အလွဲသုံးစားပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်း (Rent-Seeking Society)

အလွဲသုံးစားပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်း (Rent-Seeking Society)
Published 6 March 2022

စီးပွားရေးအရ ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများ တစ်နည်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDC) နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တွေ့ကြုံရမည့် အခြေအနေတစ်ရပ်မှာ လူအများ၏ ရပိုင်ခွင့် အခွင့်အရေးကို လူပုဂ္ဂိုလ်တစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခု၊ လူတန်းစား တစ်ရပ်က အလွဲသုံးစား ပြုလုပ်ကာ ကိုယ်ကျိုးရှာခွင့်ရှိသည့် လူ့အဖွဲ့အစည်း၊ ပြည်သူပိုင်ပစ္စည်းများ၊ အများပိုင်ပစ္စည်းများအား လူပုဂ္ဂိုလ်တစ်ဦး၊ လူတစ်စု၊ လူတစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခု၊ လူတန်းစားတစ်ရပ်က အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးရှာခွင့်ရှိသည့် လူ့ အဖွဲ့အစည်း တစ်နည်းအားဖြင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာသည့် လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်နေတတ်ခြင်းပင် ဖြစ်ပါသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုခြင်းနှင့် တိုင်းပြည်နိုင်ငံတော်၊ ပြည်သူပြည်သား လူအများပိုင်ဆိုင်သည့် ငွေကြေး၊ ဥစ္စာ၊ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးရှာခွင့်ရှိသည့် လူ့အဖွဲ့အစည်း တည်ရှိဖြစ် ပေါ်နေသမျှ ကာလပတ်လုံး တိုင်းပြည်နိုင်ငံတော် ဖွံ့ဖြိုးရန်နှင့် တိုင်းသူ ပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်များ အပြည့်အဝလုံခြုံပြီး စိတ်ချမ်းမြေ့စွာ အသက်ရှင်ရပ်တည် နေထိုင်နိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်ရရှိနိုင်ရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ ပညာရှင်ကြီးများက အလွဲသုံးစားပြု ကိုယ်ကျိုးရှာသည့်အပြုအမူ (Rent-seeking Behavior) ကို ဖော်ထုတ် လေ့လာရန် ကြိုးပမ်းခဲ့ကြပါသည်။

ယခုတင်ပြမည့် အကြောင်းအရာသည် စာရေးသူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် WEEKLY ELEVEN News တွင် “ဆိုးဝါးသည့် သံသရာ၊ ရက်စက်ပြင်းထန်သည့် ဝဲသြဃ (Vicious Circle)” ခေါင်းစဉ်ကို အသုံးပြုပြီး တိုင်းပြည် နိုင်ငံများ ကျဆုံးခြင်းကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများကို ရေးသားတင်ပြခဲ့သည့် အကြောင်းအရာနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိနေပါသည်။ တိုင်းပြည်နိုင်ငံများ ကျဆုံးခြင်းကို အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ တိုင်းပြည်နိုင်ငံတော်က ချမှတ်ဆောင်ရွက်သည့် မူဝါဒများသည် လူပုဂ္ဂိုလ်တစ်ဦး၊ လူတစ်စု၊ အဖွဲ့အစည်း တစ်ဖွဲ့၊ ပါတီ တစ်ပါတီအတွက် အကျိုးဖြစ်ထွန်းစေရန် တည်ထောင်ထားရှိသည့် ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ (Extractive Institutions) ကြောင့်ဖြစ်သည်ကို ရှင်းလင်းစွာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ထို့ပြင် စီးပွားရေးနှင့် သက်ဆိုင်သည့် “ဆိုးဝါးသည့်သံသရာ၊ ရက်စက်ပြင်းထန်သည့် ဝဲသြဃ (Vicious Circle) “ဖြစ်သော”အသုံးမကျ ဆိုးဝါးညံ့ဖျင်းသည့် စီးပွားရေးစနစ်၏ ဆိုးဝါးသံသရာ” (Vicious Circle of Inefficient Economic System) နှင့်လည်း တိုက်ရိုက်ဆက်စပ်လျက် ရှိနေပါသည်။ အဆင်ပြေသင့်တော်သည့် အချိန်တွင် “အသုံးမကျ ဆိုးဝါးညံ့ဖျင်းသည့် စီးပွားရေးစနစ်၏ ဆိုးဝါးသံသရာ” ခေါင်းစဉ်ဖြင့် သီးခြား ဆောင်းပါးတစ်ပုဒ် ရေးသား တင်ပြပါမည်။

