ရုရှားဆန့်ကျင်ရေး ‘မုန်းစွဲ’ များ ဗဟိုဥရောပ၌ ပျံ့နှံ့လာခြင်း

ရုရှားဆန့်ကျင်ရေး ‘မုန်းစွဲ’ များ ဗဟိုဥရောပ၌ ပျံ့နှံ့လာခြင်း
ဖေဖော်ဝါရီ ၂၇ ရက်က ချက်နိုင်ငံ ပရပ်မြို့တွင် ယူကရိန်းကို ရုရှားတို့၏ ကျူးကျော်မှုအား ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ်  (Photo-AFP)
ဖေဖော်ဝါရီ ၂၇ ရက်က ချက်နိုင်ငံ ပရပ်မြို့တွင် ယူကရိန်းကို ရုရှားတို့၏ ကျူးကျော်မှုအား ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ်  (Photo-AFP)
Published 8 March 2022
မိုးဧအောင်

၂၀၂၂ ခု ဖေဖော်ဝါရီလအနှောင်းပိုင်း သမ္မတ ဗလာဒီမာပူတင် ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက် ဗဟိုဥရောပဒေသရှိ တိုင်းပြည်များ၌ ရုရှားဆန့်ကျင်ရေး အမြင်စွဲများ သိသာထင်ရှားစွာ ပေါ်ထွက်လာသည်။

၂၀၂၂ ခု မတ်လ ၃ ရက်နေ့က ချက်သမ္မတနိုင်ငံအတွင်းရှိ နိုင်ငံတကာဟိုတယ်လုပ်ငန်းစုတစ်ခုက ရုရှား သို့မဟုတ် ဘီလာရုစ်နိုင်ငံသား ဧည့်သည်များအားလုံးကို လက်ခံတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အချို့သော ချက်ကုမ္ပဏီများကမူ ရုရှားအားလုံးသို့ မရည်ရွယ်ဘဲ ယခုစစ်ပွဲ၌ စစ်ကိုဆန့်ကျင်ဆန္ဒပြပွဲ၌ ပါဝင်ခဲ့ကြောင်း ဓာတ်ပုံပြနိုင်ပါက ဝန်ဆောင်မှုပေးမည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုပါသည်။

ချက်သမ္မတနိုင်ငံ ဒေသန္တရမီဒီယာ၏ ဖော်ပြချက်အရ လက်ရှိကာလတွင် စီးပွားရေးကျဆင်းမှုဖြစ်လာသော ရုရှားလက်လီစတိုးများ ပိတ်ထားကြကြောင်း၊ ချက်နိုင်ငံအတွင်းရှိ အချို့လူများက အဆိုပါစတိုးဆိုင်များရှေ့ရှိ ရုရှားဘာသာ အမှတ်အသားများပေါ်၌ ဗလာစာရွက် သွားကပ်ထားကြကြောင်း သတင်းရေးသားသည်။ ပရပ်မြို့တော်၌ ရုရှားနိုင်ငံသားများ ဗီဇာလျှောက်ထားမှုကို ခေတ္တဆိုင်းင့ံထားသည်။

ပစ္စက္ခပေါ်ပေါက်လျက်ရှိသော အခြေအနေများနှင့် အတိတ်သမိုင်း အတွေ့အကြုံများအရ ဗဟိုဥရောပတိုက်သားအများစုသည် ၂၀ ရာစုအတွင်း နာဇီဂျာမနီတို့၏ ကျူးကျော်မှုကိုလည်းကောင်း၊ ထို့နောက် ကွန်မြူနစ်ဆိုဗီယက်ယူနီယံ၏ သိမ်းပိုက်မှုကိုလည်းကောင်း ခံခဲ့ကြဖူးသူများဖြစ်သည်။ ထို့ကြောင့် ရုရှားလူမျိုးများအပေါ် မုန်းတီးသော သဘောထားပေါ်ပေါက်လာသည်မှာ ‘ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ’ ဟု Europeam University Institute မှ ပါမောက္ခ ဖိလစ်ကော့စ်တယ်လ်ကာက ဆိုပါသည်။

