၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း OCHA Myanmar ထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း OCHA Myanmar ထုတ်ပြန်
၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ထန်တလန်မြို့တွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် (Photo-TWITTER via The Straits Times/ANN)
၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ထန်တလန်မြို့တွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် (Photo-TWITTER via The Straits Times/ANN)
Published 24 February 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA Myanmar) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကယားပြည်နယ်တွင် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများကြောင့် အချို့တိုက်ပွဲရှောင်များမှာ ဒုတိယအကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးရမှုများအပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးမှုများလည်းရှိခဲ့ကြောင်း OCHA Myanmar က ဆိုသည်။ 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဖေဖော်ဝါရီ ၁၄ ရက် ကိန်းဂဏန်းများအရ လွိုင်ကော်မြို့နယ်မှ နေရပ်ပြန်သူ ၂၀၀ ခန့်မှာ နီးစပ်ရာ တောထဲသို့ ထပ်မံတိုက်ပွဲရှောင်ထွက်ပြေးခဲ့ရကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက်ကတည်းက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လူဦးရေ ၁၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ပါရှိသည်။

UNHCR နှင့် မိတ်ဖက်အဖွဲ့များအနေဖြင့် သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းလျက်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးသူကိန်းဂဏန်းမှာ ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်သည် ခက်ခဲလျက်ရှိနေပြီး ကယားပြည်နယ် ဒီမောဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများမှာ ပြီးခဲ့တဲ့လများကတည်းက ပြတ်တောက်လျက်ရှိကြောင်း OCHA Myanmar က ဆိုသည်။ 

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် ပဋိပက္ခဒဏ်ခံစားရသည့်ဒေသများသို့ သွားလာခွင့်ချက်ချင်းရရှိရန် လိုအပ်ကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNHCR ၏ ဖေဖော်ဝါရီ ၁၄ ရက် ကိန်းဂဏန်းများအရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာရသူဦးရေ ၂၂၆ç၄၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်း OCHA Myanmar က ဆိုသည်။ 

ကယားပြည်နယ်တွင် နေရပ်စွန့်ခွာလာရသူဦးရေ ၉၁၉၀၀၊ ကရင်ပြည်နယ်တွင် နေရပ်စွန့်ခွာလာရသူဦးရေ ၇၁၈၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေရပ်စွန့်ခွာလာရသူဦးရေ ၅၁၈၀၀၊ မွန်ပြည်နယ်တွင် နေရပ်စွန့်ခွာလာရသူဦးရေ ၇၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရပ်စွန့်ခွာလာရသူဦးရေ ၂၆ဝဝနှင့် ပဲခူးတိုင်းဒေသကြီးတွင် နေရပ်စွန့်ခွာလာရသူဦးရေ ၈၀၀ ခန့်ရှိနေကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တိုက်ပွဲရှောင်ရသူဦးရေ ၄၅၃၀၀ အပါအဝင် နိုင်ငံအဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၈၂၃၄၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်း OCHA Myanmar ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent