ခေါက်ရိုးကျိုးအိုင်ဒီယာ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းနှင့် ပေါ်လစီမဖတ်တဲ့ စာမျက်နှာများ

ခေါက်ရိုးကျိုးအိုင်ဒီယာ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းနှင့် ပေါ်လစီမဖတ်တဲ့ စာမျက်နှာများ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေထွက်ပစ္စည်း လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေထွက်ပစ္စည်း လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 6 March 2022
သန်းစိုး (ဘောဂဗေဒ)

စျေးကွက်ဆီက အရည်ထွက်ဖို့ ညှစ်ထုတ်ဖို့ပဲ တွေးတတ်တယ်။ စျေးကွက်ကို ဆွဲတင်ပြီး ပိုက်ဆံရှာဖို့ မတွေးတတ်ဘူး။ အစိုးရက ပိုက်ဆံ မရှိတော့ စျေးကွက်ကနေ ညှစ်ထုတ် ပြီး ပိုက်ဆံရှာဖို့ ကြိုးစားနေတယ်။ ဥပမာ ဒီလိုခေတ်ပျက်ကြီးထဲမှာ စျေးကွက် ကမောက်ကမ၊ ဝယ်လိုအား ရောင်းလိုအား ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ အစိုးရဘက်က ရစရာရှိတဲ့ ဘာခ၊ ညာခ၊ လိုင်စင်ခ၊ အခွန် စတာတွေနဲ့ပတ်သက်ပြီး တစ် ခုမှ Liberize လုပ်တာ မတွေ့ရဘူး။

စျေးကွက်ကို Boost လုပ်ပြီး ပိုက်ဆံရှာပါ

စျေးကွက်က ပျက်နေပြီ။ ပုဂ္ဂလိက Sector ကျဆုံးနေပြီ။ ဒါနဲ့ပတ် သက်ပြီး ဘယ်လို Boost လုပ်မယ် ဆိုတဲ့နည်းလည်း မတွေ့ရဘူး။ ဘဏ္ဍာ ရေးအရ၊ ငွေကြေးပေါ်လစီအရ ဘယ်လိုပေါ်လစီ Tools တွေမှလည်း ကူညီရေးအစီအစဉ် မတွေ့ရဘူး။ ဖမ်းမယ်ဆီးမယ်လုပ်တုန်း။ ဥပမာ ကုန်သွယ်ရေးကဏ္ဍက တရားမဝင်ကုန်စည် ဖမ်းဆီးတဲ့ လုပ်ငန်းလိုမျိုး။ တရားမဝင်ကုန်စည် ဖမ်းဆီးခြင်းဟာ ဆိုရှယ်လစ်မှောင်ခိုခေတ်ကတည်းက ဌာနဆိုင်ရာအတွင်း ခွင်ဖြစ်ခဲ့ပြီး မအောင်မြင်တဲ့ ဆေးနည်းပဲဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွေမှာလည်း တရားမဝင်ကုန်စည်ဖမ်းဆီးရေးအဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တရားမဝင် ကုန်စည် ဖမ်းဆီးရေးလှုပ်ရှားအဖွဲ့ Moble Team ပုံစံနဲ့ တစ်ဖန် မွေးလာပြန်တာပဲ။ တရားမဝင်ကုန်စည် ဖမ်းဆီးတာကြောင့် တရားဝင် ဖြစ်လာ၊ မဖြစ်လာတော့မသိ၊ မိုဘိုင်း အဖွဲ့တွေရဲ့ တာဝန်ကုန်ဆုံးပြီဆိုရင် ကားကြီးကားငယ်တွေ ဝယ်စီးသွားနိုင်တယ်။ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်နိုင်တာပဲ အဖတ်တင်တယ်။ အခုထိ တရား မဝင်ကုန်စည်ကတော့ စီးဆင်းနေတုန်းပါပဲ။

