မြန်မာ့ရွှေစျေးကွက် ကမောက်ကမ မဖြစ်ရေး အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်းပြုလုပ်ရန် ညွှန်ကြားထားခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာစေရေး Investor Targeting Campaign ဆောင်ရွက်နေခြင်း

မြန်မာ့ရွှေစျေးကွက် ကမောက်ကမ မဖြစ်ရေး အရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်းပြုလုပ်ရန် ညွှန်ကြားထားခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာစေရေး Investor Targeting Campaign ဆောင်ရွက်နေခြင်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 27 February 2022

ယူကရိန်းတွင် စစ်မက်ဖြစ်ပွားခြင်းက ကမ္ဘာလုံးဆိုင်ရာရေနံပံ့ပိုးပေးမှုများကို ထိခိုက်စေမည်ဆိုပါက နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မိမိတို့၏အရန်ရေနံများကို ထုတ်ယူရန် ပြင်ဆင်ထားသည်ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် ဂျပန်နှင့် သြစတြေးလျတို့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်းတွင် စစ်ဆင်ရေးစတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပြီးနောက် ရေနံတစ်စည်စျေးမှာ ခုနစ်နှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထိ ရောက်ရှိသွားခဲ့သည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရှိ စုစုပေါင်းရေနံပမာဏမှာ ဒီဇင်ဘာလကုန်ပိုင်းလောက်က စည် ၄.၁၆ ဘီလျံ နီးပါးရှိနေခဲ့သည်။ ထိိုအထဲတွင် အစိုးရများက ကိုင်ထားသည့် အရေးပေါ်အရန်ပမာဏ ၁ ဒသမ ၅ ဘီလျံလည်း ပါဝင်နေသည်ဟု ဖေဖော်ဝါရီ ၂၂ ရက်တွင် IEA က ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလကုန်ပိုင်းလောက်တွင် ဂျပန်သည် ရေနံစည်သန်း ၄၈၀ သို့မဟုတ် ရက် ၂၄၀ စာနှင့် ညီမျှသော အရန်ရေနံကို သိုလှောင်ထားသည်ဟု ဂျပန်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သြစတြေးလျသည် အမေရိကန် SPR တွင် ရေနံစည် ၁ ဒသမ ၇ သန်းသိုလှောင်ထားသည်။ စုပေါင်း ရေနံထုတ်ယူရေးအတွက် ပြင်ဆင်မှုများက ရေနံစျေးများအပေါ် များများစားစားသက်ရောက်မည်မဟုတ်ဟု အာရှရေနံကုန်သည်များက ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာစျေး၊ ရွှေစျေးနှင့် ရေနံစျေးတို့ ထိုးတက်သွားသော်လည်း စတော့စျေးများ ကျဆင်းသွားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

စျေးကွက် ကမောက်ကမ မဖြစ်ရေး အရောင်းအဝယ်ပြုလုပ်ရာ၌ လက်ငင်းပြုလုပ်ရန် ညွှန်ကြား

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၉၅၀ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၁၉၄၅၀၀၀ သို့ရောက်ရှိလာပြီး တစ်ရက်အတွင်း ကျပ် ၄၃၀၀၀ ကျော် မြင့်တက်လာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြည်တွင်းရွှေစျေးအနေဖြင့် ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၉၀၂၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၁၉၄၅ဝဝဝသို့ ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်၌ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်အထိ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ စက်တင်ဘာ ၂၉ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာကျပ် ၂၀၇၀၀၀၀ ဝန်းကျင်နှုန်းဖြင့် စျေးပိတ်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခု နှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ၊  စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၂၂၅၀၀၀၀ အထိ စျေးရှိခဲ့သည်။

ကမ္ဘာ့ရွှေစျေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ကျပ် ၁၉ သိန်းကျော်ရောက်ရှိနေပြီး စျေးကွက် ကမောက်ကမ မဖြစ်စေရန် အရောင်းအဝယ်ပြုလုပ်ရာ၌ လက်ငင်းပြုလုပ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ကမ္ဘာ့ရွှေစျေးဆိုတာက တစ်ရက်ကို တစ်ရာလောက် ဝုန်းခနဲ ပြန်ပြုတ်ကျတာရှိတယ်။ အခုလောလောဆယ်တော့ ၁၉ သိန်းကျော်နေပြီ။ ကျွန်တော်တို့လည်း စျေးငြိမ်အောင်တော့ အများကြီးထိန်းထားတယ်။ ရွှေစျေး ကမောက်ကမဖြစ်အောင် ပြီးတော့ ရွှေစျေးကွက်ပျက်စီးသွားမှာ ဖြစ်တတ်တော့ ရောင်းတာ ဝယ်တာ အားလုံးကို လက်ငင်း ရောင်းဝယ်ပေးဖို့ ထိန်းသိမ်းထားတယ်။ နောက်တစ်ခုက ရွှေမရှိဘဲနဲ့အရောင်းအဝယ်မလုပ်ဖို့။ တကယ်တမ်း ဝယ်လိုအားတွေများလာရင် အရင်တုန်းကလိုပဲ ရွှေဆိုင်တွေက ရှိတဲ့ ရွှေကို ဝယ်လိုအားကို ရသလောက် ရောင်းပေးနိုင်အောင် စီစဉ်ထားတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ ရုရှား-ယူကရိန်းအရေးဖြစ်ပေါ်နေချိန် ဖေဖော်ဝါရီ ၂၄ ရက်တွင် တစ်အောင်စလျှင် ၁၉၄၂ ဒေါ်လာရှိပြီး စျေးနှုန်းမှာ ရုတ်တရက်မြင့်တက်သွားခြင်း ဖြစ်သည်။ အလားတူ မြန်မာ့ရွှေစျေးမှာလည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ညနေအပိတ်စျေးမှာ တစ်ကျပ်သား လျှင် ကျပ် ၁၉၄၅၀၀၀ ရှိခဲ့သည်။

“ဒီနေ့က ရောင်းလိုအား များလာတယ်။ ကမ္ဘာ့ရွှေစျေးတက်လာလို့။ ကျွန်တော်တို့ကတော့ လက်ငင်းရောင်းဝယ်တဲ့စနစ်နဲ့ပဲ သွားနေတယ်။ အရင်ကလို ဒီနေ့ရောင်း မနက်ဖြန်မှ ပေးဆိုတာ မရှိတော့ဘူး။ ရွှေဆိုင်တွေကလည်း လက်ငင်းအရောင်းအဝယ်လုပ်ကြတယ်” ဟု ဦးမျိုးမြင့်က ဖေဖော်ဝါရီ ၂၄ ရက်က ဆက်လက်ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာစေရေးအတွက် Investor Targeting Campaign စီစဉ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ နိုင်ငံ ၁၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၈၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၂၃ ရက်က  ပြည်ပသတင်းဌာနအချို့နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ၌ ထည့်သွင်းဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှှံမှုဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ယင်းတို့အနက် လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းက ဆိုသည်။

နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (By Country) ကိုကြည့်လျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း ၁၄ ခုမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ယင်းတို့အနက် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့် ပထမ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေသည်ကို ပြန်တက်လာရန်အတွက် ရင်းနှီးမြှုပ်နှံသူများ လက်ရှိကြုံတွေ့နေရသည့် အခွန်အခများကို ဖြေရှင်းပေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံ သူများဘဏ်မှ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများ ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက် လိုအပ်သော ထောက်ခံချက်များ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏ အခက်အခဲကို ပိုမိုထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက် DICA Online Solution-DOSo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာခင် အများပြည်သူများ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ပေးသည့် လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေရန်နှင့် အချိန်ကုန် သက်သာစေရန်အတွက် ဒစ်ဂျစ်တယ် နည်းလမ်းပေါ်သို့ ခေါ်ဆောင်သွားသည့် Investment Monitoring Software Phase 1 ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံသူများ  မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစေရေးအတွက် Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေကြောင်း၊ အစီအစဉ်အရ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အခြားမိမိတို့ မိတ်ဆွေသင့်လျော်သည့် နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင်စည်းရုံးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာက ကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသည့် အာမခံချက်နှင့် စီးပွားရေးအကျိုးရလဒ်များအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အကာအကွယ်ပေးထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် Myanmar Economic Recovery Plan (MERP) စည်းကမ်း စနစ်တကျဖြင့် ရေးဆွဲထားပြီး အမြန်ဆုံးအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိုစီမံချက်တွင် လုပ်ငန်းအစီအစဉ် ၁၀ ခု၊ မျှော်မှန်းချက် ၃၀၊ ရလဒ် ၁၆၅ ခုနှင့် လုပ်ငန်းစဉ်ပေါင်း ၄၃၀ ပါဝင်ကြောင်း၊ စီမံချက်သည် ကာလတို၊ ကာလလတ်စီမံချက်ဖြစ်သော်လည်း အချို့လုပ်ငန်းစဉ်များကို ကာလရှည် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းစီမံချက်ထဲတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက် နံပါတ် (၁) အာမခံချက်၊ နံပါတ် (၂) နိုင်ငံတကာမှ စီးပွားရေးစံသတ်မှတ်ချက်၊ နံပါတ် (၃) လုံခြုံရေး၊ နံပါတ် (၄) လိုအပ်လာပါက အခြားသော ဖြေလျှော့မှုများကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြင်ပကမ္ဘာမှ မဟုတ်မမှန် လုပ်ကြံချဲ့ကား သတင်းများကို မယုံကြည်ကြဘဲ စိတ်ချလက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent