အသုံးစရိတ်ဖြည့်ဆည်းမှုအတွက် အစိုးရ၏အပြုအမူ

အသုံးစရိတ်ဖြည့်ဆည်းမှုအတွက် အစိုးရ၏အပြုအမူ
Published 2 June 2024
ရွှေသင် ( MPP)

 

 

          မကြာသေးမီက အမေရိကန်သမ္မတ၏ အိမ်ဖြူတော်စီးပွားရေးအကြံပေးကောင်စီမှ အကြံပေးဥက္ကဋ္ဌ ဂျားဘန်စတိန်း (Jared Bernstein) ကို ပြုလုပ်သည့်  အင်တာဗျူးတစ်ခုကို တွေ့ခဲ့ရပြီး အင်တာဗျူးသမား၏ အမေးစကားများတွင် အစိုးရငွေချေးခြင်းနှင့် ပတ်သက်သည့်အခြေအနေ၊ အမေရိကန်ဘဏ္ဍာရေးဌာနနှင့် ဗဟိုဘဏ်၏ကိစ္စများလည်း ပါဝင်သည်ကို သတိပြုမိသည်။ အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် နိုင်ငံ့စီးပွားရေး၊ အင်ဖလေးရှင်း၊ ဘဏ္ဍာရေးအကြောင်းအရာတို့သည် မီဒီယာလောကနှင့် မဲဆန္ဒရှင်များကြား စိတ်ဝင်စားဖွယ်အကြောင်းဖြစ်လာသည်။ 

           အစိုးရတစ်ရပ်သည် အသုံးစရိတ်အတွက် လိုအပ်သောငွေကြေးဖြည့်ဆည်းရန် ငွေကြေးရိုက်နှိပ်ထုတ်ဝေမှု မလုပ်နိုင်လျှင် အခွန်တိုးမြှင့်ကောက်ခံ နိုင်သည်။ သို့သော် အခွန်တိုးကောက်မည့်အစား ချေးငှားမှုပြုလုပ်မည် (ပြည်သူ့ကြွေးမြီဖန်တီးမည်) ဟုဆိုပါက မေးစရာအကြောင်းရင်းရှိလာမည်ဟုဆိုသည်။ ထို့ကြောင့် အခွန်ကို မြှင့်တင်ကောက်ခံရမည့်အစား အဘယ့်ကြောင့် ငွေကြေးချေးငှားသနည်းဟူသောအချက်သည် ကျမ်းရိုးဘောဂဗေဒပညာရှင် အက်ဒမ်စမစ်၏ စိတ်ဝင် စားဖွယ်ကောင်းသော ဆွေးနွေးချက်တစ်ချက်ဖြစ်ပြီး ၎င်း၏ထင်ရှားသောစာအုပ်တွင် The Wealth of Nations ၏ စာအုပ်ခွဲအမှတ် (၅) (Book V of The Wealth of Nations) တွင်လည်း ရှင်းလင်းရေးသားထားသည်။

          ပြည်သူ့ကြွေးမြီ (public debt) နှင့်ပတ်သက်၍ အက်ဒမ်စမစ်၏ ငွေတန်ဖိုးချခြင်း (devaluation)၊ ငွေကြေးဖောင်းပွခြင်း (အင်ဖလေးရှင်း) ဆွေးနွေးချက်များထဲတွင် ယနေ့ဖြစ်ပေါ်နေသည့်အခြေအနေများထက်မပို၊ မည်သည့်အချက်မျှ အသစ်အဆန်းမပါရှိပေ။ ပေါ်လစီရေးဆွဲချမှတ်သူများတွင် ရိုက်နှိပ်ထုတ်ဝေထားသည့် ငွေကြေးများဖြင့် အသုံးစရိတ်ကိုဖြည့်သုံးစွဲရန်၊ အခွန်ထမ်းများ၏ ငွေကြေးများသုံးစွဲမှုများကို ဖုံးကွယ်၍ ကြွေးမြီဖြင့်သုံးစွဲရန် မက်လုံးရှိသည့်အခြေအနေများဖြစ်နေသည်။ သို့သော် ထိုအသုံးစရိတ်များကို အမြဲတမ်းဖုံးကွယ်မထားနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မနေ့ကအသုံးပြုခဲ့သည့်ထုတ်လုပ်မှုအတွက်မဟုတ်သောအသုံးစရိတ်များကို ပြန်လည်ပေးချေနိုင်ရန် အခွန်တိုးမြှင့်ကောက်ခံမှုနှင့် အင်ဖလေးရှင်းက မကြာမီကာလများတွင် ပေါ်ပေါက်လာနိုင်သောကြောင့်ဖြစ်သည်။       နိုင်ငံရေးရှုထောင့်ကကြည့်လျှင် အခွန်ငွေတိုးကောက်ခြင်းသည်   လူကြိုက်များမည်မဟုတ် ကြောင်း နားလည်သဘောပေါက်ရန်အတွက်  အာဒမ်စမစ်ရေးသားခဲ့သည့် ဘောဂဗေဒအိုင်ဒီယာ အယူအဆများကို လေ့လာဖတ်ရှုရန်လိုအပ်မည်ဟုမထင်။ အလွယ်တကူမှန်းဆနိုင်သည့်ကိစ္စဖြစ်သည်။ နိုင်ငံရေးသမားတစ်ယောက်တွင် ထိပ်တန်းဦးစားပေးစိတ်ဆန္ဒနှစ်ရပ်ရှိသည်ဟုလည်း ခန့်မှန်းနိုင်သည်။ ၎င်းဝင်ရောက်မည့်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံရရန်နှင့် နောက်တစ်ကြိမ်တွင်လည်း ထပ်မံရွေးကောက်တင်မြှောက်ခံရရန်သာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မဲဆန္ဒရှင်များမနှစ်သက်သည့်၊ မဲဆန္ဒရှင်များ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် အခွန်တိုးကောက်ခြင်းကိစ္စကို ရှောင်ကြဉ်မည်မှာသေချာ၏။ တစ်ချိန်တည်းမှာပင် မဲဆန္ဒရှင်များကလည်း အစိုးရ၏ငွေကြေးများကိုရရှိသူများအဖြစ် သဘောတွေ့ကြလိမ့်မည်။ အစိုးရ၏ကြွေးမြီဟူသည် နိုင်ငံရေးသမားတစ်ဦး အသုံးစရိတ်တိုးမြှင့်သုံးစွဲလျက် မဲဆန္ဒရှင်များကိုဆွဲဆောင်စည်းရုံသိမ်းသွင်းနိုင်စွမ်းရရှိရန် စေရန် အထောက်အကူ ဖြစ်စေသည့်အရာပင်ဖြစ်နေသည်။    