ဆိုလိုချင်တာက စျေးကွက်က ဘာဖြစ်နေတယ်၊ စျေးကွက်က ဘာတောင်းဆိုနေတယ်၊ စျေးကွက်က ဘာလိုအပ်ချက်ရှိတယ်ဆိုတဲ့ စျေးကွက်တောင်းဆိုမှုအပေါ် ပေါ်လစီက ပြောင်းရမှာဖြစ်တယ်။ အုပ်ချုပ် ရေးအမြင်ကျတော့ စျေးကွက်ကို ပိုတင်းကျပ်လေ လုပ်စားဖို့ ခွင်ပိုရလေ ဆိုတာမျိုး။ စျေးကွက်ကိုကျပ်လိုက်မှ လာဘ်လာဘရတာမျိုး စဉ်းစားလုပ်ဆောင်ပုံကို ပြောခြင်းပါ။ အခုချိန်ထိ ကုန်စည်တွေ တရားမဝင်ဖြစ်နေရ တာကလည်း တရားဝင်လာအောင် ဘာလုပ်ရမလဲဆိုတဲ့ ပေါ်လစီမျိုးကို မစဉ်းစားခဲ့ကြလို့ဖြစ်ပါတယ်။ ဒါ ကြောင့် မဆလခေတ်ကတည်းက တရားမဝင်ကုန်စည် ဖမ်းခဲ့တာ အခု ၂၀၂၂ ခုနှစ် ဒီဂျစ်တယ်ခေတ်အထိ တရားမဝင်ကုန်စည်တွေ ဖမ်းလို့ကို မပြီးသေးဘူး။ ဒီလိုပေါ်လစီမျိုး ဖက်တွယ်ထားတာကို ကွန်ဆားဗေးတစ် အိုင်ဒီယာလို့ခေါ်တာပါ။

အခုတော့ လူတွေက စီးပွားရေးပျက်ကပ်ဆိုက်မှုကနေ အထွေထွေအကျပ်အတည်းကို ဦးတည်ဖြစ် ပေါ်နိုင်တယ်လို့ တွေးဆမိပါတယ်။ စီးပွားပျက်ကပ်ကြီးကို ဆွဲတင်ဖို့ ဘဏ္ဍာရေးပေါ်လစီက ဘာတွေလုပ် နေပါတယ်။ ငွေကြေးပေါ်လစီက ဘာတွေလုပ်နေပါတယ်။ ကုန်သွယ်မှုက ဘာတွေလုပ်နေပါတယ်။ ထုတ် လုပ်မှုကဏ္ဍက ဘာတွေလုပ်နေပါတယ်။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေပါတယ်။ မြို့ပြစီး ပွားရေးလုပ်ငန်းတွေကို ဆွဲတင်ဖို့ ဘယ်လို ဒေါက်တိုင်တွေနဲ့ တွန်း တင်နေရမယ်ဆိုတဲ့ နည်းလမ်းတွေ မတွေ့ရသေးဘူး။ လယ်ယာ သားငါးကဏ္ဍ ဘာတွေလုပ်နေပါတယ် ဆိုတဲ့ Boost ပေါ်လစီ တစ်ခုမှလည်း မတွေ့ရဘူး။ စီးပွားရေးကို မက်ခရို အဆင့်မှာရော၊ မိုက်ခရိုအဆင့်မှာ ရော ထင်ထင်ရှားရှား တွေ့မြင်မှု အားနည်းနေတာ တွေ့နေတယ်။

သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း

လူတွေ ဒီလောက်ဆင်းရဲကျပ်တည်း စုတ်ချာနေတဲ့အချိန်၊ တရားဥပဒေ လျော့တိလျော့ရဲဖြစ်နေတဲ့ အချိန်၊ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေအပေါ် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းစဉ်တွေနဲ့ စိုးရိမ်မှုတွေ လျော့ပါးစေရေးအတွက် ဘာတွေ ပြင်ဆင်လုပ်နေပါတယ်ဆိုတဲ့ ရသေ့ စိတ်ဖြေလေးတောင် မတွေ့ရတာ အတော်ကိုစိုးရိမ်ရပါတယ်။

အစိုးရမီဒီယာမျိုးစုံ၊ ဥပမာ MRTV တို့  တခြားရုပ်သံမီဒီယာတွေကလည်း လယ်တွေကြည့်တာ၊ ကြက် ခြံကြည့်တာ၊ ရေမြောင်းဖောက်တာ ကြည့်တာ၊ ကွင်းဖွင့်ပွဲကြည့်တာ၊ အလှူငွေပေးတာ၊ ကိုဗစ်ကိစ္စတွေဟာ စီးပွားရေးကို ဆွဲတင်၊ နှိုးဆွမယ့်နည်း လမ်းတွေနဲ့ ဝေးကွာနေတာကိုကြည့်ခြင်းဖြင့် သွားနေတဲ့လမ်းကြောင်းကို ခန့်မှန်းမိသလိုပါပဲ။ အမှန်တကယ်က လူတွေ စီးပွားရေးကျပ်တည်းနေတာကို ဖြေရှင်းဖို့၊ ပိုပြီးဆန်းသစ် တီတွင်တဲ့နည်းလမ်းတွေ၊ စီးပွားရေး မော်ဒယ်တွေ၊ အင်တာပရီနာ ဆီမီနာတွေ၊ စျေးကွက်နဲ့ စီးပွားရေး ကိုဆွဲတင်တဲ့ ၀ါဒဖြန့်မှုတွေ ဖြစ်သင့်တဲ့အချိန်ဖြစ်သလို စောင့်မျှော်နေကြ လိမ့်မယ်လို့လည်း မှတ်ယူပါတယ်။

ရုပ်သံလိုင်းတွေမှာ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကလည်း စီးပွားရေးအကျပ်အတည်းကို ဘယ်လိုဆွဲတင်မလဲဆိုတဲ့ အိုင်ဒီယာ ကောင်း စကားဝိုင်းဆွေးနွေးပွဲတွေ၊ Talkshow တွေ တစ်ခုမှမရှိဘဲ (ကန် တော့ပါရဲ့ ချီးခြောက်ရေနှူးနေတာတွေပဲ တွေ့ရတယ်) သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းက တော့ လူတိုင်းပြောတတ်မယ်ထင်ပါတယ်။ ပညာရှင်တွေအပေါ် စီးပွားရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အ ကြောင်းအရာတွေက လွှမ်းမိုးလွန်း အားကြီးနေပါတယ်။ Airtime တွေမှာ ပိုက်ဆံကုန်တာပဲ အဖတ်တင်တဲ့ လုပ်ရပ်မျိုး နှမြောမိပါတယ်။

လက်ရှိအချိန်မှာ အစိုးရဆိုတာထက် နိုင်ငံဆိုတာကို ပိုကြည့် သင့်ပါတယ်။ နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံသားအားလုံးရဲ့ အကျပ်အတည်း၊ အောက်ခြေမှာဖြစ်နေတဲ့ အကျပ်အတည်းတွေ၊ မလုံခြုံမှုတွေကြောင့် နိုင်ငံကို ပိုကြည့်သင့်တယ်လို့ မြင်ပါတယ်။ နိုင်ငံသားအားလုံး သားသမီးတွေဆိုတာ မေ့ထားလို့မရဘူး။ စီးပွားရေး အကျပ်အတည်းဆိုတာ လုံခြုံရေးထက် အရေးကြီးတာမျိုး ဖြစ်လာပါစေလို့ ဆုတောင်းနေရုံ ကလွဲပြီး ဘာမှမတတ်နိုင်သေးပါဘူး။

စျေးကွက်က တကယ်ပျက်နေပြီ

လက်ရှိမှာ အစိုးရဘက်က စျေးကွက်နဲ့ပတ်သက်ပြီး ရပိုင်ခွင့် ရှိတာ၊ လုပ်ပိုင်ခွင့်ရှိတာတွေအားလုံး ၁၀၀ ရာခိုင်နှုန်းယူဖို့ပဲ စိတ်ဝင်စားတယ်။ စျေးကွက်ပျက်နေတဲ့အပေါ် ဘယ်လိုလစ်ဘရယ်လိုက်လုပ်မယ်၊ Subsitute လုပ်ရမယ်ဆိုတဲ့ နည်း တစ်ခုမှမတွေ့ရဘူး။ အစိုးရဟာ ရပိုင်ခွင့်ရှိတာကိုပဲ အလုပ်လို့ ထင် နေပုံရပါတယ်။ စျေးကွက်ကို ဘယ်လိုထောက်ပံ့ရမယ်ဆိုတာ သိပုံမရဘူး။ စျေးကွက်အပေါ် ရပိုင်ခွင့်၊ စျေးကွက်က ပိုက်ဆံညှစ်ထုတ် လုပ်ယူနေမယ်ဆိုရင် စျေးကွက်ပျက်ဖို့ပဲ ဖန်လာနိုင်ပါတယ်။

ခုလို စျေးကွက်ကမောက်ကမ နဲ့ ပုဂ္ဂလိက ကျဆုံးနေတဲ့အပေါ် ဘယ်လိုထောက်ပံ့ကူညီမှုကနေ စျေး ကွက်တက်လာမယ်၊ စျေးကွက်တက်လာတဲ့အပေါ် အစိုးရ ရပိုင်ခွင့်ကိုယူမယ်ဆိုတဲ့နည်းကို ကျင့်သုံးသင့်တာ ပါ။ စျေးကွက်ကိုဆွဲတင်တဲ့နည်း၊ စျေးကွက်က လွဲချော်နေမယ်ဆိုရင် တည့်မတ်မယ့်နည်းလမ်းတွေနဲ့ ဆောင် ရွက်သင့်နေပါပြီ။ တကယ်ဖြစ်သင့်တာက ကျဆုံးနေတဲ့စျေးကွက်ကို ထောက်ပံ့မှုမျိုးစုံနဲ့ ဆွဲတင်ပြီး စျေး ကွက်မြင့်တက်လာမှ ပိုက်ဆံရှာရ မယ့်နည်းဟာ အကောင်းဆုံးဖြစ်ပြီး ဆောက်ရွက်ရမှာဖြစ်ပါတယ်။