ပိုလန်နှင့် ချက်သမ္မတနိုင်ငံကဲ့သို့သော ဗဟိုဥရောပတိုင်းပြည်အချို့တွင် သူ့နိုင်ငံသားများ၏ ရာခိုင်နှုန်း ၉၀ ကျော်က ယူကရိန်းတို့၏ ခုခံတော်လှန်မှုကို အားပေးနေကြသည်။ စစ်ဒဏ်သင့်၍ ပြေးလာကြရသော ယူကရိန်းနိုင်ငံသားများကို ကြိုဆိုလက်ခံထားကြောင်း ပရပ် Metropolitan University မှ ပညာတော်သင် အဲလက်စ်ကာမာဇင်က ပြောကြားသည်။

ယူကရိန်းတစ်သန်းကျော်သည် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြရပြီး ပိုလန်သည် ထွက်ပြေးသူ အများဆုံးကို လက်ခံထားသည်။ ဟန်ဂေရီတွင် ၁၃၉၆၈၆ ဦး၊ မော်ဒိုဗာတွင် ၁၀၀၀၀၀ ခန့်၊ ဆလိုဗက်ကီးယားတွင် ၇၃၀၀၀ ဦးနှင့် ရိုမေးနီးယားတွင် ထွက်ပြေးလာသူ ၅၀၀၀၀ ကျော်ကို လက်ခံထားကြသည်။

 

သို့သော် ယူကရိန်းပြည်သူတို့၏ ပူဆွေးသောကကို မျှဝေခံစားလျက် အပြည့်အဝတစ်စိတ်တစ်ဝမ်းတည်းရှိနေရန်ဆိုသောကိစ္စမှာ ‘တိမ်မယောင်နှင့် နက်သော’ အချေအတင် ငြင်းခုံဖွယ်ရာအကြောင်းအရာ ဖြစ်သည်။

ဥရောပရှိ နိုင်ငံရေးသမားအများအပြားက ပူတင် ဆင်နွှဲသောစစ်၌ ရုရှားပြည်သူလူထုမှာလည်း ‘မြေစာပင်’ များသာဖြစ်ရကြောင်း ထောက်ပြကြသည်။ အနောက်နိုင်ငံတို့က ချမှတ်ခဲ့သော တာဆီးကန့်သတ်ပိတ်ပင်မှု ဆန်ရှင်များသည် ရုရှားစီးပွားရေးကို စတင်ထိုးနှက်နေပါပြီ။ လူမှုကွန်ရက်တွင် တက်လာသောဗီဒီယိုများ၌ ရုရှားလူမျိုးအများစုက သူတို့ပိုင်ဆိုင်မှုများကို ရောင်းချ၍ နိုင်ငံရပ်ခြားပြောင်းရွှေ့ကြတော့မည်ဆိုသည့် ပြောဆိုနေပုံမျိုးတွေ့မြင်ရသည်။

လွန်ခဲ့သောသီတင်းပတ်က ရုရှားလူမျိုးသောင်းချီ၍ လမ်းပေါ်ထွက်ကာ ကျူးကျော်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ သူတို့၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ထောင်နှင့်ချီကာ အဖမ်းခံခဲ့ကြရသည်။

မတ်လ ၄ ရက်နေ့သတင်းအရ ရုရှားနိုင်ငံတွင် လွတ်လပ်သော သတင်းဌာနတစ်ခုသာ ကျန်ရှိပြီး အနောက်တိုင်းမီဒီယာအားလုံးနီးပါး ကန့်သတ်ပိတ်ပင်ခံခဲ့ရသည်။ ရုရှားပါလီမန်၊ ဒူးမားလွှတ်တော်သည် ယူကရိန်းနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ‘သတင်းအတု အယောင်များ’ ဖြန့်ဖြူးပါက ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးမည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အဓိပ္ပာယ်မှာ မည်သည့်ဖြစ်ရပ်မဆို ကရင်မလင်ကပေးသော သတင်းမှန်သမျှ ‘ကူးချ’ လိုက်ခြင်းကသာ ဘေးကင်းမည်ဖြစ်ပါ၏။