          အစိုးရကြွေးမြီအတွက် အစိုးရအဖွဲ့တွင် ပူပင်သောကများများစားစားမရှိပေ။ ၎င်းတို့အတွက် သေချာသည့်အခြေအနေတစ်ရပ်ရှိနေပြီဖြစ်သည်ကို စဉ်းစားထားကြပြီးဖြစ်သည်။ အတိုးဖြင့် ပြန်လည်ပေးဆပ်ရမည့်ကို သိလျက်နှင့် အစိုးရကြွေးမြီများကို ဝယ်ယူရန် (အစိုးရကို ငွေချေးရန်) ကျေကျေနပ်နပ်ရှိနေသည့် လူတန်းစားတစ်ရပ်ရှိနေသည့်ဟူသော ခိုင်မာသည့်ယူဆချက် ဖြစ်သည်။

          ကြွေးမြီယူထားသည့်အစိုးရတွင် အကျိုးသက်ရောက်မှုအခြေအနေနှစ်ရပ်ရှိသည်ဟု စီးပွားရေးပညာသင်နေဆဲ တက္ကသိုလ်ကျောင်းသားတစ်ဦးကပင်ကောက်ချက်ချဖူးသည်။ ကာလတိုတွင် ပုဂ္ဂလိက ကဏ္ဍထုတ်လုပ်မှုကဏ္ဍမှ အရင်းအနှီးများသည် ထုတ်လုပ်မှုမရှိသော ပြည်သူပိုင်ကဏ္ဍ၊ တစ်နည်းဆိုရလျှင် အစိုးရကဏ္ဍသို့ လမ်းကြောင်းပြောင်းစီးဝင်သွားသည်။ အမေရိကန်စီးပွားရေးပညာရှင် ဂျိန်းဘူခါနန် (James M. Buchanan) ပြောသကဲ့သို့ဆိုရလျှင် ကြွေးမြီဖြင့်ထူထောင် ထားသောရန်ပုံငွေများကို အသုံးပြုခြင်းသည် "မီးမွှေးရန်လိုအပ်သောထင်းအတွက် ပန်းသီးပင်များကို ခုတ်ပစ်ခြင်း}} သဘောဖြစ်ပြီး ဥယျာဉ်ခြံထဲရှိ ပန်းသီးအထွက်နှုန်းကို ထာဝရ လျော့ကျစေသည်ဟူ၍သာ။

          ပညာရှင် ဘူခါနန် မှတ်ချက်ပြုသကဲသို့ ဒုတိယအကျိုးသက်ရောက်မှုမှာ ကြွေးမြီဖြင့် ဖန်တီးထားသော ဘဏ္ဍာရေးအသုံးစရိတ်သည်လည်း အခွန်ဝန်ထုပ်ဝန်ပိုးများကို လက်ရှိပစ္စုပ္ပန်အချိန်မှ နောင်ကာလအနာဂတ်မျိုးဆက်များဆီသို့ လွှဲပြောင်းပေးလိုက်သည့်အဓိပ္ပာယ်ဖြစ်သည်။ ငွေချေးစာချုပ်ဘွန်းများတွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ချေးငွေကို အတိုးဖြင့်ပြန်ပေးမည်ဟု ယုံကြည်သကဲ့သို့ ယနေ့ဆောင်ရွက်နေသည့် အစိုးရအသုံးစရိတ်၏ ကုန်ကျစရိတ်များအတွက် အနာဂတ်မျိုးဆက်များအပေါ် ဝန်ထုပ်ဝန်ပိုးကျမည်ကို သဘောပေါက်နေကြသည်။  

          ငွေရိုက်နှိပ်ခြင်းသည် ပြဿနာမရှိဟုပြောလျက် လိုငွေပြခြင်းနှင့် ကြွေးမြီကိစ္စသည် အကြောင်းမဟုတ်ဟုဆိုလျက် လှည့်စားရန်မသင့်ဟု ရှုမြင်ကြသည်။   အစိုးရသည် ငွေစက္ကူရိုက်နှိပ်ခြင်းဖြင့်လည်းကောင်း၊ သို့မဟုတ် ကြွေးမြီအမြောက်အမြားယူခြင်းဖြင့်လည်းကောင်း အစိုးရအသုံးစရိတ် ဖြည့်ဆည်းရန်ဆုံးဖြတ်သည့်အခါတိုင်း နိုင်ငံအတွင်းရှိ  ပြည်သူများတစ်ဦးချင်းစီ၏ဘဝများကို ခက်ခဲသောအခြေအနေ ရိုက်ခတ်တော့မည်ဟု သတင်းပေးလိုက်ခြင်းလည်းဖြစ်ပေသည်။     

Ref:

 

 

Most Read

Most Recent