တိုင်းပြည် နိုင်ငံများအနေဖြင့် “ဆိုးဝါးသည့်သံသရာ၊ ရက်စက် ပြင်းထန်သည့် ဝဲသြဃ (Vicious Circle)” မှ ရုန်းထွက်ပြီး ကျော်လွှား လွန်မြောက်နိုင်စေရန်မှာ လမ်းကြောင်းမှန်ပေါ်သို့ တွန်းတင်နိုင်စေမည့် အလွန်ကြီးမားပြင်းထန်သည့် အင်အား လိုအပ်မည်ဖြစ်ပါသည်။ (Vicious Circle) အတွင်းသို့ ရောက်ရှိနေစေခြင်းမှာလည်း အကြောင်းတရားပေါင်းမြောက်မြားစွာ ပါဝင်လျက်ရှိနေသည့်အတွက် သာ မန်အင်အားအဆင့်ဖြင့် ကျော်လွှား လွန်မြောက်စေရန် ကြိုးပမ်းအား ထုတ်မှုများသည် (Vicious Circle) အတွင်းသို့ပင် အဖန်ဖန်ပြန်လည် ရောက်ရှိစေကာ လည်ပတ်နေစေတတ်ပါသည်။

ထို့ကြောင့် (Vicious Circle) အတွင်းသို့ ပြန်လည်ရောက်ရှိနိုင်စေသည့် အကြောင်းတရားများအနက် အလွဲသုံး စားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း (Rent-Seeking Society) ဖြစ်ပေါ်တည်ရှိနေခြင်းသည်လည်း အကြောင်းတရားတစ်ရပ် ဖြစ်သည့်အတွက် အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်စေသည့်အကြောင်းရင်းများကို ရရှိနိုင်သမျှ ရှာဖွေဖော်ထုတ်ကာ အဆိုပါ လူ့အဖွဲ့ အစည်းကြောင့် အကျိုးသက်ရောက်မှုများကို လေ့လာ၊ စိစစ်၊ တွက်ချက်၊ ဖော်ထုတ် အများပြည်သူများအား ပွင့်လင်းစွာ တင်ပြပြီးလျှင် နောင် အနာဂတ်အတွက် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် အလွဲ သုံးစားပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အလေ့အကျင့်များ၊ ယဉ်ကျေးမှုများ၊ ဓလေ့ စရိုက်များ လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက် မည်ဆိုသည့် လုပ်ငန်းစဉ်များကိုပါ ချမှတ်နိုင်ရမည် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူ၏ အမြင်သက်သက်ဖြင့် ကြည့်ရှုလေ့လာရာတွင် မိမိတို့ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက “ဆိုး ၀ါးသည့်သံသရာ၊ ရက်စက်ပြင်းထန်သည့် ဝဲသြဃ (Vicious Circle)” အတွင်းသို့ ကျရောက်လျက်ရှိနေပြီးယနေ့ထက်တိုင် ရုန်းထွက်နိုင်ခြင်း မရှိသေးပါ။ အဆိုပါ (Vicious Circle) အတွင်းသို့ ကျရောက်စေခဲ့ သည့် အကြောင်းရင်းတစ်ရပ်သည် အလွဲသုံး စားပြု ကိုယ်ကျိုးရှာ လူ့ အဖွဲ့အစည်း (Rent-Seeking Society) ဖြစ်ပေါ် တည်ရှိနေခြင်းကြောင့်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

ထို့ကြောင့် တိုင်းပြည် နိုင်ငံကို တာဝန်ယူထားသူ၊ ဦးဆောင်ဦးရွက် ပြုမည့်သူများအနေနှင့် အလွဲသုံးစား ပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အလေ့အကျင့်များ၊ ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ လျော့နည်း ပပျောက်သွားစေရန် အကောင်အထည် ဖော်ဆောင်ရွက် နိုင်စေရေးကို တိုက်တွန်း နှိုးဆော်ရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း (Rent-Seeking)၊ အလွဲသုံးစားပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်း (Rent-Seeking Society) တို့နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့် ဆိုချက်များကို ရှင်းလင်းတင်ပြပါ မည်။ အလွဲသုံးစားပြုကိုယ်ကျိုးရှာခြင်း သဘောတရားသည် အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်း၊ အဖွဲ့ အစည်းတိုင်းတွင် ပေါ်ပေါ်ထင်ထင်၊ မထင်မရှား နည်းလမ်းပေါင်းစုံနှင့် တည်ရှိ ဖြစ်ပေါ်နေတတ်သည့် အား လျော်စွာ ချက်ချင်းလက်ငင်း ရှာဖွေ ဖော်ထုတ်ပြီး အမြစ်ပြတ်သည်အထိ ရှင်းလင်းရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း ကြောင့် တိုင်းပြည်နိုင်ငံတော်အပေါ် နှင့် ပြည်သူပြည်သားများအပေါ် တွင် ဆိုးကျိုးသက်ရောက်မှုအတိုင်း အတာပမာဏဖြင့်သာ ရှာဖွေဖော်ထုတ်ပြီး လျော့နည်းပပျောက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။

အထက်ဖော်ပြပါ သဘောတရားကြောင့် အလွဲသုံးစားပြုကိုယ် ကျိုးရှာခြင်း (Rent-Seeking) နှင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့ အဖွဲ့အစည်း (Rent-Seeking Society) တို့နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ ရှုပ်ထွေးများပြားလျက်ရှိနေပါသည်။ ထို့ပြင် အလွဲသုံးစားပြု ကိုယ်ကျိုးရှာ ခြင်း ပြုလုပ်ဆောင်ရွက်ကြသည့် ပုံစံများသည်လည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားလျက်ရှိနေသည့် အတွက် စာရေးသူအနေဖြင့် (Refrence : 1) တွင် ဖော်ပြထားချက်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

စာဖတ်သူတို့အတွက် အလွယ်တကူ သိမြင်နားလည်နိုင်စေမည့် အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းတင်ပြချက်များကိုသာ အသုံးပြုတင်ပြခြင်း ဖြစ်သည့်အတွက် အချို့သော အဓိပ္ပာယ်ကောက်ယူပုံများမှာ အနည်းငယ် ကွဲလွဲနိုင်ပါသည်။ အလွဲသုံးစားပြုကိုယ်ကျိုးရှာခြင်း (Rent-Seeking) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင်ပြရပါလျှင် -

          “…rent-seeking is defined as the attempt of individuals or groups to increase their own welfare, while making a negative contribution to the net society welfare.” (Reference: 1) ဖော်ပြ ထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း (Rent-Seeking) ဆိုသည်မှာ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ အသားတင်အကျိုးစီးပွား ဖြစ်ထွန်းစေခြင်းကို ဆိုးကျိုးအနုတ် လက္ခဏာ ဖြစ်ပေါ်စေပြီး လူပုဂ္ဂိုလ် တစ်ဦးချင်း၏ အကျိုးစီးပွားများ၊ လူအုပ်စုများ၏အကျိုးစီးပွားများ၊ လူတစ်ဖွဲ့အဖွဲ့အစည်းများ၏ အကျိုးစီးပွားများအတွက် ချမ်းသာကြွယ်ဝမှုကို တိုးပွားလာစေရန် ကြိုးပမ်းအားထုတ်ခြင်းပင် ဖြစ်ပါသည်။”

အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းနှင့် အခြားဆက်စပ်လျက်ရှိသည့် အခြေအနေများကို တင်ပြပါမည်။ “…rent seeking takes other forms such as bribery, corruption, smuggling and black markets.” (Reference: 2) ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းသည် အခြားသော ပုံသဏ္ဌာန်ဖြင့် လည်း တည်ရှိနေနိုင်ပါသည်။ ၎င်းတို့မှာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ မှောင်ခိုကူးသန်း ရောင်းဝယ်မှုနှင့် မှောင်ခို စျေးကွက်များ ဖြစ်ထွန်းမှုတို့ ဖြစ်ကြပါသည်။” တစ်ဖန် အလွဲသုံးစားပြု ကိုယ်ကျိုးရှာလူ့အဖွဲ့အစည်း (Rent-SeekingSociety) တည်ရှိဖြစ်ပေါ် နေသည့်အတွက် ဆုံးရှုံးမှုများဖြစ်ပေါ်စေခြင်းကို တင်ပြရပါလျှင် - “…as a result of the economic agents rent-seeking society incurs losses of two types: losses due to inefficient administration

of property rights and the production volume reduction due to waste of resources to obtain rents.” (Reference: 1) ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း (Rent-Seeking Society) ကြောင့် အောက်ဖော်ပြပါ ဆုံးရှုံးမှုနှစ်မျိုး ကျရောက်ဖြစ်ပေါ်စေနိုင်ပါသည်။ ပထမတစ်မျိုးမှာ ဆိုးဝါးညံ့ဖျင်းသည့် အုပ်ချုပ်ရေးကြောင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် အခွင့်အရေးများ နစ်နာဆုံးရှုံးရခြင်းနှင့် ဒုတိယတစ်မျိုးမှာ ငှားရမ်းသုံးစွဲခွင့်ရရှိနိုင်ရန် အလွဲသုံးစား ပြုလုပ်ခြင်းများကြောင့် အရင်းအမြစ်များ ပြုန်းတီးပျက်စီးရ သဖြင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းစေခြင်းတို့ ဖြစ်ကြပါသည်။”

သာမန် စာဖတ်သူများအတွက် စာအနည်းငယ်လေးမည်ဖြစ်ပါသော်လည်း အသေးစိတ်လေ့လာလို သည့် စာဖတ်သူများအတွက် အလွဲ သုံးစားပြု ကိုယ်ကျိုးရှာခြင်း ပြုလုပ်ဆောင်ရွက်ကြသည့် ပုံစံများကို အောက်တွင် ဖော်ပြထားပါသည်။ ယခုတင်ပြချက်များသည် (Reference : 1) တွင် ဖော်ပြထားချက်များသာဖြစ်ပြီး တိုင်းပြည် နိုင်ငံများအလိုက် တွေ့ရှိနိုင်မည့် ပုံစံများ မှာ ယခုထက်ပိုမိုပြီး မြောက်မြားစွာ တည်ရှိ ဖြစ်ပေါ်နိုင်ပါသည်။

(i) G. Tullock (1980), “The term rent seeking is designed to describe behaviour in institutional settings where individual efforts to maximize value generate social waste rather than social surplus” ဖော်ပြထားချက်မှာ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း စကားရပ် ဝေါဟာရအရ လူတစ်ဦးချင်းစီ၏ ကြိုး ပမ်းအားထုတ်ဆောင်ရွက်ခြင်းများသည် လူ့အဖွဲ့အစည်းအား ကောင်းကျိုးများ ဖြစ်ထွန်းစေမှုထက် လူ့ အဖွဲ့အစည်း၏ လူမှုအကျိုးစီးပွားများ ဆုတ်ယုတ်ပျက်စီးစေခြင်းကို အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိစေရန် အင်စတီကျူးရှင်း များအတွင်း တည်ထောင်ထားရှိသည့် အခြေအနေအပြုအမူကို ဖော် ထုတ်ပြသနိုင်ရန် ဒီဇိုင်းမိုဒယ်ပုံစံ ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။”

(ii) R. Tollison (1982), Rent-seeking is “the expenditure of scarce resources to capture an artificially created transfer”  ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းဆိုသည်မှာ ရှားပါးသော အရင်းအမြစ်များ၏ အသုံးစရိတ်ကို အတုအယောင် လွှဲပေးခြင်းများ ပြုလုပ်ကာ ရယူခြင်း ဖြစ်ပါသည်။”

(iii) G. Anderson, Ch. Rowley, R. Tollison (1988), Rent-seeking is “the pursuit of profits via the use of government coercion”  ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းဆိုသည်မှာ အုပ်ချုပ် သူအစိုးရ၏အာဏာကို အသုံးပြုပြီး အကျပ်ကိုင်ခြင်းများပြုလုပ်ကာ အကျိုးအမြတ်ရယူခြင်းဖြစ်ပါသည်။”

(iv) M. Brooks, B. Heijdra, A. Lowenberg (1990), Rent seeking is “the use of resources to challenge existing property rights.”ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းဆိုသည်မှာ တည်ရှိနေသည့် ပစ္စည်းဥစ္စာ (မြေနှင့် အိမ်ရာအဆောက် အအုံပစ္စည်းများ) ပိုင်ဆိုင်ခွင့်ကို ချိုးဖောက် စိန်ခေါ်ပြီး အရင်းအမြစ်များကို ရယူအသုံးပြုခြင်းဖြစ်ပါသည်။”

(v) Ch. Rowley (2000), “Rent-seeking focuses attention on the resources expended by competing interest groups in order to persuade governments to provide returns higher than they could earn in the absence of government protection.”  ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းသည် ရည်မှန်းချက်တူညီသော လူအုပ်စုများအကြား ပြိုင်ဆိုင်ခြင်းများ ပြုလုပ်ကြရာတွင် အုပ်ချုပ်သူအစိုးရများအား ဖြားယောင်း အယုံသွင်းစေကာ မြင့်မားသော အကျိုးအမြတ် ပြန်ရချက်များ ရရှိစေရေး စီစဉ်ပေးနိုင်စေရန်နှင့် အစိုးရ၏ ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်နေခြင်းမှ ၎င်းတို့၏ ဝင်ငွေအကျိုးအမြတ် ရရှိခြင်း အတွက် အရင်းအမြစ်များအပေါ်တွင် အာရုံစိုက်တိုးချဲ့ခြင်း ပြုလုပ်လာစေရန် ရည်မှန်းဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။”

(vi) P. Fischer (2004), “In its most general form, rent-seeking describes the use of resources to capture a “transfer” rather than to directly produce a good or service.” ဖော်ပြထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းတွင် အများဆုံးအသုံးပြုကြသည့် ယေဘုယျပုံစံမှာ ကုန်ပစ္စည်းထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုများကို တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းထက် အရင်းအမြစ်များကို သုံးစွဲနိုင်ရန် “လွှဲပြောင်းပေးခြင်း”တွင် ရယူရန် (ဖမ်းဆီးထိန်း သိမ်းရန်) ဖော်ပြထားခြင်းပင် ဖြစ်ပါသည်။”

(vii) P. Fischer (2004), “Rent-seeking is an activity, usually implying the expenditure of scarce resources, to cause and capture artificially- created (and usually politically contestable) rents as well as transfers which are not part of society’s intended income redistribution.” ဖော်ပြ ထားချက်အရ “အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းသည် လှုပ်ရှား သက်ဝင်မှု အလုပ်တစ်ခု ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း၏ ဝင်ငွေ ပြန်လည် ဖြန့်ဝေခြင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ လွှဲပြောင်းပေးခြင်း နှင့် ငှားရမ်းသုံးစွဲခြင်းများကို အတုအယောင်များ ဖန်တီးကာ ရယူရန် သို့မဟုတ် အကျိုးဖြစ်ထွန်းရန် (ပုံမှန် အားဖြင့် နိုင်ငံရေးအရ ပြိုင်ဆိုင်ခြင်း များအကြား) အမြဲတစေရှားပါးသည့် အရင်းအမြစ်များ၏ အသုံးစရိတ်များ အပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း (Rent-Seeking) ကြောင့် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ်တွင် အကျိုးသက်ရောက်ခဲ့မှုများအား လေ့လာတွေ့ရှိချက်များကို ဇယားတွင် တင်ပြထားပါသည်။ ဇယားတွင် ဖော်ပြထားချက်များကို အသေးစိတ် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

 တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေကို စာရေးသူ လက်လှမ်းမီသမျှ ရှင်းလင်း တင်ပြပါမည်။ စာရေးသူ ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်နေစဉ် စာမေးပွဲ နှင့် ကျူရှင် ဆောင်ရွက်မှုများကို အခြေခံကာ အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း နည်းလမ်းပေါင်း မြောက်မြားစွာကို ကြားသိခဲ့ရပါသည်။ သို့သော်လည်း အဆိုပါ ဖြစ်ရပ်များထက် ပိုမို အသုံးပြုမှု များပြားသော စာရေးသူ ကြား သိရသည့် ယေဘုယျကျသည့် ဖြစ် ရပ်နှစ်ခုကိုသာ တင်ပြပါမည်။ စာရေးသူအနေဖြင့် ကိုယ်တိုင်ကျင့် သုံးဆောင်ရွက်ခဲ့ခြင်း မရှိပါသဖြင့် ကြားသိရခြင်းကိုသာ တင်ပြခြင်း ဖြစ်ပါသည်။

ပထမတစ်ခုမှာ လုပ်ငန်းပြီး မြောက်စေရန် တာဝန်ရှိသူများအား ပုလင်း (ကျပ်ငွေတစ်သောင်းနှင့် ညီမျှပါသည်) သို့မဟုတ် ပုံး (ကျပ်ငွေ တစ်သိန်းနှင့် ညီမျှပါသည်) တို့ဖြင့် လောင်းနိုင်ရမည်ဆိုသည့် အချက် ဖြစ်ပြီး ကြားသိရသည့်စကားမှာ တာဝန်ရှိသူက အမြန်ဆောင်ရွက်ပေးရန်အတွက် “ပုလင်းနဲ့လောင်းလို့ ဆောင်ရွက်မပေးရင် ပုံးနဲ့ လောင်း ရတယ်ကွ” ဆိုပြီး ပြောကြားလေ့ရှိကြ ပါသည်။ ဒုတိယတစ်ခုမှာ တာဝန်ရှိ သူများအတွက် လုပ်ငန်းပြီးမြောက်စေရန် အာရ်အင်ကေ (R & K) ပေးနိုင်ရမည်ဆိုသည့်အချက်များမှာ ယဉ်ကျေးမှုတစ်ရပ်သဖွယ် ထွန်းကားပြန့်ပွားခဲ့သည့် ထွန်းကားပြန့်ပွားနေသည့် အခြေအနေအဖြစ် ကြားသိခဲ့ရပါသည်။

ဆရာကြီးတစ်ဦးထံမှ ကြားသိ လေ့လာသိရှိရသည်မှာ ရန်ကုန်ဆိပ်ကမ်းတစ်ခုတွင် နိုင်ငံခြားသို့ ကုန်ပစ္စည်း တင်ပို့ရန်အတွက် အသုံးပြုရသည့် ကရိန်းစက်ကြီး အမှတ်တံဆိပ် (R & K) အား အသုံးပြုခွင့်ရရှိနိုင်ရန် ကြီးကြပ်သူနှင့် ကရိန်းစက်ကြီး မောင်းမည့်သူများအား ပေးရသည့် ငွေကြေးကို အာရ်အင်ကေ (R & K) ပေးသည်ဟု ခေါ်ဆိုရာမှ ကန်ထရိုက်တာများ၊ ကုန်သည်များ၊ ပွဲစားများအကြားတွင် တာဝန်ရှိသူများ အား လုပ်ငန်းအဆင်ပြေစေရန် အတွက် ငွေကြေးအပိုပေးရခြင်း လာဘ်ပေးရခြင်းများကို ငွေကြေး ပေးရသည် လာဘ်ပေးရသည်ဟု မပြောကြတော့ဘဲ အာရ်အင်ကေ (R & K) ပေးသည်ဟု သုံးစွဲခဲ့ကြ သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

ယနေ့အချိန် မိမိတို့တိုင်းပြည်နိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းထားရှိပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အား ဖွဲ့စည်းဆောင်ရွက်ကာ အဂတိလိုက်စားမှုများ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းများကို ပပျောက်စေရန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အဓိကမှာ စုံစမ်း စစ်ဆေးခြင်းနှင့်ပြစ်မှုများကို အရေး ယူခြင်းများ ဖြစ်ကြပါသည်။ သို့သော်လည်း ယခု စာရေးသူ တင်ပြ သည့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း (Rent-Seeking) ကို မဖြစ်ပေါ်စေရေး  တားဆီ းကာကွယ်ရန် အတွက်သော်လည်းကောင်း၊ အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်းကြောင့် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအပေါ်တွင် အကျိုး သက်ရောက်ခဲ့မှုများအား လေ့လာ တွေ့ရှိချက်များကို ရှာဖွေဖော်ထုတ် တင်ပြခြင်းကိုသော်လည်းကောင်း စာရေးသူအနေနှင့် တွေ့မြင်ဖူးခြင်း မရှိပါ။

နိဂုံးချုပ်အနေနှင့် တင်ပြလို သည်မှာ မိမိတို့တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက “ဆိုးဝါးသည့်သံသရာ၊ ရက်စက် ပြင်းထန်သည့် ဝဲသြဃ (Vicious Circel)” အတွင်းသို့ ကျရောက်လျက် ရှိနေပြီး ယနေ့ထက်တိုင် ရုန်းထွက်နိုင်ခြင်း မရှိသေးပါ။ အဆိုပါ (Vicious Circel) အတွင်းသို့ ကျရောက် စေခဲ့သည့် အကြောင်းရင်းတစ်ရပ် သည် အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း (Rent-Seeking Society) ဖြစ်ပေါ် တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု စာရေးသူ အနေနှင့် ယုံကြည်ပါသည်။ ထို့ကြောင့် တိုင်းပြည် နိုင်ငံကို တာဝန်ယူထားသူ၊ ဦးဆောင် ဦးရွက်ပြုမည့်သူများ အနေနှင့် အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အလေ့အကျင့်များ၊ ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ လျော့နည်း ပပျောက်သွားစေရန် ရှာဖွေ ဖော် ထုတ် တင်ပြပြီးလျှင် နောင် ဖြစ်ပေါ် လာခြင်းမရှိစေရေးအတွက် တားဆီးကာကွယ်ခြင်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်း နှိုးဆော် ရေးသားတင်ပြ အပ်ပါသည်။

ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

Reference:

1. Latkov, Andrey (2014), “Trends of Rent-Seeking Theory”, (October 2014), MPRA Paper No. 62864.

2. Anne O. Krueger (1974), “The Political Economy of the Rent-Seeking Society”, The American Economic Review, Vol. 64, No. 3 (Jun, 1974), pp. 291-303.

Most Read

Most Recent