ထို့ပြင် ပူတင်အစိုးရသည် ရုရှားအပေါ် ဆန်ရှင်များချမှတ်ခဲ့သည့် အနောက်အုပ်စုဝင်နိုင်ငံများကို ထပ်ကာတလဲလဲ အပြစ်ဖို့ခဲ့ရုံမျှမက၊ ‘ရုရှားကြောက်ရောဂါ’ ဝင်နေကြကြောင်း ပြောဆိုခဲ့သည်။ တစ်ဖန် အနောက်အုပ်စုနှင့် အလွမ်းသင့်နေခဲ့သော ကိယက်ဗ်ကိုလည်း ‘နာဇီလက်သစ်များ’ ဟု ယုတ္တိကင်းမဲ့စွာ တံဆိပ်ကပ်ပြန်သည်။ စစ်စစ်ပေါက်ပေါက်ခြေရာခံလိုက်ပါက ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးသည် ဂျူးတစ်ယောက်ဖြစ်ကြောင်း တွေ့ကြရမည်။

ရလဒ်အနေနှင့် ရုရှားလူမျိုးများအပေါ် ကရုဏာသက်ကြောင်း ပြသလျှင်သော်လည်းကောင်း၊ ရုရှားဆန့်ကျင်ရေး ‘မုန်းစွဲ’ များကို ဝေဖန်လျှင်သော်လည်းကောင်း ပူတင်ဘက်က ရှေ့နေလိုက်ပေးသူ၊ ကရင်မလင်ကို ထောက်ခံအားပေးသူဟု စွပ်စွဲခံရတော့သည်။

မည်သို့ဆိုစေ ချက်သမ္မတနိုင်ငံအတွင်း အခြေစိုက်နေထိုင်သူ ရုရှားများအပေါ်  ယခုကဲ့သို့ ‘ရန်စွယ်နှင့်ငေါငေါ’ ဆက်ဆံခြင်းမျိုးမှာ ‘ကြုံခေါင့်ကြုံခဲ’ ဟု ပါမောက္ခကော့စ်တယ်လ်ကာက ဆိုပါသည်။ “ချက်လူမျိုးအများစုက ဒီကျူးကျော်တိုက်ခိုက်မှုဟာ ရုရှားခေါင်းဆောင်ပိုင်းကိုပဲ အပြစ်ဖို့ရမယ်ဆိုတာရယ်၊ သာမန်ရုရှားပြည်သူတွေဟာ ယူကရိန်းတွေလိုပဲ ‘သူမသာ ကိုယ်အသုဘ’ ဘဝရောက်နေကြတာတယ်ဆိုတာရယ်ကို နားလည်ကြပါတယ်”

ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် ပီတာဖီယာလာကလည်း သူ့နိုင်ငံက ချမှတ်လိုက်သော ဆန်ရှင်များသည် သာမန်ရုရှားပြည်သူများကို ထိခိုက်စေရန် မရည်ရွယ်ဘဲ ပူတင်၏အစိုးရကိုသာ ဦးတည်ကာ ပိတ်ပင်ခြင်းဖြစ်ကြောင်း တစ်တိုင်းပြည်လုံး နားလည်သဘောပေါက်စေရန် အလေးထားရှင်းပြခဲ့၏။

အလားတူ ချက်ပညာရေးဝန်ကြီးဌာနက ကျောင်းဆရာ၊ ဆရာမများသို့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားပြီး ထိုစာအရ ပူတင်၏ကျူးကျော်မှုသည် ရုရှားအတန်းဖော်များနှင့် ဘာမျှမသက်ဆိုင်ကြောင်း မိမိတို့တပည့်များအား ရှင်းပြကြရန် ညွှန်ကြားထားသည်။

ပိုင်းခြားစိတ်ဖြာသုံးသပ်သူတို့၏ အလိုအရ လက်တွေ့တွင် ရှင်းရှင်းလင်းလင်း ရှုမြင်စရာနှစ်ခုရှိသည်။ ပထမတစ်ခုမှာ သမိုင်းဖြစ်သည်။ ဥရောပတိုက်ဗဟိုဒေသကြီးသည် ၂၀ ရာစုအတွင်း ‘သိမ်းပိုက်ခံရခြင်း’ နှစ်ကြိမ်ကို ဖြတ်သန်းခဲ့ရ၏။ တစ်ကြိမ်သည် နာဇီဂျာမနီတို့ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဆိုဗီယက်ယူနီယံ ကွန်မြူနစ်များဖြစ်သည်။

၁၉၉၃ ခုနှစ်၊ တိုင်းပြည်မပြိုကွဲမီ ချက်ကိုစလိုဗက်ကီးယားသည် ၁၉၃၈ ခုနှစ်၌ ကျူးကျော်သိမ်းပိုက်ခံရကာ ဟစ်တလာ၏ တတိယဂျာမန်ရိုက်ချ်နိုင်ငံတော်အတွင်း သွတ်သွင်းခံရဖူးသည်။ အနောက်ဥရောပခေါင်းဆောင်များ၏ ဟစ်တလာအပေါ် မလှန်နိုင်သော လမ်းကြောင်းအတိုင်း ပုပ်၍ပေါ်သော မြူးနစ်သဘောတူစာချုပ်ကို ချက်ကိုစလိုဗက်ကီးယားအား လက်မှတ်ရေးထိုးစေခဲ့ကြသည်။

ချက်ကိုစလိုဗက်ကီးယား၏ ကျန်ရှိသော နယ်နိမိတ်မှာ လပိုင်းအတွင်း ဆက်လက်သိမ်းပိုက်ခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဂျာမန်တပ်ဖွဲ့များ ပိုလန်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။ ခန့်မှန်းခြေအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်လူမျိုးခြောက်သန်း သေဆုံးခဲ့ကြရပြီး စစ်မဖြစ်မီ လူဦးရေ၏ ငါးပုံတစ်ပုံ ‘ပျက်စီး’ သွားခဲ့ရ၏။

၁၉၄၅ ခုနှစ် နာဇီဂျာမနီတို့ စစ်ရှုံးပြီးနောက် ဗဟိုဥရောပကို ဆိုဗီယက်ယူနီယံတို့ အလျင်အမြန်သိမ်းပိုက်ကာ သက်ဆိုင်ရာတိုင်းပြည်အစိုးရများ၌ ကွန်မြူနစ်ခေါင်းဆောင်တို့ကို နေရာချထားခဲ့သည်။ ထိုနိုင်ငံများ၌ ရံဖန်ရံခါ ထကြွမှုများ ပေါ်ပေါက်လာလျှင် မော်စကိုက သွားရောက်နှိမ်နင်းခဲ့၏။

၁၉၅၆ ခု၊ ဟန်ဂေရီအရေးအခင်း၌ ဆိုဗီယက်တပ်မတော်သည် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။ နောင်ရှစ်နှစ်ကြာသောအခါ ချက်ကိုစလိုဗက်ကီးယား ပြည်သူများ၏ ပရပ်နွေဦးခေါ် ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုကို ချေမှုန်းရန် ဆိုဗီယက်ယူနီယံသည် တင့်ကားများကို စေလွှတ်ခဲ့လေသည်။

ကွန်မြူနစ်အစိုးရများ စုစည်းခဲ့ကြသော ၀ါဆောစစ်စာချုပ်အဖွဲ့သည် ၁၉၈၉ ခုနှစ်၌ ပြိုကွဲသွားပြီး နောင်နှစ်နှစ်အကြာတွင် ဆိုဗီယက်ယူနီယံလည်း ပြိုကျခဲ့တော့သည်။

ယခုလည်း ဗဟိုဥရောပနိုင်ငံအချို့က ယူကရိန်းကို တိုက်ရိုက်စစ်ရေးအကူအညီပေးရန် ပျက်ကွက်နေပုံမှာ ၁၉၃၈ ခုနှစ်၊ မြူးနစ်ဆွေးနွေးပွဲ၌ ဟစ်တလာ၏ စစ်ရေးရည်မှန်းချက်များ ပြည့်စုံစေရန် ချက်ကိုစလိုဗက်၏ အချုပ်အခြာအာဏာကို ထိုးအပ်ခဲ့သော အနောက်ဥရောပခေါင်းဆောင်များအား ပြန်လည်မြင်ယောင်ဖွယ် ဖြစ်နေပါသည်။

ဆိုဗီယက်ယူနီယံ၏ ကောင်းမွေဆိုးမွေကို တိုက်ရိုက်ဆက်ခံခဲ့သော ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်သောအခါ ၂ဝရာစု ဒုတိယရာစုဝက်အတွင်း ဗဟိုနှင့် အရှေ့ဥရောပတစ်လွှား မော်စကို၏ ဖိနှိပ်ချုပ်ချယ်မှု နည်းဗျူဟာများကို ပြန်လည်သတိရဖွယ် ဖြစ်လာသည်။

“ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပုံက ဗဟိုနဲ့အရှေ့ဥရောပမှာ ဟစ်တလာက တစ်နယ်ပြီးတစ်နယ် ချဲ့ထွင်သိမ်းပိုက်သွားတာမျိုး ဒါမှမဟုတ် ဆိုဗီယက်က သူ့ရဲ့ “သြဇာခံနိုင်ငံတွေအဖြစ် ထိန်းချုပ်သွားတာမျိုးနဲ့ ခပ်ဆင်ဆင်သွားတူနေတယ်” ဟု Metropolitan တက္ကသိုလ်မှ ကာမာဇင်က ပြောသည်။

ဤသတိရချက်များသည် ယူကရိန်းမှ ထွက်ပြေးသူများကို ဗဟိုဥရောပနိုင်ငံများက အဘယ်ကြောင့် စိတ်လိုလက်ရ လက်ခံခဲ့ကြကြောင်း အဖြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မည်။ သို့သော်ဤနိုင်ငံများအနေနှင့် ဆီးရီးယား သို့မဟုတ် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထွက်ပြေးလာသူများဖြစ်စေ၊ စစ်ဘေးဒုက္ခသည်များဖြစ်စေ လက်ခံရေးကိစ္စကိုမူ တွန့်ဆုတ်နေဆဲဖြစ်သည်။ “နောက်ပိုင်းကိစ္စမှာ ချက်လူမျိုးတွေဟာ သမိုင်းကြောင်းအရ ဒါမှမဟုတ် အမှတ်အသား သရုပ်လက္ခဏာ တော်စပ်ပုံအရ ထွက်ပြေးလာသူတွေနဲ့ ဘာမှအချိတ်အဆက်မရှိဘူး” ဟု ကာမာဇင်က တွက်ပြသည်။

နောက်ထပ်ပြဿနာတစ်ရပ်မှာ ထိုပြည်သူများသည် သူတို့၏ပြုမူဆောင်ရွက်ချက်ဟူသမျှကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သော အစိုးရများကသာ အဆုံးအဖြတ်ပေးနေခြင်းဖြစ်သည်။ ရုရှားကို သာဓကတင်ရသော် ပူတင်သည် စောင့်ကြည့်သူများက မလွတ်လပ်၊ မမျှတဟု သုံးသပ်နေကျ ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပကာ ဆယ်စုနှစ်ချီ၍ အာဏာကို ချုပ်ကိုင်ထားသူဖြစ်သည်။

