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ပြည်တွင်းကြိုက်နှစ်သက်မှုကို အခြေပြုကာ ထိပ်ရောက်လာတတ်သော ခေါင်းဆောင်အသီးသီးကို ‘တည်ကြက်’ အဖြစ်ထားကာ မိမိတို့၏ ဖော်မြူလာကိုက် အာဂျင်ဒါများအတွင်း သွတ်သွင်းရန် အသင့်စောင့်ဆိုင်းနေသော ပြည်ပနိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးရှိကြလေ၏။

À ရုရှား-ယူကရိန်းစစ်ပွဲ၏ အရင်းခံအကြောင်း

 

ရုရှားအနေနှင့် ကမ္ဘာ့အကျယ်ပြန့်ဆုံးသော နိုင်ငံနယ်နိမိတ်ကို ပိုင်ဆိုင်ထားသည်။ တစ်ချိန်က ဆိုဗီယက်ယူနီယံအဖြစ် တည်တ့ံခဲ့ချိန်မှ ယခုအခါ လွတ်လပ်သောနိုင်ငံများအဖြစ် ပြန့်ကျဲခွဲထွက်သွားသောအခါ နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ပုံအသီးသီးမှာ ရုရှားလုံခြုံ ရေးအတွက် အရေးပါလာသည်။

ကွဲထွက်သွားသောနိုင်ငံများ သို့မဟုတ် ယခင်ဝါဆောစစ်စာချုပ်အဖွဲ့ဝင် နိုင်ငံများအနေနှင့် မိမိတို့၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုအရ ဥရောပသမဂ္ဂ၊ NATO စသည့်အဖွဲ့များနှင့် နီးသထက်နီးလာလေ လေ၊ ရုရှားအနေနှင့် သူ့လုံခြုံရေးအပေါ် စိန်ခေါ်လာလေလေဟု ခံစားရသည်။

ဆိုဗီယက်ယူနီယံအတွင်း ပါဝင်ခဲ့သော သို့မဟုတ် ၀ါဆောစာချုပ်အဖွဲ့ဝင်ဖြစ်ခဲ့သော နိုင်ငံများ၏ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အနောက်အုပ်စုနှင့် အချိတ်အဆက်ရှိသွားခဲ့ပုံကို အဇာဘိုင်ဂျန်သမ္မတ ဟေဒါ အလီယက်၏ အတ္ထုပ္ပတ္တိနိဒါန်းတွင် ဤသို့ဖော်ပြခဲ့သည်။

‘ ၂၀၀၄ ခု၊ ဧပြီလအတွင်း ချက်သတင်း စာများက ‘ဧရာမ ဥရောပ’အကြောင်း အောင်သံပေး ရေးသားလာခဲ့ကြသည်။ ချက်သမ္မတနိုင်ငံနှင့် အခြားကိုးနိုင်ငံတို့ မေလ ၁ ရက်တွင် ဥရောပသမဂ္ဂသို့ ဝင်ရောက်ကြတော့မည့် အကြောင်းဖြစ်သည်။ သို့ဆိုလျှင် သမဂ္ဂဝင်နိုင်ငံများ၏ စုစုပေါင်းလူဦးရေ ၄၅၅ သန်း၊ နယ် နိမိတ် အကျယ်အဝန်း ၃.၉ သန်း စတုရန်း ကီလိုမီတာနှင့် အဖွဲ့ဝင်စုစုပေါင်း ၂၅ နိုင်ငံ ရှိလာတော့မည့်အကြောင်းကို မလာဒါဖရွန်တာ (Dnes) သတင်းစာက စာဖတ်ပရိသတ် များအား သတင်းပေးခဲ့လေသည်။

ဧပြီကုန်ဆုံးသည့်ည၊ သန်းခေါင်ယံ ၁၂ နာရီတိတိတွင် အလေးပြု ချီတက်သံများ ကာလိုဗီဗေရီမြို့မှ လျှံထွက်လာသည်။ ကောင်းကင်၌ ရောင်စုံမီးရှူးမီးပန်းများ လင်းခနဲ ဝင်းခနဲ။ ချက်နိုင်ငံ အောင်ပွဲခံလေပြီ။ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ ဆလိုဗေးနီးယားနိုင်ငံတို့သည် အလားတူ အောင်ပွဲများ ခြိမ့်ခြိမ့်သည်း ကျင်းပနေသည်။ ဥရောပသည် သူ့နယ်စပ်မျဉ်းများကို ချေဖျက်လိုက်ပေပြီ။ ထို့ထက်ပို၍ သေချာသော စကားဆိုရသော် ထိုမျဉ်းများကို အရှေ့ဘက်ဆီသို့ တိုးချဲ့လိုက်ပေပြီ။’

ကွဲထွက်သွားသောနိုင်ငံအများစုမှာ ဆိုဗီယက်ယူနီယံကို အမွေဆက်ခံသော ရုရှားဖက်ဒရေးရှင်း၌ ဆက်လက်တွဲဖက်ခဲ့သည့် နိုင်ငံများရှိသကဲ့သို့ တစ်သီးတစ်ခြား ကိုယ့်လမ်းကိုယ် လျှောက်သွားကြသော နိုင်ငံများလည်း ရှိကြသည်။

ပထဝီဝင်တည်နေရာအရ ဥရောပတိုက်အတွင်း တည်ရှိကြသဖြင့် ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်သွားကြသည်မှာ တရားဥပဒေမူဘောင်အရ ညီညွတ်မှုကို အဆိုအချေ ပြေလည်နိုင်စေသော်ငြား အမေရိကန်ဦးဆောင်သော မြောက်အတ္တလန္တိတ်စာချုပ်(NATO) အဖွဲ့အတွင်း ပါဝင်ရန်အထိ ခြေလှမ်းကျဲလာသည့်အခါ ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု ဒီရေမြင့်တက်ခဲ့သည်။ ဘာလင်တံတိုင်းပြို၍ အရှေ့နှင့် အနောက် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းကြမည့် ဆွေးနွေးပွဲများ ကျင်းပချိန်ကတည်းကပင် NATO အနေနှင့် အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင် မှုမပြုရန် သဘောတူခဲ့ကြပြီးဖြစ်သည်။

တစ်ဖန် ယူကရိန်းကိစ္စ၌ ကျန်ကွဲထွက်သော သမ္မတနိုင်ငံများထက် ပိုမိုခိုင်မာသော ရုရှား-ယူကရိန်း မျိုးနွယ်၊ ဓလေ့၊ ယဉ်ကျေးမှု၊ သမိုင်းအဆက်အစပ် ကြီးမားသည်။ မော်စကို နှင့် အလွမ်းသင့်သူများ ကိယက်ဗ်တွင် ရွှေထီးဆောင်းကြစဉ်က ပြဿနာမရှိသော်ငြား၊ အနောက်အုပ်စုဘက်ယိမ်းသည့် အုပ်စုများ၊ လူပုဂ္ဂိုလ်များ အစိုးရဖြစ်လာသည့်အခါ နိုင်ငံနယ်နိမိတ်ချင်း ကပ်လျက် ‘အနေနီးသော်လည်း အမြင်ဝေး’ လာခဲ့သည်။ လက်ရှိယူက ရိန်းသမ္မတအနေနှင့် ရာထူးယူစအချိန်က မော်စကိုနှင့် နီးစပ်ရန်ကြိုးပမ်းခဲ့သော်လည်း နောက်ပိုင်းတွင် NATO သို့ ဝင်ရောက်ရေးကို အမျိုးသားရေးလိုအပ်ချက်သဖွယ် အကြီး အကျယ် ‘တွန်း’ ခဲ့သည်။ အဆိုပါအခြေအနေအပေါ် အမေရိကန်နှင့် NATO အဖွဲ့ဝင် နိုင်ငံအချို့က အားပေးအားမြှောက်ပြုလာ သောအခါ ရုရှားသည် သူ၏မဟာဗျူဟာမြောက် အမျိုးသားလုံခြုံရေးအစီအမံကို ခင်းကျင်းရတော့သည်။

၂၀၂၁ ခု၊ ဒီဇင်ဘာလမှစ၍ ယူကရိန်း နယ်စပ်အနီး ရုရှားပိုင်နက်အတွင်း တပ်ဖွဲ့ဝင် တစ်သိန်းကျော်ချထားလျက် သူ့တောင်းဆိုချက်များကို တရားဝင်ထုတ်ပြန်ခဲ့သည်။ ယူကရိန်းအား NATO မဟာမိတ်အဖွဲ့ အတွင်းသို့ ဝင်ရောက်ခွင့်မပြုရေးနှင့် NATO ၏ စစ်ရေးဆိုင်ရာ နေရာချထားမှုများ အရှေ့ ဘက်ဆီသို့ ဆက်လက်မတိုးချဲ့ရေးဖြစ်သည်။ ယင်းသည် ရုရှားတောင်းဆိုခဲ့သော လုံခြုံရေး အာမခံချက် ဖြစ်သည်။

ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင် အင်အား ၁၃၀,၀၀၀ ကျော်ချထားခဲ့စဉ် ၂၀၂၂ ခု၊ ဇန်နဝါရီလ ၁၀ ရက်၌ ဂျီနီဗာဆွေး နွေးပွဲတွင် ရုရှားဘက်က ပြောဆိုခဲ့သော မှတ်တမ်းဝင်စကားများ ရှိသည်။ ယူကရိန်းသည် NATO သို့ ဝင်ရောက်၍ အနောက်အုပ်စု ဝင်ဖြစ်လိုသောဆန္ဒ ပြင်းပြလျက်ရှိကာ ရုရှားက ထိုအစီအစဉ်ကို ငြင်းဆိုရုံမျှမက NATO နှင့် ယူကရိန်းတို့၏ ရန်လိုသောအပြုအမူဟူ၍ ရှုမြင်ခဲ့သည်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ရက်ဘ်ကော့က NATO အဖွဲ့၏ ထပ်မံချဲ့ထွင်မှုများကို ရပ်တန့်ရန်နှင့် ၁၉၉၇ ခုနှစ် နောက်ပိုင်းမှစ၍ ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများအား အဖွဲ့သို့ဝင်ရောက်ခွင့်ပြုခြင်း အဆုံးသတ်ရန် ထပ်မံပြောဆိုခဲ့သည်။

“ကျွန်တော်တို့ကတော့ ယူကရိန်းကို ဘယ်တော့၊ ဘယ်အချိန်၊ ဘယ်သောအခါမှ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ် လုံးဝဖြစ်ခွင့် မပေးနိုင်ဘူး။ တစ်ခြားဘက်ကို ကျွန်တော်တို့ မယုံကြည်ဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ သံချပ်ကာအကျႌ၊ ရေစိမ်ခံ၊ ကျည်ကာအကျႌလို အလားသဏ္ဌာန်တူတဲ့ ဥပဒေအရ ချုပ်ဆိုစည်းနှောင်မှုမျိုး လိုအပ်တယ်။ သာမန်အာမခံချက်၊ သာမန် လုံခြုံရေး အကာအကွယ်ပေးပုံမျိုး မဟုတ်ဘဲ မလွဲမသွေလိုက်နာရမယ့် (‘shall,must’) စာလုံးမျိုး ထည့်ပေးရလိမ့်မယ်။ အဲဒီစာသားထဲမှာ ယူကရိန်းဟာ ‘မည်သည့်အချိန်တွင်မှ NATO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်မလာစေရ’ (‘never ever becoming a member of NATO’) ဆိုတာ ပါရမယ်။ ဒီအချက်ဟာ ရုရှားရဲ့အမျိုးသားလုံခြုံရေးပဲ ” ဟု ရုရှားဒုတိ ယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ဘ်ကော့က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ရုရှားတောင်းဆိုခဲ့သော လုံခြုံရေးအာမခံချက်ကို အမေရိကန်ပြည်ထောင်စု၊ NATO နှင့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation for Secrity and Cooperation in Europe)တို့က မပေးခဲ့ကြပါ။ နောက်ဆုံးရလဒ်အဖြစ် ၂၀၂၂ ခု၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက အထူးစစ်ဆင်ရေးပြုလုပ်ကြောင်း ကြေညာကာ ယူကရိန်းနိုင်ငံအတွင်းသို့ စစ်ရေးအရ ကျူးကျော်ဝင်ရောက်ခဲ့လေတော့သည်။