စျေးကွက်ထဲက ရပိုင်ခွင့်ကိုပဲ စဉ်းစားနေပုံရတယ်ဆိုတာ အရင် ခေတ်အဆက်အဆက် အာဏာပိုင် အသားကျခဲ့တဲ့ Mindset ဖြစ်ပါတယ်။ စျေးကွက်နဲ့ ပုဂ္ဂလိက ဖြစ်ချင်ရာဖြစ် ရပိုင်ခွင့်တော့ တစ်ပြားမှ     မလျှော့ဘူးဆိုတဲ့ ပေါ်လစီနဲ့ စခန်း သွားနေပုံမျိုးဟာ ကိုဗစ်စီးပွားရေးပျက်ကပ်မှာ မဖြစ်သင့်ပါဘူး။ အခု ချိန်အထိ ဌာနဆိုင်ရာပေါ်လစီတွေဖြစ်တဲ့ ကုန်သွယ်မှု၊ အခွန်၊ ဗဟို ဘဏ်၊ ကညန၊ မြန်မာ့စီးပွားရေးဘဏ်၊ စည်ပင်သာယာ၊ တင်ဒါစနစ်၊ လျှပ်စစ်မီတာ၊ ဒိုက်ကာ စတဲ့လုပ်ငန်းစဉ်တွေ၊ နည်းလမ်းတွေ ပေါ်လစီတွေ ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ကနေစကြည့်နေရင် အိုင်ဒီယာဟောင်းကနေ ဖောက်ထွက်ပြီး လုပ်ဆောင်ကြတဲ့ အိုင်ဒီယာအသစ်တွေရှိတယ်လို့ မကြားမိ မမြင်မိသေးဘူး။ စျေးကွက်က စုတ်ပြတ်ပဲ့ရွဲ့နေပြီ။ သူများနိုင်ငံတွေ ဘယ်လိုလုပ်သလဲ လေ့လာ ကြည့်သင့်နေပါပြီ။

မက်ခရာဗလီ

အရင်တုန်းက ထောက်ပြခဲ့ဖူးတဲ့ နိုင်ငံရေးဖလော်ဆော်ဖီတစ်ဦးဖြစ်သူ မက်ခရာဗလီရဲ့ အိုင်ဒီယာ နဲ့ပြောရရင် ခေါင်းဆောင် ဘာလုပ်နေသလဲ၊ ဘယ်လို အိုင်ဒီရော်လော်ဂျီနဲ့ သွားနေသလဲဆိုတာသိဖို့ ခေါင်း ဆောင်ဘေးကလူတွေ ဘယ်လိုလူ တွေလဲဆိုတာ သိရုံနဲ့ ခန့်မှန်းလို့ရတယ်ဆိုသလိုပဲ။

အရင် တစ်ဖက်ပိတ် အာဏာပိုင်ခေတ်ကလူတွေ၊ တစ်ဖက်ပိတ် စီးပွားရေးခေတ်ကလူတွေ၊ တစ်ဖက် ပိတ်အုပ်ချုပ်ရေးစနစ်ကလူတွေနဲ့ ခေတ်ဟောင်းမှာ စနစ်ဟောင်း၊ အိုင်ဒီယာအဟောင်းတွေနဲ့ ဒီလိုခေတ် ကျပ်ကြီးထဲမှာ ခေါက်ရိုးကျိုးကွန် ဆာဗေးတစ်တွေနဲ့တော့ ရုန်းထွက်ဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ ဘဏ္ဍာ ရေးပေါ်လစီလိုမျိုး၊ ငွေကြေးပေါ်လစီလို ကိစ္စမျိုးဟာ စီမံခန့်ခွဲတတ်ရုံနဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံရှိရုံနဲ့ မလုံ လောက်ပါဘူး။ ပေါ်လစီချတတ်ဖို့၊ ပေါ်လစီလုပ်တတ်ဖို့ပဲ လိုလိမ့်မယ်။

ခေတ်ပျက်ကြီးထဲမှာ ခေါက်ရိုးကျိုးအိုင်ဒီယာကနေ ဖောက်ထွက် လုပ်ဆောင်သင့်နေပြီလို့ပဲ အကြံပြု တိုက်တွန်းချင်ပါတယ်။   

Most Read

Most Recent