လွန်ခဲ့သောနှစ်က ထုတ်ဝေခဲ့သည့် “တရုတ်၏ ဇာတိပုညဂုဏ်မာနနှင့် ဥရောပသားတို့၏ လိုတစ်မျိုး၊ မလိုတစ်မျိုး အဂတိ” (Chinese Pride and Europeam Prejudice) စာတမ်းတွဲဖက်ပြုစုသူ၊ Palacky University မှ အကြီးတန်းသုတေသီ ရစ်ချတ်တာဆန်ယီက ဥရောပသားတို့၏ တရုတ်လူမျိုးများအပေါ် ထင်မြင်ချက်မှာ တရုတ်အစိုးရက ပုံဖော်ထားသကဲ့သို့ပင် ရှုမြင်တတ်ကြောင်း ရေးသားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံနဲ့ သူ့ပြည်သူတွေအပေါ်နှစ်ခုလုံး တစ်ပြိုင်နက် အဆိုးမြင်တာမျိုးက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ လူတိုင်းမှာ အဲလိုမျိုးမဟုတ်ဘူး။ အရေးကြီးတဲ့ ကျွန်တော်တို့တွေ့ရှိချက်ကတော့ အထူးသဖြင့် လစ်ဘရယ်ကျတဲ့ သင်ယူသူတွေဟာ သမာသမတ်ကျအောင် ကြိုးစားလေ့ရှိကြပြီး ကွန်ဆာဗေးတစ်သမားများကတော့ ဒါမျိုးသိပ်အားထုတ်လေ့မရှိကြဘူး။”

“လက်ရှိစစ်ပွဲကိစ္စမှာ ကံမကောင်းအကြောင်းမလှစွာပဲ လူအတော်များများရဲ့ ဒေါသဟာ ရုရှားပြည်သူတွေအပေါ် မင်းမူနေတဲ့ ပူတင့်အပေါ် စုပုံသွားပါစေလို့ ဆုတောင်းရတော့မှာပဲ” ဟု သူက ထပ်မံပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ခင်းလိုက်သောစစ်ပွဲသည် စိတ်ဓာတ်ရေးရာအရ၊ မဟာဗျူဟာအရ မှားယွင်းသည်ဟု စွပ်စွဲရန်အလို့ငှာ ဤပဋိပက္ခသည် လူယဉ်ကျေးတိုင်းပြည်နှင့် အရိုင်းအစိုင်းများအကြားဖြစ်ပွားသည့် စစ်ပွဲမဟုတ်သကဲ့သို့ ရုရှားတို့ကိုယ်နှိုက်ကလည်း ရန်မူတတ်သော၊ သိမ်ငယ်စိတ်ဝင်နေသော၊ ထစ်ခနဲရှိလျှင် စစ်တိုက်ချင်ကြသော မျိုးရိုးဗီဇမျိုး မဟုတ်ကြပါ။

ရုရှားတို့အပေါ် အဆိုးမြင်သော မုန်းစွဲသည် အနုတ်လက္ခဏာဆောင်သော်လည်း၊ ယင်းအစွဲမှာ ယူကရိန်းတို့အပေါ် စာနာသနားခြင်းမှ အခြေတည်ခဲ့ပါသည်။ သို့သော်ရုရှားနိုင်ငံအတွင်း၌ဖြစ်စေ၊ ရုရှားနိုင်ငံပြင်ပ၌ဖြစ်စေ နေထိုင်ကြသော ရုရှားလူမျိုးများကမူ ရုရှားခေါင်းဆောင်များ၏ ကျူးကျော်ရန်စမှုကို မစဉ်းမစားအပြစ်တင်ရန် သင့်လျော်မည်မဟုတ်ပါ။

 

Most Read

Most Recent