လက်ရှိစစ်ပွဲကာလ ယူကရိန်းနှင့် NATO ဆက်ဆံရေး

NATO ၏ အခြေခံရည်မှန်းချက်မှာ မဟာမိတ်အဖွဲ့ဝင် နိုင်ငံများ၏လွတ်လပ်ခြင်း နှင့် လုံခြုံရေးကို နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းများဖြင့် အကာအကွယ်ပြုပေးရန် ဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလျက် အဖွဲ့ဝင်အသိုက်အဝန်း၏ အခြေခံလုံခြုံရေးနှင့် ဘုံတူညီသော ဒီမိုကရေစီတန်ဖိုးများကို မြှင့်တင်ရန် အခြေခံမူ ထားရှိသည်။ NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံများအားလုံး စုပေါင်းသော် လက်နက်ကိုင်တပ်ဖွဲ့အင်အား ၅.၄၁ သန်းရှိသည်။ (ရုရှား၏ စစ်အင်အားမှာ ၁.၃၅ သန်းရှိသည်။)

ယူကရိန်းသည် NATO အဖွဲ့ဝင်မဟုတ် သည့်အတွက် စစ်ရေးအရ အကူအညီပေးနိုင်ခြင်း မရှိပါ။ သို့သော် ၂၀၁၄ ခုနှစ်အတွင်း ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း ဥရောပတိုက် အရှေ့ မြောက်ပိုင်း၌ NATO က တပ်ဖွဲ့အင်အား ၅,၀၀၀ နှင့် လက်နက်များ ချထားပေးခဲ့သည်။ ထို့ပြင် NATO တု့ံပြန်ရေးတပ်ဖွဲ့ (NATO  Response Force-NRF)ကို ဖွဲ့စည်းကာ ရုရှားနှင့် အနီးဆုံးနယ်မြေရှိ မဟာမိတ်အဖွဲ့ ဝင်နိုင်ငံများအတွင်း အရေးပေါ်စစ်ရေးပဋိပက္ခတုံ့ပြန်မှုအတွက် မူလက ကြည်း၊ရေ၊လေ တပ်ဖွဲ့အင်အား ၁၃,၀၀၀ ချထားခဲ့ရာမှ ရုရှား-ယူကရိန်းစစ်မဖြစ်မီတွင် အင်အား ၄၀,၀၀၀ အထိ တိုးမြင့်လျက် ရှိနေသည်။

NATO အဖွဲ့ဝင် နိုင်ငံတစ်ခုချင်းအနေ နှင့် ယူကရိန်းသို့ လက်နက်ခဲယမ်းမီးကျောက်များ၊ ဆေးဝါးအကူအပ့ံများ၊ မရှိမဖြစ်လိုအပ်သည့် စစ်ရေးဆိုင်ရာ အသုံးအဆောင်များနှင့် ဘဏ္ဍာရေးအကူအညီများကို ပေးပို့လျက်ရှိသည်။ ထိုသို့ကူညီမှုမှာ တစ်နိုင်ငံချင်းစီ၏ သဘောထားသာဖြစ်ပြီး NATO အဖွဲ့ကို ကိုယ်စားမပြုပါ။ မဟာမိတ်အဖွဲ့ဝင်အများစုသည် ယူကရိန်း အရပ်သားဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးပို့လျက် ထွက်ပြေး လာသူများကို လက်ခံရန် တိုင်းပြည်နယ်စပ်များအား ဖွင့်ပေးထားပါသည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးအနေ နှင့် အမေရိကန်ပြည်ထောင်စု သို့မဟုတ် NATO ထံမှ စစ်ရေးအကူအညီတစ်ရပ်ရရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင်မူ ဖော်ပြပါထုတ်ပြန်ချက်တစ်ခုသာ ရရှိခဲ့၏။

“NATO အနေနှင့် ရုရှားက လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီထွန်းကားသော NATO ၏ နီးကပ်သော လက်တွဲဖက် ယူကရိန်းအပေါ် စစ်အင်အားအပြည့်နှင့် ကျူးကျော်ခြင်းကို အပြင်းထန်ဆုံး ရှုတ်ချ လိုက်သည်။ ရုရှား၏ စစ်ရေးအရ တိုက်ခိုက်မှုကို ရပ်တန့်ရန်၊ ယူကရိန်းနိုင်ငံမှ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန်နှင့် ကျူးကျော်တိုက်ခိုက်မှုကို ရွေးချယ်ခဲ့သော နည်းလမ်းအား ရပ်တန့်ရန် မဟာမိတ်အဖွဲ့က တောင်းဆို လိုက်သည်။”

အသည်းပေါက်’ သွားသော သမ္မတ

အစစ်အမှန်နိုင်ငံရေး (Real Politik) ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသော ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ၂၀၂၂ ခု၊ မတ်လ ၇ ရက်၌ ABC သတင်းဌာနနှင့် အင်တာဗျူးသည့်အခါ သူ၏သဘောထားကို ယခုလို ဖွင့်ဟခဲ့ပါတော့သည်။

“ကျွန်တော့်အနေနဲ့ ဒီမေးခွန်း (NATO အဖွဲ့အတွင်းသို့ ယူကရိန်းဝင်ရောက်ရန်ကိစ္စ) ကို အကြာကြီး စဉ်းစားခဲ့ပြီး အခုတော့ သဘောပေါက်သွားပါပြီ။ NATO ဟာ ယူကရိန်းကို လက်ခံဖို့ ပြင်မထားပါဘူး။”

“မဟာမိတ်အဖွဲ့ကြီးဟာ ၀ိ၀ါဒကွဲပြားမယ့်အရေးနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ရမှာကို ကြောက်နေတာပါ။”

NATO အဖွဲ့ဝင်အဖြစ် ယူကရိန်းပါဝင် ခွင့်ရရေးအတွက် သူကြိုးပမ်းခဲ့ပုံမှာ တစ်ကမ္ဘာလုံး သိရှိခဲ့ရုံမျှမက တိုင်းပြည်နှင့်ချီကာ ပေးဆပ်လိုက်ရသော အရင်းအနှီးမှာလည်း ကြီးမားလွန်းလှပါသည်။ NATO အဖွဲ့သို့ ဝင်ရောက်ရေး  မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပုံနှင့် ပတ်သက်၍ ‘ တစ်ခုခုကို ဒူးထောက်နေရတဲ့ တိုင်းပြည်တစ်ပြည်}ရဲ့ သမ္မတ မဖြစ်လိုကြောင်း စကားပြန်မှတစ်ဆင့် ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းအနေနှင့် NATO အဖွဲ့ဝင် ဖြစ်ရေးကိစ္စကို အပူတပြင်းကြိုးစားတော့မည် မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လင်စ ကီးက ပြောကြားလိုက်ခြင်းဖြင့် ရုရှား၏ ကျူးကျော်မှုဆိုင်ရာ အကြောင်းပြချက်တစ်ရပ်ကို ကျော်လွှားနိုင်ပြီဖြစ်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကျူးကျော်စစ် မစတင်မီ နှစ်ရက်အလိုတွင် ယူကရိန်း ခွဲထွက်နယ်မြေနှစ်ခုဖြစ်သော ဒိုးနက်စ်နှင့် လူဟန့်ကို လွတ်လပ်သောသမ္မတနိုင်ငံအဖြစ် အသိအမှတ်ပြုထားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မော်စကိုနှင့်ကိယက်ဗ်တို့  အလျှော့အတင်း ပြုလုပ်လိုကြောင်း ထင်ရှားသည့် အချက်ပြမှုတစ်ခုကို ဇယ်လင်စကီးက ပြသလိုက်ခြင်း ဖြစ်သည်။

ABC သတင်းဌာနက ရုရှား၏တောင်း ဆိုချက်နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အဆိုပါ ဒိုးနက်စ်နှင့် လူဟန့်ဒေသများအကြောင်းကို “ကျွန်တော် အခု လုံခြုံရေးအာမခံချက်အကြောင်းကို ပြောနေတာပါ။ (ဒီဒေသ နှစ်ခုဟာ) ရုရှားကလွဲရင် သမ္မတနိုင်ငံအဖြစ် ဘယ်သူကမှ အသိအမှတ် မပြုကြသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးပြီး ဒီနယ်နိမိတ်တွေ ဘယ်လိုခရီးဆက်ကြမယ်ဆိုတာ ညှိနှိုင်းရင်း အဖြေပေါ်လာမှာပါ။ ကျွန်တော့် အတွက်ဘာက အရေးကြီးလဲဆိုတော့ ဒီဒေသက ပြည်သူတွေ ဘယ်လိုပုံစံမျိုးနဲ့ ရှင်သန်ချင်ကြသလဲ။ ဘယ်သူတွေက ယူကရိန်းရဲ့ အစိတ်အပိုင်း ဖြစ်ချင်ကြလဲ။ ယူကရိန်းနိုင်ငံထဲက လူတွေကရော သူတို့အပေါ် ဘယ်လို ပြောကြမလဲ” ဟု သမ္မတ ဇယ်လင်စကီးက ဖြေကြားခဲ့သည်။

“ သူတို့ကြိုက်တာ ရှင်းရှင်းလေး လုပ်ပေးမယ့်အစား မေးခွန်းတွေ ထုတ်နေတာက ပိုခက်သေးတယ်။ တစ်ခါ ရာဇသံတွေထုတ် ကြိမ်းဝါးနေပေမဲ့ ကျွန်တော်တို့က အဲလို ရာဇသံမျိုးအတွက် ပြင်ဆင်ထားတာ မရှိဘူး။ တကယ်လုပ်ဖို့ လိုအပ်နေတာက သမ္မတပူတင်အနေနဲ့ အဖြေမထုတ်နိုင်တဲ့ သတင်းပူ ဖောင်းတွေ လွှတ်မနေဘဲ စကားစ,ပြောဖို့၊ အပြန်အလှန်ဆွေးနွေးပွဲ စ,လိုက်ဖို့ပါပဲ။”

■ ပြည်ဖုံကားမချသေးသော ဇာတ်

ယုတ္တိဗေဒကျကျ ရှုမြင်ပါက စစ်ပွဲမစတင်မီ ရုရှားတောင်းဆိုခဲ့သော လုံခြုံရေးဆိုင်ရာ အာမခံချက်နှစ်ခုအနက် ယူကရိန်းကို NATO အဖွဲ့သို့ ဝင်ခွင့်မပြုရေးဟူသော တစ်ချက်မှာ ယူကရိန်းကိုယ်တိုင်က NATO ဝင်ရောက်ရေးအားထုတ်မှုကို နောက်ဆုတ်ရန် ခြေလှမ်းစလိုက်ပြီဟု ဆိုနိုင်သည်။

သို့သော် ဤကဲ့သို့သောသတင်းမျိုးအား မီဒီယာလောကတွင် လွှမ်းမိုးထားသော အ နောက်တိုင်းသတင်းဌာနကြီးများက ပူပူနွေးနွေး၊ ဦးဦးဖျားဖျား၊ မြန်မြန်ဆန်ဆန် ဖော်ပြခြင်းမပြုခဲ့ကြပါ။ နိုင်ငံရေးအုပ်စုတို့၏ ပုံဖော်ခံသတင်းဌာနများသည် စတုတ္ထမဏ္ဍိုင် မဟုတ်တော့သလို သတင်းဌာနများက နိုင်ငံ ရေးကို ဝင်ရောက်ပုံဖော်လိုလျှင်လည်း အန္တရာယ်ကြီးမားလှ၏။

သို့ဆိုလျှင် တိုင်းပြည်တစ်ခုလုံး အရှေ့အနောက်၊ တောင်မြောက်ဝဲယာ ကြေပြုန်းနေရရှာသော ယူကရိန်းနိုင်ငံအတွင်း စစ်ပွဲရပ်တန့်သွားရန် အမှန်တကယ် အလိုရှိကြပါ သလောဟု မေးခွန်းထုတ်ရတော့မည်။

၀ါရှင်တန်ဒီစီ၊ မူဝါဒရေးရာ လေ့လာမှု အင်စတီကျု၏ Michael Ratner Middle East Fellow မှ ခူရီ ပီတာဆင်-စမစ်က “၀ါရှင်တန်နဲ့ NATO ခေါင်းဆောင်တွေအနေနဲ့ စစ်ဝါဒီဆန်ဆန် ပြုမူဆောင်ရွက်ဖို့နဲ့ အနာ ဂတ်စစ်ပွဲတွေကို စီစဉ်ဖို့ ယူကရိန်းရဲ့ လက်ရှိ ဆိုးရွားတဲ့အခြေအနေကို အသုံးချတာမျိုး ကျွန်တော်တို့ ခွင့်မပြုသင့်ပါဘူး၊ ဒါပေမဲ့ ကံ မကောင်းအကြောင်းမလှစွာ သူတို့ လျှောက်နေတဲ့ လမ်းကြောင်းက ခုပြောတဲ့အတိုင်း အတိအကျပဲ” ဟု ရည်ညွှန်းခဲ့သည်။

မတ် ၈ ရက်တွင် ရုရှားစွမ်းအင်များကို ပိတ်ဆို့သွားမည်ဖြစ်ပြီး ရုရှားထံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတင် သွင်းခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က  ကြေညာခဲ့သည်။ ရုရှားစွမ်းအင် ပိတ်ဆို့မှုက အမေရိကန်နိုင်ငံအတွင်း ဓာတ်ဆီစျေးနှုန်း ဆက်လက်မြင့်တက် နိုင်ပြီး အမေရိကန်လူထု၏ စားဝတ်နေရေး ကုန်ကျစရိတ် တိုးလာနိုင်ကြောင်း၊ ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများက စျေးတင်ရောင်းချမှု မလုပ်ကြရန် ဘိုင်ဒင်က သတိပေးခဲ့သည်။

အပြန်အလှန်ချေပမှုအဖြစ် ရုရှားအောက်လွှတ်တော်ဥက္ကဋ္ဌ  ဗာချက်ဆလက် ဗိုလိုဒင်က အမေရိကန်၏ ဆန်ရှင်သည်  ရုရှားစွမ်းအင်ကဏ္ဍအထိ ပိတ်ပင်မှုတိုးချဲ့လာခြင်း ရည်ရွယ်ချက်မှာ ဥရောပစျေးကွက်ကို လက်ဦးရန်အတွက်ဖြစ်ရာ ဤလုပ်ရပ်ကြောင့် ဖြစ်လာမည့် နစ်နာမှုကို ဥရောပတိုက်ရှိ စီးပွားရေးလုပ်ငန်းနှင့်လူထုက ခံစားရမည်ဖြစ်ကြောင်း ၎င်းင်း၏လူမှုကွန်ရက်တွင် ရေးသားတုံ့ပြန်သည်။

အကောင်းဘက်မှ အားတက်စရာအဖြစ် ကိယက်ဗ်၊ ချာနီဟစ်၊ ဆူမီ၊ ခါကိဗ်နှင့် မာရီအူပေါ မြို့ကြီးများမှ ထွက်ခွာကြမည့် အရပ်သားများကို လူသားချင်းစာနာ ထောက်ထားမှု စင်္ကြံအတွက်  ရုရှားစစ်တပ်က မော်စကို စံတော်ချိန် မတ် ၉ ရက် နံနက် ၁၀ နာရီတွင်   ‘ဆိတ်ငြိမ်အနေအထား’ ထပ်မံ စတင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်း ဆွေးနွေးညှိနှိုင်းသူ များက ‘မကြာမြင့်မီ ကာလ၌’ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်သွား မည်ဟု ပြောကြားလျက် မတ် ၇ ရက်က ဘီလာရုစ်တွင် ပြုလုပ်သော တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြသည်။

“I Know not with what weapons World War III Will be fought, but World War IV will be fought with Stricks and stones”

Albert Einstein

 “ တတိယကမ္ဘာစစ်ကို ဘယ်လက်နက် တွေသုံးပြီး တိုက်ကြမယ်လို့ ကျုပ်မသိဘူး၊ ဒါပေမဲ့ စတုတ္ထကမ္ဘာစစ်မတော့ တုတ်တွေ၊ ခဲတွေသုံးပြီး တိုက်ကြရမှာပါ” ဆိုသော အယ်လ်ဘတ် အိုင်စတိုင်း၏စကား လက်နက်ပိုင် ရှင်တို့၏ ‘နား’သို့ ‘ပေါက်’ပါစေသတည်း။

Most Read

Most Recent